Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

ကျူရှင်သင်ကြားခြင်းနှင့် ကျောင်းဆရာ ဆရာမများ၏ လစာခံစားခွင့်



Written by သစ်ထွဋ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကျောင်းဆရာ၊ ဆရာမများ ကျူရှင်သင်ကြား နေတာနဲ့ ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မေးမြန်းမှုကို အကြောင်းပြုပြီး ပညာရေး ဒုတိယ၀န်ကြီး ဖြစ်သူက ကျောင်းဆရာ၊ ဆရာမများ ကျူရှင်မသင်ဖို့ သတ်မှတ်ထားကြောင်းသာ ဖြေကြားခဲ့ရာ လွတ်တော်ဥက္ကဋ္ဌက ကျောင်းဆရာ၊ ဆရာမတွေကို ကျူရှင်မသင်ကြားဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဟာ တရားသောအမိန့် မဟုတ်တဲ့ အတွက် မလိုက်နာနိုင်ကြတာ ဖြစ်တယ်လို့ ပြောကြားလိုက်တာကို ပုံနှိပ်မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။

နာတာရှည် ရောဂါဆိုးကြီး

လွှတ်တော် ကိုယ်စားလှယ်က မြန်မာနိုင်ငံ ပညာရေးစနစ်မှာ ကျူရှင်ရောဂါဟာ နာတာရှည် ရောဂါဆိုးကြီးသဖွယ် အမြစ်တွယ်နေပြီး ပညာရေး ၀န်ကြီးဌာနအနေနဲ့ အချိန်ယူ စီမံချက်ချ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပေမဲ့ ပညာရေး ဒုတိယ၀န်ကြီးကတော့ ကျောင်းဆရာ၊ ဆရာမများ ကျူရှင်မသင်ဖို့နဲ့ သင်ပါက ဘယ်လိုအရေးယူမှုတွေကိုသာ ပြန်လည် ဖြေကြားခဲ့တာကြောင့် လွှတ်တော်ဥက္ကဋ္ဌက ကျောင်းသားတွေ ကျူရှင်သင်ကြားနေရခြင်း ကျောင်းတွေက ပညာသင်ကြားပေးတာ မလုံလောက်လို့ ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ကျူရှင်လို့ ဆိုလိုက်တာနဲ့ ကျောင်းကပြန်လာပေမဲ့ မနားနိုင်ဘဲ ကျူရှင်ဆက်သွားကြရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လူတိုင်းတွေ့ကြုံ ဖူးမှာပါ။ ကျူရှင်တွေ ခေတ်စားနေတာ ကျောင်းက သင်ပေးလိုက်တာတွေက မလုံလောက်လို့လား၊ သူများထက် တော်ချင်တတ်ချင်လို့လား၊ ဒါမှမဟုတ် တချို့ဝေဖန်နေသလို ကျောင်းက ဆရာမဆီမှာ ကျူရှင်တက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အခြေအနေ ရှိနေလို့လား ဆိုတာတွေအပြင် ကျောင်းဆရာမ တွေကကော ကျူရှင်တွေ ဘာကြောင့် သင်နေရသလဲဆိုတာ မေးခွန်းထုတ်သင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

မကြောက်မလန့် ဘာကြောင့်သင်

တကယ်တော့ အစိုးရ ၀န်ထမ်းတွေဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ ကျူရှင်သင်ဖို့ တရားဝင် တားမြစ်ထားတဲ့ကြားက မကြောက်မလန့် သင်နေရကြတာ ဘာကြောင့်လည်းဆိုတာ စဉ်းစားစရာပါ။ ပညာရေးကဏ္ဍမှာ ကျူရှင်တွေ ကြီးစိုးနေရတာဟာ အကြောင်းများစွာ ရှိနိုင်ပြီး အဲဒီအကြောင်းတွေထဲမှာ ဆရာ၊ ဆရာမတွေရဲ့ လစာဝင်ငွေဟာ လက်ရှိစားဝတ်နေရေး ကုန်ကျစရိတ်တွေနဲ့ တွက်ချက်ရင် အင်မတန်မှ နည်းပါးနေတာဟာလည်း ဆရာ၊ ဆရာမတွေ ကျူရှင်သင်ဖို့ တွန်းအားပေးစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ လက်ရှိဝန်ထမ်းလစာ ပေးနှုန်းအရ အခြေခံပညာ မှုလတန်းမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ တစ်ဦးဟာ တစ်လကို ကျပ် ၆၇၀၀၀ ရရှိနေပြီး ရှားပါးစရိတ် ကျပ် ၃၀၀၀၀ ထည့်ပေါင်းပါက ကျပ် ၉၇၀၀၀၊ အခြေခံပညာ အလယ်တန်းမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမတစ်ဦးဟာ တစ်လကို ကျပ် ၇၃၀၀၀ ရရှိနေပြီး ရှားပါးစရိတ်ကျပ် ၃၀၀၀၀ ထည့်ပေါင်းပါကကျပ် ၁၀၃၀၀၀ ကျပ်နဲ့ အခြေခံပညာ အထက်တန်းမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမတစ်ဦးဟာ တစ်လကို ကျပ် ၇၉၀၀၀ ရရှိနေပြီး ရှားပါးစရိတ် ကျပ် ၃၀၀၀၀ ထည့်ပေါင်းပါက ကျပ် ၁၀၇၀၀၀ သာ ရရှိနေတာကြောင့် ယနေ့ကုန်ဈေးနှုန်း အပါအ၀င် အထွေထွေ ကုန်ကျစရိတ်တွေကို သုံးစွဲဖို့ အပိုဝင်ငွေ ရှာကြမယ့် အနေအထား ရှိနေတာ ဖြစ်ပါတယ်။

