Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2019

ပါဂျောင်မှာသတ်မှုဘယ်သူတာဝန်ရှိသလဲ


ပါဂျောင် သတ်ဖြတ်မှုနှင့် ပါတ်သက်၍ အဓိကတရားခံ ဘယ်သူလဲ အမေးကို ကျွန်တော် ဖြေပါမည်။

စတင် ဖော်ဆောင်သူ - မျိုးဝင်း ( နမ္မား၊ နမ့်ဆော်လော်ရွာ ၊ RIT ကျောင်းသား )

ABSDF (KS) Kachin State မှ ABSDF (NB) Northern Burma လွဲပြောင်းတော့မည့် ကာလ စစ်ရေးတာဝန်ခံ သံချောင်း ဒါဏ်ရာရ၍ ဆေးကုသနေစဉ် မိမိကိုယ်မိမိ VCS ( ဒု စစ်ရေးတာဝန်ခံ၊ ဗိုလ်ကြီးဟု ဆိုသည် ) အဖြစ် ပြန်တမ်းမဲ့ နေရာယူခဲ့သူ ဖြစ်သည်။ ( နောက်ပိုင်း ပြန်တမ်း ထုတ်ပေးခဲ့ရ ) ဒုတိယအကြိမ် သံချောင်း ဒါဏ်ရာရ၍ ကာလရှည် ဆေးကုသရရာမှ နားနေစဉ် စစ်ရေးတာဝန်ရှိသူအဖြစ် ယခု သတ်ဖြတ်မှုကို စတင်ခဲ့သည်။

တိုက်ခိုက်ရေးတွင် ရှေ့တန်းဖြစ်သော မိုးညှင်းခရိုင် ( ရင်း - ၅ )နယ်မြေ စစ်ကြောင်းထိုး၍ ခေတ္တကျချိန် အဓိက ကျောင်းသားတိုက်ခိုက်ရေးတပ်များကို ထိုစဉ်က အောင်မြင်၍ ဒုတိယစခန်းသဖွယ် ဖြစ်နေသော ဗန်းမော်ခရိုင် ( KIA ဗျူဟာ - ၂ ) ပတာလင်စခန်းသို့ ရွှေ့ပြောင်းထားခဲ့ပြီး ထိုစခန်းမှ တာဝန်အရှိဆုံး ဖြစ်သော ကျွန်တော် ( ညီညီကျော် )အား ရှစ်လေးလုံး ၃ နှစ်မြောက် အခမ်းအနား မတက်မနေရ အမိန့်ဖြင့် ပါဂျောင်သို့ ခေါ်ထားခဲ့သည်။

စခန်းအား မျိုးဝင်း​၏ လက်ရင်းဆရာ သက်ထွန်း ( နမ္မား၊ မာနယ်ပလောသို့ မြောက်ပိုင်းကိုယ်စားလှယ် ၃ ဦး တွင် တစ်ဦး အဖြစ် သွားခဲ့ပြီး ဖြစ်စဉ် ဖြစ်ချိန်တွင် ခွဲမှူး တာဝန်ယူထားသူ ) နှင့် အောင်သန်း ( ခ) ဗဂျမ်း ( နမ့်စော်လော်ရွာ၊ ၄ တန်း၊ ရင်း - ၇ဝ၁ ရင်းမှူး ) တို့မှ ချုပ်ကိုင်ထားသည်။ (ဗဂျမ်း မှာ စကားပြောစက်သုံး cypher အမည် ဖြစ်သည်)

တပ်မှ ထွက်ပြေးသော စိုးမင်းအောင် ( အမည်ရင်း စိုးမင်း ၊ ၉ တန်းအောင် အ က သ ကျောင်းသား၊ အ ထ က ၁၄၊ မန္တလေး ) အား ရွှေလီမြို့တွင် အခြားရဲဘော်များမှ မပြန်ရန် ကျောင်းသားမှ ဖွင့်လှစ် ထားသော ချစ် ကဖေးသို့ ခေါ်၍ နားချစဉ် အဖမ်းခံရသည်။ ၎င်းအား ကားစီးလုံးငှား၍ ခေါ်ဆောင်ရာတွင် ကားလမ်း တိုက်ရိုက်ပေါက်သော ပါဂျောင်သို့ မခေါ်ပဲ နီးသော်လည်း လမ်းမသာသော ပတာလင်စခန်းသို့ ပို့ဆောင်ခဲ့သည်။

