Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 15, 2019

သမီးလေးရဲ့လက်ချောင်းလေးတွေ ရှာပေးကြပါ အပိုင်း-၁


ဒီအဖြစ်အပျက်ဟာ ၂၀၁၇ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးရွား ဆုံး အဖြစ်ဆိုးကြီးတွေထဲက တစ်ခုဖြစ်တယ်။

ဒီအဖြစ်ဆိုးကြီးဟာ ကျွန်မတို့ တောင်ကိုရီးယား လူမှုအဖွဲ့အစည်း ကြီးကို အလွန်ထိတ်လန့်ချောက်ချားစေခဲ့ပါတယ်။
( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကို ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့် အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)
ယောင်းဆု-အင်ချွန်း-တောင်ကိုရီးယား

ကျွန်မတို့သမီးလေးက အသက် ၈ နှစ် ချစ်မ၀တဲ့အရွယ်လေး။ မူလ တန်းကျောင်းမှာ ဒုတိယတန်းကျောင်းသူလေးပေါ့။

ကျွန်မတို့လင်မယား အလုပ်အရမ်းများတယ်။ သမီးလေးကို သိပ်ပြီး မကူညီနိုင်ဘူး။ မနှစ်ကတစ်နှစ်လုံး ...

“မေမေ ... သမီးကျောင်းမသွားဘဲ အိမ်မှာ တစ်ရက်လောက် နေလို့ရမလား” လို့ မေးတတ်တဲ့ ကျောင်းသွားပျင်းတဲ့ သမီးလေး...။

ဒီနှစ်တော့ သမီးလေးက အားကြိုးမာန်တက် ကျောင်းသွားဖို့ တစ်ယောက်တည်းပြင်ဆင်ပြီး ကိုယ့်အားကိုယ်ကိုး နေပုံလေးက တကယ့်ကိုချစ်စရာ။

“သမီးလေး ... ကိုယ့်ဘာသာကိုယ် အကုန်လုပ်တတ်နေပြီ။ သမီး လေး ကျောင်းသွားတော့နော် ... တာ့တာ”

အမေ့ပါးလေးကိုနမ်းပြီး ကျောင်းသွားတဲ့ သမီးရဲ့ကျောပြင်လေးကို ငေးကြည့်နေမိတယ်။ သမီးလေးက အခုတစ်လော သူငယ်ချင်းအသစ်ရလို့ ပျော်နေတာ။

*====*====*====*====*====*

၂၀၁၇ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့

အဲဒီနေ့က ထုံးစံအတိုင်းပေါ့။ ချစ်ရတဲ့သမီး ကျောင်းဆင်းချိန်ရောက်လာတော့ ကျွန်မ မျှော်နေမိတယ်။ အိမ်နဲ့ကျောင်းကနီးတော့ သမီးလေးက တစ်ယောက်တည်း ပြန်လာနေကျလေ။

'ဟင် ... ၂ နာရီတောင်ကျော်နေပြီ။ သူငယ်ချင်းနဲ့တွေ့မယ်ဆို ဖုန်း အမြဲဆက်တဲ့သမီးလေး ဖုန်းလည်းမဆက်ပါလား။'

ဒီနေ့မှ ဘာလို့လဲမသိ။ မီးစနဲ့အထိုးခံရသလို ကျွန်မရင်ထဲ ရုတ်တရက် ပူလောင်လာတယ်။ ကျွန်မ အပြင်ကို ပြေးထွက်လိုက်တယ်။

သမီးလေး ကစားနေကျဖြစ်တဲ့ ကျောင်းနဲ့အိမ်ကြားက ကစားကွင်းဆီ သုတ်ခြေတင်တော့တယ်။

ဟင် ... ဘုရားကယ်ပါ ... သမီးလေးရဲ့ ကျောပိုးအိတ်လေး။ သမီး လည်း မရှိပါလား။ ဘယ်မှာလဲ...

“သမီးလေးရေ ... ဘယ်မှာလဲ...”

*====*====*====*====*====*

ကျွန်မ အတန်းပိုင်ဆရာမဆီ ဖုန်းဆက်ကြည့်တယ်။

“ရီ ... ကျောင်းသူလေး ၁၂ နာရီကျော်လောက်က သူငယ်ချင်းနဲ့အတူ အိမ်ပြန်သွားပါတယ်ရှင်” ... တဲ့။

သမီးရဲ့ သူငယ်ချင်းအသစ်လေးဆီကို ကျွန်မပြေးတော့တာပဲ...။

“အန်တီ ... ရီက ကစားကွင်းမှာ ကျွန်မနဲ့ ကစားချင်တယ်လို့ပြော တယ်။ အန်တီ့ဆီခွင့်တောင်းမလို့ ဖုန်းဆက်မယ်ဆိုပြီး ပန်းခြံထဲထိုင်နေတဲ့ အဒေါ်ကြီးတစ်ယောက်ဆီမှာ ဖုန်းသွားငှားတယ်။

အဲဒီအဒေါ်ကြီးက အိမ်တစ်ခုကို လက်ညှိုးထိုးပြပြီး ရီ့ကို ခေါ်သွားတယ် အန်တီ။ ပြီးတော့ ကျွန်မ ရီပြန်လာမလားလို့ ကစားကွင်းမှာ စောင့်နေတာ ပြန်လည်းမလာဘူး။ ကျွန်မ ရီကို သိပ်ခင်ပါတယ်”

“ဘယ်အိမ်ဘက်လဲ သမီးလေး”

“ဟို မြင်နေရတဲ့ တိုက်ခန်းတွေပါ”

“ဟင် ... အဲဒါ အန်တီတို့နေတဲ့ဘက်ပဲ”

“အဒေါ်ကြီးက ဘယ်လိုပုံစံလဲ သမီး”

