Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး သုံးခုတွင် မူးယစ်ဆေးဝါးများ အများဆုံး ဖမ်းမိ



မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် ဖမ်းဆီးစစ်ဆေး အရေးယူနေသည့် အမှုများအနက် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုကြောင့် အရေးယူနေရသည့် ဖြစ်စဉ်မှာ အများဆုံးဖြစ်ကြောင်း လေကြောင်းရဲ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်နေ၀င်းက အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် Daily Eleven သို့ ပြောကြားသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် လေကြောင်းရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုများကို အများဆုံး စစ်ဆေးတွေ့ရှိ အရေးယူနေရပြီး နိုင်ငံခြား ခရီးသည် အချို့ထံမှလည်း ကျည်ဆန်အချို့ သယ်ဆောင်လာမှုများကိုလည်း စစ်ဆေးအရေးယူ နေရကြောင်း သိရသည်။

"ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး သုံးခုမှာ စစ်ဆေးရေး စက်ကိရိယာတွေက အဆင့်အမြင့်ဆုံး ပစ္စည်းတွေ ဖြစ်ပါတယ်။ တဖြည်းဖြည်းလည်း ဒီထက်ကောင်းတာတွေ ပေါ်လာရင်တော့ ထပ်မံဖြည့်စွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒီလေဆိပ်တွေမှာတော့ မူးယစ်ဆေးဝါး အမှုတွေကို အများဆုံး စစ်ဆေးတွေ့ရှိ နေရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ် နေ၀င်းက ပြောကြားသည်။

ယခုနှစ်ပိုင်းအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူခဲ့သည့် အမှုများအနက် အရေအတွက် အများဆုံး ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင်၌ ဘုရားလမ်း၊ ဆ/ကရပ်ကွက်၊ သင်္ဃန်းကျွန်း မြို့နယ်နေသူ မဖြူဥ၏ ခရီးဆောင် အိတ်အတွင်းမှ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်း တံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈) ဗူးထဲတွင် သိုဝှက်သယ်ဆောင်လာသော စုစုပေါင်း ကျပ် ၂၇၄၁ သိန်းခန့် တန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၄၇၂၀ ပြားနှင့် ဆေးပြားအကြေ (၀ ဒသမ ၀၁)ကီလိုဂရမ်၊ PHYU OU အမည်ဖြင့် ပတ်စ်ပို့တစ်စောင်၊ မဖြူဥ အမည်ပါ မှတ်ပုံတင် တစ်ခု၊ ရန်ကုန်-ဘန်ကောက်-ဒါကာ၊ ဘန်ကောက်-ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ် တစ်စောင်၊ အမေရိကန်ဒေါ်လာ ၄၀၀၊ ခေါက်ပိုက်ဆံအိတ် တစ်လုံးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ ကို ဖမ်းဆီးသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment