Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 23, 2013

တေးသံရှင်ဟန်ထွန်းနှင့် တွေ့ဆုံခြင်း

       

Written by  သန့်ဇင်ဦး
ရှိနေမယ်’ တေးစီးရီး ထွက်ရှိပြီးနောက် လေးနှစ်အကြာမှ ‘ခေါင်းနဲ့ပန်း’ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိလာသည့် ပရိသတ် လက်ခံအားပေးမှု အခိုင်အမာ ရရှိထားသူ တေးသံရှင် ဟန်ထွန်းနှင့် တွေ့ဆံ၍ ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း လုပ်ဖြစ်ရသည့် အကြောင်း၊ ၎င်းကြိုက်နှစ်သက်သည့် Music ပုံစံများနှင့် သီချင်းဆိုပြိုင်ပွဲများ အပေါ် ၎င်း၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ မကြာခင်က ထွက်ထားတဲ့ ‘ခေါင်းနဲ့ပန်း’ စီးရီးအခြေအနေ ဘယ်လိုရှိလဲဗျ။

HT ။ ။ အခြေအနေ မသိရသေးပါဘူး။ ဖြန့်တာ ဆယ်ရက်ကျော်လောက်ပဲ ရှိသေးတာ ဆိုတော့လေ။ ဘယ်ရွေ့ဘယ်မျှ ရောင်းရတယ် မသိသေးဘူး။ ဒါပေမဲ့ စီးရီး မထွက်ခင် ခွေ ၄၀၀၀ လောက်ကို ပရိသတ်တွေ ကြားထဲမှာ ပထမအကြိမ် ကြဲလိုက်တယ်။ ကြဲလိုက်ပြီးမှ မြန်မာပြည် တစ်ပြည်လုံး ဖြန့်တာပေါ့နော်။ ခွေကြဲပြီးတဲ့ အချိန်မှာပဲ အမှာစာတွေ ရောက်လာပါတယ်။ အခြေအနေကတော့ တစ်လ၊ နှစ်လလောက်နေမှ သိရမယ်ထင်တယ်။

Voice ။ ။ ‘ရှိနေမယ်’ တေးစီးရီးနဲ့ ဒီခွေနဲ့ဆို ကြားထဲမှာ အချိန်ဘယ်လောက် ကွာသွားလဲ။

HT ။ ။ လေးနှစ်လောက်ကွာ သွားတာပေါ့။ ဒါပေမဲ့ တကယ်စီးရီးလုပ်လို့ ကြာတဲ့ အချိန်ကတော့ ၂ နှစ်ခွဲလောက်ပါပဲ။ ကျန်တဲ့ အချိန်ကတော့ ကျွန်တော် ရှိုးတွေ သွားဆိုနေရတဲ့ အချိန် ခဏရပ်ထားရတယ်။ မိုးတွင်းကျမှ သွင်းဖြစ်တယ်။ ပွင့်လင်းရာသီ ရောက်တော့လည်း ရှိုးပွဲတွေ တောက်လျှောက် သွားနေရပြန်ရော။ အဲ့ဒီကပြန်လာတဲ့ အချိန်ကျတော့လည်း အသံသွင်းဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ ပင်ပန်းတာရယ် ကိုယ့်အသံကာလာ မကြိုက်လို့ ရပ်ထားရင်းနဲ့ တော်တော်များများ နားရက်ရတဲ့ အချိန်ကျမှ စတူဒီယို Date တောင်းပြီး သွင်းရတော့ အချိန်ကြာသလိုတော့ ဖြစ်သွားတာပေါ့။

Voice ။ ။ ‘ခေါင်းနဲ့ပန်း’ စီးရီးမှာ ကိုယ်ပိုင် သံစဉ်တွေချည်း တစ်ခွေလုံး လုပ်ဖြစ်သွားတာ ဘာကြောင့်လဲ။

HT ။ ။ ဒီသီချင်းတွေက ကျွန်တော် ‘ရှိနေမယ်’ ခွေ မထွက်ခင်ကတည်းက သိမ်းထားတဲ့ သီချင်းတွေပါ။ ‘ရှိနေမယ်’ ခွေ ထွက်ပြီးရင်တော့ နောက်ထပ်တစ်ခွေ လုပ်ဦးမယ်လို့ စီစဉ်ထားခဲ့တာပေါ့။ ‘ရှိနေမယ်’ စီးရီးရဲ့ အရှုံးအမြတ်၊ ငွေကြေး ဘာမှမသိရသေးခင် အချိန်ကတည်းက ကိုယ်ပိုင်သံစဉ် စီးရီးတစ်ခွေတော့ လုပ်ဦးမယ်ဆိုပြီး ‘ရှိနေမယ်’ မထွက်ခင် ၂၀၀၆ မှာကတည်းက ဒီသီချင်းတွေကို စစုခဲ့တာပါ။