“နေကာမျက်မှန် တပ်ထားတယ်။ အင်္ကျီက ... ဟို ... အနက်ရောင်၊ ဆံပင်ကလည်း အနက်ရောင်။ ပြီးတော့ ကယ်ရီယာအိတ် အကြီးကြီးတစ်လုံး ကိုင်ထားတယ်”

“အဲဒီအဒေါ်ကြီးနဲ့ ရီ ခင်ပုံရလား”

“ဟုတ်ကဲ့”

*====*====*====*====*====*

“ဘယ်သူများပါလိမ့်”

ကျွန်မလေ ... ကျွန်မယောက်ျား၊ ကျောင်းဆရာမတွေ၊ ရဲစခန်း၊တိုက်ခန်းလုံခြုံရေးမှူးတွေ အစုံ ဖုန်းဆက်ပြီး သမီးလေးကို လိုက်ရှာခဲ့တယ်။

စိတ်ပူလွန်းလို့ ရူးမတတ်။ ည ၇ နာရီထိုးပြီ ရှာမတွေ့။

တစ်စက္ကန့်တိုင်းမှာ တစ်ခါ ဓားထက်ထက်တစ်ခုနဲ့ ကျွန်မရဲ့အသည်းနှလုံးကို လှီးဖြတ်နေသလိုပါပဲ။

“သမီးလေးရေ ... အမေ သေရပါတော့မယ်”

*====*====*====*====*====*

ရဲစခန်းက ထောက်လှမ်းရေးတွေ အလုပ်ရှုပ်ကုန်ပါတယ်။ ရဲထောက်လှမ်းရေးတွေဟာ CCTV ကင်မရာ ၁၉၅ ခုကို စစ်ဆေးခဲ့တယ်။

CCTV မှာ ကျွန်မသမီးလေး ရီကို နေကာမျက်မှန်တပ်ထားတဲ့အမျိုးသမီး ခေါ်သွားတာတွေ့တယ်။

ကျွန်မတို့နေသောအဆောက်အဦနဲ့မဝေးတဲ့ အဆောက်အဦတစ်ခု ဓာတ်လှေကားထဲ ၀င်သွားတာကို တွေ့ရပါတယ်။

အဲဒီအမျိုးသမီးဟာ သမီးလေးရီသူငယ်ချင်းပြောသည့်အတိုင်း ဘီးတပ်ခရီးဆောင်အိတ်အကြီးတစ်ခုကို ကိုင်ထားတာကို တွေ့ရတယ်။

*====*====*====*====*====*

ရဲအရာရှိတစ်ယောက်က ကျွန်မကို CCTV အခန်းကိုလာဖို့ ဖုန်းခေါ်ပါတယ်။

“ဒါ ခင်ဗျားတို့ သမီးလားဗျ”

“ဟာ ... တွေ့ ပြီ ... ဟုတ်ပါတယ်ရှင့်”

ကျွန်မတို့လင်မယား မျှော်လင့်ချက်တွေနဲ့ အားတက်သွားတယ်။နေကာမျက်မှန်အမျိုးသမီးနဲ့ ကျွန်မသမီးလေးရီဟာ ကျွန်မတို့နေ တဲ့တိုက်ခန်း အဆောက်အဦးအနီးက အဆောက်အဦးတစ်ခုရဲ့ ဓာတ်လှေကား ၁၃ ထပ်ကို တက်သွားကြတယ်။

ကျွန်မတို့ ၁၃ ထပ်မှာရှိတဲ့ တိုက်ခန်းတွေအားလုံးမှာ သမီးလေးကို လိုက်ရှာကြပါတယ်။
CCTV ထဲကအမျိုးသမီးနှင့် ဆင်တူသည့်သူတောင် တစ်ယောက်မှ မရှိပါ။ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်ပြီး တုန်ယင်လာတယ်။

“သမီးရေ ... မေမေ့ သမီးလေး ...”

ကျွန်မတို့ CCTV ထဲမှ ကျွန်မသမီးလေး တိုက်ပေါ်တက်သွားတာပဲ တွေ့ရပြီး ပြန်ဆင်းလာတာ မတွေ့ရတော့ပါဘူး။

ဒါဆို ဒီအဆောက်အဦးထဲက တိုက်ခန်းတစ်ခုခုထဲမှာ ရှိနေပြီ။

တိုက်ခန်းလုံခြုံရေးတွေကလည်း စပီကာကတစ်ဆင့် ကြေညာပေးတယ်။

သမီးလေးကို ဆက်တိုက် ရှာပေးကြပါတယ်။
ကျွန်မတို့လင်မယားနှစ်ယောက်ကို သူတို့နောက် တကောက်ကောက်လိုက်နေမယ့်အစား အိမ်ပြန်ပြီး အိမ်ဖုန်းအနားမှာ ထိုင်စောင့်ဖို့ ရဲအရာရှိက ပြောတယ်။

*====*====*====*====*====*

ဒီလိုနဲ့ ည ၉ နာရီ ခွဲသွားတယ်။

ကျွန်မတို့အိမ်ကို တခါးခေါက်သံကြားရတော့ မျှော်လင့်တကြီးနဲ့ တံခါးဖွင့်ပေးလိုက်တယ်။ရဲတွေတစ်ပြုံကြီး ကျွန်မတို့အိမ်ထဲ ၀င်လာကြတယ်။

သူတို့က ပန်းကန်ဆေးတဲ့နေရာ၊ ရေခဲသေတ်္တာ၊ ခုတင်အောက်ပါမကျန် ၀င်ရှာတော့တာပဲ။ မေးတော့လည်း ဘာမှမဖြေကြဘူး။

တာဝန်အရ ရှာဆိုလို့ပါ ကျွန်တော်တို့ ပြောခွင့်မရှိပါဘူးတဲ့။ရဲတွေဟာ ကျွန်မတို့လင်မယားကိုပါ မသင်္ကာသလိုလိုနဲ့။ကျွန်မ ပိုပိုပြီး စိတ်ချောက်ချားလာတယ်။

ကျွန်မတို့ တိုက်ခန်းစုတစ်ခုလုံး ရဲကားတွေ၊ ရဲတွေ နည်းတာ မဟုတ်။ ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေကလည်း အိမ်အပြင်ထွက်ပြီး သမီးလေးကို ကူညီပြီး ရှာကြတယ်။
ည ၁၀ နာရီခွဲပြီ။ ကျွန်မတို့လင်မယားကို စောင့်ကြည့်နေတဲ့ ရဲအရာရှိလေးရဲ့ ဝေါ်ကီတော့ကီ (walking -talking) ဆီ သတင်းပို့လာတယ်။

“ကောင်းပြီ ... အခုလာခဲ့မယ်”

*====*====*====*====*====*

ရဲအရာရှိလေးရဲ့ အရေးတကြီးဖြစ်ပြီး ပြေးသွားတဲ့အနောက်ကို ကျွန်မယောက်ျားလည်း ယောင်ပြီး လိုက်ပြေးသွားတာတွေ့ရတယ်။

ကျွန်မ ဒူးတွေချောင်လာတယ်။ ထပြေးလိုက် ... လဲကျသွားလိုက်.. အားယူပြီး ပြန်ထလိုက် ... အသက်ရှူကြပ်လာတယ်။

“သမီးရေ ... သမီးလေး ...”

*====*====*====*====*====*

ရဲတွေနဲ့ ကျွန်မယောက်ျား သမီးလေးရီနဲ့ အမျိုးသမီးတက်သွားတဲ့ အဆောက်အဦအပေါ်ကို ဓာတ်လှေကားနဲ့ တက်သွားကြတယ်။ ကျွန်မလည်း ဓာတ်လှေကားဆီ ပြေးတော့တာပဲ။

ကျွန်မ ဓာတ်လှေကားကိုရောက်တော့ ဓာတ်လှေကားက တက်သွားပြီ။ ဓာတ်လှေကား ပြန်ဆင်းမလာဘူး။ ကျွန်မရင်တွေ ပူလှပါပြီ။

ဓာတ်လှေကား ပြန်ဆင်းလာတယ်။ ပွင့်လာတဲ့ ဓာတ်လှေကားထဲမှာ ကျွန်မယောက်ျား ဒူးတုပ်ပြီး ငိုနေတယ်။

“ဘယ်လိုလုပ်ကြမလဲ ... ငါတို့သမီးလေး ...”

ဆိုတဲ့ ငိုသံအကျယ်ကြီးကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မဟာ ကျောက်ရုပ်ကြီးလို တစ်ကိုယ်လုံး တောင့်တင်းသွားတော့တယ်။

*====*====*====*====*====*

“ဘာဖြစ်လို့လဲ သမီးလေးကို တွေ့ခဲ့လား ... ဒဏ်ရာများရနေလား ... ဆေးရုံပို့ကြရအောင် ... မောင်ရယ်”

မေးလို့မရတဲ့အဆုံး ရူးသလိုဖြစ်နေတဲ့ ယောက်ျားကိုခေါ်ပြီး ဓာတ်လှေကားကို ပြန်တက်လာတယ်။ တိုက်အပေါ်ဆုံးက ခေါင်းမိုးပေါ် ရောက်လာတယ်။

သမီးလေးက ထမ်းစင်ပေါ်မှာ။ သမီးလေးကို အ၀တ်ဖြူနဲ့ အုပ်ထားတယ်။ ရဲတွေက ကျွန်မတို့ကို မပြဘူး။ ကျွန်မတို့လင်မယားဟာ အရူးတွေလို မရှက်နိုင်။ ရဲတွေကို ထိုင်ကန်တော့နေမိတယ်။

“သမီးလေးကို ကြည့်ပါရစေ... ကြည့်ပါရစေ...”

“အခု မကြည့်ချင်ပါနဲ့ဗျာ ... စိတ်ခဏအေးမှ”

ပြောမရသည့်အဆုံး ရဲအရာရှိလေးက ခဏလေး ဖွင့်ပြလိုက်တယ်။

ပလပ်စတစ်အထုပ်ကြီး နှစ်ထုပ်အထဲမှာ သမီးလေးရဲ့ ပိုင်းပြတ်နေသော ခန္ဓာကိုယ်အပိုင်းအစများ။ ကျွန်မတို့နှစ်ယောက် ထပ်မကြည့်ရဲတော့ပါ။

*====*====*====*====*====*

ရုတ်တရက်ကြည့်တော့ သမီးလေးရဲ့ကိုယ်ခန်္ဓာဟာ ဟိုတစ်ပိုင်း ဒီ တစ်ပိုင်း ပြတ်နေတယ်။ ကျွန်မတို့ ပြိုင်တူပြောမိတဲ့စကား။
“ဒါ သမီးလေးမဟုတ်ဘူး။ သမီးလေးကို ရှာပေးပါ”

ကျွန်မရင်ထဲမှာ ဆို့တက်လာတယ်။ ကျွန်မ ဘာဆိုဘာမှမသိတော့ ဘူး။

*====*====*====*====*====*

ကျွန်မ သတိရလာတော့ ဆေးရုံမှာ။
ကျွန်မယောက်ျားမျက်နှာဟာ ငိုရလွန်းလို့ နီရဲနေတယ်။

ကျွန်မ သူ့မျက်လုံးကို ကြည့်လိုက်တော့ ကျွန်မ ဘာကိုဆိုလိုသလဲ သူသိတယ်။ ကျွန်မကို ခေါင်းခါပြတယ်။

ဟုတ်ပါတယ် ... တကယ်ပဲ သမီးလေး သေသွားတယ်။ ဟုတ်ပါတယ် ... အဲဒီနေ့ကစပြီး သမီးလေးဟာ အိမ်ပြန်မလာနိုင် တော့ပါဘူး။

ပြီးတဲ့အပတ်ကတောင် ဆံပင်ညှပ်ထားတာ လှလွန်းလို့ ငေးကြည့်ရတဲ့ သမီးလေး။ အခုတော့ သမီးလေးကို ဘယ်သောအခါမှ မတွေ့ရတော့ဘူး။ ကျွန်မတို့ဘ၀မှာ ဒီလောက်အဖြစ်ဆိုးတာ မရှိတော့ပါဘူး။

*====*====*====*====*====*

၂၀၁၇ မတ်လ ၃၀ ရက်

သမီးလေးသေဆုံးပြီး နောက်တစ်နေ့ဖြစ်သည်။ ၈ နှစ်သမီးလေး ရီကို ရက်စက်စွာ အပိုင်းပိုင်းဖြတ်ပြီး သတ်ဖြတ်ခဲ့ သူကို ချက်ချင်း ဖမ်းမိသည်။

ထိုလူသတ်သမားကို သိရသောအခါ သမီးလေးရီ၏ မိဘများတွင် သာမက တောင်ကိုရီးယားတစ်နိုင်ငံလုံး မယုံနိုင်လောက်အောင် ဆွံ့အသွားကြသည်။

လူသတ်ကောင်သည် ကင်မ်ဟူသော အသက် ၁၇ နှစ်အရွယ် နုနုနယ်နယ် ကျောင်းသူမိန်းကလေးတစ်ယောက် ဖြစ်နေသည်။ ကင်မ်ဟူ၍ဖြစ်သည်။ သူမသည် အထက်တန်းကျောင်းနေစဉ် ကျောင်းခဏထွက်ထားသူဖြစ်လေသည်။

ထိုမိန်းကလေးကင်မ်မိသားစုနှင့် ရီမိသားစုတို့သည် အဆောက်အဦ ကွဲသော်လည်း အဆောက်အဦးတစ်စုထဲ၌ အတူနေသော အိမ်နီးချင်းဖြစ်နေလေသည်။ သူတို့အချင်းချင်း ရင်းနှီးမှုမရှိပါ။

*====*====*====*====*====*

ကျွန်မ စောင့်စားနေတဲ့နေ့ကို ရောက်လာပါပြီ။

ကျွန်မနဲ့ မလှမ်းမကမ်းမှာ မျက်မှန်တပ်ထားတဲ့ ကျောင်းသူတစ်ယောက်ရှိနေတယ်။ သူမဟာ ကျွန်မ သမီးလေးကို သတ်ပစ်လိုက်တဲ့ လူသတ်ကောင်မ.. ဘီလူးမ... ။

သူမဟာ သမီးလေးတစ်ယောက်တည်းတင် သတ်တာဟေုတ်ပါဘူး။ ကျွန်မတို့ လင်မယားနှစ်ယောက်လည်း သတ်ပစ်လိုက်ပြီလေ။

အရှုံးမပေးနဲ့ ... ဒီကောင်မအရှေ့မှာ မျက်ရည်မကျနဲ့ လို့ ကျွန်မကိုယ်ကျွန်မ အားပေးလိုက်တယ်။

ကျွန်မနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ လူသတ်သမားကို ကျွန်မ ထပ် မကြည့်မိအောင် ကြိုးစားလိုက်တယ်။ ကျွန်မကို နှစ်ဖက်ရှေ့နေတွေက တရားသူကြီးရှေ့မှာ မေးခွန်းတွေ မေးနေတယ်။

ကျွန်မ မျက်ရည်မကျဘူး။ သတိကြီးစွာနဲ့ သူတို့မေးခွန်းတွေကို ဖြေ ရမယ်။

“မေမေ့သမီးလေးအတွက် မေမေ အစွမ်းကုန် အားတင်းထားတယ် သမီးရယ်”

*====*====*====*====*====*

မိခင်သည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော် လည်း မျက်ရည်တစ်စက်မှမကျ။ ထိုမိခင်ကိုကြည့်၍ တရားခွင်ရှိ ပရိသတ်များ သနားလွန်း၍ ငိုကြသည်။

*====*====*====*====*====*

မိခင်သည် သူမ အသံကိုမြှင့်၍ ပြောလိုက်သည်။

“တရားသူကြီးမင်းရှင့် ... ကျွန်မသမီးလေးဟာ ကျွန်မတို့ဘ၀မှာ အလွန်အရေးကြီးပါတယ်။ တကယ့်ကို ရတနာလေးတစ်ခုလို ကျွန်မတို့ မထိ
ရက် မကိုင်ရက် ချစ်ရသူလေးဖြစ်ပါတယ်”

ထိုစဉ် ....

“ကျွန်မ အပြစ်လုပ်မိပါတယ် ... ခွင့်လွှတ်ပါ”
ကျောင်းသူကင်မ်က အော်ဟစ်တောင်းပန်၍ ငိုယိုလိုက်သည်။

မိခင်၏မျက်နှာသည် ပို၍ တင်းမာသွားသည်။ သူမသည် ကင်မ်ဟူ သော ကျောင်းသူကို လှည့်၍ပင်မကြည့်။သတင်းစာသမားများ၊ ရဲထောက်လှမ်းရေး၊ ယောက်ျားရင့်မကြီးများ တောင် မျက်ရည်ကျရသည့် ထိုအဖြစ်အပျက်ဆိုး။

*====*====*====*====*====*

“ကလေးမလေး အသက် ၈ နှစ်ပဲ ရှိသေးတာရှင့်။ ဒီအသက်အရွယ်မှာတောင် ချောလွန်းလို့ ကျွန်မတို့ရပ်ကွက်မှာ နာမည်ကြီးတယ်။ ဆံပင် အရှည်လေးနဲ့”

လူတကာငေးကြည့်ရအောင် ချစ်စရာကောင်းသည့် ကလေးမလေး သည် ယခုတော့ ခန်္ဓာကိုယ်အပိုင်းပိုင်းပြတ်၍ သေဆုံးနေသည်။

