Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 8, 2019

ဓါတ်ပုံတွေကို အနုပညာ ဖြစ်အောင် လုပ်ပေးတဲ့ Composition အပိုင်း(၁)

ဆရာ (ဦး) Zarni Myo Win ရဲ့ Note ဖြစ်ပါတယ်။ ကျွန်တော်ယခင်က share ထားပေးဖူးပြီးပေမယ့် pdf အတွက် post link တွေ ပြန်ယူဖို့ရှိလို့ page မှာ note အဖြစ် ပြန်တင်ပေးလိုက်တာပါ။ ခုန post က ဓါတ်ပုံတွေ မပါလာလို့ ပြန်ဖျက်လိုက်ပါတယ်။ ကျွန်တော် အချိန်အားရတိုင်း ပြန်ပြန်ဖတ်ဖြစ်နေတဲ့ စာစုတစ်ခုမို့ ဆရာ (ဦး) Zarni Myo Win အားလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
*******************************************************************
My theory of composition ? Simple : Do not release the shutter until everything in the viewfinder feels just right.”
“ကျွန်တော့်ရဲ့ Composition သီအိုရီလား ? ရိုးရိုးလေးပါ။ ကင်မရာ Viewfinder ထဲက အရာအားလုံး အဆင်ပြေပြီလို့ မခံစားရမချင်း Shutter ခလုတ်ကို မနှိပ်တာပဲပေါ့ ……..”
Ernst Hass
ဓါတ်ပုံတစ်ပုံကို အနုသုခုမခံစားမှုပေးနိုင်အောင် ဖန်တီးပြုလုပ်ပေးစေတာကတော့ Composition (အထားအသိုခင်းကျင်းဖွဲ့ စည်းမှု) ပဲဖြစ်ပါတယ်။ Composition ကို အဓိပ္ပါယ်ဖွင့်ဆိုရရင် ပုံတစ်ခုကိုပြုလုပ်ပေးတဲ့ ဖရိန်တစ်ခုအတွင်းက ပါဝင်ဖွဲ့စည်းမှု (element) တွေကို အစီစဉ်ချထားခြင်း ၊ စီမံခန့်ခွဲခြင်းပဲဖြစ်ပါတယ်။ သင်ကဖရိန်တစ်ခုထဲမှာ ဖယ်ထုတ်ပစ်လိုက်မဲ့အရာတွေဟာ သင်ကအဲ့ဒီဖရိန်ထဲကို ထည့်သွင်းမယ့်အရာတွေအတိုင်း အရေးပါတယ်ဆိုတာ သိထားဖို့လိုပါတယ်။
ပုံထဲမှာ ဘယ်အရာတွေက သင့်ရဲ့ဇာတ်လမ်းကို သေချာပြောပြပေးနိုင်မယ့်အရာတွေလဲ ၊ ဘယ်အရာတွေကအနှောင့်အယှက်ဖြစ်စေမဲ့အရာတွေလဲ ဆိုတာ သိထားခြင်းအားဖြင့် သင်က သင်ပြောပြချင်တဲ့ ဇာတ်လမ်းတစ်ခုကို တိတိကျကျရှင်းရှင်းလင်းလင်း ပြောပြပေးနိုင်မှာဖြစ်ပါတယ်။
ဒီနေ့ကင်မရာတွေဟာ ရိုက်ကူးမှုအစိတ်အပိုင်းအတော်များများကို Auto (အလိုအလျောက်) ပြုလုပ်ပေးနိုင်ပီဖြစ်ပေမယ့် လူကပဲ ရွေးချယ်ပြီးပြုလုပ်ပေးနိုင်တာကတော့ Composition ပါ။ Composition နဲ့ပတ်သက်တာတွေ စည်းမျဉ်း (Rules) တွေအတော် များများရှိပါတယ်။ သင်လိုက်နာလိုက လိုက်နာနိုင်သလို မလိုက်နာလို့လဲရပါတယ်။ ဒါပေမယ့် မြင်ကွင်းတစ်ခုထဲမှာ ပါဝင်မယ့် Element (ဖွဲ့စည်းမှုအစိတ်အပိုင်း) တွေကို ဘယ်လိုနေရာချထားပြီး စီစဉ်မလဲဆိုတာကိုတော့ သင်ကိုယ်တိုင်ကပဲ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချရမှာပါ။
