Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 26, 2013

ညီမလေးဖတ်ဖို့(၂)

ညီမလေးဖတ်ဖို့(၂)

ညီမလေးရေ ပထမစာမှာတုန်းက ညီမလေးကို တို့ကိုးကွယ်ဆည်းကပ်နေတဲ့ ဗုဒ္ဓဘုရားအကြောင်းသိဖို့ အစ်ကိုတိုက်တွန်းခဲ့သလို့ ဖတ်ရမယ့် စာအုပ်အချို့ကိုလည်း ပြောထားခဲ့တယ်နော်။ ဒါပေမယ့် ဒီနေရာမှာ ညီမလေးကို အစ်ကိုပိုမှတ်မိအောင်ဆိုပြီး တို့ဘုရားရှင်ရဲ့ မွေးဖွားရာဒေသနဲ့ မိဘ အမည် အမျိုးအနွယ်စတဲ့ လိုရင်းအချက်လေးတွေကို ထပ်ပြောပြဦးမယ်။ တို့ဂေါတမဗုဒ္ဓရှင်ကို အိန္ဒိယမြောက်ပိုင်းမှာ ဘီစီ ၆ရာစုလောက်က ဖခင်သုဒ္ဓေါဒန မိခင် မဟာမာယာဒေ၀ီ မိဖုရားကြီးတို့မှ မွေးဖွားသန့်စင့်ခဲ့တာပါ။ သူ့အမည်အရင်းကတော့ သိဒ္ဓတ္ထလို့ခေါ်ပြီး အမျိုးအနွယ်အမည်အားဖြင့် ဂေါတမအနွယ်တော်ဖြစ်ပါတယ်။ တို့ဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရပြီးတဲ့နောက် သူ့ကိုခေါ်ကြတာက ဗုဒ္ဓဆိုတဲ့အမည်ဖြစ်ပါတယ်။ အများအားဖြင့် သူ့ကိုယ်သူ့ခေါ်ဝေါ်စေတဲ့အမည်ကတော့ တထာဂတ ဖြစ်ပြီး၊ တပည့်သာဝကတွေကတော့ ဘဂ၀ါ လို့တစ်ဖုံခေါ်ကြပြီး အချို့အချို့သောသူတွေကတော့ ဂေါတမ သို့မဟုတ် သကျမုနိ လို့ အမျိုးမျိုးအသွယ်သွယ် သမုတ်ခေါ်ဝေါ်ကြပါတယ်။ ဒါကို အစ်ကိုတို့ နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကတော့ အလွယ်တကူ ဘုရား လို့ခေါ်ဝေါ်ကြတာပါ။ ဘုရားလို့ပြောလိုက်ရင် အခြားအခြားသော ဘာသာဝင်တွေမှာလည်း သူတို့ ကိုယ်းကွယ်တဲ့ ဘုရားတွေအသီးသီးရှိကြတယ်။ အစ်ကိုငယ်ငယ်တုန်းကဆိုရင် ဘာသာခြားသူငယ်ချင်းတွေနဲ့ ခင်မင်ခဲ့ဖူးတယ်။ ငါတို့ဘုရားက ဘာဖြစ်တယ်၊ ဘယ်လိုတန်းခိုးကြီးတာကွ ဆိုပြီး ကလေးဘာသာဘာဝ ပြိုင်ဆိုင်ပြောဆိုခဲ့ဖူးတယ်။ အံ့သြစရာကောင်းတာက သူတို့တွေဟာ အစ်ကိုတို့ထက် သူတို့ဘုရားအကြောင်းကို ပြောပြနိုင်ကြတယ်ကွ။ နောက်ဆုံးတော့ အငြင်းသန်တဲ့ အစ်ကို့ကိုတော့ သူတို့ မနိုင်ပါဘူး။ အစ်ကိုဖတ်သမျှ မှတ်မိသမျှတွေနဲ့ ပြောဆို အနိုင်ယူခဲ့ဖူးတယ်။ ဟဲဟဲ အထင်တော့မကြီးနဲ့ကွ၊ တကယ်တော့ အစ်ကိုပြောနိုင်သမျှတွေဟာ ဘာမှတိတိကျကျဆိုတာမရှိဘူး။ ရမ်းအုပ်ရမ်းဆော်ခဲ့တာများတယ်။ နောက်ပိုင်းအစ်ကို ကံကောင်းတာက တို့အဘိုးရဲ့ စာအုပ်ဗီဒိုထဲက ဘုရားအကြောင်းတွေရေးထားတဲ့ ကျီးသဲလေးထပ်ဆရာတော်ကြီးရေးထားတဲ့ ဇိနတ္ထပကာသနီ ဆိုတဲ့ စာအုပ်ကိုတွေ့လိုဖတ်မိတဲ့နောက်ပိုင်း အစ်ကိုပြောစရာတွေ ရှိလာတယ်။ ဒီနေရာမှာ ညီမလေးကို ပြောချင်တာက ကိုယ့်က ကိုယ့်ဘုရားအကြောင်းကို မပြောနိုင်လျှင် သူကလည်းကိုယ့်ကို အထင်သေးမှာသေချာတယ်။ အဲ ဒီထက်ပိုပြီး အရွယ်လေးရောက်လာတော့ ငယ်ငယ်တုန်းကလို ငြင်းခုန်ရင်း အနိုင်ယူလို့မရတော့ဘူးလေ။ ဘာလို့လည်းဆိုတော့ အားလုံးဟာ ရင့်ကျက်ပြီးတွေးတော ဆင်ခြင်တက်တဲ့ဉာဏ်တွေ အထိုက်အလျောက်ရှိလာပြီလေ။ ကြောင်းကျိုးညီမျှ ဆွေးနွေးအဖြေရှာတက်လာတော့ သူငယ်ချင်းတွေအချင်းချင်း ကိုယ့်ဘုရား၊ သူ့ဘုရားအကြောင်း ဆွေးနွေးတက်လာကြတယ်။ အဲဒီနေရာမှာ ကိုယ့်က ဘာမှမပြောနိုင်သေးဘူးဆိုရင်တော့ အထာမကျတော့ဘူးလို့ ပြောရမှာပဲညီမလေးရေ။ ဒါတွေကို ဘာလို့ပြောနေရတာလဲဆိုရင် ညီမလေးဟာ ခေတ်ပညာတွေသင်နေတယ်လေ။ ဒီထက် ပညာတွေတက်ပြီး ပိုမိုမြင့်မားလာလို့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ တစ်ချိန်ချိန်မှာ အမြင့်တစ်နေရာရာကို မရောက်ဘူးလို့မပြောနိုင်ဘူးလေ။ လူ့ယဉ်ကျေးဆိုတဲ့ အသိုင်းအ၀ိုင်းမှာ တစ်ခါတစ်လေတော့ ဒီလိုဘာသာရေးနဲ့ပတ်သတ် ပြီးမေးတက်တဲ့ မေးခွန်းအခက်အခဲလေးတွေ ကြုံရတက်တယ်ကွ။ မကြာသေးတဲ့ ကာလတစ်ခုကကြားဖူးသေးတယ်။ နိုင်ငံရပ်ခြားတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အလုပ်ထဲမှာ အတူအလုပ်လုပ်နေသူ အထက်အရာရှိက သူ့ကိုယ်းကွယ်နေတဲ့ ဗုဒ္ဓအကြောင်း မေးတော့ ဘာမှရေရေရာရာမဖြေနိုင်လို့ အရှက်ရခဲ့ဖူးတယ်တဲ့။ ခုခေတ်မှာ ဒါမျိုးတွေက မဆန်းပါဘူးကွာ။ တကယ်တော့ နိုင်ငံခြားရောက်နေတဲ့ သူတွေမဆိုထားနဲ့ ပြည်တွင်းမှာနေနေကြတဲ့ သူတွေမှာတောင် ဗုဒ္ဓအကြောင်းမင်းသိသလောက်ပြောပြစမ်းကွာဆို ခွေးအကြီး လှည်းနင်းထားသလို ဖြစ်နေတက်တာတွေ တစ်ပုံတစ်ပင်ပါ။ အတွင်းအနှစ်သာရ တရားတွေပြောပြပါဆို