ကြောက်မက်ဖွယ် အိမ်မက်တစ်ခုပေလား။ ယုံနိုင်စရာမရှိ။

*====*====*====*====*====*

၂၀၁၇ ခုနစ် မတ်လ ၂၉ ရက်နေ့
နေ့လည် ၁၂း၄၇ မိနစ်

ထိုနေ့က ကစားကွင်းတွင် သမီးလေးရီက နေကာမျက်မှန်ကြီးတပ်၍ အဒေါ်ကြီးအယောင်ဆောင်ထားသော ကင်မ်ဆိုသည့်ကျောင်းသူထံ သွားခဲ့သည်။ ကျောင်းသူကင်မ်သည် သူမအမေ၏အင်္ကျီများကို ၀တ်ထားသည်။

“အဒေါ် ... ကျွန်မအမေဆီ ဖုန်းဆက်ချင်လို့ ဖုန်းတစ်ခါလောက်ဆက်ခွင့်ပေးပါရှင့်”

“အဒေါ့်ဖုန်း ဘက်ထရီကုန်နေလို့။ အကြံရပြီ ... အဒေါ့်အိမ် ဒီနားမှာလေ ... လိုက်ခဲ့။ အဒေါ့်အိမ်ဖုန်းနဲ့ဆက်နော်”
..ဟု ကြင်နာတတ်သော အဒေါ်ကြီးလေသံနှင့် ပြောလိုက်သည်။

*====*====*====*====*====*

ဘက်ထရီအပြည့်ရှိသောဖုန်းကို ဘက်ထရီမရှိဟု လိမ်ပြော၍ သမီးလေးရီအား သူ့အိမ်သို့ ခေါ်သွားသည်။ ၎င်းင်းကို ကြည့်ချင်းအားဖြင့် အသက် ၁၇အရွယ်သာရှိသေးသော ကင်မ်သည် လူသတ်ရန် ကြိုတင်၍ ကြံစည်ထားခြင်းဖြစ်သည်ကို သိရှိရလေသည်။

ကြိုတင်ကြံသည်ဟူသည့် လူသတ်မှုသဲလွန်စက ဒါတင်ပဲလား။ မဟုတ်။ကင်မ်၏ဖုန်းအား စစ်ဆေးရာ ကင်မ်သည် ပန်းခြံထဲတွင်ထိုင်၍ ဖုန်းအင်တာနက်ဖြင့် မူလတန်းကျောင်းဆင်းချိန်ကို ရှာဖွေထားသည်ကို တွေ့ရသည်။

*====*====*====*====*====*

“အင်း ... ကလေးတွေ ပန်းခြံထဲလာတော့မယ် စောင့်နေမှ ...”

သူမလက်ထဲတွင် ဘီးတပ်ခရီးသွားအိတ်ကို ကိုင်ထားခြင်းဖြင့် သူမအား အဝေးတစ်နေရာမှသူဟု ထင်စေသည်။

“သမီးတို့ အဲဒီအဒေါ်ကြီးကို ကယ်ရီယာအာဂျီးမ (ခရီးဆောင်အိတ် နဲ့ အဒေါ်ကြီး) လို့ နာမည်ပေးထားတယ်”

“ကျွန်မတို့ကို အမြဲလာကြည့်နေတာ ကြာလှပြီ။ အဲဒီနေ့မှ မဟုတ်ပါဘူး”

“အိမ်သာထဲဝင်ပြီး တစ်ခါတလေ အိမ်သာပြတင်းပေါက်ကနေ ကျွန်မတို့ကို ကြည့်နေတာ”

ကြိုတင်ကြံစည်မှုဖြစ်သည်မှာ သေချာသည်။

*====*====*====*====*====*

“ကင်မ် ... မင်း ဘာလို့ အပြစ်မရှိတဲ့ ကလေးငယ်တစ်ယောက်ကို ရက်ရက်စက် သတ်ပစ်လိုက်တာလဲ ... ဖြေပါ”

“ရှင် ... ထပ်ပြောပါဦး ... သေသွားတယ်။ အား ... ကျွန်မ ကလေးမလေးကို သတ်မိတာကိုး ... သတိရပြီ။ ဒါဟာ အိမ်မက်များလား။ ဘာတွေဖြစ်ကုန်တာလဲ ... ဘာကြောင့်သတ်တာလဲ မမှတ်မိဘူးရှင့်”

ကျောင်းသူမိန်းမငယ် ကင်မ်က ထိုသို့ပြောနေသည်။ကင်မ်သည် စိတ်္တဇဝေဒနာရှင်ဖြစ်၍ သည်လိုလုပ်မိသည်ဟု ကင်မ်၏မိဘများက ထွက်ဆိုကြသည်။

*====*====*====*====*====*

“ဟင် ... ဒါဟာ ကျွန်တော့်သမီးသေရတဲ့ အကြောင်းပြချက်လား။ ကျွန်တော်တို့ လက်မခံနိုင်ဘူး ... လိမ်နေတာ” သမီးလေးရီ၏မိဘများ မခံနိုင်ကြ။ သူတို့လည်း ဘ၀ပျက်ပြီကိုး။

*====*====*====*====*====*

“ဒါဟာ အပြစ်လျှော့အောင် တမင်အကွက်ဆင်တာပဲ”

သူမသည် စိတ်္တဇဝေဒနာရှင်လား ...
သွေးအေးလူသတ်သမားလား ...
သည်နှစ်ခု၏အဖြေက အလွန်အရေးကြီးသည်။စိတ္တဇဝေဒနာရှင်ဆိုလျှင် ၁ နှစ် ၂ နှစ်သာ ထောင်ထဲတွင် နေရမည်။ အရူးထောင်ဖြစ်၍ အလုပ်ကြမ်းလုပ်စရာမလို။

သွေးအေးလူသတ်သမားဖြစ်စေကာမူ ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးသော ကင်မ်အား အလုပ်ကြမ်းနှင့် တစ်သက်တစ်ကျွန်းဟူသော ကြီးလေးသည့်အပြစ်ဒဏ် ပေး၍မရ။

*====*====*====*====*====*

ကင်မ်အတွက် အကြီးလေးဆုံးအပြစ်ဒဏ်သည် ထောင်ဒဏ် ၁၅ နှစ်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကင်မ်သည် အသက် ၃၂ နှစ်တွင် ကိုရီးယား လူ့အသိုင်းအ၀ိုင်းကို ပြန်ဝင်လာတော့မည်။

ထိုမိန်းကလေးသည် လူသတ်မှုများကို ထပ်၍ မကျူးလွန်တော့ဘူးတဲ့လား ...

