Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 26, 2019

လေးဖက်နာ ရောဂါဆိုတာက….



တနေ့ ကျွန်တော့်ဆေးခန်းကို ကျွန်တော့်အမအရွယ်လောက်ရှိမဲ့ အမျိုးသမီးတစ်ဦး ရောက်လာပြီး

"ဆရာ ဒီတလော ကျွန်မအရိုးအဆစ်တွေ နာနေလို့ အစ်မတစ်ယောက်ကို အကြံဥာဏ် တောင်းကြည့် တော့ လေးဖက်နာပိုး သွားစစ်ကြည့်ပါလား ဆိုလို့သွားစစ်ကြည့်တာ သွေးစစ်တဲ့ဆရာက အကောင် ၃၀၀ ကျော်နေတယ် ပြောတယ်ဆရာ၊ ခုတောင် ဒီလောက် အကောင်များ နေတော့ နောက်ဆို ပိုများလာမှာကြောက်လို့ လေးဖက်နာဆေး ထိုးချင်လို့ပါ ဆရာ"ဆိုပြီး ကသောကမျော ပြောသံကြားတော့ ကျွန်တော်ပြုံးလိုက်မိတယ်။

ကျွန်တော်ပြုံးတာ သူတွေ့တော့ … “ ဘာဖြစ်လို့ ပြုံးတာလဲဆရာ” လို့ ထပ်ပြောတော့…

"အမကို ၃၀၀ ကျော်နေပြီလို့ ပြောတာက ပိုးကောင်ကို ပြောတာမဟုတ်ဘူး အမ၊ အဲဒီ Streptococcus လို့ခေါ်တဲ့ ဘက်တီးရီးယား ၊ အဲဒါကို လေးဘက်နာပိုးလို့ ခေါ်တယ်၊ အဲဒီပိုးက ထုတ်တဲ့အဆိပ်ကို ကာကွယ်ဘို့ ကိုယ့်ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ဓာတ် Anti Streptolysin – O လို့ ခေါ်တဲ့ ASO ပမာဏကို ပြောတာပါ၊ ASLO လို့လဲ ခေါ်တယ်၊ အရိုးအဆစ်နာပြီး ဒီ ASO တစ်ခုတည်း တက်ရုံနဲ့ လေးဖက်နာလို့ တထစ်ချ ပြောလို့မရပါ ဘူး။ အဲဒါကြောင့် လေးဖက်နာသေချာလား၊ အခြားဘာရောဂါတွေ ရှိသေးလဲ ဆိုတာ သွေးထပ်စစ်ရပါမယ်”

“ဆရာကလဲ… ဆရာပြောတဲ့ အဲဒီ ASO များရင်လေးဖက်နာပဲ လို့ သူများတွေ ပြောနေကြတာပဲ”

“ဟုတ်ပါတယ်၊ ဒါပေမဲ့ တခြားASO တက်တဲ့ရောဂါ အခြေအနေတွေလဲရှိပါတယ်။ ဥပမာ… တီဘီဖြစ်ရင် ASO တက်မယ်၊ အသည်းရောဂါဖြစ်ရင်လဲ ASO တက်မယ်၊ အဲဒါကြောင့် ASO တက်ရုံနဲ့ လေးဖက်နာလို့ပြောလို့မရပါဘူး။ တခါလေ ကိုယ်က အဲဒီလေးဘက်နာပိုးကြောင့် အဆစ်အမြစ်တွေကိုက်ခဲလို့ ကိုယ်က နီးစပ်ရာ ဆေးဆိုင်မှာ စပ်ဆေးလေး ၀ယ်သောက် လိုက်တယ်။ ဟိုက ပါရာစီတမောနဲ့ ပိုးသတ်ဆေး ကိုတွဲပေးလိုက်တယ်။ အဲဒီအချိန်မှာ သွေးသွားစစ်ရင် ကိုယ့်မှာ ပိုးရှိနေပေမဲ့ ASO တက်ချင်မှတက်မယ်။ တခါတလေ ခန္ဓာကိုယ်ထဲမှာ လေးဖက်နာပိုးသေသွားပြီးရင်တောင် ASO ကတက်ပြီး ကျန်နေတာလဲ ရှိတတ်ပါတယ်။ တခါတလေ ပိုးလေးဖက်နာ….”

"ဟင် ပိုးလေးဖက်နာ.... ဆရာ လေးဖက်နာနဲ့ ပိုးလေးဖက်နာ မတူ ပြန်ဘူးလား...."

