Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 26, 2013

ညီမလေးဖတ်ဖို့  -၁


 ညီမလေးရေ အစ်ကိုက ရဟန်းတစ်ပါးဖြစ်နေတဲ့အတွက်ကြောင့် ညီမလေးနဲ့ အစ်ကိုတို့ကြားက ဆက်ဆံရေးက စိမ်းနေကောင်း စိမ်းနေလိမ့်မယ်။ ဒါကြောင့်ညီမလေးက စကားပြောတဲ့အခါ ရှက်သလိုလို ရွံ့သလိုလို ဖြစ်နေတာဖြစ်မယ်။ ဒါကြောင့် ညီမလေးနဲ့ မျက်နှာချင်းဆိုင် ပြောရတာထက် စာနဲ့ပြောရတာ ပိုအဆင်ပြေလိမ့်မယ်ထင်လို့ အစ်ကိုစာရေးပြီးပြောတဲ့နည်းကို သုံးလိုက်တာပါ။ ညီမလေးလည်း လွတ်လွတ်လပ်လပ်ဖတ်လို့ရသလို တွေးတောဆင်ခြင် နိုင်တဲ့အချိန်လည်းရနိုင်တာပေါ့။ နောက်ပြီး အစ်ကိုက တစ်ခါတစ်လေ ဗုဒ္ဓတရားတော်တွေနဲ့ပက်သက်တဲ့ သာဓကလေးများကို ကိုးကားပြီး ပြောတဲ့အခါလည်း ရှိလိမ့်မယ်။ ဒါပေမယ့်ညီမလေး ဖတ်ဖြစ်အောင်တော့ဖတ်ရမယ်နော်။ ဘာဖြစ်လို့လည်း ဆိုရင် အစ်ကိုက ညီမလေးကို ယဉ်ကျေးလိမ္မာပြီး မြန်မာဆန်တဲ့ စိတ်ထားဖြူစင်သူအလှပိုင်ရှင်လေးတစ်ဦး ဖြစ်စေချင်တဲ့ စေတနာကြောင့်မို့ပါပဲ။
ညီမလေးကို အစ်ကိုပထမဆုံးပြောဆိုဆွေးနွေးချင်တာက တို့တွေကိုယ်းကွယ်နေတဲ့ ဗုဒ္ဓဘာသာအကြောင်းပါပဲ။ ဘာကြောင့်လဲဆိုရင် လောကကြီးထဲရှင်သန်နေထိုင်နေတဲ့ လူသားတိုင်းမှာ ဘာသာတရားတစ်ခုတော့ရှိသင့်ကြပါတယ်။ ဘာသာတရားအများစုဟာ လူသားတွေရဲ့ ဖြေဆည်ရာတစ်ခုခုကို ပေးစွမ်းနိုင်တယ်ဆိုတာ ဘယ်သူမှမညင်းနိုင်ကြဘူးလေ။ ဒါကြောင့် ဗုဒ္ဓဘာသာဖြစ်တဲ့ညီမလေးကို ဗုဒ္ဓနဲ့ပတ်သတ်တဲ့ အကြောင်းလေးတွေပြောပြချင်တယ်။ ဒါပေမယ့် အတက်နိုင်ဆုံးညီမလေး နားလည်နိုင်ဖို့အတွက် အစ်ကိုတို့သင်ရတဲ့ ပါဠိစကားလုံးတွေကို နည်းနိုင်သလောက်နည်းအောင် ဂရုစိုက်ပါမယ်။ ပြီးတော့ ညီမလေးဖတ်ရတာ မပျင်းအောင် လက်တွေ့အဖြစ်လေးတွေ ပါနိုင်သလောက်ပါအောင် ထည့်ရေးပေးပါ့မယ်။