စစ်ကျောရေးအား သက်ထွန်းနှင့် အောင်သန်းမှ ၈.၈.၁၉၉၁ ညတွင် စတင်ဖော်ဆောင်သည်။

ပါဂျောင်တွင် ဖမ်းဆီးမှုများကို ၁ဝ.၈. ၁၉၉၁ တွင် စတင်သည်။ ထောက်လှမ်းရေးအဖွဲ့တာဝန်ခံ မျိုးဝင်း​၏ လက်ရင်း ဇော်ဇော်မင်း ( နမ္မား ) က ကိုင်တွယ်သည်။ ထောက်လှမ်းရေး ဆိုသည်မှာ တပ်ဖွဲ့စည်းပုံအရ ထားသော စစ်မြေပြင် ထောက်လှမ်းရေးကိုခေါ်ခြင်း ဖြစ်၍ ယခင် ဖေဝင်း ( နမ္မား၊ RIT ကျောင်သား၊ KIA ပေး သင်တန်းမှ ရွေးချယ် ) တာဝန်ယူသည်။ ကိုဖေဝင်းသည် မျိုးဝင်း ဩဇာခံ မဟုတ်ခဲ့ပါ။ ရင်း - ၅ စစ်ဆင်ရေးကာလတွင် ဖျားနေသော ကိုဖေဝင်းမှာ စစ်ကြောင်းနှင့် ပြတ်ကျန်နေချိန် မဆလ စစ်ကြောင်းနှင့် တိုးကာ အသတ်ခံရသည်ဟု ဆိုကာ အစပျောက်ခဲ့သည်။ သူ့နေရာတွင် မျိုးဝင်းမှ ဇော်ဇော်မင်း ကိုအစားထိုးခဲ့သည်။

IO ( ထောက်လှမ်းရေး အဖွဲ့ဝင်များ )

ရင်း - ၇ဝ၁ တွင် စစ်ရေးတာဝန်ခံအပြင် KIA သင်တန်းဆင်းဖြစ်သော တပ်ခွဲမှူး ဦးငါး ( ထွန်းနွယ်အောင် ၊မိုးညှင်း ) နှင့် ကိုသာဓု ( သန်းထူး​အောင် ၊ မိုးကောင်း/ ရန်ကုန် ) ဟုသာ ရှိကာ တပ်ရင်းမှူးဟူ၍ မရှိခဲ့ပါ။ ဦးငါးသည် မိုးညှင်းခရိုင်ကို တာဝန်ယူရ၍ ကိုသာဓုသည် မိုးကောင်းခရိုင်ကို တာဝန်ယူရသည်။ တိုက်ခိုက်ရေး စိတ်သန်သူများဖြစ်၍ ရဲဘော်များ​၏ လေးစားမှု ခံရသည်။ ဦးငါး သည် မျိုးဝင်း​၏ ဩဇာခံ မဟုတ်ပါ။ ပါဂျောင်သို့ သူ့အား ခေါ်ထားစဉ် မျိုးဝင်းက ချုပ်ကိုင်နိုင်ရန် ကြိုးစားရာ မသင့်မတင့် ဖြစ်၍ ဖမ်းဆီး အချုပ် ထဲထည့်ထားစဉ် စိန်ခေါ်၍ အချုပ်ဖောက် ထွက်ကာ သေနတ်ပစ် အသေခံခဲ့သည်။ ယင်းသို့ အချည်းနည်း သေဆုံးခြင်းအတွက် ရှေ့တန်းရောက် တပ်များမှ မကျေမနပ်ဖြစ်ကာ ကိုသာဓု ဦးဆောင်၍ ကျော်ထင်ဦး ( မိုးညှင်း )၊ အောင်စိုးမြင့် ( မိုးညှင်း )၊ ဗညား ( မိုးကောင်း ) ရှေ့ဆောင်ကာ ဗဟို (ပါဂျောင်) အား ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။ ယင်း ကိစ္စတွင် KIA မှ ကျောင်းသားရေးတာဝန်ခံ ဗိုလ်မှူး ပန်းအောင် ကြားဝင်စေ့စပ်ပေးသည်။ ထိုကိစ္စ ဖြစ်ပြီး တွင် ဦးငါး နေရာတွင် မျိုးဝင်းရွာသား အောင်သန်း ဖြစ်လာပြီး မကြာမီ ရင်းမှူးအဖြစ် တိုးပေးခဲ့သလို ရှေ့မှ ဦဆောင်သူ ၃ ဦးကို ထောက်လှမ်းရေးအရာရှိများ အဖြစ် ခန့်ထားကာ IO အဖွဲ့ကို ဖွဲ့ကြောင်း တွေ့ရသည် ။ ယခင်က ထောက်လှမ်း​ထာက်လှမ်းရေး အဖွဲ့ဟု မရှိပါ။ ( ထိုအချိန်သည် AB မြောက်ပိုင်း ဖြစ်ပေါ်လု အချိန် ဖြစ်ပါသည် )