“အင်း… ရှင်းလေရှုတ်လေ ဖြစ်တော့မှာပဲ၊ လေးဖက်နာအကြောင်းပြောရရင် တော်တော်ရှည်မှာ၊ မြန်မာစကားကလဲ ခြေဆစ်လက်ဆစ်တွေနာတဲ့ ရောဂါတိုင်းကို တစ်ခါ တည်း လေးဖက်နာလို့ သိမ်းကျုံးပြီး ခေါ်လိုက် တာကိုး။ ဒီတော့ လေးဖက်နာလို့ ပြောပြော နေတဲ့ ရောဂါတွေကို နဲနဲ ခွဲပြီး ပြောပြမယ်။

(၁) ပိုးလေးဖက်နာ ( Rheumatic Fever )

(၂) သွေးလေးဖက်နာ ( Rheumatoid Arthritis )

(၃) အရိုးရောင်လေးဖက်နာ ( Osteomylitis )

(၄) ဂေါက်ရောဂါ ( Gouty Arthritis )

(၅) အရည်ပြားလေးဖက်နာ ( Systemic Lupus Erythematosus )

(၆) ကျီးပေါင်းကြောင့်လဲ အရိုးအဆစ်တွေ နာတတ်ပါတယ်။ အဲဒီလို မျိုးခွဲများတာကြောင့် လေးဖက်နာရင် လေးဖက်မက စမ်းသပ်ရပါတယ်။ သွေးတွေလဲ သုံးလေးမျိုး စစ်မှ ရောဂါမှန် ပြီး ဆေးမှန်နိုင်မှာပါ။

ပထမ ပိုးလေးဖက်နာ ( Rheumatic Fever ) ကိုအကြာမ်းပြောရရင် သူက နောက်ဆက်တွဲ ရောဂါလို့ပြောရမယ်ထင်တယ်၊ လည်ချောင်းနာတာကနေ အရင် စဖြစ်တတ်တယ်၊ အဲဒီအချိန်မှာ ပိုးသတ်ဆေးမသောက်ရင်… ဒါမှမဟုတ် Course အပြည့်(သက်မှတ်ထာတဲ့အတိုင်း)မသောက်ရင် နောက် ၂ပတ် ကနေ ၄ပတ် အတွင်းမှာ အရိုးအဆစ်တွေ နာလာ တော့တာပါပဲ။ ဒီလို ခဏခဏ ဖြစ်မယ်၊ ကိုယ်ကလဲ မအားသေးလို့ ဆိုပြီး ဆေးမြီးတိုနဲ့ပဲ သွားနေမယ်၊ ဒါကို ဂရုတစိုက်နဲ့ ပျောက်အောင်မကုလိုက်မိရင် နှလုံးထိပြီး နှလုံးအဆို့ရှင် ပါ ပျက်စီးသွားရင် တစ်သက်လုံးသွားပြီ အမရေ။”

“ဟင်… ဆရာပြောသလိုဆို ကြောက်စရာကြီးပါလား၊ ဒါဆို ဒီအရိုးအဆစ်နာတာ ဒီပိုးလေးဖက်နာကြောင့်လား တခြားဟာကြောင့်လားဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ ဆရာ”

“သတ်မှတ်ချက်တွေရှိပါတယ်။ အဓိကသတ်မှတ်ချက် တွေက

၁။ အရိုးဆစ်ကြီးတွေ ရောင်လာမယ် (ဥပမာ… လက်ကောက်ဝတ်၊တံတောင်၊ဒူး ခုဆို လက်ချောင်းဆစ်ခြေချောင်းဆစ် တွေပါ သက်မှတ်ချက်မှာ ထည့်ထားပါတယ်)

၂။နှလုံးရောင်မယ်၊ အဆို့ရှင်တွေရောင်မယ်၊ နားကြပ်နဲ့နားထောင်ရင်ပုံမှန်မဟုတ်တဲ့ အသံတွေကြားမယ်။

၃။အရေပြားအောက်မှာ အလုံးတွေစမ်းမိမယ်။

၎။အရေပြားမှာ အကွင်းကွင်းနဲ့ အနီကွက်တွေ ပေါ်မယ်။

၅။ထူးထူးဆန်းဆန်း ကိုယ့်ဟာကိုယ် မထိန်းနိုင်ပဲ ကတဲ့ပုံစံမျိုး ခန္ဓာကိုယ် တွန့်သွားမယ်။

နောက်ထပ် ဆန်းစစ်ရတဲ့ အချက် တွေက …

၁။အရင်နှစ်ပတ်အတွင်းလည်ချောင်းနာပြီး ဖျားမယ်။

၂။ESR(Erythrocyte sendimentation rate) ESR လို့ ခေါ်တဲ့ သွေးနီဥ အနယ်ကျ နှုန်းတက်နေမယ်။

