Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ကားတွေနဲ့အတူ ၀ဲပျံမယ့် Total Recall

Monday, July 29, 2013

၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ရုံတင်ပြသခဲ့တဲ့ Total Recall ဇာတ်ကားကို အမေရိကန်ဒါရိုက်တာ Len Wiseman က စီမံရိုက်ကူးခဲ့ တာဖြစ်ပါတယ်။ အဲဒီအက်ရှင်ဇာတ်လမ်းဟာ ၁၉၉၀ ပြည့်နှစ်က ရိုက်ကူးခဲ့တဲ့ နာမည်တူ Total Recall ဇာတ်လမ်းကို ပြန်လည်ပြင်ဆင် ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ မှတ်ဥာဏ်ပြုပြင်ခံထားရတဲ့ စက်ရုံအလုပ် သမားတစ်ယောက်ကို အခြေတည်ရိုက်ကူးထားတဲ့ Total Recall ဟာ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွက်ရင် အမေရိကန်ဒေါ်လာ ၁၉၈ သန်းကျော် အမြတ်ရရှိခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင် မှတ်ဥာဏ်ပြုပြင်ခံရတဲ့ စက်ရုံလုပ်သား Douglas Quaid အဖြစ် နာမည်ကျော် အိုင်းရစ်မင်းသား Colin Farrell က ပါဝင်သရုပ်ဆောင်ထားပြီး Quaid ရဲ့ ဇနီး ဟန်ဆောင်ထားတဲ့ UFB သူလျှို Lori အဖြစ် အင်္ဂလိပ်မင်းသမီးချော Kate Beckinsale ၊ Quaid စိတ်ဝင်စားခံရသူ မိန်းမချောလေး Melina အဖြစ် အမေရိကန်မင်းသမီး Jessica Biel တို့က သရုပ်ဆောင်ပေးထားကြပါတယ်။

၂၀၈၄ ခုနှစ်မှာ ကမ္ဘာမြေဟာ ကမ္ဘာ့စစ်ပွဲကြီးတစ်ခုရဲ့ ချေမွဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။ လူတို့အခြေချနေထိုင်နိုင်မယ့် မြေနေရာ အနည်းငယ်သာ ကျန်ရှိပြီး အဲဒီမြေနေရာကို United Federation of Britain(UFB) နဲ့ Colony(Australia) ဆိုပြီး နယ်မြေနှစ်ခုအဖြစ် ခွဲခြားထားပါတယ်။ Colony မှာ နေထိုင်ကြသူတွေဟာ ကမ္ဘာ့အနှံ့သွားလာနိုင်တဲ့ 'The Fall' ခေါ် မြေဆွဲအား ဓာတ်လှေကားကနေတစ်ဆင့် UFB မှာ ရှိတဲ့ စက်ရုံတွေဆီကို အလုပ်လုပ်ဖို့ သွားလာကြရပါတယ်။ Colony က လူမှုဘ၀တွေကို မြှင့်တင်ဖို့ UFB မှာ တော်လှန်ရေးတစ်ခုလည်း အစပျိုးနေပါတယ်။

စက်ရုံလုပ်သား Douglas Quaid ဟာ မှတ်ဥာဏ်အတုတွေကို လူတွေရဲ့ဦးနှောက်ထဲ သွတ်သွင်းပေးတဲ့ Rekall ကုမ္ပဏီကို သွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Rekall က Bob McClane ဟာ Quaid ကို လျှို့ဝှက်အေးဂျင့် တစ်ယောက်ရဲ့မှတ်ဥာဏ်တွေ သွတ်သွင်းဖို့ စည်းရုံးသိမ်းသွင်းပါတယ်။ Quaid ကို မှတ်ဥာဏ် စတင်သွတ်သွင်းလိုက်တာနဲ့ သူဟာ တကယ့်သူလျှို တစ်ယောက်ရဲ့ မှတ်ဥာဏ်မျိုး ရှိနှင့်ပြီးဖြစ်နေတာကို McClane တစ်ယောက် တွေ့ရှိသွားပါတယ်။ McClane နဲ့ သူ့လုပ်ဖော် ကိုင်ဖက်တွေဟာ ရုတ်တရက် SWAT အဖွဲ့တစ်ဖွဲ့ရဲ့ သေနတ် နဲ့ ပစ်သတ်ခြင်းကို ခံလိုက်ရပါတယ်။ Quaid ကတော့ ပြန်လည်ခုခံပြီး ဇနီးဖြစ်သူ Lori ရှိရာအိမ်ကို ပြန်လာရာမှာ Lori က သူ့ကို သတ်ဖို့ ကြိုးစားပြီး သူမဟာ UFB သူလျှိုအေးဂျင့်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြပါတယ်။