စစ်ကျောရေး အဖွဲ့

ဖမ်းဆီးမှုများကို အဆိုပါ ထောက်အဖွဲ့ ( အဖွဲ့တွင်းအခေါ် အိုင် အဖွဲ့ ) မှ မျိုးဝင်း ကြီးကြပ်၍ တာဝန်ခံ အဖြစ် ဇော်ဇော်မင်း ( ယခု -ဆိုင်တောင် )၊ ကျော်ထင်ဦး ( ပါဂျောင်တွင် အဓိက ကိုင်တွယ် ) ( ယခု - မူးယစ်ဆေးဖြင့် လမ်ဘေး ကွယ်လွန် )၊ အောင်စိုးမြင့် ( ပတာလင်စခန်း အဓိက ကိုင်တွယ် ) ( ယခု - ပြုခဲ့သော စိတ် ဖိစီးမှုဖြင့် သွက်သွက်ခါ ရူး ) တို့က ပြုလုပ်သည်။ ( ဗညား ပါရှိမှု ကျွန်တော် မသိပါ ၊ အခြားသူများ ကြုံက ဖြည့် ပါရန် )

မကြာမီ ဇော်ဇော်မင်း ကိုယ်ယောင်ဖျောက်၍ ၎င်းနေရာတွင် မန္တလေးသားဖြစ်သော သန်းဇော် ( တစ္ဆေကြီး၊ အနောက်မြောက် NLD ၊ မန္တလေး ) အား ရုတ်တရက် တပ်ကြပ်ကြီး ပေးကာ ထောက်ရုံး တာဝန်ခံ အဖြစ် မျက်နှာဖုံး စွပ်ခဲ့သည်။ သူသည် အစတွင် တွန့်ဆုတ်နေသော်လည်း နောက်ပိုင်းတွင် လက်ရဲလာသည်။ စိုးဝင်းသန်း ( စိုးကြီး၊ ဗ က သ ၊မန္တလေး ) သတ်ဖြတ်မှုတွင် အဓိကပြုသူဟုဆိုကြသည်။

ပုရွက်ဆိပ်တပ်ကြီး

ဗန်းမော်မြို့မှ ၇ တန်း ကျောင်းသားလေး ၁၃ ယောက် ( ၆ တန်း တဦးပါ) ဗန်းမော်ခရိုင်သို့ တောခိုလာရာ ကျွန်တော် ( ညီညီကျော် ) မှ ချော့မော့ ပြန်လွှတ်သော်လည်း ၆ ဦး ကျန်နေခဲ့ရာ ၎င်းတို့အား အန္တရာယ် မရှိရန် ဗဟိုသို့ ပို့ဆောင်ခဲ့သည်။ ( ပါဂျောင်တွင် ငှက်ဖျား မရှိပါ )

ကိုထွန်းအောင်ကျော် ပါ အများစုကို ဖမ်းပြီးချိန်တွင် ၎င်းတို့အနက်မှ မောင်ထွေး ( ဗန်းမော် ) နိုင်စော ( ဗန်းမော် ) ၊ ဖိုးနှောင်း ( ဗန်းမော် )၊ သက်လင်း ( ဗန်းမော် ) နှင့် မောင်ငယ် ( ၆ တန်းကျောင်သား၊ ဗန်းမော် ) တို့ကို စစ်ကျောရေး တာဝန်ပေးကာ ပုရွက်ဆိပ် တပ်ကြီး အဖြစ် အမည်ပေးသည်။ ရည်ရွယ်ချက်မှာ ကလေးများအား ကြောင်ဖြစ်စေ၍ ဥက္ကဌ အပါအဝင် ဦးဆောင်ခဲ့သူများအား ကြွက်ဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့် အဖမ်းခံများမှာ ကလေးလက်မှ ကစားစရာများ ဖြစ်ခဲ့သည်။

