Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2019

Burning Sun ရဲ့ နောက်ဆက်တွဲ-၁


🌟Burning Sun ရဲ့ နောက်ဆက်တွဲ-၁ 🌟

စာရှည်လို့ ဖတ်မရတဲ့ သူတွေ အတွက် အပိုင်းခွဲပြီ ထပ် တင်ပေးလိုက်ပါတယ်။

အပိုင်း-၁
( အောက်ပါ အကြောင်းအရာများတွင် လိင်ကိစ္စ အကြောင်းအရာများ ပါဝင်နေပါသဖြင့် အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)

🌟ပါလာဝန်ကျွန်းဆွယ်က သူဌေး မွေးနေ့🌟

ဘယ်သူမှ မနှောက်ယှက်နိုင်တဲ့ နေရာ...။
ဘယ်သူမှ လာပြီး အပြစ်မပြောနိုင်တဲ့ နေရာ..။

ဒီနေရာဟာ သူတို့ အတွက်တော့ သိပ်ပြီးအဆင်ပြေတဲ့နေရာပေါ့။

သူတို့အတွက် ပျော်စရာကောင်းတဲ့နေ့ရက်လေးကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ဖြစ်တယ်..။

ပျော်စရာတွေ.. လျှို့ဝှက်စရာတွေ... ရင်ခုန်စရာတွေ အပြည့်နဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ပါလာဝန် ကျွန်းဆွယ်..။

အဲဒီ ပါလာဝန် (Palawan) ကျွန်းဆွယ်တစ်ခုလုံးကို သူဌေးလေးတစ်ဦးက ငှားရမ်းလိုက်တယ်။

အဲဒီသူဌေးလေးက တောင်ကိုရီးယား က BIGBANG ဆိုတဲ့ နာမည်ကြီး အဆိုတော် အဖွဲ့ရဲ့ အငယ်ဆုံး အဆိုတော် Seungri ... နိုင်ငံခြားသားတွေကတော့ ကိုရီးယား အသံမထွက်တတ်တော့ သူ့ကို Ri လို့ခေါ်ကြတယ်။

ပါလာဝန် ကျွန်းဆွယ်ကို Ri ဖိတ်ကြားခဲ့တဲ့ ဧည့်သည်တွေက ၁၅၀ လောက်ရှိတယ်လို့ ပါလာဝန်ကျွန်းဆွယ်က တာဝန်ရှိသူကပြောတယ်။

" ငှားခနဲ့ ပါတီလုပ်တာနဲ့ဆိုရင် သိန်း တစ်သောင်းကျော် ကျတယ်ဗျ...၃ ရက်တောင်ငှားတာကိုး.. Ri ကငွေအကုန်ရှင်းခဲ့ပါတယ် "

အဲဒီနေ့ဟာ အဆိုတော် သူဌေးလေး Ri ရဲ့ မွေးနေ့ပွဲဖြစ်ပါတယ်။

***********************

သူဌေးရဲ့မွေးနေ့ပွဲကို အဖိတ်ခံရတဲ့ မိန်းကလေးတွေ အမျိုးအစား နှစ်မျိုးပဲရှိတယ်။

ချောပေ့ လှပေ့ ဆိုတဲ့ မိန်းမလှလေးတွေ..။

ရုပ်ရည်မချောပဲ ချမ်းသာပေ့ဆိုတဲ့ သူဌေးမလေးတွေ...။

ယောက်ျားလေးတွေကရော..?
Ri ရဲ့ အနုပညာလောက သူငယ်ချင်းတွေ၊ ပြီးတော့ စီးပွားရေးမှာ အလွန်အောင်မြင်တဲ့ Ri ရဲ့ စီးပွားရေး လုပ်ငန်း နဲ့ ဆက်စပ်နေတဲ့ သူဌေးတွေ...။

သူဌေးတွေ နဲ့ မိန်းမလှလေးတွေရဲ့ ၃ ရက်ဆက်တိုက် ပါတီပွဲကြီးပေါ့...။

သူတို့ဟာ နေ့လယ်ဖက်မှာ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု အကြောင်း ဆွေးနွေးကြ...။

ညဖက်ရောက်တော့ ရင်ခုန်ဖို့ကောင်းတဲ့ ဂီတအောက်မှာ အရက်... ဆေးလိပ်ငွေ့တွေကြားက မိန်းမလှလေးတွေ...မူးယစ်ဆေးဝါးတွေနဲ့ ပေါင်းစပ်လိုက်တော့ အားလုံး နတ်ပြည်ရောက်သွားကြသလို...။

***********************

“Happy Birthday To You!!!”