Quaid တစ်ယောက် Lori လက်ကနေ လွတ်မြောက်ထွက်ပြေးလာပြီး သူငယ်ချင်းလို့ဆိုလာတဲ့ Charles Hammond က Quaid ကို ဆက်သွယ်ကာ အာမခံသေတ္တာတစ်ခုဆီ လမ်းညွှန်ပါတယ်။ အဲဒီအာမခံသေတ္တာထဲမှာ Quaid ဟာ အရင်က သူကိုယ်တိုင် အသံသွင်းထားခဲ့တဲ့ မက်ဆေ့ခ်ျ တစ်ခုကို ရှာတွေ့သွားပြီး UFB က တိုက်ခန်း တစ်ခုဆီသွားဖို့ ဖြစ်လာခဲ့ပါတယ်။

အဲဒီတိုက်ခန်းဆီ သွားနေချိန်မှာပဲ Quaid တစ်ယောက် သူ့အိပ်မက်ထဲက အမျိုးသမီး Melina နဲ့ တွေ့ဆုံမိပါတယ်။ Melina ရဲ့ အကူအညီနဲ့ တိုက်ခန်းဆီရောက်သွားချိန်မှာ Quaid ဟာ ဒုတိယအသံသွင်း မက်ဆေ့ခ်ျတစ်ခုကို ထပ်မံတွေ့ရှိပြီး အဲဒီမက်ဆေ့ခ်ျမှာ သူဟာ Carl Hauser ဆိုသူဖြစ်ကြောင်း၊ UFB ရဲ့ အဓိပတိကြီး Vilos Cohaagen ဆီမှာ အလုပ်လုပ်နေတဲ့ အေးဂျင့်တစ်ယောက်လည်း ဖြစ်ကြောင်းကို ဖော်ပြထားပါတယ်။ တော်လှန်ရေးဘက်တော်သားအဖြစ် ပြောင်းလဲသွားတာကြောင့် Hauser တစ်ယောက် အဖမ်းခံခဲ့ရတာ ဖြစ်ပြီး မှတ်ဥာဏ်အမှားတွေကို သွတ်သွင်းခံခဲ့ရတာဖြစ်ပါတယ်

ဒါ့ပြင် အဲဒီမှတ်တမ်းမှာ Cohaagen ဟာ UFB တွေ နေစရာနေရာ ပိုမိုရရှိဖို့ အတွက် Colony တွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စက်ရုပ်ရဲတွေ အသုံးပြုမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ Hauser ဆီမှာ စက်ရုပ်ရဲ တပ်ဖွဲ့ကို ရပ်တန့်နိုင်မယ့် Kill Code တစ်ခုကို ရှိပြီး သူ့မှတ်ဥာဏ်ထဲက အဲဒီကုဒ်ကို ပြန်လည်သတိရအောင် တော်လှန်ရေးခေါင်းဆောင် Matthias က ပြုလုပ်ပေးနိုင်ပါတယ်။ Melina ကလည်း Hauser ကို သူမဟာ သူ့ရဲ့ချစ်သူဖြစ်ပြီး သူအဖမ်းခံခဲ့ရတာကြောင့် နှစ်ယောက်သား ကွဲကွာခဲ့ရကြောင်း ထုတ်ပြောလိုက်ပါတယ်။

Colony က Quaid ရဲ့ သူငယ်ချင်း Harry ဟာ Quaid ကို သူဟာ Rekall ရဲ့ထိန်းချုပ်မှုမှာ ရှိနေပြီး Melina ကို သတ်ပစ်မှ လွတ်မြောက် မယ့် အကြောင်း သွေးထိုးပါတယ်။ Quaid တစ်ယောက် စိတ်ရှုပ်ထွေးသွားပေမဲ့ Melina ရဲ့ပါးပြင်ပေါ်က မျက်ရည်တစ်စကို သတိပြုမိသွားတဲ့အခါမှာတော့ Harry ကိုသာ သေနတ်နဲ့ ပစ်ခတ်လိုက်ပါတယ်။

Quaid နဲ့ Melina ဟာ Matthias နဲ့ တွေ့ဆုံမိကြပြီး Mathias က Quaid ရဲ့မှတ်ဥာဏ်ကို ရှာဖွေပေးနေချိန်မှာ Lori နဲ့ Cohaagen တို့ခေါင်းဆောင်တဲ့ SWAT အဖွဲ့က ၀င်ရောက်နှောင့်ယှက်ကြပါတော့တယ်။ Cohaagen ဟာ Mathias ကို သတ်ပစ်လိုက်ပြီး Hauser ရဲ့စိတ်တွေကို နဂိုအတိုင်းဖြစ်အောင် လုပ်ပေးဖို့ အမိန့်ပေးပါတယ်။ှ Quaid ဟာ Melina ကို ချမ်းသာပေးဖို့ Cohaagen ကို တောင်း ပန်ပေမဲ့ လျစ်လျူရှုခံလိုက်ရပြီး Cohaagen နဲ့ Lori က Melina ကို ခေါ်ဆောင်သွားကြပါတယ်။ Quaid တစ်ယောက် Melina ကို ကယ်တင်နိုင်မလားဆိုတာကတော့ . . . ။

Total Recall ဇာတ်လမ်းထဲမှာ အကောင်းဆုံးအထူးပြုလုပ်ချက်ကတော့ သံလိုက်စွမ်းအားသုံး ရှပ်ပြေးကားပျံတွေပါပဲ။ Total Recall ဟာ ၂၀၈၄ ခုနှစ်ကို ကြိုတင်ပုံဖော် ရိုက်ကူးထားတာကြောင့် အနာဂတ်နည်းပညာတွေနဲ့ ကိုက်ညီအောင် အခုလို ရှပ်ပြေးကားပျံမျိုးကို ဖန်တီး အသုံးပြုသွား တာ ဖြစ်ပါတယ်။ နောင်လာမယ့် ၂၀၈၄ ခုနှစ်က ကားအဖြစ် အမြင့်ဆုံး နည်းပညာ၊ အမြင့်ဆုံး အမြန်နှုန်း ရှိသယောင် ဖန်တီးပေး ထားတဲ့ အဲဒီ လေ၀ဲရှပ်ပျံ ကားနှစ်စီးကို နာမည်ကျော် အမေရိကန်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Chrysler က ထောက်ပံ့ပေးခဲ့တာကြောင့် ကားတွေပေါ်မှာ Chrysler နဲ့ Dodge တို့ရဲ့ အမှတ်တံဆိပ် လိုဂိုတွေကို တွေ့ရှိရမှာပါ။

ကားကို တကယ်ပျံသန်းနေတဲ့ ပုံစံမျိုး ပေါက်အောင် ရိုးရိုးကားပေါ်မှာ ရှပ်ပျံကားလေးကို တင်ဆောင်တည်ဆောက်ခဲ့ပြီး ယာဉ်မောင်းနှစ်ယောက် မောင်းနှင်တာ ဖြစ်ပါတယ်။
Total Recall ဇာတ်လမ်းဟာ ကြည့်ရှုသူပရိသတ်တွေအတွက် တိုက်ခိုက်ပစ်ခတ်ခန်းနဲ့ သည်းထိတ်ရင်ဖို ခံစားမှုတွေကို ပေးစွမ်းမှာ ဖြစ်သလို ထူးထူးခြားခြားဒီဇိုင်းထွင် ဖန်တီးထားတဲ့ 2084 Chrysler ကားပျံလေးတွေရဲ့ လှလှပပ ပျံဝဲပုံကိုလည်း တအံ့တသြ ကြည့်ရှုကြရမှာ ဖြစ်တာကြောင့် လူကြီးလူငယ်မရွေး အကြိုက်တွေ့ကြမယ့် စိတ်ကူးယဉ်သိပ္ပံအက်ရှင် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Automobile Journal

No comments:

Post a Comment