စစ်ရေးတာဝန်ခံ - သံချောင်း ( ခ ) မြင့်စိုး ( မော်ဟန်၊ တနှစ် သင်္ချာ မန်းတက္ကသိုလ် )

ဖမ်းဆီး နှိပ်စက်မှုများ ဖြစ်ချိန် သံချောင်းသည် တပ်​၏ စည်းကမ်းအမှားတခု ကျူးလွန်ထားမိဟန် ရှိပြီး ဒု ဖြစ်သူ မျိုးဝင်း အား မလွန်ဆန်သာ ဖြစ်နေပုံရသည်။ သူသည် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများတွင် အနည်းငယ်သာ ပါဝင်ခဲ့သော်လည်း ကိုထွန်းအောင်ကျော် နှင့် ကိုအားစိုက် အပေါ် ကျူးလွန်မှုများ ရှိခဲ့သည်။ ကျောင်းသားတပ်တွင် ဖွဲ့စည်းပုံ ရှိစေပြီး ရွေးကောက်သည့် စနစ် ရှိစေရန် ( တနည်း မြောက်ပိုင်းဗဟို ပေါ်စေရန် ) အစပြုနိုင်ရေး လက်မှတ်ထိုး ပေးသူဖြစ်သော ABSDF -KS အဖွဲ့မှ ဦးစီး ဖြစ်သူ ကိုလွှမ်းမိုး ( ကိုမြင့် ၊ မိုးကောင်း၊ အလုပ်သမားသပိတ် စစ်တောင်း စက္ကူစက် ) အား တပ်အလယ် လူအများရှေ့တွင် နားထင်တေ့ ပစ်သတ်ဖူးသူ ဖြစ်သည်။ ( သူသည် ထာဝရ စစ်ခေါင်းဆောင် လုပ်ချင်သူ ဖြစ် )။ ယခု ဖြစ်စဉ် တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ လူသတ်မိန့် ပြန်တမ်းကို ဖတ်ကြားခဲ့သည်။

လှဆိုင်း ( လဗျ လဆိုင်း၊ စီတာပူ၊ မြစ်ကြီနား ဒီဂရီကောလိပ် ၊ တွဲ/ အတွင်းရေးမှူး - ၁ )

ယခု ABSDF - NB ဥက္ကဋ္ဌ

ရှစ်လေးလုံးအလွန်တွင် KIA သို့ ဝင်ရောက်ရာက ကျောင်သားများရောက်ရှိချိန် ဘာသာစကား အခက်အခဲ အဆင်ပြေစေရန် ကျောင်းသားဖက်တွင်သာ နေစေသူဟု သိရသည်။ KIA မှ ပေးသော စစ်သင်တန်း အပါတ်စဉ် ၁/၂ အပြီးတွင် သူ့အား သင်တန်းမှူး အဖြစ်ခန့်ထားခဲ့သည်။ ကျောင်းသားတပ်သို့ ဝင်ရောက်လာသော ကျောင်းသား လူငယ် လူသစ်အားလုံးကို ထိတွေ့ရသူ ဖြစ်သည်။ လူချစ်လူခင်များ၍ သူ့အား ဒူဝါ ဟု ခေါ်ကြသည်။ နယ်အသီးသီးက ဝင်ရောက်လာသူများအား ကိုယ်စားပြုသော တပ်ဖြစ်ရေး လှုပ်ရှားမှု ( အပါတ်စဉ် - ၅ ပြဿနာတွင် အခြား ကျောင်းသား သင်တန်းဆရာများနှင့်အတူ သင်တန်သားများဖက်က ရပ်တည်ခဲ့ရာ မြောက်ပိုင်း ဖွဲ့စည်းမှု ဖြစ်ချိန် မဲအသာဖြင့် တွဲဖက် အတွင်းရေးမှူး ၁ ဖြစ်ခဲ့သည်။