၃။ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရောင်ရမ်းရင် တက်တတ်တဲ့ (C- reactive protein) ခေါ်တဲ့ CRP ဓာတ်တစ်မျိုးတက်နေမယ်။

၎။ECG ဆွဲကြည့်ရင် PR လို့ခေါ်တဲ့အပိုင်း က ပုံမှန်ထက်ကြာနေမယ်။

၅။မကြာသေးခင်က scarlet fever လို့ခေါ်တဲ့ အဖျားဝင်ထားဖူးပြီး

၆။ သွေးဖြူ ဥတက်နေမယ် ဆိုတာတွေကိုလဲ ကြည့်ရပါတယ်။

ပိုးလေးဖက်နာလို့ပြောဖို့ဆိုရင် အပေါ်က " အဓိကသတ်မှတ်ချက် ၂ ချက်" ဒါမှမဟုတ် "အဓိကသက်မှတ်ချက် ၁ချက် နဲ့ ဆန်းစစ်ရမဲ့ အချက်တွေထဲက ၂ချက် ရှိနေရင် ပိုးလေးဖက် နာ လို့ပြောလို့ရပါပြီ။

ဒါကြောင့် ASO ပမာဏတစ်ခုထဲများနေရုံနဲ့တော့ လေးဖက်နာ ပါလို့ တထစ်ချ ပြောလို့မရဘူး ဆိုတာ သိပြီလို့ ကျွန်တော်ထင်ပါတယ်။ အခု အမက သူများပြောလို့ ကိုယ့်ဟာကိုယ် ဓာတ်ခွဲခန်းမှာ သွားစစ် … ASO တက်နေတာကို ပိုးကောင်ရေ ထင်ပြီး ပိုးသတ်ဘို့ ဆေးခန်းလာပြီး ဆေးထိုးခိုင်း… တော်သေးတာပေါ့… ဆေးဆိုင်သွားပြီး ပိုးသတ်ဆေး ၀ယ်မသောက်လိုက်လို့…. ဒီကိုလာလိုက်လို့ တော်သေးတာပေါ့၊ ကဲ … ခု ကျွန်တော်မေးမယ်။ အမ ဒီတစ်ပါတ် နှစ်ပါတ်အတွင်းမှာ နေမကောင်းဖြစ်ဘူးလား”

“အင်း…. တလောက မိုးကလဲအီတော့ ကိုယ်လက်တွေနာပြီး ကွေးချင်သလိုလို ဖြစ်လာတာနဲ့ ဆေးဆိုင်က ဆေးဝယ်သောက်လိုက်တာ နဲနဲသက်သာသွားတယ်။ ဒါပေမဲ့ အရင်လို Fit မဖြစ်ပဲ ကိုယ်လက်ကိုက်နေတာက မကောင်းလို့ ဟိုမေးဒီစမ်းနဲ့ ဆရာ့ဆီ ခု ဆေးထိုးဖို့ ရောက်လာတာပဲ”

“လည်ချောင်းကရော… နာလား၊ အစာစား ရေသောက်ရင် ဘယ်လိုနေလဲ”

“ ချောင်းနဲနဲဆိုးတော့ နာတယ်ပြောရမလား၊ ချောင်းဆိုးလို့နာတာပဲလား မပြောတတ်ဘူး ဆရာ”

“ဟုတ်ပြီ၊ ကဲ… ဒီတော့ ခုန ကျွန်တော်ပြောခဲ့သလိုပဲ ဒီချောင်းဆိုးတာကို ပျောက်အောင်အရင်ကုရမယ် ၊ ဆေးသောက်ရင် ကောင်းသွားမှာပါ၊ သိပ်ပြီးတော့လဲ စိတ်မပူနဲ့၊ အရိုးအဆစ်နာ မှ ကုရင်တောင် အချိန်မီပါသေးတယ်၊ ဆေးတော့ အချိန်ကာလတစ်ခုအထိ ပုံမှန်တော့ ထိုး/သောက်ရမှာပေါ့၊ တကယ်ဆိုးမှာက ဒီဟာကို စနစ်တကျမကုပဲ ဆေးမြီးတိုနဲ့သွားနေလို့ နှလုံးထိသွားမှ တစ်သက်လုံး နောင်တရနေမှာ၊ ဒီမှာ ဆေးယူပြီးရင် အခြားရောဂါ ရှိ/မရှိ သွေးသွားစစ်ကြည့်လိုက် အုံးနော်… ကျွန်တော် စာရေး ပေးလိုက်မယ်”......

လူသားများအားလုံး ရောဂါဘယ ကင်းစင်ကြပါစေ။

ဒေါက်တာမျိုးကိုကို
အထွေထွေရောဂါကုဆရာဝန်

No comments:

Post a Comment