Composition ဆိုတာဟာ အဖြေပေးရမယ့် ညဏ်စမ်းပဟေဠိတစ်ခုနဲ့တူပါတယ်။ တခါတရံမှာ သင်ဟာ တွေးဖို့၊ အတွေ့အကြုံ ယူဖို့အချိန်ရတတ်ပေမယ့် သဘာဝတရားနဲ့ပတ်သက်ပြီးရိုက်ကူးရာမှာတော့ အဲ့ဒီလိုအချိန်မရပါဘူး၊ သင့်ရဲ့ခံစားသိမြင်မှုစိတ်နဲ့ ပဲလျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချရတဲ့အခါမျိုးတွေရှိပါတယ်။
Composition Rules (ဖွဲ့စည်းမှုစည်းမျည်းများအကြောင်း)
Rule (စည်းမျည်း) ဆိုလိုက်တဲ့အတွက် လိုက်နာရမယ့်သဘောလို့အမိန့်ပေးသလို ဖြစ်နေပါတယ်။ မျက်စိစုံမှိတ်ပြီးလိုက်နာရ မယ်ဆိုတာဟာ creation ဖန်တီးမှုနဲ့တော့ ဆန့်ကျင်ဘက်အရာပါ။ သတ်မှတ်ထားတဲ့စည်းမျည်းတွေရှိနေပေမယ့် ဒီစည်းမျည်း တွေဟာသင့်ပုံတွေကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့အပေါ် ဘောင်ကျည်းတဲ့နည်းလမ်းဆိုတဲ့အမြင်ထက် အသုံးပြုဖို့ အဆင်ပြေမယ့် နည်းလမ်းတွေလို. မြင်သင့်ပါတယ်။
(၁) The Rule of Thirds
လူတိုင်းကြားဖူးတဲ့ Composition စည်းမျည်းတစ်ခုလိုပြောပြရရင်တော့ အဲဒါဟာ “Rule of Third” ပဲဖြစ်ပါတယ်။ ဒီစည်းမျည်းက အရမ်းရိုးရှင်းပြီး ပုံကိုနှစ်သက်ဖွယ်ဟန်ချက်ညီမှု (balance) ဖြစ်စေဖို့အကူအညီပေးနိုင်ပါတယ်။ Rule of Thirds ဖြစ်ဖို့ ပုံကို ဒေါင်လိုက်မျည်း (၂) ကြောင်းနဲ့ အလျားလိုက်မျည်း (၂)ကြောင်းကို အကွာအဝေးတူညီစွာနေရာချသတ်မှတ်ဖို့လိုပါတယ်။ တကယ်လို့သင့်ကင်မရာကို Live View နဲ့ရိုက်ကူးတဲ့အခါမှာလဲ ဒီလိုမျည်းလိုင်းတွေပေါ်နေပါလိမ့်မယ်။ အခြေခံအားဖြင့်ပြောရ ရင်မြင်ကွင်းထဲက အလျားလိုက် (သို့) ဒေါင်လိုက် ပါဝင်ဖွဲ့စည်းတဲ့ အရာဝတ္ထုတွေကို အဲဒီစိတ်ကူးမျဉ်းတွေအတိုင်းအပြိုင်ရှိနေ စေဖို့ ဒါမှမဟုတ် ပုံရဲ့အဓိက Focus point ဟာ အဲဒိမျဉ်းနှစ်ခုဆုံတဲ့ အမှတ်နေရာမှာရှိနေစေဖို့ဖြစ်ပါတယ်။
Landscape ရှုမျှော်ခင်း ပုံတွေကို ဥပမာပေးရရင် ၊ ပုံထဲက မိုးကုတ်စက်ဝိုင်းမျဉ်း (horizon line) ကို Rule of Thirds အရ ဘယ်လိုသတ်မှတ်မလဲဆိုတာမျိုးပါ။ တကယ်လို့မြေကြီးနဲ့ကောင်းကင်ကို တစ်ဝက်စီအညီအမျှပိုင်းပြီး ရိုက်ကူးလိုက်မယ် ဆိုရင်တော့ အဲဒီပုံဟာ စွမ်းအင်တစ်ခုပျောက်ဆုံးသလိုမျိုးဖြစ်သွားမှာပါ။ မိုးကုတ်စက်ဝိုင်းမျည်းကို Rule of Thirds အတိုင်း ထားလိုက်ရင်တော့ ချက်ခြင်းစိတ်ဝင်စားစရာပုံအဖြစ် ပြောင်းသွားမှာဖြစ်ပြီး ၊မြေကြီးကို အဓိကထားမလား ၊ ကောင်းကင်ကို အဓိကဦးစားပေးမလားဆိုတာကိုလဲ ဆုံးဖြတ်ပေးလို့ရသွားမှာဖြစ်ပါတယ်။



