Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 12, 2020

ပြည်ထောင်စုသမ္မတ ဖက်ဒရယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်နိုင်ငံတော်


<< ပြည်ထောင်စုသမ္မတ ဖက်ဒရယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်နိုင်ငံတော် >>

"ကိုကိုနဲ့တော့ ဒီတစ်သက် ဝေးရပြီ ထင်တယ်"တဲ့...

ညွန့်ညွန့်စိန်က စောစောစီးစီး ပြောချလာခဲ့တဲ့စကား
ကြောင့် ကျနော် ကြက်သေသေသွားခဲ့တယ်...

"ဘာဖြစ်လို့လဲ သဲရယ်" လို့ ကျနော်မေးမယ်ကြံခါရှိသေး
ညွန့်ညွန့်စိန်က ထပ်ပြောပြန်ပါတယ်...

"ကိုကိုက နိုင်ငံခြားသားလေ။ တိုင်းတစ်ပါးသားကို
ယူရလောက်တဲ့အထိတော့ ညွန့်ညွန့်စိန် မမိုက်ပါရစေနဲ့"

ကျနော်သေချာစဉ်းစားကြည့်တဲ့အခါ ညွန့်ညွန့်စိန်
ပြောတာ မမှားပါဘူး...

ဘာဖြစ်လို့လဲဆိုတော့ ညွန့်ညွန့်စိန်ဟာလည်း အခုဆိုရင်
Republic of သင်္ဃန်းကျွန်း နိုင်ငံသူပဲမလား...

ဘဝတွေက ခြားခဲ့ကြပြီပေါ့...

ကိုဗစ်ကာလမှာ အစိုးရက ဘာသာပြန်နဲ့ ဖတ်ယူရမယ်​့
အမိန့်ကြေငြာစာတွေကို ထုတ်ပြန်အပြီးမှာတော့...

ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်စီဟာ ရရာ ထမီတန်းကို
စွဲကိုင်ပြီး ရပ်ကွက်လမ်းတွေကို ပိတ်ချကာ တိုက်ပွဲ
ဝင်ကြပါတော့တယ်...

ဪ...သူတလူ ငါတမင်းနဲ့ ရန်ကုန်ဒေသတွင်း နိုင်ငံငယ်​
လေးတွေ...

ယုဇနပလာဇာနား တဝိုက်ဟာ တာမွေနိုင်ငံနဲ့
မင်္ဂလာတောင်ညွန့်နိုင်ငံတို့ရဲ့ နယ်စပ်ဒေသ
ဖြစ်သွားပြီးတော့...

ဦးချစ်မောင်လမ်းဟာ Union of ဗဟန်းနဲ့ republic of
တာမွေတို့ရဲ့ နယ်ခြားမျဉ်းပေါ့...

ဒီပုံစံအတိုင်းဆိုရင်တော့ တာမွေကနေ ညွန့်ညွန့်စိန်ရှိတဲ့
သင်္ဃန်းကျွန်းကို သွားဖို့ရာ passport နဲ့ visa လိုမယ်
ထင်ပါတယ်...

"သဲတို့ သင်္ဃန်းကျွန်းက လူကြီးတွေကတော့
မျက်ထောက်နီနဲ့ သိပ်မကြည့်ကြလို့ ဆိုက်ရောက်ဗီဇာ
ထုတ်ပေးချင် ပေးမှာပါ"တဲ့ ညွန့်ညွန့်စိန်ပြောစကားအရ
အားတက်ရပါတယ်...

သို့သော် တောင်နဲ့ မြောက်ဆိုပြီး အစကတည်းက
ကွဲနေတဲ့ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာကတော့
ဒီပုံအတိုင်းဆို သူ့ဘက် ပိုးပိုတွေ့တယ် ငါ့ဘက်ပိုး
ပိုတွေ့တယ်နဲ့ ငြင်းကြ ခုံကြရင်း အပြိုင်အဆိုင်
လက်နက်တွေ တပ်ဆင်လို​့ စစ်ရေးအရ တင်းမာလာ
နိုင်ပါတယ်...

လမ်းမတော်နဲ့ လသာမှာလည်း လမ်းမတော်ဘာသာ
စကားတို့၊ လသာဘာသာစကားတို့ ကွဲထွက်သွားနိုင်ပြီး
မြို့နယ် (နိုင်ငံ)တစ်ခု ဘာသာစကားတစ်ခု ဖြစ်မယ့်ပုံပါ...