Ri ရဲ့ ၂၇ ပြည့် မွေးနေ့ ဆုတောင်းပြီး မီးရှူးမီးပန်းတွေ ဖောက်ကြတယ်။

ပါလာဝန် ကျွန်းတစ်ခုလုံး မီးရှုးမီးပန်းတွေနဲ့ လှပသွားတယ်။

မီးပန်းတွေကလည်း ဈေးကြီးပ...သိန်း ၂၀၀ တဲ့။

တောင်ကိုရီးယားနိုင်ငံ BIGBANG အဖွဲ့က အဆိုတော်Ri ရဲ့ ပါလာဝန် မွေးနေ့ပါတီက အဲဒီလို ကြီးကျယ် ခန်းနားလှပါတယ်..။

***********************

VIP ဧည့်သည်တွေကို Ri က တစ်ယောက်ချင်း နာမည်ခေါ်ပေးတယ်။Ri က မိုက်ခ်ကို ကိုင်းပြီး အင်္ဂလိပ်လိုပြောလိုက်တယ်။

" သူဌေးမကြီး လင်း( Lin ) ...ဖြစ်ပါတယ်ခင်ဗျာ...! အခုလို လာရောက်ချီးမြှင့်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.."

အသက် သိပ်မကြီးသေးတဲ့ ဘီလီယန်နာ သူဌေးမကြီး လင်း က အားလုံးကို လက်ပြလိုက်တယ်။

ပရိတ်သတ်ကြီးက သြဘာပေးလိုက်တယ်။

" အင်ဒိုနီးရှား ဂျာကာတာက လာတဲ့ ***ကို ကြိုဆိုပါတယ် ခင်ဗျာ..သူမက အင်ဒိုနီးရှားမှာ အလွန်နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသမီးလေးပေါ့ "

"ယေး" ပရိတ်သတ်ကြီးက လက်ခုပ်သြဘာ ပေးကြတယ်။

အဲဒီ မွေးနေ့ပွဲကို ဟောင်ကောင်က အလွန်နာမည်ကြီးတဲ့ နိုင်ငံရေး သမားကြီးရဲ့ သားလည်း အဲဒီပါတီကို တက်ရောက်ခဲ့တယ်။

ဂျပန် (Japan)၊ တရုတ် (China)၊ ဟောင်ကောင် (Hong Kong)၊ ထိုင်ဝမ် (Taiwan)၊ စင်ကာပူ (Singapore)၊ မလေးရှား (Malaysia)၊ဗီယက်နမ် ( Vietnam)၊ ထိုင်း (Thailand)အင်ဒိုနီးရှား ( Indonesia ) က တကယ့် ချမ်းသာတဲ့ သူဌေးကြီးတွေ၊ အနုပညာရှင်တွေ တက်ရောက်ကြတယ်။

Ri ကို အသည်းစွဲချစ်ကြတာ အရှေ့တောင် အာရှဘက်က များတယ်လေ။

ဒီပါတီရဲ့ ဇာတ်လိုက်ကတော့ အဆိုတော် Ri ..။

***********************

ပါလာဝန် မွေးနေ့ပွဲ အကြောင်းကို Ri က အကုန်လုံးတော့ လျှို့ဝှက်မထားပါဘူး။

" အစ်ကိုတွေ မရှိဘူးဆိုပြီး ပါလာဝန်ကျွန်းဆွယ်တစ်ခုလုံး ငှားပြီး ကဲနေတာလားဗျ..?" လို့ ၂၀၁၈ ခုနှစ် ၈ လပိုင်း ၁၃ ရက်နေ့ ရုပ်မြင်သံကြား စကားဝိုင်းတစ်ခုမှာ အမေးခံရတော့ ဒီလို ပြောပြခဲ့တယ်။

" သူငယ်ချင်းတွေ ဧည့်သည်တွေ အတွက် ဘွတ်ကင်လုပ်ပေးခဲ့တာဗျ..."