ညီမလေးတို့အရွယ်တုန်းကဆိုရင် အစ်ကိုဟာလေ အစ်ကိုတို့ ကိုယ်းကွယ်ဆည်းကပ်နေတဲ့ ဘုရားအကြောင်းကို သေချာတိကျစွာ မသိခဲ့ဘူးကွ။ ဘုရားဆိုတာတောင် အစ်ကိုတို့နေတဲ့ မြန်မာနိုင်ငံရဲ့ တစ်နေရာမှာ ဖြစ်တာလို့ထင်နေခဲ့တာ။ အဖေ အမေတွေက ဦးချခိုင်းလို့သာ ၀ပ်ချရှိခိုးခဲ့ကြတာ။ ရဟန်းသံဃာတွေမြင်ရင် ဦးတော် ဦးတော်ဆိုပြီး လက်အုပ်ချီခဲ့ရတဲ့ ကလေးဘ၀ကနေပြီး အရွယ်ရောက်လာတာ။ အဖေအမေတွေ သင်ပေးတဲ့ သမ္ဗုဒ္ဓေ ဂါထာလေးကိုရွတ်ပြီး သရဲတစ္ဆေ ကြောက်တာကို ဖြေခဲ့ရတာမဟုတ်လားကွယ်။ ခုဆို ညီမလေးလည်း အဖေ အမေတို့ သင်ပေးထားတဲ့ သြကာသ ကန်တော့ချိုးလေးနဲ့ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ် တွေကို အလွတ်ကျက်မှတ်ဆောင်ထားနိုင်ပြီလို့ အစ်ကိုကြီးထင်တယ်။ အစ်ကိုတို့ ကြားဖူးတဲ့ အဘိုးတွေခေတ်တုန်းကဆိုရင် သားသမီးတွေ အရွယ်ရောက်လာရင် ဘုန်းကြီးကျောင်းကို ပို့ပြီးစာသင်ခိုင်းကြတယ်လေ။ ဒါကြောင့်မို့ ရှေးခေတ်လူကြီးအတော်များများဟာ ဘုရားကျောင်းကန်နဲ့မစိမ်းဘူးလို့ဆိုရမှာပါ။ တစ်ချို့ လူကြီးတွေများဆို ပရိတ်ကြီး ၁၁ သုတ်တို ပဌာန်းတို့ ဒီထက်အဆင့်မြင့်ရင် သဂြိ င်္ုဟ် တွေတောင် သင်ခဲ့ကြရတာလို့ပြောကြတယ်။ ညီမလေးတို့ အစ်ကိုတို့ခေတ်ကိုရောက်လာတော့ ဒါတွေအားလုံးဟာ ပုံပြင်တစ်ပုဒ်နားထောင်ရသလိုပါပဲ။ ဘုန်းကြီးကျောင်းမှာ ပညာသင်ရတဲ့ခေတ်က ကုန်သလောက်နီးနီးဖြစ်သွားပြီလေ။ ဒါကြောင့်ဒီခေတ် ညီမလေးတို့အရွယ် ကလေးတွေဟာ ဘုရားဆိုတာ ရွာဦးကစေတီနဲ့ သိမ်ထဲက ရုပ်ပွားတော်လောက်ပဲ သိကြတော့တဲ့ အဆင့်ကိုရောက်သွားတယ်။
ဒါကြောင့်မို့ညီမလေးကို သိစေချင်တာက ညီမလေးဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ကိုယ်းကွယ်ဆည်းကပ်ရာ ဘုရားအကြောင်းကို အရင်သိအောင် ညီမလေးလေ့လာရမယ်ဆိုတာပါပဲ။ ဒါကြောင့်မို့ ညီမလေးအတွက် အစ်ကိုဝယ်ပေးထားတဲ့ ဗုဒ္ဓ၀င် ရုပ်စုံလေးတွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်စာအုပ်လေးတွေကို ညီမလေးအားတဲ့အခါတိုင်း ဖတ်နော်။ ဘာကြောင့်ဖတ်ခိုင်းတာလဲဆိုရင် ညီမလေးကို တကယ်သိစေချင်လို့ပါ။ တစ်ချိန်ချိန်မှာ အခြားဘာသာခြား သူငယ်ချင်းမိတ်ဆွေတွေကမေးလို့ ညီမလေးဟာ ကိုယ့်ဘုရားအကြောင်းကိုယ်မသိဘူးဆိုရင် ညီမလေးအတွက် ရှက်စရာကောင်းတဲ့အဖြစ်တွေ ကြုံမှာစိုးလို့ပါ။ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းသိပါစေကွယ်။ ပြီးတော့ ဘာမသိ ညာမသိ ဦးကုန်းချနေတာထက်စာရင် အဓိပ္ပါယ်လေးလေးနက်နက်သိပြီး အားပါးတရ ရွှင်ရွှင်လန်းလန်းနဲ့ ဦးချရှိခိုးတက်တာက ပိုပြီး ပြီးပြည့်စုံမယ်မဟုတ်လား။