(၂) Golden Ratio
Golden Ratio ကတော့ အလွန်အံ့သြဖွယ်ကောင်းတဲ့စိတ်ဝင်စားစရာကိန်းကဏ္ဏန်းတွေပါ။ 1.618 (တခါတရံ ဂရိစာသား Phi/Φ) ဖြစ်ပါတယ်။ ဒီကဏ္ဏန်းတွေဟာ ထင်ရာမြင်ရာကဏ္ဏန်းတွေလို့ ထင်စရာရှိပေမယ့်၊ အရှည်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း (a) ကို တိုတဲ့အပိုင်းဖြစ်တဲ့ (b) နဲ့စား တဲ့အရာက (a)+(b) ကို (a) နဲ့စားတဲ့ အရာနဲ.တူညီတဲ့ကိန်းကဏ္ဏန်းပါ။ သင်္ချာအရခုလိုဖော်ပြပါတယ်။
a/b = a+b/a = 1.618



ဒီကဏ္ဏန်းတွေကိုကြည့်ပြီး စိတ်ရှုတ်ထွေးမသွားပါနဲ့။ ဒီကိန်းကဏ္ဏန်းတွေက သင့်ရဲ့ပုံတွေကို အသုံးချဖို့အရာမှာသိပ်ကိုအရေးမ ကြီးပါဘူး။ ဒီကိန်းကဏ္ဏန်းတွေကိုဖန်တီးပေးတဲ့ ခရုပတ်ပုံသဏ္ဏာန်ကိုပဲ သင်အမှတ်ရနေဖို့ပဲလိုတာပါ။ Golden Ratio ဟာအလွန် ပဲဟန်ချက်ညီမှုကိုဖြစ်စေပါတယ်။ အဲဒီဟန်ချက်ညီမှုကလူသားရဲ့မျက်လုံးကို မျက်စိပသာဒဖြစ်စေတာပါ။ ဒါကြောင့်လဲ ဒီ Golden Ratio က သင်္ချာဘက်ကိုကျော်လွန်ပြီးတော့ အနုပညာဘက်ကို ရောက်လာတာပါ။ Mona Lisa နဲ့ The Last Supper ပန်းချီကားတွေမှာ Golden Ratio ကိုအသုံးချထားပါတယ်။ ဓါတ်ပုံနယ်ပယ်မှာတော့ ကြည့်ရှုသူရဲ့မျက်လုံးကို ပုံရဲ့အစိတ်အပိုင်း အားလုံးကနေပြီး သင့်ရဲ့ အဓိက Subject နေရာဆီကိုဆွဲခေါ်ပြီး သွားနိုင်ပါတယ်။
ဓါတ်ပုံမှာ Golden Ratio ကိုအသုံးချဖို့ သင်္ချာကိန်းကဏ္ဏန်းတွေကို နားမလည်လဲရတာဟာအတော်ကို ကျေးဇူးတင်ရမှာပါ။ သင်ကခရုပတ်တစ်ခုကိုပဲရင်းနှီးကျွမ်းဝင်နေဖို့လိုအပ်တာပါ။ ခရုပတ်တစ်ခုရဲ့ အသေးဆုံးအစိတ်အပိုင်းမှာ သင့်ရဲ့အဓိက စိတ်ဝင်စားစေမဲ့ အရာကိုထားလိုက်ရုံပါပဲ။ လူတွေရဲ့မျက်စိက အလိုအလျောက်ပုံကနေပြီး အဲဒီကို စီးမျှောပြီးရောက်ရှိသွားမှာပါ။ ဒီခရုပတ်ပုံသဏ္ဏာန်ကို ပြောင်းပြန်လှန်တာပဲ ဖြစ်ဖြစ်၊ ဘယ်ညာပြောင်းတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဦးတည်ရာလမ်းကြောင်း ကအရေးမကြီးပါဘူး။ ပုံသဏ္ဏာန်နဲ့အဲဒီအကွာအဝေးတွေကပဲ အရေးပါတာပါ။ အဲဒီခရုပတ်ပုံသဏ္ဏာန်မဟုတ်ပဲ Rule of Thirds လို မျည်းတွေအနေနဲ့လဲအသုံးချနိုင်ပါသေးတယ်။ ဒါပေမယ့် မျည်းတွေကို အညီအမျှပိုင်းခြားတာမဟုတ်ပဲ 1:1.618 အချိုးနဲ့ချရ တာဖြစ်ပါတယ်။ Rule of Thirds လိုပဲ အဲဒီမျည်းတွေရဲ့ ဆုံမှတ်နေရာမှာ သင့်ရဲ့ Subject အရာဝတ္ထုကို နေရာချပေးရတာပါ။ ကိုယ်ရိုက်တဲ့ဓါတ်ပုံအနေအထားပေါ်မူတည်ပြီးတော့ ဘယ်လိုပုံစံကို အသုံးချရမလဲဆိုတာက ပြောင်းလဲနိုင်ပါတယ်။ ဥပမာ Landscape ရှုမျှော်ခင်းအတွက် Grid Line မျည်းကြောင်းတွေက ပိုအသုံးဝင်တတ်ပြီး ၊ တခါတရံမှာလူပုံ (Portrait) တွေအတွက်ခရုပတ်ပုံရဲ့အသေးဆုံးအစိတ်အပိုင်းနေရာမှာလူရဲ့မျက်လုံးကို နေရာချပေးတာက ပိုအသုံးဝင်တတ်တာမျိုး ရှိပါတယ်။ Rule of Thirds လိုပဲ Golden Ratio ကလဲ အလွန်ရိုးရှင်းတဲ့ Composition ဖွဲ့စည်းမှုတစ်ခုလို့လဲ ပြောနိုင်ပါတယ်။





(၃) The Golden Triangle
The Golden Triangle ဆိုတာကတော့ ပုံကို အရွယ်အစားမတူညီတဲ့ အနည်းဆုံးတြိဂံ (၃) ခုနဲ့ပိုင်းခြားပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ပုံသဏ္ဏန်ကတော့ အတိအကျတူညီကြရမှာပါ။ တြိဂံ (၂) ခုကို ပုံရဲ့ထောင့်တစ်ခုဆီကနေထောင့်တစ်ခုဆီသို့ ဒေါင့်ဖြတ် အလိုက်ပထမအစ ပိုင်းခြားထားပြီး နောက်ထပ်တြိဂံ (၂)ခုကို ပထမအစ တြိဂံတစ်ခုနဲ့ ပိုင်းခြားလိုက်ဖြင်းဖြင့် အဲ့ဒီတြိဂံအသစ် တွေရဲ့ပုံသဏ္ဏန်ဟာ ပိုကြီးတဲ့ အဓိကတြိဂံနဲ့ ညီတူတန်းတူဖြစ်သွားပါမယ်။ အဓိကကျတဲ့ ဖွဲ့စည်းမှုအစိတ်အပိုင်း (elements) တွေကို မတူညီတဲ့တြိဂံ တွေရဲ့အထဲမှာ သို့မဟုတ် အနားသတ်လိုင်းတွေအတိုင်း နေရာချထားပေးရပါတယ်။ အဲဒီတြိဂံမျည်းတွေရဲ့ ဆုံမှတ်နေရာမှာ သင့်ရဲ့အဓိက Subject ကို နေရာချပေးခြင်းဟာ Rule of Thirds ရဲ့ ဆုံမှတ်နေရာတွေထက်ပိုပြီးတော့ ပြင်းထန်ထိရောက်တဲ့ ဖွဲ့စည်းမှု Composition ကို ဖြစ်စေပါတယ်။