***********************

Ri ဟာ တောင်ကိုရီးယား လုလင်ပျိုတွေ အားကျရတဲ့ ဟီးရိုးတစ်ယောက်...။

ရုပ်ရည်ချောမောမှု
အောင်မြင် ကျော်ကြား မှု
ငွေကြေးချမ်းသာမှု ... သူ့မှာ အကုန်ရှိတယ်။
ဘာလိုသေးလဲ...။

***********************

ပထမတော့ Ri ဟာ BIGBANG အဖွဲ့ဝင်
G-Dragon
T.O.P
Taeyang
Daesung တို့လို အဆိုတော် တစ်ယောက်ပါပဲ..။ သူတို့ကို ညီအကို ၅ ယောက်လို့ ပြည်သူတွေက ချစ်စနိုးခေါ်ကြတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လက သူပြောခဲ့တာ “ ကျွန်တော့် ကုမ္ပဏီက ခေါက်ဆွဲစရောင်းနေပြီဗျ...biotechnology နဲ့ nanotechnology ဘက်မှာ အရင်းအနှီး စထည့်နေပြီ။"

" ကျွန်တော့်ဝင်ငွေက အစ်ကို G.Dragon သုံးတဲ့ငွေ အပုံတစ်ရာပုံရင် တစ်ပုံတောင် မရှိဘူးဗျ.."

G.Dragon က သီချင်းတစ်ပုဒ်ရေးရင်ပဲ သိန်း ၈၀၀၀ ...လေ။

ဒါပေမယ့် Ri... အချိန် အနည်းငယ်အတွင်းမှာ အစ်ကိုတွေထက် တစ်ဟုန်ထိုး ချမ်းသာလာတယ်။ ပါလာဝန်မှာ မွေးနေ့ပွဲကြီး ကျင်းပလိုက်တယ်။

Ri က ကြိုးစားတယ်လေ...။ အပေါင်း အသင်းဆန့်တယ်။ အဆက်အသွယ်ကောင်းတယ်။

Ri က စီးပွားရေးဘက်မှာ လာဘ်မြင်တဲ့ လူငယ်တစ်ယောက်။ သူ့ဆီမှာ အနုပညာ အပေါင်းသင်းတွေရှိတယ်။ Kpop ဆိုတာ ကမ္ဘာက အသိအမှတ်ပြုထားတာလေ။ တစ်ဖက်မှာ Ri ရဲ့ဖန်တွေ.. သူတို့က နိုင်ငံတကာ စီးပွားသမား သူဌေးတွေ။ ဒီ နှစ်ခုကို ဆက်စပ်ပြီး စီးပွားရေး တစ်ခု လုပ်ဖို့ သူ ဆုံးဖြတ်ခဲ့တယ်..။

Ri ဟာ သူ့ရဲ့ အနုပညာ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး သူတို့ တတ်တဲ့ အနုပညာ အရည်အချင်းတွေ အရင်းစိုက်ထုတ်မယ်။ နိုင်ငံတကာ စီးပွားရေးသမားတွေက ငွေအရင်း စိုက်ထုတ်မယ်။

ပါလာဝန်က အစည်းအဝေးက သိပ်အရေးကြီးခဲ့တာပေါ့။ စီးပွားရေးတစ်ခုရဲ့ ပထမခြေလှမ်းကို စတင်လိုက်တာဖြစ်တယ်။