စီးပွားဖြစ် တရားလွန်သင်သူ

အစိုးရ ကျောင်းဆရာ၊ ဆရာမတွေဟာ လစာဝင်ငွေ နည်းပါးတာကြောင့် အပိုကျူရှင်တွေ သင်ကြားကြရာက မိမိလိုက်နာရမယ့် ဆရာကျင့်ဝတ်တွေကို ချိုးဖောက်မိသလို ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာလည်း ကြားရသူတွေအဖို့ နားဝင်မချိုတဲ့ ဖြစ်ရပ်တွေပါ။ ဆရာက ကျူရှင်တက်ဖို့ တပည့်တွေကို မြူဆွယ်နေရတာ၊ တပည့်တွေက မိမိအတန်းပိုင် ဆရာတွေဆီမှာ ကျုရှင်တက်ဖို့ ကြိုးစားနေကြ တာတွေဟာ ကျောင်းတွေမှာ ကျောင်းသား အများကို မျှတကောင်းမွန်စွာ သင်ကြားပြသဖို့ တာဝန်ရှိတဲ့ ဆရာတွေရဲ့ အလုပ်ကို အနှောက်အယှက် ဖြစ်စေပါတယ်။ အစိုးရ ကျောင်းဆရာ၊ ဆရာမတွေ ကျူရှင်သင်တဲ့အခါ အချို့က လစာမလုံလောက်လို့ ကျူရှင်တစ်ခုနှစ်ခု သင်တာရှိသလို တချို့ကြတော့ ကျူရှင်ကို စီးပွားဖြစ် တရားလွန် သင်ကြားပြီး ကျောင်းတွေမှာတော့ ကောင်းစွာ မသင်ကြားတဲ့ ဖြစ်ရပ်မျိုးတွေဟာ နိုင်ငံရဲ့ ပညာသင်ကြာရေးကို ခြိမ်းခြောက်နေတဲ့ ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။

လစာသတ်မှတ်ပေးမှု

အစိုးရ ၀န်ထမ်းတွေ ရတဲ့လစာနဲ့ မလုံလောက်လို့ အပိုဝင်ငွေ ရှာကြရတဲ့ အဖြစ်တွေဟာ ဒီနေ့အထိ မကြားချင် မမြင်ချင်အဆုံး ရှိနေသေးတယ် ဆိုပေမဲ့ တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်လာမယ့် ကျောင်းသား အရွယ်တွေကို သင်ကြားပြသရတဲ့ ဆရာ၊ ဆရာမတွေဟာ ငွေရဖို့အတွက် သက်သက်ကျူရှင် သင်နေရတာဟာ ကြားလို့ မြင်လို့ ကောင်းတဲ့အရာလို့ မထင်မိပါဘူး။ ဒီနေရာမှာ ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲက အကြောင်းအရာ အချို့ကို အမှတ်ရမိပါတယ်။ ဆောင်းပါးရေးသူက ဂျပန်နိုင်ငံကို အလည်သွားရင်း လေ့လာတဲ့အခါ အစိုးရ ၀န်ထမ်းတွေကို လစာပေးတဲ့ နေရာမှာ ကျောင်းဆရာ၊ ဆရာမ၊ ဆရာဝန်၊ ရဲဝန်ထမ်းတွေကို အခြားဝန်ထမ်းတွေထက် လစာပိုပေး ထားတယ်လို့ ရေးသားထားတာ ဖတ်ခဲ့ရပါတယ်။ ဒါနဲ့ ဆောင်းပါးရေးသူက ဘာလို့ သူတို့ကို အခြားဝန်ထမ်းတွေထက် လစာပိုပေးရသလဲ မေးကြည့်တော့ ကလေးတွေကို ပညာသင်ပေးရမယ့် ဆရာတွေက စာကောင်းကောင်း မသင်ပေးနိုင်ရင်၊ ဆရာဝန်က ပြည်သူတွေကို ဆေးကောင်းကောင်း မကုပေးနိုင်ရင်၊ ရဲဝန်ထမ်းက လာဘ်စားပြီး တာဝန်မကျေနိုင်ရင် နိုင်ငံအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်လာမှာ စိုးလို့ အခုလို လစာတွေ မြှင့်ပေးထားတာလို့ ပြောတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ ဒီလိုလစာ သတ်မှတ် ပေးအပ်မှုတွေ ဟာလည်း ကျူရှင်ပြဿနာနဲ့ ကြုံတွေ့နေရမှုကို ဖြေရှင်းရာမှာ အချက်တစ်ချက် အနေနဲ့ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