Voice ။ ။ အခုဆို တေးသံရှင် တော်တော်များများက ‘ကိုယ်ပိုင်သံစဉ်’ ဘက်ကို ပိုပြီးတော့ ဇောင်းပေး လုပ်လာကြတယ်နော်။ အဲဒါက မကြာမီ ကျင့်သုံးတော့မယ့် မူပိုင်ခွင့် ဥပဒေနဲ့ရော ဆိုင်မလား။

HT ။ ။ ဒါကဆိုင်တော့ မဆိုင်ပါဘူး။ သီချင်းဆိုတာတော့ သီချင်းပါပဲ။ ဒီမူပိုင် ခွင့်တွေဘာတွေ ကျွန်တော်ကတော့ သိပ်မသိပါဘူး။ အဲ့ဒီဘက်ကို သိပ်မလိုက်ဖြစ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေက သူ့ဟာသူ ဖြစ်လာမယ့် ကိစ္စတွေပေါ့။ သီချင်းဆိုတာတော့ ကိုယ်ပိုင်သံစဉ်မှ Copy မှ မဟုတ်ပါဘူး။ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ဘယ်သီချင်းမဆို ကျွန်တော်ကတော့ ဆိုမှာပဲ။

Voice ။ ။ Owntune နဲ့ Copy မှာ ဆိုရတာကျတော့ ဟန်ထွန်းအတွက် ခံစားမှု ဘယ်လိုကွာခြားလဲ။

HT ။ ။ ဆိုရတဲ့ ခံစားမှုချင်းက တူတော့ မတူဘူးပေါ့။ Copy မှ၊ ကိုယ်ပိုင် သံစဉ်မှ မဟုတ်ဘူး။ လွယ်တဲ့ သီချင်းက လွယ်တယ်၊ ခက်တဲ့သီချင်းက ခက်တာပဲဗျ။ တစ်ခုတော့ရှိတယ်။ Copy မှာကျတော့ မူရင်းဆိုထားတဲ့ အဆိုတော်က Guildeline ပေးထားတာ ရှိတယ်။ သူ့ရဲ့သီချင်းတွေကို ကိုယ်က နှစ်ပေါက်အောင် နားထောင်ထားတာဆိုတော့ အရမ်း နားရည်ဝနေတယ်။ ဘယ်နေရာမှာတော့ သူဘယ်လို ဆိုထားတယ်ဆိုတာကို ကျွန်တော်က အရမ်းစာကျေနေတဲ့ ကျောင်းသားတစ်ယောက်လို သိနေပြီဗျ။ မူရင်းသံစဉ်က ကိုယ့်နားထဲမှာ ရင်းနှီး ပြီးသားဆိုတော့ မြန်မာစာသား ထည့်ပြီးတဲ့ အချိန်မှာလည်း ဘယ်လိုမျိုး ဆိုရမလဲဆိုတာ သိနေပြီ။ ကိုယ်ပိုင် သံစဉ်မှာကျတော့ သီချင်းရေးပြီးတဲ့ အခါမှာ တေးရေးဆရာတွေက ကျွန်တော့်ကို ဟော်လိုဂစ်တာနဲ့ပဲ ဆိုပြတာ။ သူတို့ ဟော်လိုဂစ်တာနဲ့ ဆိုပြတဲ့ဟာကိုမှ ကျွန်တော်က ကိုယ့်အသံနဲ့ ဆိုကြည့်ပြီး ကိုယ်နဲ့လိုက်၊ မလိုက် စဉ်းစားတယ်။ ဒီနေရာလေးမှာတော့ ကျွန်တော်နဲ့ မလိုက်ဘူးဆိုရင် ပြန်ပြင်ခိုင်းတယ်။ ခပ်များများကတော့ ကျွန်တော်နဲ့ အတူသွားလာနေတဲ့ တေးရေးဆရာတွေ ဖြစ်တဲ့အတွက် ပြင်စရာတော့ သိပ်မရှိပါဘူး။
"နောက်ပိုင်း ကိုယ့်အသံကို ပြန်နားထောင်ကြည့်တဲ့အခါ နည်းနည်း အဆင်မပြေတာနဲ့ Music ပုံစံပြောင်းမယ်ဆိုပြီး ‘ရှိနေမယ်’ စီးရီးမှာ Music ပုံစံပြောင်းလိုက်တာ"
Voice ။ ။ ‘ခေါင်းနဲ့ပန်း’ စီးရီးမှာ အရင်ခွေတွေနဲ့ မတူတဲ့ Music ပုံစံလေးတွေရော ပါလား။