(၄) အလျားလိုက် (သို့မဟုတ်) ဒေါင်လိုက်ရွေးချယ်ခြင်း
Composition ဖွဲ့စည်းမှုမှာ နောက်ထပ်အရေးကြီးတဲ့ ဆုံးဖြတ်မှုတစ်ခုကတော့ အလျားလိုက် သို့မဟုတ် ဒေါင်လိုက် ပုံစံရွေးချယ် မှုဖြစ်ပါတယ်။ Landscape ရှုမျှော်ခင်းပုံတွေကတော့ အများအားဖြင့် အလျားလိုက်ပုံစံရွေးချယ်လေ့ရှိကြပါတယ်။ ဒါကြောင့်လဲ Landscape Format ပုံစံလို့ ပြောကြတာပါ။ ကျွန်တော်တို့ရဲ့အကြည့်ကို အပေါ်ကြည့်လိုက် အောက်ကိုကြည့်လိုက် ပြုလုပ်တာ ထက် မြင်ကွင်းတစ်ခုကို မျက်စိတစ်ဆုံးငေးမောကြည့်ရှုလေ့ရှိတာကြောင့်လဲ ဖြစ်ပါတယ်။ အမြင့်က နိမ့်ပြီး မြင်ကွင်းကကျယ်တဲ့အတွက် အလျားလိုက်ပုံစံဓါတ်ပုံတွေဟာ ဒေါင်လိုက်ပုံတွေထက်ပိုပြီးတည်ငြိမ်စေပါတယ်။ အလျင်စွမ်းအင်ကိုလည်း လျော့ပါးစေသလို ခံစားစေပါတယ်။ ဒါပေမယ့် ပုံတွေကို အလျားလိုက်ပုံစံလား ဒေါင်လိုက်ပုံစံလားဆိုတာ အတွက် အမှားအမှန် သတ်မှတ်ချက်ရယ်လို့မရှိပါဘူး။ အဓိကဆုံးဖြတ်ရမှာက သင့်ရဲ့Subject နဲ့လိုက်ဖက်ပြီး အံဝင်မှုရှိလားဆိုတာပေါ်မူတည်တာပါ။ တချို့ပုံတွေက အလျားလိုက်ပုံစံသင့်တော်ပြီး တစ်ချို့ပုံတွေက ဒေါင်လိုက်ပုံစံသင့်တော်ကြပါတယ်။ ဒေါင်လိုက်ပုံစံရိုက်ကူးတာ ကတော့ အမြင့်နဲ့ အနက်ထုထည်ကို ပိုပေါ်လွင်ထင်ရှားစေပါတယ်။ သစ်ပင်တစ်ပင်တည်းကို ရိုက်ထားတာက ဒေါင်လိုက်ပုံစံ ရွေးချယ်မှုကပိုကောင်းပြီး ၊ သစ်တောအုပ်ဆိုရင်တော့ အလျားလိုက်ပုံစံ ရွေးချယ်တာက ပိုသင့်တော်ပါတယ်။






(၅) Visual Weight (အမြင်အာရုံအလေးချိန်)
ဓါတ်ပုံတွေထဲက အစိတ်အပိုင်းတွေအားလုံးဟာ မတူညီကြပါဘူး။ ကျွန်တော်တို့ဓါတ်ပုံတစ်ပုံကို ပထမဦးဆုံးကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့မျက်စိတွေဟာ ပုံရဲ့တစ်နေရာကို ပထမဦးဆုံးသဘာဝအလျောက်အကြည့်ရောက်သွားပါတယ်။ ပုံရဲ့တစ်ချို့ အစိတ်အပိုင်းတွေဟာ တစ်ချို့အစိတ်အပိုင်းတွေထက်ပိုပြီး အမြင်အာရုံအရပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ကျွန်တော်တို့ကို ဒီလိုကြည့်စေဖို့အတွက် ဆွဲဆောင်စေတဲ့အရာကို Visual Weight (အမြင်အာရုံအလေးချိန်) လို့ခေါ်ပါတယ်။ လူဟာရင်းနှီး ကျွမ်းဝင်မှုရှိတဲ့အရာဝတ္တုသက်ရှိတစ်ခုပါ။ ဒါကြောင့်လူဟာအမြင်အာရုံအလေးချိန်ပိုပါတယ်။ လူရဲ့မျက်နှာအစိတ်အပိုင်းကလဲ အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်ပိုပြီးအမြင်အာရုံအလေးချိန်ပိုပါတယ်။ ဒါကြောင့်မို့သင်က Landscape ရှုမျှော်ခင်း ထဲမှာ လူကိုထည့်သွင်းရိုက်ခဲ့ရင် ဘယ်လောက်ပဲအဲဒီရှုမျှော်ခင်းကရင်သပ်ရှုမောဖွယ်ရာဖြစ်နေပါစေ အဲဒီလူကပဲ အဓိက ဆွဲဆောင်မှုသော့ချက်ဖြစ်သွားရပါတယ်။ ဒါကြောင့် ရှုမျှော်ခင်းကိုပဲအဓိကထားပြီးသင်ရိုက်ကူးချင်ခဲ့မယ်ဆိုရင် လူကိုထည့်သွင်း ပြီးမရိုက်ကူးမိစေဖို့ကို သတိပြုရမှာပဲဖြစ်ပါတယ်။