*====*====*====*====*====*

မိခင်က တရားသူကြီးကို အော်ပြောနေတယ်။

“သမီးလေးရဲ့မျက်လုံးတွေဟာ ကြောက်လန့်လွန်းလို့ ပြူးကျယ်နေပါတယ်။ ကျွန်မ မျက်လုံးပိတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မျက်နှာ တစ်ခြမ်းလုံးလည်း မြင်မကောင်းအောင် မည်းနေပါတယ်"

"ကျွန်မဟာ သမီးလေးရဲ့အလောင်းကို လူသေတွေစုနေတဲ့ သင်္ချိုင်း ကုန်းမှာ မမြှုပ်ရက်ခဲ့ဘူး။ ကျွန်မ သမီးလေး သေရမယ့်အရွယ်မဟုတ်သေးလို့ပါ။ လောကကြီးရဲ့ သဘာဝအလှကို ခံစားရအောင် တောထဲက မြက်ပင်တွေကြားမှာ မြှုပ်ခဲ့ပါတယ်။"

*====*====*====*====*====*

"ရန်ငြိုးရန်စမရှိတဲ့ ကလေးလေးတစ်ယောက်ကို ပိုက်ဆံလိုချင်လို့လည်းမဟုတ်၊ မုဒိမ်းကျင့်လို၍လည်းမဟုတ် လက်တည့်စမ်းပြီး သတ်ပစ်ပါတယ်။"

"မိခင်တစ်ယောက်ရဲ့ အစိပ်စိပ်ကြေမွသွားတဲ့ နှလုံးသားတစ်ခုကိုဖခင်တစ်ယောက်ဖြစ်တဲ့ တရားသူကြီးမင်းလည်း ခဏတာ ခံစားကြည့်ပေးပါ။ အမှန်တရားကို ဖော်ထုတ်ပေးပါ။ ဒါဟာ မိခင်တစ်ယောက်ရဲ့ အသနားခံ
တောင်းဆိုချက်ပါ။"

"တရားသူကြီးမင်းရှင့် ... ကျွန်မဟာ သမီးလေးအလောင်းကို ကိုယ်တိုင် အင်္ကျီဝတ်ပေးလိုက်ပါတယ်။ အင်္ကျီဝတ်လို့ မရဘူးရှင့်။ သမီးလေးရဲ့ခန္ဓကိုယ်က အပိုင်းပိုင်းပြတ်နေလို့ပါ”

သူမ အံကြိတ်၍ အားတင်းလိုက်သည်။

“ကျွန်မ အင်္ကျီ၊ ဘောင်းဘီတွေကို အပိုင်းပိုင်းဖြတ်ပြီး ၀တ်ပေးခဲ့ရပါတယ်။ ကျွန်မရဲ့သမီးလေး ကိုယ်ခန်္ဓာအပိုင်းအစတချို့ ပျောက်ဆုံးနေလို့ အ၀တ်အပိုင်းအစလေးတွေ အကုန်မ၀တ်ပေးနိုင်ခဲ့ပါဘူး”

တရားခွင်မှ ပရိသတ်များ၏ ငိုသံများ ထွက်လာသည်။

*====*====*====*====*====*

မိခင်ကတော့ မျက်လုံးများနီရဲနေသော်လည်း မျက်ရည်မကျ တရား သူကြီးအား စိုက်ကြည့်၍ နေသည်။

“ကျွန်မသမီးလေးရဲ့ ပျောက်နေတဲ့ခန္ဓာ ကိုယ် အပိုင်းအစလေးတွေ နဲ့ လက်ချောင်းလေးတွေ ရှာပေးကြပါရှင့် ... ကျေးဇူးတင်ပါတယ်”

*====*====*====*====*====*

ဆေးမှတ်တမ်းများအရ ကင်မ်ဆိုသော ကျောင်းသူတွင် (Schizophrenia )ဆိုသည့် စိတ်ရောဂါရှိခဲ့သည်မှာ အမှန်ဖြစ်သည်။
၇ နှစ်တိုင်တိုင် စိတ္တဇဆရာဝန်နှင့်ပြသခဲ့သော မှတ်တမ်းရှိသည်။

Schizophrenia ဆိုသည့်ရောဂါဆိုသည်မှာ မည်သို့သောရောဂါဖြစ်သနည်း။ အလွယ်ပြောရလျှင် အကြောင်းအရာတစ်ခုသည် စိတ်ကူးယဉ်အိပ်မက်၌ ဖြစ်ပျက်နေသည်လား၊ သို့မဟုတ် အပြင်၌ လက်တွေ့ ဖြစ်ပျက်နေသည်လား ... ခွဲခြား၍မသိနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

Schizophrenia စိတ်ဝေဒနာရှင်တို့၏ ရောဂါလက္ခဏာများမှာ-

- တကယ်မရှိသည်များကို ယုံကြည်နေခြင်း

- မိမိကိုယ်ကိုမိမိ ဘာတွေးနေသည်ကို သေသေချာချာမသိ။ အမြဲတမ်း မရေမရာ စိတ်ရှုပ်နေခြင်း