"ဒါဆိုရင်တော့ အလုံနဲ့ ကြည့်မြင်တိုင်မှာလည်း
နိုင်ငံတော်သီချင်း အနည်းဆုံး နှစ်ပုဒ်တော့ ထပ်စပ်မှ
ရမယ်ထင်တယ် ကိုကိုရယ်"တဲ့ အမြော်အမြင်ကြီးတဲ့
ညွန့်ညွန့်စိန်ရဲ့ အတွေးပါ...

ခက်တာတစ်ခုကတော့ စမ်းချောင်းနိုင်ငံတော်မှာမှ
မြေနီကုန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့
အတွက် တောင်းဆိုပြီး စမ်းချောင်းကနေ ခွဲထွက်
လာနိုင်ခြေရှိနေတာပါပဲ...

စမ်းချောင်းပြည်ထောင်စုကြီးသာ ပြိုကွဲသွားရင်တော့
သုဝဏ္ဏဟာလည်း သင်္ဃန်းကျွန်းကနေ ခွဲထွက်ပြီး
လွတ်လပ်သော ဒီမိုကရက်တစ်သုဝဏ္ဏနိုင်ငံ ထူထောင်ဖို့
အကြောင်းပြချက် လုံလောက်သွားမှာပါ...

"ပုဇွန်တောင်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ
ရေကျော်က မထောက်ခံရင် ဘာဖြစ်မလဲ ကိုကို"တဲ့
ညွန့်ညွန့်စိန်က စပ်စုလာပြန်ပါတယ်...

"ဪ သဲရယ်...အဲ့ကျရင် ရေကျော်ဟာ အိမ်နီးချင်း
ဗိုလ်တထောင်ဆီကနေ လက်နက်နဲ့ ငွေကြေးအထောက်
အပံ့ကိုယူပြီး အာဏာရှင်ပုဇွန်တောင်ကို တော်လှန်
မှာပေါ့"...

"ရပ်ကွက်ကွဲရင် မြို့နယ်ဆွဲတယ်ဆိုတာ ဒါမျိုးပေါ့နော်
ကိုကို"

"မှန်တယ် သဲ...ရေကျော်ရဲ့ပွဲစျေးကြီးကို မျက်စိကျပြီး
သိမ်းပိုက်ချင်နေတဲ့အထဲမှာ ဗိုလ်တထောင်အပြင်
ပန်းဘဲတန်းလဲ ပါသေးတယ်"...

"ဪ" တဲ့
ညွန့်ညွန့်စိန်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေတဲ့
ရန်ကုန်ဒေသတွင်း နိုင်ငံတွေရဲ့ သမိုင်းကို အခုမှ
သိခွင့်ရတဲ့ပုံပါပဲ...

"ခက်တာက ပန်းဘဲတန်းမှာကလည်း သူ့အပူနဲ့သူ
အဓိကကတော့ အိမ်နီးချင်းကျောက်တံတားရဲ့ မကြာခဏ
ကျူးကျော်ရန်စမှုကို ခံနေရတာပဲပေါ့"...

ဒီကြားထဲ
အင်းစိန်လက်အောက်ခံ မဖြစ်လိုတဲ့ ကြို့ကုန်း
လှိုင်သာယာကနေ ခွဲထွက်မယ်ဆိုတဲ့ FMI
ရန်ကင်းကို ပုန်ကန်ကြမယ့် ကျောက်ကုန်းနဲ့ ပါရမီ
သီးခြားရပ်တည်သွားမယ့် ဗဟန်းက ရွှေတောင်ကြား
ဖယ်ဒရယ်ရမှဖြစ်မယ်ဆိုတဲ့ မဥက္ကလာက အောင်မင်္ဂလာ
ရရာလက်နက်စွဲကိုင်ကြမယ့် သမိုင်းနဲ့ မုဒိတာ
ကမာရွတ်ကနေ ခွဲထွက်ပါရစေဆိုတဲ့ လှည်းတန်း
မရမ်းကုန်းကို ဖြုတ်ချမယ့် ဘုရင့်နောင်
တွေးကြည့်လိုက်ရင် တိုင်းရေးပြည်ရေးက ကိုဗစ်ကာလ
မှာ လိပ်ခဲတည်းလည်းရယ်ပါ...

မည်သို့ပင်ဆိုစေကာမူပေါ့...

ကျောက်မြောင်းကို ခေါင်းထောင်မလာအောင်လုပ်ထားတဲ့
တာမွေကတော့ ရန်ကုန်ဒေသတွင်း နိုင်ငံတွေ အလယ်မှာ
ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ ထည်ထည်ဝါဝါ
ရပ်တည်နေပါပြီ...