ဖြစ်စဉ်တွင် အားလုံးကိုသိ၍ KIA ဖက်သို့ပါ ပေါက်ရောက်သူ သူ့အား အဖမ်းခံတို့မှ မျှော်လင့်ခဲ့သော်လည်း ကိုအောင်ဖိုး အား လက်ကျေမွ သွားအောင် ရိုက်ခြင်းဖြင့် ကိုယ်အင်္ဂါ ချို့တဲ့သွားအောင် လုပ်ခြင်းကို အစပြု ခဲ့သူ ဖြစ်သည်။ အမျိုးသမီးများအား ကိုယ်တွင် ထင်ရှားသည့် အမှတ်အသား ပါမပါ မျိုးဝင်းမှ ဆေးရဲမေအား စစ်ဆေးခိုင်းစဉ် ချောင့်ကြည့်ခဲ့သူ ဖြစ်သည်။ feb 12 လူသတ်ပွဲတွင် ကိုယ်တိုင် ခုတ်၍ ပါဝင်ခဲ့သည်။

အောင်နိုင် ( ယခု ရော်နယ် အောင်နိုင်) ( အတွင်းရေးမှူး၊ အပိုင်း က ဆေးတက္ကသိုလ်၊ မန္တလေး )

ကိုထွန်းအောင်ကျော် ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း မန္တလေးသားဖြစ်သူ ကိုအောင်နိုင်ကို ရွေးကောက်ပွဲမဲ့ ဥက္ကဋ္ဌ ပေးလိုက်သည်ကို တွေ့ရသည်။ သူ့အား ဥက္ကဋ္ဌလေးဟု ခေါ်သည်ကို ကြားရသည်။ သူ့အခက်အခဲကို နားလည်မိနေဆဲ အဆင်းဘီးတပ်သော စကားများ၊ ကိုထွန်းအောင်ကျော်အား ထောက်လှမ်းရေးမှန်းသိ၍ တောထဲ ချော့ခေါ်ခဲ့သည် ဆိုသော စကားများ ပြောသည်။ သူ​၏ နှိပ်စက်မှုကြောင့် ကျော်ကျော်ဦး ( ကသာ ) တညတည်းဖြင့် အသက်ပျောက်ကြောင်း ဆိုကြသည်။

ပါဂျောင် လူသတ်မှုကို တာဝန်ယူကြောင်း တယောက်မှားလျှင် ကြိုးစင်တက်မည် ဖြစ်ကြောင်း ဆိုထားသူ ဖြစ်သည်။ ABSDF အနှစ် ၂ဝ မြောက် အင်တာဗျူးတွင် မိမိတာဝန်ယူချိန်၌ ထောက်လှမ်းရေးများ ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့သည်ဟု ဂုဏ်ယူ ပြောဆိုခဲ့သူ ဖြစ်သည်။

ဖော်ဖော်ဝါရီ ၁၂ သတ်မိန့်တွင် လက်မှတ်ထိုးသူများ

အောင်နိုင် ( ဥက္ကဋ္ဌ ဟု ဆို)၊ သံချောင်း ( စစ်ရေးတာဝန်ခံ၊ ဒု ဥက္ကဋ္ဌ -၁ )၊ ကျော်ကျော် ( ဒု ဥက္ကဋ္ဌ - ၂၊ မာနယ်ပလောမှ ပြန်​ရောက်နေချိန်၊ ဗဟိုမှ လတ်တလော ဖြစ်နေသောကိစ္စ ကိုင်တွယ်ရန် ရှေ့ပြေး တာဝန်​​ပေးလိုက်သည် ဆိုသည် )၊ မျိုးဝင်း ( အတွင်းရေးမှူး ဟု ဆို )၊ လှဆိုင်း ( တွဲ တွင်/ -၁ )

ကျူးလွန်သည့် အထဲ မပါသော်လည်း ဗဟိုကော်မတီ အနေဖြင့် လက်မှတ်ထိုးသူများ
( မိမိ သိသမျှပါ ကိုယ်တွေ့ရှိက ဖြည့်ပါ)

စိန်အေး ( ကျောင်းသားရေးရာ တာဝန်ခံ၊ ကချင် - မိုးညှင်း ခရိုင်မှူး )
ယခု - နိုင်/ကျဉ်း ဟောင်း၊ မိုးညှင်း