လူကပဲအမြင်အာရုံအလေးချိန်ရှိတာမဟုတ်ပါဘူး တစ်ချို့အရောင်တွေကလဲ အချို့အရောင်တွေထက်ပိုပြီး အမြင်အာရုံအလေးချိန်ပိုရှိကြပါတယ်။ အနီရောင်က အစိမ်း သို့မဟုတ် အပြာရောင်ထက် ပိုပြီး အမြင်အာရုံအလေးချိန်ပိုရှိပါတယ်။ ဒါ့အပြင် ပိုမဲမှောင် ၊ ပိုအရောင်များတဲ့အရာတွေက ပိုလင်းပြီး ၊ အရောင်ဖျော့တဲ့အရာတွေ ထက်ပိုပြီး အမြင်အာရုံအလေးချိန်ပိုကြပါသေးတယ်။ ဒါ့အပြင် အဖြူက အမဲထက်ပိုပြီး အမြင်အာရုံအလေးချိန်ပိုလေးပါသေး တယ်။ Visual weight (အမြင်အာရုံအလေးချိန်) ဟာပုံတစ်ခုရဲ့ Composition ဖွဲ့စည်းမှုဆုံးဖြတ်တဲ့နေရာမှာ အလွန်အရေးကြီး ပါတယ်။ သင်အဓိကပြလိုတဲ့ အရာဝတ္ထုကအခြားအရေးမပါတဲ့အရာဝတ္ထုတွေထက်ပိုပြီး အမြင်အာရုံအလေးချိန်ပိုထားရပါမယ်။ အဲဒီလိုမဖြစ်ခဲ့ဘူးဆိုရင် သင့်ပုံကိုကြည့်တဲ့မည်သူကမျှ သင်ပြလိုတဲ့ အရာ Subject ကို ကရုမပြုမိပဲဖြစ်သွားပါလိမ့်မယ်။
Visual Weight (အမြင်အာရုံအလေးချိန်) ရှိတဲ့ အရာအချို့ကို အောက်ပါအတိုင်းစုစည်းပြီး တင်ပြထားပါတယ်။
(၁) အလင်းအမှောင်ကွဲပြားခြားနားချက်ရှိသောနေရာ (Area’s of contrast)
(၂) Focus ပြတ်သားတဲ့ အရာများ
(၃) တောက်ပတဲ့နေရာများ
(၄) အရောင်လွန်ကဲနေသောအရာများ
(၅) အနွေးအရောင်များ (အနီ / အ၀ါ)
(၆) ကြီးမားသော အရာများ
(၇) လူများ ၊ တိရိစ္ဆာန်များ
(၈) သင့် Subject ရဲ့မျက်လုံးများ
(၉) သင့် Subject ရဲ့ အကြည့်လမ်းကြောင်း (အကယ်၍ဘာမှမရှိတဲ့ နေရာလွတ်တစ်ခုဖြစ်ခဲ့ရင်တောင်မှ visual weight ရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကြည့်ရှုသူအနေနဲ့ သင့် Subject ရဲ့အကြည့်အတိုင်းလိုက်ပြီး တော့ ကြည့်ချင်လို့ပဲ ဖြစ်ပါတယ်)
အဖြူရောင်က ပိုပြီး အမြင်အာရုံအလေးချိန်ပိုပါတယ်။ ကျွန်တော်တို့တွေဟာ မဲမှောင်တဲ့နေရာတွေထက်ပိုပြီးတော့ လင်းလက် တဲ့နေရာတွေကို လျင်လျင်မြန်မြန်ပဲ သတိပြုမိတတ်ကြပါတယ်။



(၆) Balance (ဟန်ချက်ညီမှု)
ပုံတွေထဲမှာတကယ့် ရုပ်ပိုင်းဆိုင်ရာအလေးချိန်ဆိုတာ မရှိသော်လည်းပဲ ၊ အမြင်အာရုံအလေးချိန်ပိုပြီးလေးတဲ့အရာတွေက ဟန်ချက်မညီမျှမှုကို ဖြစ်ပေါ်စေပါတယ်။ ဘယ်/ညာ ဟန်ချက်ညီမျှမှုတစ်ခုသာ အရေးပါတာမကပဲ အပေါ်အောက် ဟန်ချက်ညီမျှမှုကလဲ အရေးပါပါတယ်။ ပုံထဲက အပေါ်ပိုင်းနေရာမှာ အမြင်အာရုံအလေးချိန်ပိုတဲ့အစိတ်အပိုင်းတွေကြောင့် အပေါ်ပိုင်းတစ်ခုကြီးလေးလံနေသလိုမျိုးခံစားစေရမှာဖြစ်ပါတယ်။



