CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 29, 2013
တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်
တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။
"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။
"၀" နဲ့ "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ခြင်းအပေါ် မှတ်ချက်ပေးရန်ကိုမူ ဦးဒွဲပီဆားက ငြင်းဆန်ခဲ့ပါသည်။
"ကျွန်တော်ဖြေဖို့တော့ တာဝန်မရှိဘူး။ ပြောရခက်တယ်လေ" ဟု ၎င်းကဆိုသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၏ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက တရုတ်ဘက်မှ ခွင့်ပြုချက် မရသဖြင့် "၀" နှင့် "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ဆိုသော သတင်းများ ကြားနေရသည်ဟု ဆိုသည်။
"သူတို့ ဘာကြောင့်မတက်တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ဆို တရုတ်ဘက်ကနေပြီး နည်းနည်းလေး ခွင့်ပြုချက် မရဘူးလိုလို၊ ဘာလိုလို ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုတော့ အသံကြားတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၏ နိုင်ငံခြားရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ထို့ကြောင့် ဦးအောင်မြင့်ထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်သည်ဆိုသော အချက်က "ဖြစ်နိုင်ခြေများကြောင်း" ပြန်လည်ဖြေကြားသည်။
"ဖြစ်နိုင်ခြေ များပါတယ်။ အပိုင်းသုံးပိုင်း ရှိနိုင်တယ်။ ပထမပိုင်းကတော့ သူတို့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပြီ။ ထပ်ထိုးစရာ မလိုတဲ့အတွက် လိုင်ဇာပွဲကို မတက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒုတိယ တစ်ချက်က မြန်မာပြည်နိုင်ငံရေးကို နားမလည်တဲ့အတွက် ၀င်မပါတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ အမှောင့်ပယောဂ တွေကြောင့်ပေါ့ဗျာ။ မတက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီလိုပွဲမျိုးကို သူတို့တက်သင့်တယ်လို့တော့ ယူဆပါတယ်" ဟု ဦးအောင်ကျော်ဇောက The Daily Eleven သို့ ပြောကြားသည်။
"၀" နှင့် "မိုင်းလား" အဖွဲ့သည် နီးစပ်မှုရှိသော မဟာမိတ် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး "၀" အဖွဲ့က လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသဖြင့် "မိုင်းလား" အဖွဲ့လည်း မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် နေသည်ကို အောက်တိုဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
eleven media group
တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်
Reviewed by VC
on
October 29, 2013
Rating: 5
Reviewed by VC
on
October 29, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment