Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 29, 2013

လူးရတနာသိုက်ရုပ်ရှင် ပရိသတ်များအတွက် အမြင်ဆန်းစေနိုင်ဟု သက်မွန်မြင့်ဆို

ရန်ကုန်၊ ဇူလိုင်၂၇

စာရေးဆရာမ ရီရီဌေးရဲ့ဝတ္ထုကို ဒါရိုက်တာကိုဇော် ( အရုဏ်ဦး) ရိုက်ကူးတဲ့ လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းမှ ရိုက်ကွင်းနေရာဒေသတွေဟာ ပရိသတ်တွေအတွက် ဆန်းသစ်တဲ့ အမြင်တွေ ရရှိစေမယ်လို့ သရုပ်ဆောင်သက်မွန်မြင့်က The Voice ကို ပြောပါတယ်။

အဲ့ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး“ဒီဇာတ်ကားမှာ သက်မွန်ရဲ့ ကာရိုက်တာက ဆင်ထိန်းတစ်ယောက်ရဲ့ မိန်းမပေါ့။ ယောက်ျားရှိတယ်။ ကလေးရှိတယ်။ ကိုယ့်မိသားစုနဲ့ အေးအေးချမ်းချမ်းနေတယ်။ တစ်နေ့မှာ လူးလူမျိုးစုရဲ့အဖမ်းခံရပြီး သူတို့လူမျိုးစုခေါင်းဆောင်ရဲ့ ကြင်ရာတော်အဖြစ် အမြှောက်ခံရတယ်။ ကိုယ်ကတော့ အချိန်ရှိသရွေ့ ကိုယ့်မိသားစုဆီပြန်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်ပေါ့။ ဒီဇာတ်ကားမှာ သက်မွန်အတွက် အခက်အခဲကတော့ ရှုတင်တစ်နေရာပြီး တစ်နေရာ ပြောင်းနေရတဲ့အတွက် ခရီးပန်းတာရယ်၊ အဝတ်အစားပိုင်းရယ်ပေါ့။ အဝတ်အစားက တစ်ကားလုံးလိုလို ရင်ရှားနဲ့ ထဘီကိုလည်း အတိုဝတ်ရတာဆိုတော့ ရှက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ်ကဖန်တီးပြီး ဝတ်တာလည်း မဟုတ်ဘူး။ လူမျိုးစုတစ်စုရဲ့ပုံစံကို သရုပ်ဖော်ရမှာဆိုတော့ ကိုယ့်စိတ်တိုင်းကျလည်း ဝတ်လို့မရဘူးလေ။ စိတ်ကျဉ်းကျပ်ပေမယ့်လည်း ဇာတ်ကောင်စရိုက်အရ ဝတ်ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ရင်းနဲ့ နေသား တကျတော့ ဖြစ်သွားပါတယ်” လို့ သက်မွန်မြင့်က ပြောပါတယ်။

လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားမှာ ဆင်ထိန်းအဖြစ် သရုပ်ဆောင်ရတဲ့ ကောင်းပြည့်ကလည်း ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေရော ဒါရိုက်တာကပါ အကောင်း ဆုံးဖြစ်အောင် အပင်ပန်းခံ ကြိုးစားထားတဲ့အတွက် ပရိသတ်များ စောင့်ကြည့်ရကျိုး နပ်စေမယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါလို့ ဆိုပါတယ်။

လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ နေမင်း၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ကောင်းပြည့်နဲ့ ဖူးပွင့်သခင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

No comments:

Post a Comment