အဲဒါကတော့ လူချမ်းသာတွေနေတဲ့ ဂန်နမ်းဆိုတဲ့နေရာမှာ နိုက်ကလပ်ဖွင့်လိုက်တာပဲ...။

***********************
***********************
***********************

🌟 Club Burning Sun 🌟

ထောက်လှမ်းရေးတွေက Ri ရဲ့ ပါလာဝန် မွေးနေ့ပွဲကို တက်ရောက်တဲ့သူတွေ အကြောင်း တစ်ယောက်ချင်း လေ့လာ ဆက်စပ်လိုက်တော့ Burning Sun ရဲ့ ဖြစ်တည်မှုကို သဘောပေါက်နားလည်သွားကြတယ်။

ဒီလို နားလည်ဖို့ ၃ လကျော် အချိန်ကြာခဲ့တာပေါ့။

***********************

ပါလာဝန်မှာ Ri မွေးနေ့ပါတီလုပ်ပြီး မကြာခင်မှာပဲ Ri ဟာ တောင်ကိုရီးယားမှာ Le Méridien ဆိုတဲ့ ဟိုတယ် မြေအောက်ထပ်မှာ Burning Sun Club ကိုဖွင့်တယ်လေ။

ဒါဟာ Ri ရဲ့ ဂန်နမ်း ဒုတိယမြောက်ခြေလှမ်းဖြစ်တယ်။ ၂၀၁၆ ခုနှစ်က ဂန်နမ်းမှာ Monkey Museum ဆိုတဲ့ ကလပ်နာမည်ကြီး ကလပ်တစ်ခုကို စဖွင့်တော့ ကလပ်လုပ်ငန်းနဲ့ စီးပွားဖြစ်တယ်ဆိုတဲ့ အိုင်ဒီယာကို ရခဲ့တာပေါ့။ ဂန်နမ်းကလူတွေ ငွေအသုံးကြမ်းတယ်လေ။

အဲဒီ Burning Sun ဆိုတဲ့ Club ကတော့ Ri ပါလာဝန်ကျွန်းဆွယ်မှာ ပါတီမလုပ်ခင် ၂၀၁၇ ခုနှစ် ၁၁ လပိုင်းမှာ ခွင့်ပြုချက်ရယူ ခဲ့တာဖြစ်တယ်။

တကယ့်ဖွင့်ပွဲကတော့ ၂၀၁၈ ခုနှစ် ၂ လပိုင်း ၂၃ ရက်နေ့မှာ လုပ်ခဲ့တယ်။

***********************

ကလပ်လုပ်ငန်းက အဆိုတော်တွေဖြစ်တဲ့ သူတို့အတွက် ဘာလို့ စီးပွားဖြစ်လဲ...?

အဆိုတော်တွေရှိရင် ဖန်တွေရှိတယ်။ အဆိုတော်တွေကိုတွေ့ဖူးချင်တဲ့ ရင်နှီးချင်တဲ့ မိန်းမလှလေးတွေလာမယ်။ မိန်းမလှလေးတွေရှိတဲ့နေရာဆို ယောက်ျားလေးတွေ ဝိုင်းအုံလာမယ်...။ ဒါ ထုံးစံ...။

ဂန်နမ်းဆိုတဲ့ နေရာက ကလပ်ကို ငွေ သုံးနိုင်ဖြုန်းနိုင်တဲ့ လူတွေလောက်ပဲ လာနိုင်ကြတယ်။ အရက်မူးနေတဲ့ လူချမ်းသာတွေရဲ့ငွေတွေရဖို့ဆိုတာ မခက်တော့ဘူးလေ။

***********************

Ri က ၂၀၁၈ ခုနှစ် ၃ လပိုင်း ၁၆ ရက် MBC ဆိုတဲ့ ရုပ်မြင်သံကြားမှာ Burning Sun နဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်။

" လူတွေက ဒီလို လွယ်လွယ်ပဲတွေးကြမယ်။ အနုပညာသည်တွေ လုပ်တဲ့ စီးပွားရေးလုပ်ငန်းဟာ နာမည်ငှား ၊ ရုပ်ထွက်ပြရင် ပြီးရောလို့။"

" ကျွန်တော့် အတွက်တော့ ဒီလို မဟုတ်ပါဘူး။ ကျွန်တော် Burning Sun ကို အောက်ခြေကစပြီး အကုန်ကြီးကြပ်တာပါ။ တကယ့်ကို ပင်ပင်ပန်းပန်း လုပ်နေတာပါ.."