အောင်ကြီး ( ဘဏ္ဍာရေး တာဝန်ခံ ၊ မိုးကောင်း )
ယခု - SSA တွင် ဗိုလ်မှူး ဘဝဖြင့် ကွယ်လွန်

နေဒွန်း ( ABSDF - ကချင် တွင် ဦးစီးအဖွဲ့ဝင်၊ မြောက်ပိုင်းတွင် စီးပွားရေး တာဝန်ခံ ၊ မြစ်ကြီးနား )
ယခု - ဦးစီး ဖြစ်ချိန်တွင် မန္တလေး GOSDA ပါတီ အဖွဲ့နှင့် လာရောက် ဆက်သွယ်ဖူးသူ ဖြစ်သည်၊ ရင်း ၆ ဖားကန့်တွင် အနေများ၍ အဖွဲ့အတွက် ရံပုံငွေ ရှာသည်။ သတ်ဖြတ်မှုများ အပြီး အတော်ကြာ အဖွဲ့ ပျက်ချိန် ထိုင်းနယ်စပ်မှ တဆင့် US ရောက်ခဲ့ပြီး စိတ်ဖေါက်ပြန်ကာ ငါမဟုတ်ဘူး ငါမဟုတ်ဘူးဟု ပြောနေတတ်သည် ဆိုသည်။ US တွင်ပင် ကြိုးဆွဲချ သတ်သေသွားသည်။

တာဝန်ဖြင့် ကျူးလွန်သူ

အောင်ဆွေဦး ( စုမှူး၊ နောင် ရင်း ၇ဝ၂ ရင်းမှူး ၊ မိုးညှင်း )

ကိုကျော်ဝေ ခေါင်းဖြတ်ချိန် ကျူးလွန်သည် ဆိုသည်။ သီးခြား အဖြစ်အပျက်မှာ ၁၉၉၃ တွင် နောင်ရာပါ၌ ကိုကျော်စိုး ( ဟင်္သာတ ) အား သတ်သော အမှု ဖြစ်သည်။

တာဝန်မဲ့ ပါဝင် ကျူလွန်သူများ

လှမျိုးအောင် ( ထောင်မှူး ) ကိုအောင်မင်းအား နံချပ်ကူဖြင့် ရိုက်နက် သေဆုံးစေခဲ့သည်။
( ၅၅ ဦး ထောင်ဖောက် လွတ်မြောက်သွား၍ သေဒဏ် ပေးခံရသည် )

ညီညီထွန်း ( မိုးညှင်း ) အိုင်အဖွဲ့မှ ဟုဆိုကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ​​သေနတ်ဖြင့်ပစ်သူ ဆိုသည်။
ယခု - SSA RCSS

အောင်မင်း ( တပ်စိတ်မှူး၊ မိုးညှင်း ) မူး၍ တယောက်မကျန်ကို ရိုက်နှက်မှုများ ရှိခဲ့သည်။ သီးခြား အဖြစ် အပျက် ဖြစ်သော ကိုကျော်စိုး သတ်မှုတွင် ပါဝင်သည်။ ယခု - မိုးညှင်း

ပေါက်ကွေး ( ခ ) နိုင်ထွန်းထွန်း(ကွန်မင်ဒို တပ်ခွဲမှူး ၊ မိုးညှင်း) ဖေဖော်ဝါရီ ၁၂ ရက်တွင် သတ်ဖြတ်ရန် စုထားစဉ် ကွန်မန်ဒိုမှ တပ်သားတဦးဖြစ်သော ကိုသန်းဆွေဦ ( ကသာ ) အား မိမိတပ်မှ ဖြစ်၍ မိမိ သတ်ပါရစေ တောင်းဆိုသည် ဆိုသည်။

လက်သီး (ခ) ဇော်မြင့် ( မိုးညှင်း ) အကြောင်းမဲ့ ညှင်းပမ်းလေ့ ရှိသည်။

မာနယ်ပလော​တွင် ကိုစိုးလင်းအား ဖမ်းဆီး နှိပ်စက်မှု

ဒေါက်တာ နိုင်အောင် ဥက္ကဋ္ဌ တာဝန်ယူချိန် ဖြစ်သည်။ ကချင်ပြည်နယ်တွင် ABSDF ( ကချင် ) ဖွဲ့နိုင်ပြီး အချိန်ကပင် ကချင် ကိုယ်စားလှယ် အဖြစ် ABSDF ဗဟို ( မာနယ်ပလော ) သို့ ရောက်ရှိနေသည့် နှစ်ဦးမှ အဓိက ကျူးလွန်သည်။