တာမွေနိုင်ငံတော်အလံတဲ့
တာမွေနိုင်ငံတော်သီချင်းတဲ့
တာမွေတပ်မတော်တဲ့
တာမွေသမ္မတတဲ့
တာမွေဖွဲ့စည်းပုံအခြေခံဥပဒေတဲ့
တာမှဘောသာစကားတဲ့
တာမွေနိုင်ငံသားတဲ့
တာမွေအချုပ်အခြာအာဏာတဲ့
တာမွေဗဟိုဘဏ်တဲ့
တာမွေနယ်စပ်ဂိတ်တဲ့
တာမွေအပြည်ပြည်ဆိုင်ရာလေဆိပ်တဲ့
တာမွေပတ်စပို့တဲ့
တာမွေကာရန်စီတဲ့...

ကိုဗစ်သာ ဆက်ရှိနေသေးရင် ဖြစ်ချင်ဖြစ်လာမှာပေါ့...

"တာမွေထဲကို ကျူးကျော်ဝင်ရောက်လာပြီး
တာမွေရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့
ဘယ်လိုတိုင်းတစ်ပါးသားနဲ့ တိုင်းတစ်ပါးကားကို မဆို
ပစ်ချဖို့ အဆင်သင့်ပဲ"တဲ့...

ဒါကတော့...
F 16 ဂုတ်ကျားနဲ့ B2 အောင်နက်တို့ စောင့်ရှောက်နေတဲ့
တာမွေနယ်စပ်ဂိတ်မှာ ပြောကြားခဲ့တဲ့ နောင်တွင်
တာမွေသမ္မတ ဖြစ်လာမယ့် ရပ်ကွက်လူကြီးဆိုသူရဲ့
အူပြီး ဝါးနေတဲ့ လော်စပီကာမိန့်ခွန်းမှ ကောက်နှုတ်ချက်
ဖြစ်ပါတယ်...

တာမွေနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူလိုက်ရတာ...

ဒီလိုပြောတော့ ညွန့်ညွန့်စိန်ကလည်း အားကျမခံပါဘူး...

"သဲတို့ ရပ်ကွက်သမ္မတလည်း ခေသူတော့မဟုတ်ဘူး
ကိုကို...ကမ္ဘာ့အလယ်မှာ အပူချိန်တိုင်းတဲ့ သေနတ်လို
ဟာလေးကို ကိုင်ပြီး...အေး...သင်္ဃန်းကျွန်းသားကွ
တိုင်းရင် ဘယ်တော့မှ မိုးပေါ်ထောင် မတိုင်းဘူး
နဖူးတည့်တည့်ပဲ တိုင်းတယ်"တဲ့...

စွပ်ကျယ်ချိုင်းပြတ်နဲ့ ဇဝနထိပ် လမ်းအသေပိတ်ပွဲမှာ
မြွက်ကြားသွားခဲ့တာပါ...

တာမွေနဲ့ တောင်ညွန့်
လမ်းမတော်နဲ့ လသာ
အလုံနဲ့ ကြည့်မြင်တိုင်
လှိုင်နဲ့ ကမာရွတ်
သာကေတနဲ့ ဒေါပုံ
ပုဇွန်တောင်နဲ့ ဗိုလ်တထောင်
မင်္ဂလာဒုံနဲ့ အင်းစိန်
တဥကျကလာနဲ့ မဥကျကလာ
တောင်ဒဂုံနဲ့ မြောက်ဒဂုံ
ကျောက်တံတားနဲ့ ပန်းဘဲတန်း
ရန်ကင်းနဲ့ ဗဟန်း စသည် စသည် နယ်စပ်ဒေသတွေမှာ
အတွဲလိုက်ထိုးတဲ့ ဝါးလုံးတွေ ဝါးကပ်တွေ အထပ်သား
တွေ ဆိုင်ပြီး စစ်ရေး တင်းမာနေကြတဲ့အချိန်...

တာမွေနိုင်ငံသား ကျနော်နဲ့ သင်္ဃန်းကျွန်းနိုင်ငံသူ
ညွန့်ညွန့်စိန်တို့ ပေါင်းဖက်မယ့်အရေးကတော့
ရတက်မအေးဘူးဗျာ...

လက်ခံပေးမယ့် တတိယနိုင်ငံလေးများ မရှိကြဘူးလား...
Wai Phyo Maung
Sep 11, 2k20

No comments:

Post a Comment