ဒါကြောင့် တောင်ကိုရီးယားမှာ Burning Sun ဆိုတဲ့ နာမည်ထက် အဲဒီကလပ်ကို Seungri Club လို့ခေါ်ကြတဲ့အတွက် Ri တစ်ယောက်တည်း ပိုင်တာပဲလို့ အားလုံးက ထင်နေကြတာပေါ့။ သူက ရုပ်မြင်သံကြားမှာ အဲလိုပြောခဲ့တာကိုး။

***********************

Burning Sun Club ဟာလည်း တကယ့်ကို အောင်မြင်ခဲ့တယ်။

Burning Sun က ထင်ထားတာထက်ငွေတွေ အများကြီးရခဲ့တယ်။ ဈေးအပေါဆုံး ရှန်ပိန်တစ်ပုလင်းတောင် ၈ သိန်း နီးပါးက စပြီး သိန်း တစ်ထောင်အထိ...။

Burning Sun ကို တရုတ်သူဌေးတွေ အများဆုံးလာတယ်။ Ri က တရုတ်ပြည်ဖက်မှာ သိပ်ပြီး နာမည်ကြီးတာကိုး။

အချို့ တရုတ်သူဌေးတွေဆို တစ်နေ့တည်း သိန်း နှစ်ထောင် သုံးပစ်တာ။

***********************

၂၀၁၈ ခုနှစ် ၁၁ လပိုင်း ၂၄ ရက်နေ့အထိ သူတို့ အားလုံး အဆင်ပြေနေခဲ့သေးတယ်။

အဲဒီနေ့မှာ Burning Sun ကလပ် အထာကိုမသိ... သူငယ်ချင်းဖိတ်လို့ မွေးနေ့ပွဲကိုလာတဲ့ ကင်မ် (Kim) ဆိုတဲ့ လူငယ်တစ်ယောက် အဲ့ဒီမှာ အနိုင်ကျင့် ထိုးကြိတ်ခြင်းကို ခံလိုက်ရတယ်။

မခံမရပ်နိုင်ဖြစ်နေတဲ့ ကင်မ်ဟာ ရဲစခန်းကို ကိုယ်တိုင် ဖုန်းဆက်ခဲ့တယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဖမ်းခံရတာ ကင်မ်...။

ကင်မ်က မချမ်းသာပေမယ့် ငြိမ်ခံနေတဲ့သူတော့ မဟုတ် ။ဒီသတင်းကို တစ်နိုင်ငံလုံး ဖြန့်ပစ်ခဲ့တယ်။

ကင်မ်ဖြန့်ပစ်တဲ့သတင်းက အရိုက်ခံရတဲ့သတင်းပါပဲ။ ဒါပေမယ့် Burning Sun လှို့ဝှက်ချက်တွေ ဆက်တိုက် ထွက်လာတယ်။

" Burning Sun Club မှာ ပြည့်တန်ဆာလုပ်ငန်းတွေ ရှိပါတယ်"

" Burning Sun Club မှာ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြပါတယ်.."

" Burning Sun Club မှာ မိန်းကလေးတွေ အဓမ္မကျင့်ခံနေရပါတယ်"

"Burning Sun Club မှာ ငွေဖြူ၊ ငွေမည်း၊ အခွန် ပြဿနာတွေဖြစ်နေပါတယ်..."

