Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 26, 2013

ညီမလေးဖတ်ဖို့(၄)


                    ညီမလေးရေ ဒီတစ်ခါ အစ်ကိုပြောချင်တာက အလှတရားနဲ့ ပတ်သက်တာလေးပါ။ အလှတရားနဲ့ပတ်သက်ပြီး ပြောလို့ အစ်ကိုက အလှတရားကိုခံစားတက်လို့လားမေးမှာပေါ့။ လူရယ်လို့ဖြစ်လာရင် အာရုံငါးပါးခံစားတက်တဲ့ ရုပ်ကြီးကို ပိုင်ဆိုင်ထားမှတော့ ခံစားတက်တာပေါ့ကွယ်။ ဒါပေမယ့် ဒီနေရာမှာ အဓိကဦးတည်ပြောချင်တာက စိတ်ပိုင်းအလှကို ပါကွယ်။ ညီမလေးရေ မိန်းခလေးဆိုတာ လိမ်မာယဉ်းကျေးပြီး သိမ်မွေ့မှ လူတွေက မြတ်နိုးတက်ကြတာ။ ပေါ့တီးပေါ့ပျက် လျှပ်တပ်တပ် ဆိုရင်ပတ်ဝန်းကျင်က မလေးစားကြဘူး။ သွားတဲ့ လာတဲ့အခါ ပြောတဲ့ဆိုတဲ့အခါ ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့ရတယ်။ နှုတ်အမူအရာမှာဆိုလည်း ယဉ်ကျေးသိမ်မွေ့ရတယ်။ နေရာတိုင်းဒေါသထွက်ပြနေရင် ပတ်ဝန်းကျင်က အကြည့်တွေနဲ့ ပစ်ပေါက်ကြလိမ့်မယ်။ အဲဒီလို အကြည့်တွေနဲ့ ဒဏ်ခက်ရုံဆိုတော်သေး တော်ကြာ မိဘတွေက ဆိုဆုံးမမှု့မရှိဘူးဆိုပြီးပြောရင်တော့ တကယ့်ကို ဆိုးဝါးလွန်းသွားပြီးပေါ့။
ညီမလေးတို့ခေတ်မှာ ၀တ်ဆင်နေကြတဲ့ အ၀တ်အစားတွေမှာဆို တိုနံ့နံ့ နဲ့ရင်ဟိုက် လည်ဟိုက်တွေ အတော်များများတွေ့နေရတယ်။ မိဘမောင်ဘွားတွေကြားမှာ မြင်လို့မတော်တဲ့ အ၀တ်အစားတွေတော့ညီမလေးရှောင်ရှားသင့်တယ်။ ခေတ်မှီတယ် ခေတ်နဲ့အညီ ရင်ဘောင်တန်းချင်တယ်ဆိုပြီးခေတ်ရှေ့ပြေးအ၀တ်အစားတွေ ၀တ်ထားရုံနဲ့ ခေတ်မှီတယ်လို့မဆိုသာဘူးကွ။ သိသင့်သိထိုက်တဲ့ခေတ်ပညာတွေကို တက်ထားရင် ကိုယ်ကအမြဲတမ်းခေတ်မှီနေတာပဲဆိုတာမမေ့ပါနဲ့။ ဒီလိုပြောလို့ညီမလေးက စကားကိုကတ်ပြီးပြောမှာပေါ့။စတိတ်ရှိုးပွဲတွေဇာတ်ပွဲတွေမှာထိုင်မသိမ်းတွေဝတ်ပြီးသွားကြည့်ရ
မှာလားလို့။ ဒီိလိုလည်းမဟုတ်ဘူးပေါ့ကွာ။ အ၀တ်အစားဆိုတာ သူ့နေရာနဲ့သူ ၀တ်စားတက်ခြင်းဆိုတာလည်း မိန်းမတွေ သူ့လိုလိုတက်ထားတဲ့ပညာတွေပဲကွ။ အစ်ကိုတုန်းကဆို ဘယ်လိုပွဲတွေသွားသွား အမေဆင်ပေးလိုက်တာ ၀တ်သွားတာပဲ။ သူတို့မှာ သူတစ်ပါးကိုဆင်ပေးတက်တဲ့ အနုပညာမျက်လုံးတွေရှိတယ်ဆိုတာ အစ်ကိုလည်း သိပါတယ်။ အဲဒီလိုမျက်လုံးမျိုး ညီမလေးတို့မှာလည်း ပိုင်ဆိုင်ထားတယ်ဆိုတာအစ်ကိုသိပါတယ်။ ဘယ်နေရာဘယ်လိုသွားရမယ်ဆိုရင် ဘာဆင်ရမယ်ဆိုတာ ညီမလေးတို့က အစ်ကိုတို့ထက် ပိုသိပါတယ်။ ညီမလေးကပြောမှာပေါ့ ညီမလေးက မိန်းကလေးဆိုတော့ လှချင်တာပေါ့လို့။ ဟုတ်ပါတယ်။ လှချင်တယ်ဆိုတာ အပြစ်မဟုတ်ပါဘူးကွာ။ လျှပ်ပေါ်လောလီမှု့မရှိတဲ ဘယ်လိုအ၀တ်အစားကိုမဆို ၀တ်ပါ၊ ခြယ်ပါ၊ လိမ်းပါ။ ညီမလေးရေ ခန္ဓာကိုယ်လှဖို့အတွက် မှန်ရှေ့မှာ အချိန်ပေးပြီး ပြင်ဆင်ရသလိုပဲ ညီမလေးရဲ့စိတ်ကိုလည်း လှအောင်ပြင်ဆင်ဖို့လိုတာကိုလည်း မမေ့ပါနဲ့ကွယ်။ ရုပ်အလှဆိုတာ မလိုအပ်ဘူးလားဆိုတော့ လိုအပ်ပါတယ်။ ဒါကြောင့် ဥပဓိသမ္ပတ္တိဆိုတဲ့ ရုပ်အသွင်ပြည့်စုံခြင်းဆိုတာ လည်းလိုအပ်တယ်ဆိုတာ တရားတော်တွေထဲမှာလည်း တွေ့ရတာပေါ့။ ဒါပေမယ့်ကွာ လူတိုင်းမှာ ထိုက်သင့်တဲ့ ရုပ်အသွင်တစ်ခုတော့ရှိကြတာချည်းပါပဲကွယ်။ မြင်အောင်ကြည့်တက်ဖို့ပဲလိုပါတယ်။ တကယ်လို့ ကိုယ်က အင်မတန်ကိုမှ ရုပ်ဆိုးနေတယ်ဆိုရင်တောင် အားမငယ်လိုက်ပါနဲ့။ ညီမလေးမှာ အလှဆင်ဖို့ တစ်ခုရှိသေးတယ်ဆိုတာ သတိရလိုက်ပါ။ အဲဒါကတော့ စိတ်ပဲ ညီမလေး။ ရုပ်က ဘယ်လောက်ပင်ဆိုးဆိုး စိတ်ဓါတ်လေးက လှနေရင် ညီမလေးဟာ လှနေမှာပါ။ တကယ့်ပတ်ဝန်းကျင်မှာ လူတွေနဲ့ဆက်ဆံရတဲ့အခါကြတော့ စိတ်လှဖို့ အရမ်းအရေးကြီးတယ်ဆိုတာ သိသာလာပါတယ်။ အစ်ကို့ အမြင်တော့ ရုပ်လှတာထက် စိတ်လှတာ ပိုပြီးကောင်းမယ်ထင်တယ်။ ရုပ်ကောစိတ်ပါ လှမယ်ဆိုရင်တော့ သာပြီးကောင်းတာပေါ့ကွာ။ တစ်ချို့များ ရုပ်လေးကတော့ လှပါရက်ကယ်နဲ့ တစ်ခါဆက်ဆံ ဆယ်ခါလံဆိုတာမျိုးတွေ ရှိကြတာတွေ့ရတယ်။ ဒါမျိုးကြတော့ မကောင်းဘူးပေါ့ကွာ။ စိတ်ဓါတ်ကောင်းဖို့ဆိုတာက ပြုပြင်ဖို့ခက်တယ်ကွ။ ကိုယ်ကလည်း ပြင်ဆင်ပြောင်းလဲချင်စိတ်လေးရှိဖို့ကလဲလိုသေးတာကိုး။ဒီလိုခေတ်ကြီးမှာဆို ရုပ်ဆိုးတဲ့သူတွေတောင် လှအောင်ပြင်လို့ရတဲ့နည်းတွေအတော်ပေါလာတယ်။ပလက်စတစ်ဆာဂျီလိုနည်းပညာတွေကပေါမှပေါ။ နောက်ဆုံးကုန်ကုန်ပြောရရင် ခန္ဓာကိုယ်တစ်ခုလုံးကို ခွဲစိတ်ပြုပြင်လို့တောင်ရတယ်။ ခက်တာက စိတ်ကို လှအောင်ပြင်တက်တဲ့ စက်ကိရိယာတွေမပေါ်သေးတာပဲ။
ဒါကြောင့်မို့ ခက်ခဲတဲ့အလှပြင်နည်းဖြစ်တဲ့ စိတ်ကိုသာ အရင်လှအောင် ပြင်ဖို့ ညီမလေးကို တိုက်တွန်းရတာ။ ဒါကလည်းတကယ်တော့ ပြုပြင်ချင်စိတ်သာ ပြင်းပြရင် မခက်လှပါဘူး။ လူ့ပတ်ဝန်းကျင်က မကြိုက်တဲ့ အမူအရာ အကျင့်တွေကိုယ့်မှာရှိသလား ကိုယ့်ဘာသာ စမ်းစစ် ရှိရင်ပြင်လိုက်ပေါ့လွယ်လွယ်လေးပါ။ သူတစ်ပါးအပေါ် အမြဲတမ်းကောင်းမွန်တဲ့ စိတ်ကလေးတွေနဲ့ ပြောဆိုဆက်ဆံလိုက်ရုံလေးပါ။ သူတစ်ပါးအပေါ် မနာလိုစိတ်တွေ ၀န်တိုပြီးငြူစူတက်တဲ့စိတ်တွေ ပြီးတော့ မာနတရားတွေ နည်းနိုင်သလောက်နည်းအောင် လေ့ကျင့်ယူရမယ်။ ဒီလိုပြောလို့ ညီမလေးမှာ အဲဒီလိုစိတ်တွေ ရှိနေတယ်လို့ မပြောဘူးနော်။ တကယ်လို့ရှိခဲ့ရင်လို့သာပြောတာပါ။ အစ်ကိုတွေ့ဖူးတဲ့ ဒေသက မိန်းကလေးတစ်ယောက်ဆိုရင် သူဝတ်လိုက်တဲ့ အ၀တ်အစားတွေများဆို ပေါင်လည်ကကို မဆင်းဘူး ကိုယ်ပေါ်မှာဆင်ထားတာက ယောက်ျားဝတ် စွပ်ကျယ်သာသာပဲရှိတယ်။ ပိုဆိုးတာက လက်မောင်းတွေမှာ ဆေးမှင်ကြောင်တွေတောင် ထိုးထားသေးတယ်။ ပေါင်းတဲ့လူတွေကလည်း ယောက်ျားလေးတွေချည်းပဲ။ အစ်ကိုတို့လို ယောက်ျားတွေတောင် ဆေးမှင်ကြောင်မပြောနဲ့ ငယ်ငယ်က ထိုးပေးထားတဲ့ ကျောက်ဆေးအမှတ်အသားလေးလောက်ပဲရှိတာ။ အစ်ကိုလည်း လူငယ်တစ်ယောက်ပါပဲ။ လှမယ်ထင်လို့ ထိုးကြည့်ချင်တာတောင် အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဒီသုံးမျိုးမပြင်နိုင်လျှင် နောင်ပြင်လျှင်ခက်မည့်အမျိုးဆိုးတာကြားဖူးလို့ မထိုးဘဲအောင့်အည်းနေခဲ့ရတာ။ မိန်းခလေးတွေ အဲဒီလို တက်တူထိုးထားတာ မြင်ရတော့ အရမ်းကို အံ့သြခဲ့ရသေးတယ်။ အဲဒီလိုမိန်းခလေးမျိုးတွေဆို ဘုရားကျောင်းကန်ဘက်ကို ခြေဦးတောင် လှည့်လိမ့်မယ်မထင်မိဘူး။ အော်ဒီနေရာမှာ သတိရလို့ ညီမလေးကိုပြောရဦးမယ်။ ဘုရားကျောင်းကန်တွေသွားတဲ့အခါရဟန်းသာမဏေတွေနဲ့တွေ့တဲ့အခါပြောတက်ဆိုတက်ဖို့အတွက်လည်း နောက်အခန်းတွေမှာညီမလေးကို သင်ပေးဖို့လိုသေးတယ်ဆိုတာကို သတိရမိသေးတယ်။
ဒီအခန်းမှာညီမလေးကို ပြောချင်တာကညီမလေးအနေနဲ့ ရုပ်အလှအပေါ်မှာချည်းပဲ အာရုံစိုက်မနေဘဲ စိတ်ကလေးလှအောင်လည်း ပြုပြင်ဖို့လိုတယ်ဆိုတာ အဓိက အချက်အနေနဲ့ပြောချင်တာပါ။ စိတ်ဓါတ်လှဖို့ဆိုတာ ဒီဘ၀မှာတင်လိုအပ်တာမဟုတ်ပါဘူးကွယ်။ သံသရာတစ်လျှောက်ကျင်လည်ရာမှာပါစိတ်ဓါတ်အလှကအဓိကကျတယ်ဆိုတာသိစေချင်တာပါ။ ဒီဘ၀မှာ ရုပ်အဆင်းက သူတစ်ပါးလောက် မလှဘူးဆိုရင်တောင် လုံးဝအားမငယ်ပါနဲ့ကွာ။ ဒီဘ၀မှာ ကိုယ့်ဘက်က အလှပဆုံးစိတ်ထားလေးတွေနဲ့ ရင်းနှီးထားမှ နောက်ဘ၀တွေမှာဆို ငါ့ညီမလေးအတွက် နတ်သမီးတမျှလှပနိုင်မယ့် အခွင့်အရေးတွေ တစ်ပုံတစ်ပင်ရှိနေတယ်ဆိုတာ တွေးပါ။သတိရပါ။ ညီမလေး စိတ်ဓါတ်လေးလှပါစေကွယ်။
တေမိ(မော်ကျွန်း)
မှတ်ချက်။….။ညီမအရင်းတစ်ယောက်ကို အစ်ကိုတစ်ယောက်က ဆုံးမသလိုမျိုး မှတ်ယူစေချင်ပါသည်။ အထာဗလပွနဲ့ ဆရာကျတယ်လို့ မယူဆစေချင်ပါ။

No comments:

Post a Comment