ပိုဆိုးတော့မှာပေါ့ကွာ။ ရှေးခေတ်အခါတုန်းကတော့ မိန်းမတွေဆို ထမင်းချက် ရေခပ်ရင်း သဂြိ င်္ုဟ်တွေတောင် ကျက်မှတ်ကြသတဲ့။ အရမ်းတော်တဲ့ မိန်းခလေးတွေလို့ပြောရမှာပဲ။ ဒါတွေကို ပြောပြလို့ ညီမလေးကို အဲဒါတွေ သင်ဖို့အရမ်းတိုက်တွန်းနေတာတော့ မဟုတ်ပါဘူး ညီမလေးရာ။ ဒါပေမယ့် ညီမလေးအနေနဲ့ ကျောင်းစာတွေလုပ်လို့ အားတဲ့ အချိန်မှာဖြစ်ဖြစ်၊ ကျောင်းပိတ်ရက်တွေမှာပဲဖြစ်ဖြစ် အားရင် အားတဲ့အလျှောက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေကို ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းချင်တာပါ။တကယ်လို့ အလုပ်တွေလုပ်နေလို့ မအားလပ်ဖူးဆိုရင်တောင် အိပ်ယာဝင်ချိန်လေးတစ်ချိန်တော့ နေ့စဉ်တစ်မျက်နှာလောက်ပုံမှန်ဖတ်သွားလို့ရပါတယ်။ တကယ်တော့ ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေတိုင်းဟာ မှန်ကန်မြင့်မြတ်မှု့ရှိကြတာဆိုတော့ ဘာပဲပြောပြော တစ်ပုဒ်တစ်ဂါထာ လောက်ကိုပဲ ကိုယ့်ဦးနှောက် ကိုယ့်နှလုံးသားထဲမှာ ကိန်းနေအောင် ဆောင်ထားနိုင်ရင်တော့ အတိုင်းထက်အလွန် ကောင်းမြတ်တာပေါ့ကွာ။ ခုဆိုရင် တစ်ချို့အရပ်ဒေသတွေမှာဆို ဓမ္မစကြာအဖွဲ့တို့ ပရိတ်အဖွဲ့တို့ဆိုတာတွေ ရှိလာကြတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါမျိုးတွေအဖွဲ့တွေမှာ အခွင့်အရေးရရင် ငါ့ညီမ ပါဝင်နိုင်အောင်ကြိုးစားစေချင်တယ်။ ဗုဒ္ဓဟောကြားခဲ့တရားတော်တွေကို မိမိတို့အနေနဲ့ ၀စီကံမြောက်ရွတ်ဆို ပူဇော်နိုင်တယ်ဆိုတဲ့ အခွင့်အရေးဟာ နည်းတဲ့ကုသိုလ်မှ မဟုတ်တာပဲကွယ်။ တကယ်တော့ ပါဠိစာပေဆိုတာ ညီမလေးအနေနဲ့ အကျွမ်းတ၀င်မရှိလှတော့ ခက်ခဲလိမ့်မယ်လို့ ထင်နေတယ်မဟုတ်လား။ ဒီလိုပါပဲ အစတော့ ခက်ကောင်းခက်မယ်။ကြာတော့မသိတာလေးတွေ မေးရင်းမြန်းရင်းက ဖတ်တက်သွားမှာပါ။ ဘာသာရပ်တစ်ခုဆိုတာ သင်ကာစတော့ ဒီလိုခက်ကြတာချည်းပါပဲ။ အစ်ကိုတို့ အင်္ဂလိပ်စာသင်ခါစတုန်းကဆို အေဘီစီကနေစပြီး မရှက်မကြောက်အော်ခဲ့ကြရတာ။ မရှက်ခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ ကိုယ်က သိချင်တက်ချင်တာဆိုတော့လေ။ အဲဒီလိုပဲ ပါဠိစာပေတွေကို ကိုယ်ကမဖတ်တက်သေးခင်မှာ ကိုယ့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ သိနားလည်တဲ့ ရဟန်းသာမဏေနဲ့ လူကြီးသူမတွေကို မေးမြန်းနိုင်ပါတယ်။ မသိတာကို မသိတဲ့အတိုင်းထားရင် မတက်တာပဲ ရှိမယ်မို့လား။ ပြောရင်ယုံမလားမသိဘူး။ အစ်ကိုဆိုရင် အဲဒီလိုမဖတ်တက်တာလေးတွေကို အဘိုးဆီကနေမေးမေးပြီး ဖတ်ထားတော့ တကယ်တန်း ပါဠိကိုစသင်တော့ သိပ်ပြီး အထူးတလယ်အားစိုက်ထုတ်စရာမလိုလောက်အောင် တက်လွယ်သွားတယ်။
သီရိလင်္ကာမှာရှိတဲ့ လူငယ်လူရွယ်အများစုဟာ ပါဠိစာပေနဲ့ ပတ်သက်ပြီး Sunday school တွေကနေသင်ကြားခဲ့ကြရတော့ ပါဠိစာပေကို တော်တော်လေး နားလည်သဘောပေါက်ကြတယ်လို့ သိရဖူးတယ်။ သူတို့တွေ ဘွဲ့ရသွားတဲ့အချိန်မှာ အစ်ကိုတို့မြန်မာနိုင်ငံက ရဟန်းသာမဏေတွေဖြေရတဲ့ ပထမကြီးတန်းလောက်အဆင့်အထိ ပါဠိစာပေကို သိသွားကြတယ်လို့လည်း မှတ်သားရဖူးတယ်။ ဒါကြောင့်လည်း ခေတ်အမြင်ရှိကြတဲ့ ရဟန်းတော်တွေကလည်း Sunday school လို ကျောင်းတွေ ဗုဒ္ဓစာပေနဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံမှာ အမြစ်တွယ်အခြေချဖို့ ကြိုးစားနေပြီလို့ကြားရပါတယ်။ အလွန်ကောင်းမွန်တဲ့ အစီအစဉ်ပါပဲ။ ညီမလေးရေ တကယ်တော့ အစ်ကိုရေးချင်တာက ဗုဒ္ဓစာပေနဲ့ ပတ်သက်တာတွေချည်းရေးချင်တာပါ။ ဒါပေမယ့် အစ်ကိုတို့မြင်နေရတဲ့ မျက်မြင်လောကမှ လက်တလောမြင်နေရတာလေးတွေကိုပဲ ဦးစားပေးရေးနေရတာပါ။ တဖြည်းဖြည်းနဲ့ အစ်ကိုပေးချင်တဲ့ အဓိက message လေးတွေကို ပေးသွားမှာပါ။ သည်းခံပြီးတော့ ဖတ်ပေးသွားဖို့ အစ်ကိုတိုက်တွန်းချင်တာပါ။
ဒီနေ့တော့ ညီမကို ထပ်ပြီးမှာချင်တာက ညီမလေးအနေနဲ့ စွမ်းနိုင်ရင် ဗုဒ္ဓဘာသာ စာအုပ်စာပေတွေကို လေ့လာဖတ်ရှူ့ဖို့နဲ့၊ စွမ်းနိုင်ရင် ဘုရားရှင် နှုတ်တော်က ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို ကျက်မှတ်အာဂုံဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။
တေမိ (မော်ကျွန်း)
အသိတရားရှိစွာနဲ့ သတိထားကြည့်တက်ပါစေညီမလေး။

No comments:

Post a Comment