ဒီပုံထဲမှာမြင်ရတဲ့အတိုင်းပုံရဲ့ အပေါ်ဘက်မှာရှိတဲ့ တောင်ကြီး ကြောင့် ပုံရဲ့ထိပ်ပိုင်းဟာ လေးလံနေသလို ကြည့်ရှုသူကို ခံစားရစေပါတယ်။
ဓါတ်ပုံတွေကို Balance (ဟန်ချက်ညီမျှ) စေဖို.နည်းလမ်းများ
ဓါတ်ပုံတွေကို Balance (ဟန်ချက်ညီမျှ) စေအောင် ကိုယ်ရိုက်မဲ့ ဖရိန်ကို နေရာရွေ့ပေးခြင်း၊ အရာဝတ္ထု Object တွေကို ယှဉ်တွဲခိုင်းနှိုင်းပြသခြင်းအားဖြင့် Tones (ကာလာအနုအရင့်) ၊ အရာဝတ္ထု (Object) ၊ အရောင် (Color) တွေ အမြင်အာရုံ အလေးချိန်ကိုညီမျှစေပြီး ဟန်ချက်ညီမျှမှုဖြစ်စေပါတယ်။ ဓါတ်ပုံတွေကို Balance (ဟန်ချက်ညီမျှ) စေအောင်ပြုလုပ်ဖို့ နည်းလမ်း (၂)ခု ရှိပါတယ်။
သမားရိုးကျ (Formal) နည်းလမ်းနှင့် သမားရိုးကျမဟုတ်တဲ့ (Informal) နည်းလမ်းတို့ပဲ ဖြစ်ပါတယ်။ (အခြားသောနည်းလမ်းကောင်းများလည်းရှိနိုင်ပါသေးတယ်)
အောက်ပါနည်းလမ်းပုံစံ (၅)ခုကို အသုံးပြုပြီး ဓါတ်ပုံတွေကို အနုသုခုမ ခံစားမှုပေးနိုင်ဖို့ ၊ ပိုမိုပြီး အဓိပ္ပါယ်လေးနက်စေဖို့ပြုလုပ်ပေးနိုင်ပါတယ်။
(၁) Symmetrical Balance (ခေါက်ချိုးညီဟန်ချက်ညီမျှမှု)
သမားရိုးကျဟန်ချက်ညီမျှမှု နည်းလမ်းတစ်ခုဖြစ်ပြီး ၊ ဓါတ်ပုံရိုက်ကူးရာမှာအများဆုံးအသုံးပြုတဲ့အရာကတော့ Symmetrical Balance (ခေါက်ချိုးညီ ဟန်ချက်ညီမျှမှု) ပဲဖြစ်ပါတယ်။ ၀ါရင့်ပရိုဓါတ်ပုံဆရာတွေ ၊ ဓါတ်ပုံ workshop တွေမှာ ကိုယ်ပြမဲ့ အရာဝတ္တု (Subject) ကိုရှေ့ဘက်အလယ်ဗဟို (Center) မှာထားပြီး မရိုက်ဖို့အကြံညဏ်ပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် အခုလိုပုံစံဓါတ်ပုံမျိုးမှာတော့ အရာဝတ္တု (Subject) ကို အမြင်အာရုံဆွဲဆောင်မှုပိုရှိစေပြီး ၊ ပိုမိုအားကောင်းစေပါတယ်။ ခေါက်ချိုးညီဟန်ချက်ညီမျှနေတဲ့ပုံတွေမှာ ဖရိန်ရဲ့ (၂) ဖက်စလုံးက အလေးချိန်တူညီမှုရှိနေပြီး ကြေးမုံပြင်လိုတစ်ခုနဲ့တစ်ခုထင် ဟပ်နေပါတယ်။ အလျားလိုက် သို့မဟုတ် ဒေါင်လိုက် တစ်ဝက်စီညီမျှစွာပေးထားချိန်မှာ ပြလိုတဲ့ အရာဝတ္ထု (Subject) ကို သေသေချာချာ အလယ်ဗဟိုနေရာကိုရွေးပြီး ချပေးခြင်းအားဖြင့် လုံးဝကို ပြီးပြည့်စုံတဲ့ ခေါက်ချိုးညီဟန်ချက်ညီမျှမှုကို ဖြစ်ပေါ်စေပါတယ်။



(၂) Asymmetrical Balance (အချိုးမညီ ဟန်ချက်ညီမျှမှု)
သမားရိုးကျမဟုတ်တဲ့ (informal) နည်းလမ်းတစ်ခုဖြစ်ပြီး ၊ ဓါတ်ပုံသင်တန်းတွေ၊ workshop တွေမှာ ယျေယူယျအများဆုံး သင်ကြားပေးလေ့ရှိတာကတော့ Asymmetrical Balance (အချိုးမညီဟန်ချက်ညီမျှမှု) ပဲဖြစ်ပါတယ်။ The Rule of Thirds ကိုသုံးပြီး မျည်းကြောင်းတွေထိဆက်နေတဲ့ နေရာလေးခုမှာ အရာဝတ္ထုတွေကို နေရာချပေးခြင်းအားဖြင့် ဒီနည်းလမ်းကို အသုံးပြု နိုင်ပါတယ်။ အောက်ကဓါတ်ပုံထဲမှာမြင်ရတဲ့အတိုင်း ဖရိန်ထဲမှာအရွယ်အစားမတူညီတဲ့အရာဝတ္ထု Subject တွေ (ကျောက်ဆစ်လက် က အရွယ်အစားပိုကြီးပြီး သစ်ပင်က အရွယ်အစားပိုသေးပါတယ်)၊






ဒီပုံမှာတော. အပေါ်ဖက်အပိုင်းက အလင်းတောက်ပနေတဲ့ ကောင်းကင်နဲ့ အောက်ပိုင်းကတော့ မှောင်နေတဲ့ တောင်တန်း တို့ကလဲ မတူညီတဲ့ ဆန့်ကျင်ကွဲပြားတဲ့ အရောင်အနုအရင့် (Contrasting tones) တွေနဲ့ဟန်ချက်ညီမျှအောင်ပြုလုပ်ထားပါတယ်။
(၃) Color Balance (အရောင်များဟန်ချက်ညီမျှမှု)
သမားရိုးကျမဟုတ်တဲ့နည်းလမ်းနဲ့ ဟန်ချက်ညီမျှစေတဲ့အခြားနည်းလမ်းတစ်ခုကတော့ အရောင်(color) တွေကို အသုံးပြုခြင်း ဖြစ်ပါတယ်။ အလွန်တောက်ပတဲ့ အရောင်တွေဖြစ်တဲ့အနီရောင် ၊ အ၀ါရောင် ၊ လိမ္မော်ရောင် စတဲ့အရောင်တွေပါဝင်တဲ့ ဓါတ်ပုံတစ်ပုံဟာ အလွန်အမင်းထူးကဲနေတဲ့ပုံဖြစ်မှာပါ။



ဒါ.အပြင် neutral (ကြားအရောင်) အရောင်နဲ့အရောင်ဖျော့တော့တဲ့ အရောင်တွေရှိတဲ့ဧရိယာအကျယ်ထဲမှာ တောက်ပတဲ့ကာလာအရောင်တွေကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ဟန်ချက်ညီမျှမှုကို ဖြစ်စေပါတယ်။