***********************

Club Burning Sun ပြဿနာ စတာနဲ့ ပြည်သူတွေ နဲ့ ရဲ ထောက်လှမ်းရေးတွေဟာ အဆိုတော် Ri ကိုပဲ အာရုံစိုက်လာခဲ့တယ်။

ပြည်သူတွေက Ri ပိုင်ရှင်ဆိုတော့ ဖြစ်သမျှပြဿနာ သူ့တာဝန်လို့ အလွယ်တွေးကြတာပေါ့။

အဲဒီ ကလပ်က Ri နဲ့ သူ့ သူငယ်ချင်း Lee Moon Ho စပ်တူ စတင် ထူထောင်တယ်ဆိုတာ Burning Sun ပြဿနာတွေတက်တော့မှ လူတွေက သိကြတာ..။ ဒါပေမယ့် ရဲဖက်ကတော့ သူငယ်ချင်း Lee Moon Ho က အမည်ခံပဲလို့ ယူဆကြတယ်။

ဒါကြောင့် Burning Sun အမှုအကြောင်းပြောရင် Ri အကြောင်းကို ချန်ထားလို့မရဘူး။ Ri က အဓိက ဇာတ်ကောင်ပါပဲ။

Burning Sun အစိုးရဆီမှာ တရားဝင်စာရင်းတင်ထားတဲ့ ရှယ်ယာအစုဝင်တွေက ဒီလိုဖြစ်တယ်။

Ri နဲ့ အတူ ပါလာဝန် မွေးနေ့ပါတီ မှာရှိနေခဲ့တဲ့ သူငယ်ချင်း Lee Moon Ho - ၁၀ %

Burning Sun ကလပ် ရှိတဲ့အဆောက်အဦး Le Méridien ဟိုတယ်ပိုင်ရှင် Lee S.H - ၅၀ %

Ri နဲ့ Yul In Suk စပ်တူတည်ထောင်ထားတဲ့ Yori Holdings ကုမ္ပဏီ အမည်နဲ့ -၂၀ %

အခြားနိုင်ငံက နိုင်ငံခြားသားတစ်ယောက် - ၂၀ %

တရား ဥပဒေအရ ကြည့်မယ်ဆို Ri ရဲ့ နာမည်မပါဘူး။ Ri ဟာ အစကတည်းက စီးပွားရေးလုပ်ငန်းတွေကို သူတစ်ဦးတည်း နာမည်နဲ့ မလုပ်ခဲ့ဘူး။ အဲဒါလည်း အကြောင်းရှိတယ်။

ဒါပေမယ့် Ri ဟာ သူတည်ထောင်ခဲ့တာပါလို့ ရုပ်မြင်သံကြားမှာ ဘာလို့ပြောခဲ့သလဲ..?

ကလပ်ကို ကြေငြာဖို့ သက်သက်ပဲလား..?

ဒါဆို ကိုယ့်စီးပွားရေး မဟုတ်ဘဲ Burning Sun မှာ ဘာလို့ တကယ်အလုပ်ကြိုးစားပြီး လုပ်နေခဲ့တာလဲ..?

ကိုယ်ယောင်ဖျောက်ထားတဲ့ နိုင်ငံခြားသားကရော ဘယ်သူလဲ...?

စုံစမ်းကြတော့တယ်။

***********************

ကိုယ်ယောင်ဖျောက်ထားတဲ့ နိုင်ငံခြားသားအစုရှယ်ယာဝင်က ထိုင်ဝမ်ဖက်က လင်း Lin ဆိုတဲ့ ဘီလီယံနာ သူဌေးမကြီး။

သူမပိုင်တဲ့ လောင်းကစား website တစ်ခုတည်းနဲ့တင် တစ်နေ့ ဒေါ်လာ ၁၃သန်းလောက် အသာလေးရှာနိုင်တဲ့ တကယ့် သူဌေးမကြီး..။

ပြီးတော့ သူဌေးမကြီး လင်းက Ri နဲ့ G-Dragon ကို သိပ်ချစ်တဲ့ VVVIP fan လေ။

ဒါကြောင့် Ri က လင်း နဲ့ အဆက်အသွယ်ရသွားတယ်။ ငွေတွေ ထားစရာမရှိတဲ့ သူဌေးမကြီး လင်းက ၂၀၁၆ ခုနှစ်မှာ Yuri Holdings ဆိုတဲ့ ဂျပန်ဖက်စပ် ကုမ္ပဏီကို ထောင်ဖို့ Ri ကို တစ်ဖက်လှည့်နဲ့ အရင်းအနှီးထုတ်ပေးလိုက်တာဖြစ်တယ်။