HT ။ ။ အဓိကကတော့ ကျွန်တော် ဆိုနေကျ ပုံစံတွေပဲ များပါတယ်။ Music ပုံစံအသစ်တွေတော့ မပါပါဘူး။ ဒီခွေမှာ အဲ့ဒီလောက်ကြီး လုပ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ သီချင်း ရေးဆရာတွေ ဆီကရတဲ့ သီချင်းလေးတွေကို တစ်ပုဒ်ချင်းစီ စုစုထားရတယ်။ ‘ရှိနေမယ်’ တုန်းကတော့ သီချင်း ပုဒ်ရေ ၂၀ လောက် ရွေးပြီးမှ ဒီထဲက ပြန်ရွေးတာဆိုတော့ သီချင်း ရွေးချယ်ပိုင်ခွင့်ကတော့ သူကပိုများတာပေါ့။ ဒီ ‘ခေါင်းနဲ့ပန်း’ ကတော့ Owntune လည်းဖြစ်တော့ သီချင်းရေး ဆရာတွေကို အရမ်းကြီး ဦးနှောက်သွားစားလို့ မရဘူး။ သူတို့လည်း ရင်ဘတ်နဲ့ ခံစားပြီး ရေးရတာဆိုတော့ အရမ်းကြီး ဖိအားသွားပေးလို့ မရဘူး။

Voice ။ ။ ‘ခေါင်းနဲ့ပန်း’ စီးရီး အတွက် ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

HT ။ ။ အမှတ်တရကတော့ ‘ရှိနေမယ်’ မထွက်ခင်မှာ ကတည်းက ဒီ ‘မြင်နိုင်မလား’ ဆိုတဲ့ သီချင်းလေးစရတယ်။ ဒီသီချင်းလေးကို Black Hole အဖွဲ့က အစိုင်းနဲ့ ကျွန်တော်က တောင်ကြီးက တီဗီဂိမ်းဆိုင်ရဲ့ သစ်ပင်အောက်မှာ အမြဲတမ်း တီးနေဆိုနေတော့ သူက ကျွန်တော့်အသံကို နားထောင်ပြီး ဒီ ‘ခေါင်းနဲ့ပန်း’ ဆိုတဲ့ သီချင်းလေး ရေးပေးလိုက်တာ။ အဲ့ဒီနှစ်ပုဒ်ကို သိမ်းထားပြီးမှ ‘ရှိနေမယ်’ စီးရီးကို အရင်ထွက်လိုက်တာ။ နောက်တစ်ခွေကို Owntune လုပ်မယ်ဆိုပြီး ရည်စူးထားတော့ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် စုဖြစ်တယ်။ လေး၊ ငါး၊ ခြောက်ပုဒ်လောက် ရလာတဲ့အခါမှ Max Studio မှာ သွားတီးထားတယ်။ အခက်အခဲကတော့ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ တချို့ သီချင်းကျတော့ ဟော်လို ဂစ်တာလေးနဲ့ တီးဆိုရင် အရမ်းကောင်းနေတယ်။ ဒါပေမဲ့ Demo သွားပြီး တီးလိုက်တဲ့အခါ သီချင်းက ပုံမပေါ်ဘူး။ တက်မလာဘူးပေါ့ဗျာ။ ဟော်လိုဂစ်တာနဲ့ တီးဆိုရင် ကောင်းပေမယ့် Music အားလုံး ဖြည့်လိုက်တဲ့ အခါကျတော့ သီချင်းက ကြွမလာဘူး။ သီချင်းက တန်းနေတယ်။ ဘယ်နေရာမှာ ပြန်တီးရမလဲဆိုပြီး ကျွန်တော်က နှစ်ခါ၊ သုံးခါလောက် ပြန်ဆိုကြည့်တယ်။ ပြန်နားထောင်ကြည့်တယ်၊ ဒါပေမဲ့ ပြန်ဖြည့်လို့ မရဘူး။ သီချင်းက ဒီလောက်ပဲ ရှိတာဆိုတော့ ထားခဲ့ရတယ်။