(၄) Tonal Balance (အရောင်အနုအရင့် ဟန်ချက်ညီမျှမှု)
သမားရိုးကျမဟုတ်တဲ့ ဟန်ချက်ညီမျှမှုကိုဖြစ်စေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Monochromatic (အရောင်တစ်ခုတည်းရှိသော) ဓါတ်ပုံတွေ ၊ အဖြူအမဲ (Black and white) ဓါတ်ပုံတွေမှာ မတူညီတဲ့အရောင်အနုအရင့် တွေနဲ့ ခွဲဖြားပြီးတော့ ဖြစ်စေတဲ့နည်းလမ်းပါ ၊ အဲဒါကို Tonal Balance လို့ခေါ်ပါတယ်။ ဒီနည်းလမ်းမှာတော့ ဓါတ်ပုံထဲမှာရှိတဲ့ အလင်းရှိတဲ့ အပိုင်းနဲ့ အမှောင်ဖြစ်နေတဲ့အပိုင်း နှစ်ခု ကြားကိုကွဲပြားခြားနားခြင်းအားဖြင့် Tonal Balance ကို မြင်တွေ့ရနိုင်ပါတယ်။ တောက်ပတဲ့အရောင်တွေလိုပဲ မဲမှောင်တဲ့ ဧရိယာတွေဟာ ကျွန်တော်တို့ မျက်စိထဲမှာ လေးလံမှုတွေ ဖြစ်စေပါတယ်။ ပိုပြီးတော့ကြီးတဲ့ ၊ လင်းတဲ့ ဧရိယာ တွေနဲ့ ယှဉ်တွဲပြီး အကောင်းဆုံးဟန်ချက်ညီမျှမှုကိုလဲ ဖြစ်စေပါတယ်။ အောက်ကပုံထဲမှာမြင်ရတဲ့အတိုင်း ရှေ့ဘက် foreground အပိုင်းက မဲမှောင်နေတဲ့ဧရိယာက နောက်ဘက်ကလင်းတဲ့ ဧရိယာနဲ့ ဟန်ချက်ညီမျှမှုကိုဖြစ်စေပါတယ် ။ (ပုံ ၁)



မဲမှောင်နေတဲ့ ရှေ့ဘက် Foreground အရာဝတ္တုကို Rule of Thirds အတိုင်းထားရှိပေးလိုက်ရင် ပိုမိုပြီး အနုသုခုမ ခံစားမှုကိုပေးစွမ်းနိုင်မှာပါ ။
(၅) Conceptual Balance (အမြင်အယူအဆ ဟန်ချက်ညီမျှမှု)
Conceptual Balance (အမြင်အယူအဆဟန်ချက်ညီမျှမှု) ကတော့ ပိုမိုပြီး ဒသနိကဗေဒဆန်တဲ့ သမားရိုးကျမဟုတ်တဲ့ ဟန်ချက်ညီမျှမှုတစ်မျိုးပဲဖြစ်ပါတယ်။ အရာဝတ္တုနှစ်ခုဟာ အရွယ်အစား ၊ ပုံသဏ္ဏန်မတူညီပဲ တစ်ခုကိုတစ်ခု အားဖြည့်ပေးစေတဲ့ အခါမျိုးမှာဖြစ်ပါတယ်။ မတူညီကွဲပြားခြားနားတဲ့ မျက်နှာသွင်ပြင် (Texture) တွေ ၊ အဓိပ္ပါယ်ဦးတည်ချက်မတူတဲ့ အရာဝတ္တု နှစ်ခုရှိတဲ့ အခါမျိုးမှာ conceptual balance ကို ဓါတ်ပုံတွေမှာဖြစ်ပေါ်စေပါတယ်။ ဖရိန်တစ်ခုကို အနည်းငယ်စောင်းပေး လှည့်ပေးပြီး ရိုက်ယုံလောက်နဲ့တော့ ဒီလို ဟန်ချက်ညီမျှမှုမျိုးကို ရရှိဖို့မလွယ်ကူပါဘူး။
ရှေးဟောင်းအဆောက်အဦးနဲ့ မော်ဒန်အဆောက်အဦးနှစ်ခုက ဘယ်ညာတစ်ဖက်စီမှာထားပြီးရိုက်ကြည်.မယ်ဆိုရင် color ၊ Tonal ၊ Conceptual balance တွေကို ဖြစ်ပေါ်စေမှာပါ။
(၆) Rule of Odds (မကဏ္ဏန်းအရေအတွက်)
ဓါတ်ပုံတွေကို အနုသုခုမ ခံစားမှုဖြစ်စေတဲ့စည်းမျဉ်းတစ်ခုထဲမှာ Rule of Odds (မကဏ္ဏန်းအရေအတွက်) ပဲ ဖြစ်ပါတယ်။ Rule of Odds ရဲ့ သဘောကတော့ မကဏ္ဏန်းအရေအတွက်ရှိတဲ့ အရာတွေပါဝင်တဲ့ ဓါတ်ပုံတစ်ခုဟာ ပိုပြီးတော့ ထိရောက်မှုရှိတယ်ဆိုတာပါပဲ။ မကဏ္ဏန်းတွေရဲ့ဆက်နွယ်မှုကိုလေ့လာကြည့်ရင်မကဏ္ဏန်း အရေအတွက် အရာဝတ္တုတွေဟာ သင့်ရဲ့ မျက်စိကို ဓါတ်ပုံရဲ့ ဖရိန်အတွင်းထဲမှာပဲ တ၀ဲဝဲလည်နေစေအောင် ပြုလုပ်ပေးတာ တွေ့ရပါလိမ့်မယ်။