- သူတစ်ပါးမကြားရသော အသံတစ်မျိုးကို ကြားနေရပြီး မိမိကို ထိုအသံက စေခိုင်းနေခြင်း

- ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေ၍မရခြင်း

- အပယ်ခံဖြစ်ခြင်း

- မိမိခံစားချက်များကို ပြောမပြတတ်ခြင်း

- လှုပ်ရှားတက်ကြွမှု မရှိခြင်း

- အလုပ်တစ်ခုကို အပြီးသတ်သည်အထိ အာရုံစိုက်၍မရ

အသက် ၁၅ နှစ်နှင့် ၂၅ နှစ်ကြားတွင် အဖြစ်များသည်။

*====*====*====*====*====*

ဒီရောဂါဟာ တကယ်ပဲ လူတစ်ဦးကို အကြင်နာမဲ့စွာ သတ်ဖြတ် သည်အထိ ကြောက်စရာကောင်းသည်လား ...

ထိုအဖြေကိုသိရန် စုံစမ်းကြတော့သည်။

*====*====*====*====*====*

ကင်မ်၏လုပ်ရပ်များသည် စိတ္တဇဝေဒနာသည်တို့ လုပ်ဆောင်သော လုပ်ရပ် ဟုတ်မဟုတ် အဖြေရှာကြသည်။

ကင်မ်သည် ကလေးမလေးအား ဓာတ်လှေကားဖြင့် ၁၃ ထပ်သို့ ခေါ် သွားသည်။ ကင်မ်၏အိမ်သည် ၁၅ ထပ်ဖြစ်သည်။

လှေကားဖြင့် ၂ ထပ် ဆက်တက်သည်။

*====*====*====*====*====*

၁၂ နာရီ ၅၀ မိနစ်

ကလေးမလေးရီအား ကင်မ်သည် သူမအိမ်သို့ ခေါ်သွားသည်။ မိဘ များအလုပ်သွားနေ၍ အိမ်မှာ တစ်ယောက်မှမရှိ။

ကလေးမလေးအား ကြိုးသုံး၍ လည်ပင်းညှစ်၍ သတ်လိုက်သည်။ ကင်မ်သည် ရီ၏အသားတချို့ကို ခုတ်ထစ်သည့်အချိန် ၂ နာရီ ၁၀ မိနစ်ခန့် သာ ကြာသည်။

*====*====*====*====*====*

၃နာရီ ၀၀ မိနစ်

ကင်မ်သည် ကလေးမလေးရီထည့်ထားသော အလောင်းအိတ်ကို၂ အိတ်ခွဲ၍ အပြင်သို့ ထုတ်ယူလာသည်။

တိုက်ခန်း ၁၆ လွှာကို CCTV မရှိသည့် လှေကားမှတစ်ဆင့် တက်သည်။

ထိုမှတစ်ဆင့် အဆောက်အဦးခေါင်မိုးပေါ်သို့ တက်လိုက်၍ ခေါင်မိုးရှိ ရေလှောင်ကန်နံဘေးတွင် အလောင်းကို ပစ်လိုက်သည်။

ထောက်လှမ်းရေးတို့ပင်လျှင် ထိုရေလှောင်ကန်ကို ကင်မရာကိုင်၍တက်ရန် ခက်ခဲလှသည်ကို တွေ့ရသည်။

ထိုခက်ခဲလှသော ရေလှောင်ကန်ကို အလောင်းထမ်း၍ တက်ခဲ့သောကင်မ်။ သူမ ထိုအလောင်းပစ်မည့်နေရာကို ကြိုတင်ကြံစည် လေ့လာထားခြင်းဖြစ်ကြောင်း ခန့်မှန်းရသည်။

*====*====*====*====*====*

၎ နာရီ ၀၉ မိနစ်

ကင်မ်သည် အ၀တ်လဲ၍ အထုပ်တစ်ထုပ်ဆွဲကာ သူ့အိမ်မှ ထွက် လာ၍ အပြင်ထွက်သွားသည်။

ရဲထောက်လှမ်းရေးတို့က ကင်မ်၏အိမ်သို့ ၀င်ရှာကြရာ ဆင်ဝင် တံခါးပေါက်တွင် သမီးလေးရီ၏ဖိနပ်ကို တွေ့ရသည်။

အခြား သက်သေအထောက်အထား တစ်စုံတစ်ရာမရှိ။ ကလေးမလေးအား သတ်ခဲ့သည့် ရေချိုးခန်းကိုလည်း အလွန်ပိရိသေသပ်လှစွာ သန့်ရှင်းရေးလုပ်ထားသည်။

အထက်ဖော်ပြပါ Schizophrenia စိတ်ရောဂါဝေဒနာရှင်တို့သည် လူတစ်ဦးကို အကြင်နာမဲ့စွာ သတ်ဖြတ်သည်အထိ ကြောက်စရာကောင်းပါသည်။

သို့သော် ရက်ပေါင်းများစွာ အစီအစဉ်ချပြီး လူသတ်ရန် မပြုလုပ်နိုင်ကြပါ။ စိတ်ရောဂါထချိန်တွင် အခြားလူတစ်ယောက်ကဲ့သို့ စိတ်ပြောင်းသွားပြီးလူသတ်နိုင်သည်။

သို့သော် သဲလွန်စဖျောက်ဖျက်ခြင်းကို လုံးဝမပြုလုပ်နိုင်ကြ။

သူတို့သည် အာရုံစိုက်၍ အလုပ်တစ်ခုကို အစီအစဉ်တကျ ပြီးမြောက်အောင်
မလုပ်နိုင်ပေ။

ထို့ကြောင့် သူမသည် Schizophrenia စိတ်ရောဂါကြောင့် လူသတ်မိသည်ဟူသော အကြောင်းပြချက်ကို တရားရုံးမှ ပယ်ချလိုက်သည်။

