Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

ရန်ကုန်တွင် အခမဲ့အင်တာနက်သုံးနိုင်သည့် ၀ိုင်ဖိုင်ဇုန်များ ယခုနှစ်မကုန်မီ တည်ထောင်မည်


ကေဇင်ဦး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၉ မိနစ်

ရန်ကုန်တွင် အခမဲ့အင်တာနက် အသုံးပြုနိုင်သည့်ဝိုင်ဖိုင်ဇုန်များကို အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် တည်ထောင်သွားမည်ဖြစ်ပြီး အဆိုပါဇုန်များကို ယခုနှစ်မကုန်မီ တည်ထောင်မည်ဖြစ်သည်ဟု ယင်းဝန်ဆောင်မှုပေးမည့် ကုမ္ပဏီဖြစ်သော Red Link ကုမ္ပဏီမှ သိရသည်။

“အဆိုပါဝိုင်ဖိုင်ဇုန်များကို ရန်ကုန်တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ထောင်ပေးမည်ဖြစ်ပြီး အရေအတွက် အတိအကျကို မသိရသေးသော်လည်း ဒီဇင်ဘာမကုန်မီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်”ဟု Red Link မှ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က မဇ္ဈိမကို အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။

အခမဲ့ဝိုင်ဖိုင်ဇုန်များ တည်ထောင်ပေးရာတွင် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများအပါအ၀င် ဘုရားများ၊ ဈေးများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ကားဂိတ်များ၊ ဘူတာကြီး၊ လေဆိပ်နှင့် အခြားသော အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် တည်ထောင်သွားရန် စီစဉ်လျက်ရှိသည်ဟုလည်း သူက ပြောသည်။

ယင်းသို့ဆောင်ရွက်ရခြင်းနှင့်ပတ်သက်ပြီး ဦးမျိုးမြင့်ညွန့်က “အင်တာနက်ကို နေရာမရွေး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ သတင်းအချက်အလက်တွေ လူထုဆီ အချိန်နဲ့တစ်ပြေးညီ ရောက်ရှိဖို့အတွက်ပါ” ဟု ပြောသည်။

အဆိုပါအခမဲ့ဝိုင်ဖိုင်ဇုန်များတွင် အသုံးပြုခွင့်ပေးမည့် အင်တာနက်အမြန်နှုန်းကို ကုမ္ပဏီအနေဖြင့် သတ်မှတ်ရသေးခြင်း မရှိကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။ ယင်းအပြင် အခပေးစနစ်ဖြင့် အသုံးပြုနိုင်မည့် ငွေဖြည့်ကုဒ် နံပါတ်များကိုလည်း ထုတ်လုပ်ရောင်းချမည်
ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“အရင်ဆုံး အခမဲ့နေရာတွေကို ဦးစားပေးပြီး လုပ်သွားမှာပါ။ အခကြေးငွေနဲ့ အသုံးပြုမယ့် ကိစ္စကိုတော့ နောက်ထပ် စီစဉ်မှာပါ။ ဈေးနှုန်းတွေ၊ ဘာတွေ မသတ်မှတ်ရသေးပါဘူး”ဟုလည်း သူက ဆိုသည်။

ယင်းသို့ အခမဲ့ဝိုင်ဖိုင်ဇုန်များထားရှိခြင်းနှင့်ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “လူတန်းစားမရွေးရောက်နိုင်တဲ့ နေရာမျိုးမှာဆိုရင် ကောင်းပါတယ်။ အချိန်တစ်ခုယူပြီး သွားရတဲ့ နေရာမျိုးမဟုတ်ဘဲ သွားလာရင်းကြုံနေတဲ့ နေရာမျိုးမှာ ပေးမယ်ဆိုရင်တော့ အခမဲ့ပေးတာ ပိုထိရောက်မှာပါ”ဟု ဆိုသည်။

Red Link ကုမ္ပဏီသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများအတွက် အခမဲ့ဝိုင်ဖိုင်ဇုန်များ တည်ဆောက်ခွင့်ရရှိထားသည့်ကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပဏီသည် ပြည်တွင်းတွင် Local Service Provider (LSP) တစ်ခုအနေဖြင့် အင်တာနက်လိုင်းများကို ရောင်းချခဲ့သည်မှာ ငါးနှစ်ခန့်ကြာမြင့် ခဲ့ပြီးဖြစ်ပြီး သုံးစွဲသူအရေအတွက် ၁၀,၀၀၀ ကျော်ရှိသည်။

ယခုလအတွင်း ကုမ္ပဏီသက်တမ်း ငါးနှစ်ပြည့်ခဲ့သော Red Link ကုမ္ပဏီသည် နိုဝင်ဘာလအတွင်း ၎င်းတို့၏ Wimax အသုံးပြုသူများကို အမြန်နှုန်း အခမဲ့တိုးမြှင့်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဟုလည်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

ကုမ္ပဏီသည် လာမည့် ဒီဇင်ဘာလအတွင်းတွင်လည်း သယ်ဆောင်သွားနိုင်သည့် တစ်ကိုယ်ရည်သုံး အင်တာနက်လိုင်းကို မိတ်ဆက်မည်ဖြစ်သည်။

No comments:

Post a Comment