Voice ။ ။ ကိုဟန်ထွန်းကို ပရိသတ်တွေက သီချင်းအေးအေးလေးတွေ ဆိုတာကို ကြိုက်ကြတယ်လေ။ ကိုယ်ပိုင်ကျတော့ ဘယ်လိုသီချင်းမျိုးကို ဆိုရတာ ပိုကြိုက်လဲ။

HT ။ ။ ‘ရှိနေမယ်’ ခွေထဲက ‘ယုံကြည်ခြင်း’ လို သီချင်းမျိုးကို ကျွန်တော်ကြိုက်တယ်။ အရမ်းသဘောကျတယ်။ ‘ရှိနေမယ်’ လို၊ ‘ခေါင်းနဲ့ပန်း’ လို သီချင်းမျိုးလည်း ဆိုရတာ ကြိုက်တာပဲ။ အဓိကကတော့ Pop/Rock သီချင်း ပုံစံမျိုးလေးတွေ ဆိုရတာ ကြိုက်တယ်။

Voice ။ ။ ကိုဟန်ထွန်း အရင်က ကြိုက်ခဲ့တဲ့ Music ပုံစံမျိုးက ဘယ်လိုမျိုးလဲ။ အခုကတော့ရော။ ဘယ်လို Music ပုံစံမျိုးကို ကြိုက်နေလဲ။

HT ။ ။ ကျွန်တော်ကတော့ အရင်တုန်းက ရော့ခ် အပြင်းစားတွေ ကြိုက်တယ်။ အခုလည်း ကြိုက်တုန်းပါပဲ။ ကျွန်တော်တို့ အရင်တုန်းက နားထောင်တာက Europe တို့၊ Bon Jovi တို့၊ Aerosmith တို့၊ Skid Row တို့ နားထောင်တယ်။ Air Supply လည်း ကျွန်တော်တို့ ကြိုက်ခဲ့တာပါပဲ။
ကိုယ်ကအရင်တုန်းက အတီးသမား အရမ်းဖြစ်ချင်ခဲ့တော့ ဒါတွေပဲ တစိုက်မတ်မတ် နားထောင်ခဲ့တာ ပေါ့။ ဆိုတဲ့ အချိန်ကျတော့လည်း ၉၇၊ ၉၈ ခုနှစ်လောက် ကျွန်တော်ဆယ်တန်း စာမေးပွဲအောင်တဲ့ အချိန်မှာ လုပ်ခဲ့တဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ အိပ်မက်ယန္တရားမှာလည်း ရော့ခ် အပြင်းစားတွေပဲ ဆိုခဲ့တာပါ။ ဒါပေမဲ့ သီချင်းတွေက Key အရမ်းမြင့်တော့ ကျွန်တော့်အသံက နည်းနည်းပါးသွားတယ်။ အဲဒီနောက်ပိုင်း ကိုယ့်အသံကို ပြန်နားထောင်ကြည့်တဲ့အခါ နည်းနည်း အဆင်မပြေတာနဲ့ Music ပုံစံပြောင်းမယ်ဆိုပြီး ‘ရှိနေမယ်’ စီးရီးမှာ Music ပုံစံပြောင်းလိုက်တာ။

Voice ။ ။ Show ပွဲတွေက ဘယ်မှာ ဆိုဖြစ်နေလဲ။ ရန်ကုန် Show ပွဲတွေမှာတော့ သိပ်မတွေ့ရသလို ပဲနော်။

HT ။ ။ ရန်ကုန်မှာက Hip Hop Show တွေများတယ်လေ။ ကျွန်တော်တို့က Band နဲ့ဆိုတာ ဆိုတော့ Hip Hop Show တွေမှာ မဆိုဖြစ်ဘူး။ နောက်တစ်ခုက ပွင့်လင်းရာသီ ရောက်ရင် နယ်ဘက် သွားဆိုတာ များတယ်။ နယ်ဘက်သွားတဲ့ အချိန်နဲ့ ရန်ကုန်ရှိုးတွေက ခေါ်တဲ့အချိန် တိုက်နေရင်လည်း မဆိုဖြစ်ဘူး။ ရန်ကုန်မှာက ရှိုးတွေ မကြာခဏ လုပ်နေတာဆိုတော့ နယ်ကိုပိုပြီး ရွေးဆိုဖြစ်တယ်။ ‘ရှိနေမယ်’ စီးရီးထွက်ပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ကျွန်တော်တစ်နှစ်ကို နှစ်ပွဲလောက်ပဲ ဆိုဖြစ်တယ်။