စုပြီးဝယ်ပေးခဲ့ရတဲ့ တိုက်ပုံတစ်ထည်

ကျောင်းဆရာ၊ ဆရာမတွေရဲ့ ၀င်ငွေနဲ့ သင်ကြားမှုအကြောင်း စဉ်းစားမိတော့လည်း ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် ၁၀ တန်း တက်တုန်းက ကြုံခဲ့ရတဲ့ အတန်းပိုင် ဆရာတစ်ဦးကို သတိရမိပါတယ်။ ဆရာက လူပျိုကြီး တစ်ဦးဖြစ်ပြီး ကျောင်းမှာ သင်္ချာသင်တဲ့ ဆရာတစ်ဦး ဖြစ်ပြီး သင်တဲ့နေရာမှာ အားကြိုးမာန်တက် သင်တတ်သူ တစ်ဦးပါ။ ကျူရှင်တစ်ခုနှစ်ခု သင်ပေမယ့် စီးပွားဖြစ် မဟုတ်ပါဘူး။ မလောက်ငှလို့ သင်ရတဲ့ အခြေအနေမျိုးပါ။ မှတ်မှတ်ရရ ဆရာ့မှာ တိုက်ပုံခပ်နွမ်းနွမ်း နှစ်ထည်နဲ့ ၀တ်လေ့ရှိတဲ့ ပုဆိုးတွေကလည်း အနွမ်းလေးတွေမို့ ကျောင်းသားတွေစုပြီး တိုက်ပုံအသစ် တစ်ထည် ၀ယ်ပေးခဲ့ရတဲ့အထိ ချို့တဲ့ပါတယ်။ စိတ်မကောင်းစရာ ကောင်းတာက အတန်းထဲက ဆရာ့ဆီမှာ ကျုရှင်တက်နေသူ အချို့ရဲ့ လုပ်ရပ်အချို့ပါ။ ဆရာက ကျောင်းမှာလည်း နားလည်အောင် တတ်အောင် သင်ပေးခဲ့တော့ ကျူရှင်ရောက်ရင် တချို့က တတ်ပြီးသားတွေ လာသင်နေတာ ပိုက်ဆံပေးထားတာပဲ၊ ဘာဂရုစိုက်စရာ လိုလို့လည်း ဆိုတဲ့အယူအဆနဲ့ ကျူရှင်ချိန် ပုံမှန်လာလေ့ မရှိသလို တချို့က ဆရာသင်နေရင်လည်း စကားပြောနေ တတ်တာတွေ ကြုံတွေ့ရတယ်လို့ ဆရာကျူရှင်မှာ တက်ခဲ့သူတွေက အတန်းထဲမှာ ပြန်ပြောပြတော့ ကြားရတဲ့သူတွေ စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။

ပေါ့ပေါ့တန်တန် တွေးခေါ်ရမယ့် ကိစ္စမဟုတ်

ကျောင်းဆရာ၊ ဆရာမဆိုတာ စေတနာ၊ အနစ်နာ၊ ၀ါသနာဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံရမယ်လို့ ကြားဖူးခဲ့ပေမဲ့ ယနေ့ခေတ်လို စားဝတ်နေရေး လိုအပ်ချက်တွေ များပြားတဲ့ ခေတ်အခြေအနေမှာ ကျောင်းဆရာ၊ ဆရာမ တွေဟာလည်း အများနဲ့တန်းတူ လူ့လောက အလယ်မှာ ရပ်တည်နိုင်ဖို့ နာသုံးနာအပြင် လုပ်ခလစာ တွေကိုလည်း တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းပြည် အနာဂတ်အတွက် အရေးကြီးလှတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြား ပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စဟာ ပေါ့ပေါ့တန်တန် တွေးခေါ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လက်ရှိပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံရဲ့ ပညာသင်ကြားရေး ကဏ္ဍမှာ ထည့်သွင်း စဉ်းစားကြဖို့လိုတဲ့ အရေးကြီး အချက်တစ်ချက် ဖြစ်ပါကြောင်း နှိုးဆော်တင်ပြ လိုက်ရပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းမှ မူလတန်းကျောင်းသားကျောင်းသူများအား တွေ့ရစဉ်

Eleven Media group

No comments:

Post a Comment