*====*====*====*====*====*

ထိုအခါ ကင်မ်ထံတွင် လူမှုအသိုင်းအ၀ိုင်းကို မ၀င်ဆန့်နိုင်သည့် Asperger Syndromes ဟူသော ရောဂါ လက္ခဏာရှိသည် အခြားအမျိုးအစား စိတ်ရောဂါရှိသည်ဟု တင်သွင်းကြပြန်သည်။

သို့သော် Asperger Syndromes ဟူသော ရောဂါ လက္ခဏာရှိသူများသည် တစ်ပါးသူအား ရက်ရက်စက်စက် မပြုလုပ်ရဲ။ မပြုလုပ်နိုင်သော ဝေဒနာရှင်များဖြစ်၍ တရားရုံးမှ ထပ်၍ ပယ်ချသည်။

*====*====*====*====*====*

စိတ်္တဇဝေဒနာရှင်မဟုတ်လျှင် ကင်မ်သည် သမီးလေးရီအား အဘယ်ကြောင့် သတ်ပစ်သနည်း။
ကင်မ်သည် မည်သို့သောမိန်းကလေးဖြစ်သနည်း။

အိမ်နီးချင်း သူငယ်ချင်း ဆရာ၊ ဆရာမများထံ စုံစမ်းကြည့်ကြတော့သည်။

စိတ္တဇဝေဒနာရှင်ဖြစ်ဖို့ ဝေးသေးသည်။ စာတော်၍ စကားပြောရာတွင်လည်း ချက်ကျလက်ကျ ပြောဆိုတတ်သည်။ အတန်းခေါင်းဆောင်လည်း လုပ်ခဲ့ဖူးသည်။ ကာတွန်းပုံများကို ဆွဲရာတွင် အလွန်တော်သော မိန်းကလေးဖြစ်သည်... တဲ့။

*====*====*====*====*====*

သို့သော် သူမသည် စိတ်္တဇဆေးရုံ သွားခဲ့ရသည်မှာ မှန်သည်။ စိတ်ငြိမ်ဆေးများ သောက်ရသည်အထိမရှိ။ ကျောင်းခန်းထဲတွင် ပမာမခန့် အိပ်နေတတ်ပြီး နှိုးသောဆရာမအား အော်ဟစ်ရန်ဖြစ်သောသူဖြစ်သည်။

သွင်သွင်ကြီးရူးနေသည် မဟုတ်သော်လညသာမာန်ကျောင်းသူ များကဲ့သို့ မဟုတ်ခဲ့။

ထိုမိန်းကလေးသည် ညီမအရွယ်ရှိသော ကလေးမလေးအား ရက်ရက်စက်စက်သတ်ရသည်အထိ တွန်းပို့သော အဓိကအကြောင်းသည် မည်သည့်အရာဖြစ်သနည်း။ မေးခွန်းများ ထပ်ပေါ်လာသည်။

*====*====*====*====*====*

သမီးလေး ရီ၏ အသားအပိုင်းအစတို့ ပျောက်နေသည်မှာ အဘယ်ကြောင့်နည်း။

ထိုအသားတို့ ဘယ်ရောက်သွားသနည်း။
CCTV အရ ထို့နေ့က ကင်မ်က အထုပ်တစ်ထုပ်သယ်၍ အပြင်ထွက်သွားသည်။ ထိုအထုပ်က ဘာအထုပ်ဖြစ်သနည်း။

ကင်မ်သည် မည်သူ့အား ပေးလိုက်သနည်း။

*====*====*====*====*====*

ကင်မ်ဆိုသောကျောင်းသူ သွားရာလမ်းကြောင်းကို CCTV များမှ တစ်ဆင့် စုံစမ်းကြရာ တခြားကျောင်းသူတစ်ယောက်နှင့် သွားရောက်တွေ့ဆုံသည်ကို တွေ့ရလေသည်။

ထိုကျောင်းသူမိန်းကလေးသည် မည်သူဖြစ်သနည်း။

သူတို့နှစ်ယောက်တွင် မည်ကဲ့သို့သော လျှို့ဝှက်ချက်များရှိသနည်း။

*====*====*====*====*====*

မကြာမီပင် သူတို့ အဖြေရသွားကြသည်။
ရဲအရာရှိတို့က ကင်မ်၏သူငယ်ချင်း ဘာ့ခ် (Park ) ဆိုသော အသက် ၁၈ နှစ် တက်္ကသိုလ်ကျောင်းသူ မိန်းကလေးအား လူသတ်မှုအား စိတ်တူကိုယ်တူ အားပေးမှုကူညီမှုဖြင့် ဖမ်းဆီးလိုက်သည်။

*====*====*====*====*====*

အံ့သြစရာ ... သမီးလေးရီကိုသတ်သော တရားခံက မိန်းကလေးနှစ်ယောက်ဖြစ်နေသည်။ ပို၍ အံ့သြစရာကောင်းသည်က ကင်မ်နှင့်ဘာ့ခ် သူတို့ နှစ်ယာက်သိသည်မှာ၂ လမျှသာရှိသေးသော “လျှို့ဝှက်ကမ္ဘာမှ ချစ်သူ” တွေတဲ့။

မိန်းကလေးအချင်းချင်း ချစ်သူတွေ ...။
တောင်ကိုရီးယားပြည်သူများ ပို၍ နားမလည်နိုင်အောင် ဖြစ်သွားကြတော့သည်။ ဘာတွေဖြစ်ကုန်ပြီလဲ။

သူတို့၏ လျှို့ဝှက်ကမ္ဘာဆိုတာ ဘာလဲ။
"Online ပေါ်မှ လူသတ်သမားများ"
မရွှေမိုး ( ကိုရီးယား ) စာအုပ်မှ

အပိုင်း-၂
https://www.facebook.com/100015987859439/posts/463411130868478?sfns=mo
http://www.themeltingpot4u.com/2019/05/blog-post_644.html

No comments:

Post a Comment