Voice ။ ။ နောက်ထွက်မယ့် စီးရီးတွေက ဘာတွေရှိလဲ။

HT ။ ။ နောက်ထွက်မယ့် စီးရီးက အတွဲခွေ တစ်ခွေတော့ ရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ တောင်ကြီးသား ရှစ်ယောက် အမှတ်တရ လုပ်ထားတဲ့ အခွေလေးပါ။ အဲ့ဒီခွေကို ဒီလကုန်လောက်မှာ အချောသတ်မယ်။ ဟာမိုနီ နောက်လထဲမှာ လိုက်မယ်။ ပြီးရင် Mixing ဆွဲမယ်။

Voice ။ ။ ရုပ်သံလိုင်းတွေမှာ သီချင်းဆို ပြိုင်ပွဲတွေ များလာတော့ လူငယ်တွေအတွက် အဆိုတော် ဖြစ်ဖို့ အခွင့်အလမ်းတွေ များလာတယ်။ ဒါပေမဲ့ ပြိုင်ပွဲတွေမှာ ဆုရပြီးတဲ့ သူတွေက ပွဲပြီးတာနဲ့ ပရိသတ်မြင်ကွင်းက ပျောက်သွားတဲ့အပေါ် ကိုဟန်ထွန်း အမြင်လေး ပြောပြပေးပါဦး။

HT ။ ။ သီချင်းဆို ပြိုင်ပွဲတွေကတော့ အရင်ကတည်းကလည်း ရှိပါတယ်။ ဒီလောက်တော့ မများဘူးပေါ့။ ပြိုင်ပွဲတွေ ပြိုင်ကြတာတော့ ကောင်းပါတယ်။ သူတို့အတွက် အခွင့်အလမ်း အများကြီး ရတာပေါ့လေ။ အဓိက ဖြစ်စေချင်တာတော့ သူတို့အတွက် ဈေးကွက် ရှိစေချင်တယ်။ ဈေးကွက် ကောင်းဖို့လိုတယ်။ ဈေးကွက် မကောင်းရင် အဆိုတော် အသစ်တွေ ဘယ်လောက်ပဲ ပေါ်လာလာ အလကားပဲလေ။ ဈေးကွက် ကောင်းမှလည်း အခွေထုတ်ချင်တဲ့ Producer တွေ ပေါ်လာမှာ။ Producer မရှိရင်လည်း ပြိုင်ပွဲတွေမှာ အယောက်တစ်သိန်းလောက် ဝင်ပြိုင်ဝင်ပြိုင် ကျွန်တော်တို့လည်း လက်ခုပ်တီးပေးရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ ဒီလက်ခုပ်သံ တွေနဲ့အတူ Producer တွေပါ ပေါ်လာဖို့ လိုတာပေါ့။

ပြိုင်ပွဲတွေမှာ ဆုရပြီး ပျောက်သွားတယ် ဆိုတာလည်း ဒီသဘောပဲဗျ။ သူက ကောင်းပေမယ့်လည်း ပံ့ပိုးပေးမှ ရမှာပေါ့။ ဒီပံ့ပိုးမှုကလည်း Producer တွေပေါ်မှာ မူတည်တယ်။ အရင်တုန်းကဆို ခွေထုတ်ပေးချင်တဲ့ Producer တွေ အများကြီးပဲ။ အခုကတော့ ခွေထုတ်လိုက်တာနဲ့ ရှုံးတယ်ဆိုတော့ Producer တွေလည်း မရှိတော့ဘူးလေ။ အဲဒီတော့ ကျွန်တော်ကတော့ ဈေးကွက် ကောင်းပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဒါမှပဲ ပြိုင်မယ့်သူရော၊ ခွေထုတ်ပေးမယ့်သူရော အဆင်ပြေမှာပါ။

No comments:

Post a Comment