ပြီးတော့ နောက်တစ်ဆင့်။
Ri က Yuri Holdings ကုမ္ပဏီ အမည်နဲ့ Monkey Museum Club ကိုမကြာခင်မှာ တည်ထောင်ခဲ့တယ်။ အဲဒီ ကလပ်ကို စားသောက်ဆိုင်လို့ မှတ်ပုံတင်ခဲ့ပေမယ့် တကယ့်တကယ်တော့ အရက်သောက်၊ က လို့ရတဲ့ ကလပ်ဖြစ်တယ်။

ပြီးတော့ တတိယခြေလှမ်း...။

Yuri Holdings ကုမ္ပဏီ အမည်နဲ့ပဲ ပိုကြီးတဲ့ Burning Sun Club ...။

ပြီးတော့ အခြား အခြား စီးပွားရေးလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ...။

ပန်ဒါလေးလို့ နာမည်ကြီးတဲ့ Ri ကိုချစ်တဲ့ VVVIP Fan လင်း က Ri ကို သူဌေးလေးဖြစ်အောင် အဲဒီလို တွန်းတင်ခဲ့တယ်။

အဲဒီမှာ ကြိုးစားတဲ့ Ri နဲ့ ငွေရှိတဲ့ လင်း နှစ်ယောက်ပေါင်းတော့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာတာပေါ့။

ဒါကြောင့် Burning Sun ကလပ်ရဲ့ ရင်းနှီးမြှုတ်နှံမှုတွေမှာ သူဌေးမကြီး လင်းလည်းပါတာပေါ့။ ဒေါ်လာ ၉ သိန်းနီးပါးပဲ။

သူဌေးမကြီး လင်းရဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်စေတဲ့ နေရာကလည်း Burning Sun ပဲဖြစ်တယ်။ လင်းလည်း အကျိုးရှိတာပေါ့။

လင်းဟာ သူချစ်တဲ့ အဆိုတော် ပန်ဒါလေး Ri ကို ငွေတိုက်ရိုက်ပေးလို့မရတဲ့အတွက် ရင်းနှီးမြှုတ်နှံတယ်ဆိုပြီး သွယ်ဝိုက် ကူညီနေတာလို့ ထောက်လှမ်းရေးတွေက ခန့်မှန်းကြတယ်။

ဘာကြောင့်လဲဆိုတော့ လင်းက သိန်း တစ်သောင်းတန် တိုက်ခန်းတစ်ခုကို Yori Holdings ကုမ္ပဏီ နာမည်နဲ့ ဝယ်ပေးထားတယ်လေ။

ဒါကြောင့် လက်တွေ့မှာ Ri ဟာ Burning Sun ရဲ့ ၅၀ % ပိုင်တယ်လို့ မှန်းဆကြတယ်။ မှန်းဆကြတာ တရား မဝင်ပါဘူး။ တရားဥပဒေအရ Ri က ခေတ္တစစ်မှုထမ်းဆောင်ဖို့အတွက် Burning Sun က နှုတ်ထွက်ထားပြီဖြစ်တယ်။

Burning Sun ဆိုတာ Ri နဲ့ မပတ်သက်ကြောင်းကို Ri က သက်သေပြနိုင်ပါမှ ထောင်ထဲမဝင်ရမှာလေ...။

***********************
***********************
***********************

စာရှည်လို့ ဖတ်မရတဲ့ သူတွေ အတွက် အပိုင်းခွဲပြီ ထပ် တင်ပေးလိုက်ပါတယ်။

အပိုင်း-၂
http://www.themeltingpot4u.com/2019/05/burning-sun_8.html

https://www.facebook.com/100015987859439/posts/460316947844563?sfns=mo

No comments:

Post a Comment