ဥပမာလေး တစ်ခုပြောရရင်ကွာ ညီမလေးအနေနဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်တဲ့အခါ ကျက်မှတ်ထားသင့်တဲ့ အလီဇယားတွေ အလွတ်ကျက်မှတ်မထားဘူးဆိုရင် ပုစ္ဆာတစ်ပုဒ်အဖြေရှာတဲ့အခါ နှောင့်နှေးကြန့်ကြာနေသလို ဖြစ်တက်တယ်မို့လား။ ကိုယ်ကသာ လိုအပ်တဲ့အလီကို ကျက်ထားရင် အဖြေရှာတဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန် ရှိတာပေါ့။ ဒါကြောင့်ညီမလေးဟာ လူ့လောကကြီးတစ်လျှောက် ဖြတ်သန်းရဦးမယ့် အချိန်တွေ အများကြီးရှိသေးတယ်။ ကာလာစုံ လူမျိုးများစွာနဲ့ တွေ့ကြရ ဆက်ဆံကြရဦးမှာမလွဲဘူး။ ဒါကြောင့်မို့ ဒီအရွယ် ဒီအနေထားနဲ့ ထိုက်တန်တဲ့ အသိတွေကို ကြေကြေညက်ညက်သိအောင် သင်ယူပါ၊ လေ့လာပါ၊ မှတ်သားပါညီမလေး။ ဒါကြောင့်မို့ ပထမဆုံး ညီမလေးကို အစ်ကိုကြီးပြောချင်တာက ညီမလေးဟာ ဗုဒ္ဓဘာသာမိသားစုက ပေါက်ဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းခလေးပီသစွာ တို့တွေ နေ့စဉ်ဦးချနေတဲ့ ဗုဒ္ဓအကြောင်းကို သေချာဃနစွာ သိအောင်အရင်လုပ်ပါလို့ အစ်ကိုပြောချင်ပါတယ်။
ဒါကြောင့် ဒီနေ့ကစပြီး အားရင်အားသလို တက်အားသရွေ့ လက်လှမ်းမှီရာ စာအုပ်လေးတွေဖတ်ဖို့နဲ့ လေ့လာသင့်တာလေ့လာ အလွတ်ကျက်မှတ်ဆောင်ထားသင့်တာတွေ ဆောင်ထားဖို့ မှာချင်ပါတယ်။ ဘုရားရှေ့မှာ ဆီမန်းမန်းသလို တရွရွရွတ်နေရုံလေးနဲ့ နဖူးစွန်းဒူးပွန်းရုံအဆင့်မှာတင် ကျေနပ်မနေဘဲ တကယ့်ကို အနက်အဓိပ္ပါယ်ကိုလေးလေးနက်နက်သိပြီး ပီပီသသ ရွတ်နိုင်တဲ့အထိ အရကျက်ထားတော့ ပိုကောင်းတာပေါ့လေ။ ဒီနေ့တော့ ဒီလောက်လေးနဲ့ပဲ နားလိုက်ကြဦးစို့။ နောက်များမှ ညီမလေးကိုပြောချင်တာတွေကို ဆက်ပြီးပြောရဦးတော့မယ်။
တေမိ(မော်ကျွန်း)


No comments:

Post a Comment