လှ​​​ေဋ္ဌး ( ဦးစီးအဖွဲ့ဝင်၊ ABSDF - ကချင် ၊ ရှေ့နေ ၊ဗန်းမော် ) ဖြစ်စဉ် ဖြစ်ပွားနေချိန်တွင် ဗဟိုကော်မတီဝင်၊ ABSDF -ဗဟို ။ ယခု - ABSDF အနောက်ပိုင်း၊ ဥက္ကဋ္ဌ ( အိန္ဒိယ )

ကျော်ကျော် ( ကချင် ကျော်ကျော် ၊ မြစ်ကြီနား၊ ABSDF - ကချင် ဥက္ကဋ္ဌ ၊ - မြောက်ပိုင်း ဒု ဥက္ကဋ္ဌ ၂ )

မြောက်ပိုင်း ဥက္ကဋ္ဌ ဖြစ်လာသူ အောင်နိုင် မှှ တပါတီထဲ လုပ်ဖော်ကိုင်ဖက် ( အမျိုးသား နီုင်ငံရေး ကျောင်းသားလူငယ် အဖွဲ့၊ အ န က လ၊ မန်း ) ဖြစ်သူ မြောက်ပိုင်းကိုယ်စားလှယ် အဖြစ် ဗဟို ( မာနယ်ပ​လော ) သို့ရောက်ရှိသူ ကိုစိုးလင်း အား ကြေးနန်းဖြင့် ဖမ်းမိန့်ပေးသည်။ လှ​ေဋ္ဌး နှင့် ကျော်ကျော် မှ မြောက်ပိုင်းနှင့် ပါတ်သက်၍ တာဝန် ရှိသူများအဖြစ် နှိပ်စက်သည်။ ( အခြားသူများ ကျွန်တော် မသိပါ )

နောက်ဆက်တွဲ အဖြစ် အမြင်ကပ်နေသော လုပ်သားကောလိပ်မှ ကျောင်းဆရာ ကိုနေဝင်း​အောင် ၊ ကိုအောင်သူ၊ တပ်မှ တောခိုလာသူ နှစ်ဦး ဖြစ်သော ကိုထင်ကျော် နှင့် ကိုမြင့်ဦး တို့အား ဆက်ဖမ်းသည်။ ကိုအောင်သူ သေဆုံး၍ ကျန်လေးဦးကို ​ထောင် ၁ဝ နှစ် ချခဲ့သည်။

ဖြစ်စဉ်အတွက် မှန်ကန်သည်ဟု တာဝန်ရှိ၍ တာဝန်ယူသူများ

အောင်ထူး ( အတွင်းရေးမှူး - ၁ ၊ ဗဟိုကော်မတီ ) သူလျိုများ ဖြစ်ကြောင်း၊ တိုက်ပိတ် (ခ) သန်းထွန်းစိုး ​၏ အပေါင်းပါများ ဖြစ်ကြောင်း၊ ထောက်လှမ်းရေးများ​၏ အစိတ်အပိုင်းများ ဖြစ်ကြောင်း ထို့ကြောင့် သတ်ကြောင်းကို ၁၉၉၂ ခု မတ်လ ၁ ရက်နေ့တွင် တာဝန်ခံ ထုတ်ပြန်ခဲ့သည်။

ဒေါက်တာ နိုင်အောင် ( ဥက္ကဋ္ဌ ) ဖေဖော်ဝါရီ ၁၂ ရက် သတ်ဖြတ်မှုကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း တာဝန်ယူ ကျေညာချက် ထုတ်ခဲ့သည်။ ၁၉၉၂ ခု မေလ ၃၁ ရက်နေ့တွင် ဖြစ်သည်။


ကျွန်တော် သိမှတ်သမျှဖြစ်၍ ပြည့်စုံသည်ဟု မဆိုလိုပါ။ (ကိုယ်တိုင်ကြုံသူများ ထပ်မံဖြည့်ပါရန်) တဖက်မှ ငြင်းချင်သူများလဲ ငြင်းနိုင်ပါသည်။
Kyaw Gyi AB


No comments:

Post a Comment