(၇) Horizon Line (မိုးကုတ်စက်ဝိုင်းအနားသတ်မျဉ်း)
သင့်ပုံထဲမှာ Horizon Line (မိုးကုတ်စက်ဝိုင်းအနားသတ်မျဉ်း) ကို ဘယ်နေမှာထားမှာပါလိမ့်? လှပတဲ့တိမ် တွေနဲ့ကောင်းကင်ကို ဦးစားပေးအသားပေးပြဖို့အတွက် အဲဒီ Horizon မျည်းကိုပုံရဲ့အောက်နားမှာ ထားမှာ လား? ဒါမှမဟုတ် မြေပြင်က အရာဝတ္တုကိုပိုမိုဦးစားပေးပြဖို့အတွက် Horizon မျည်းကိုပုံရဲ့အပေါ်နားဆီမှာ ထားမှာလား? ဆိုတာအရေးကြီးတဲ့ Composition တစ်ခုဖြစ်ပါတယ်။ တခါတရံမှာတော့ ကောင်းကင်က တိမ်တွေရယ် ၊ ရေပြင်ထဲကတိမ်တွေရယ်ကို ပြဖို့ဆိုရင် Horizon မျည်းကို ပုံရဲ့အလယ်ဗဟိုမှာထားပြီး အညီအမျှပိုင်းခြားပြတာမျိုးလဲကောင်းတတ်ပါတယ်။ ဒါကြောင့် Horizon Line ကို ဘယ်နေရာမှာထားသင့်သလဲဆိုတာဟာ ပုံတစ်ခုချင်းစီရဲ့ ကိုယ်ပြလိုတဲ့အကြောင်းအရာ (Story)အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။



(၈) Visual Depth (အမြင်အာရုံအနက်ထုထည်)
Visual Depth (အမြင်အာရုံအနက်ထုထည်) ဟာ (၂) ဖက်မြင်ပုံရိပ်တွေကို (၃)ဖက်မြင် (Three Dimensional) အရည်အသွေးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Visual Depth ဟာ ကျွန်တော်တို့ရဲ့ ဓါတ်ပုံတွေထဲကို ခြေလှမ်းပြီးဝင်ရောက်လိုက်သလိုမျိုးခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ Foreground (အရှေ့) ၊ Middle ground (အလယ်) ၊ Back ground (နောက်ခံ) အရာဝတ္တုတွေကိုဖြည့်စွက်ထားခြင်းဖြင့် visual depth ကိုဖြစ်ပေါ်စေပါတယ်။ Visual Depth (အမြင်အာရုံအနက်ထုထည်) ရှိတဲ့ ဓါတ်ပုံတွေဟာ ပုံရဲ့ဇာတ်လမ်းတစ်ခု၊ အကြောင်းအရာတစ်ခုကို ကောင်းကောင်းပြောနိုင်ပါတယ်။ ကြည့်ရှူ့သူအနေနဲ့ ဓါတ်ပုံထဲကပါ ၀င်တဲ့အရာဝတ္တု (elements) တွေဆီကနေ လုံလောက်တဲ့သတင်းအချက်အလက်တွေရရှိနိုင်ပါတယ်။ သင်အခုဘယ်ကိုရောက်နေသလဲ ၊ သင်ကဘာကိုပြောပြနေချင်လဲ စတဲ့အချက်အလက်တွေကို ပြည့်စုံကောင်းမွန် စွာနားလည်စေပါတယ်။ တခြားတဖက်မှာတော့ သင့်ရဲ့အရာဝတ္တု (Subject) ကိုပေါ်လွင်ထင်ရှားစေဖို့ ရိုးရိုးပဲ ဆိုရင်တော့ သိသာမြင်သာတဲ့ foreground (ရှေ့ဘက်) နှင့် background (နောက်ခံ) အရာဝတ္တုတွေကို ထည့်သွင်းဖို့မလိုပါဘူး။




(၉) Point of View
ဓါတ်ပုံပညာမှာ composition ဆိုတာဟာ သင့်ရဲ့အမြင်အာရုံစိတ်ကူးတွေကို အခြားသူတွေကို ဆက်သွယ် ပြောပြဖို့ဆိုတာပါ။ ဒါကြောင့် သင့်ရဲ့ point of view ကဒီလိုဆက်သွယ်ပြောပြဖို့အတွက်အလွန်ကိုအရေးပါပါတယ်။ သင်က အရပ် ၅ပေ ၅လက်မ ရှိတယ်ဆိုရင် သင်က ကမ္ဘာကြီးရဲ့မြင်ကွင်းတွေကို သင့်ရဲ့အမြင့်အတိုင်းပဲအမြဲကြည့်ရှူ့တွေ့မြင်နေရတာပါပဲ။ ဒါပေမဲ့ သင့်ရဲ့ Subject အရာဝတ္တုကကော ဘယ်လိုရှိပါမလဲ? ဥပမာ အမြင့် ၈လက်မ သာသာလောက်ရှိတဲ့ ငှက်တစ်ကောင်ကို ကြည့်ဖို့အတွက်ဘယ်လိုလုပ်ပါမလဲ? မြင်နေကြ တွေ့နေကြအတိုင်းဖြစ်ဖို့ဆိုရင် သင်ကအဲဒီငှက်အတိုင်းမြေပြင်မှာ ၀ပ်ပြီးတော့ ရိုက်ယူမှပဲ ၊သင့်ရဲ့ Subject အရာဝတ္တုကို အခြားသူတွေရဲ့ မျက်စိအမြင်နဲ့တူညီမှုရမှာဖြစ်ပါတယ်။




မူရင်းရေးသားသူ ဆရာ (ဦး) Zarni Myo Win အား လေးစားစွာ credit ပေးပါတယ်။