CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 11, 2019
လူမှုကွန်ယက်ရဲ့ သြဇာ
[သွန်းနေစိုး] ရေးသည်
မကြာသေးခင်ကမှ ဆော်ဒီကနေ ထိုင်းကို ထွက်ပြေးလာတဲ့ ဆယ်ကျော်သက် ကောင်မလေးရဲ့သတင်းဟာ ကမ္ဘာ့မီဒီယာတွေထက် ပလူပျံနေအောင် မြင်ခဲ့ရပါတယ်။
အဲ့ဒီကောင်မလေးဇာတ်လမ်းကလဲ သဲထိတ်ရင်ဖိုဆန်ဆန်ပါပဲ။ ဆော်ဒီကနေ သြဇီကို ပြေးတာ။ (သြဇီပြည်ဝင်ခွင့် ဗီဇာ) လဲ ရှိတယ်။ ဖြစ်ချင်တော့ ထိုင်းမှာ လေယာဉ်တထောက်အနား ဆော်ဒီနဲ့ ကူဝိတ်သံအရာရှိတွေက သူ့ပတ်စပို့ကို သိမ်းလိုက်ကြသတဲ့။ ထိုင်းအာဏာပိုင်တွေကလဲ သူ့ကို ပြန်ပို့မယ်လို့ ပြင်တယ်။
ဒီအချိန်မှာ ဒီကောင်မလေး ဘာလုပ်သလဲ? အရင်ခေတ်တွေကသာဆို သူ ဘာလုပ်လို့ရမလဲ?
အခုကိစ္စမှာတော့ ကောင်မလေးဟာ … ချက်ချင်း ဘန်ကောက်လေဆိပ်ရဲ့ ဟိုတယ်တစ်ခုဆီ ပြေးဝင်နေလိုက်တယ်။ ပြီးတော့ ဘယ်သူမှ လာမဖမ်းနိုင်အောင် အခန်းတံခါးကို အတွင်းကဂျက်ထိုးပြီးပိတ် တွစ်တာကနေ ကမ္ဘာကြီးကို ဆက်သွယ်တယ်။ သူ့နိုင်ငံသာ ပြန်ပို့ခံရရင် သူ အသတ်ခံရတော့မှာ။
သူဟာ မိဘတွေက အတင်းလက်ထပ်ခိုင်းတာကို ဖီဆန်ပြီးထွက်ပြေးလာတာဖြစ်တယ်။ သူတို့ဘာသာဝင်မိန်းကလေးတစ်ယောက်အတွက်တော့ ဒါ စွန့်စားခန်းကြီးပါပဲ။ မိဘတွေကရော သူတို့လူ့အသိုင်းအဝိုင်းကရော ဥပဒေကပါ ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုကြီးပေါ့။
အရင်ခေတ်ကသာ ဒါမျိုးကြုံလို့ ကူကယ်မဲ့နေပြီဆို သူ့လို မိန်းမငယ်လေးတစ်ယောက် ဘာလုပ်နိုင်မလဲ? အရင်ဆုံးခြေဦးတည့်ရာလျှောက်ပြေး။ ကားတိုက်ခံရရင် ခံရ၊ နောက်ကလိုက်သူတွေ ပြန်မိရင်လဲမိ။ ဒီလောက်ပါပဲ။
ဒီဘက်ခေတ်မှာတော့ သူ့လွတ်မြောက်မှုအတွက် လူမှုကွန်ယက်ကို သူ အသုံးပြုခဲ့ပါတယ်။
သူ့အသံကို တကမ္ဘာလုံးက ကြားသွားတယ်။ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ လှုပ်ရှားသူတွေက ကြားဝင်ကြတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကို ဖိအားတွေ ပေးကြတယ်။
နောက်ဆုံးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေသာတော့ပဲ ဝင်ပါရပါတော့တယ်။ ကောင်မလေးကို ကယ်တင်စောင့်ရှောက်ပေးဖို့ကြိုးစားလာရတယ်။
တကယ့် ဇာတ်သိမ်းလှလှလေးပါပဲ။ လူ့အဖွဲ့အစည်းရဲ့ဖိအားတွေဆီက မနှစ်မျို့သော အသက်ရှင်ရခြင်းမျိုးဆီက ထွက်ပြေးလာတဲ့ ဆော်ဒီဆယ်ကျော်သက်မလေးဟာ နောက်ဆုံးတော့ နားခိုစရာ လုံခြုံရာလေးတစ်ခုဆီ ရောက်ခဲ့ပါပြီ။
အဲ့ဒီအတွက် သူ့ကို ကယ်တင်ပေးခဲ့တာကတော့ ပုံပြင်တွေထဲကလို တန်ခိုးရှင်ကြီးလည်းမဟုတ်ဘူး။ ရုပ်ရှင်တွေထဲကလို သေနတ်ပစ်နဲ့ အသတ်အပုတ်တော်တဲ့ ခပ်ချောချောမင်းသားလေးလဲ မဟုတ်ဘူး။
တွစ်တာဆိုတဲ့ လူမှုကွန်ယက်အကောင့်တစ်ခုပါပဲ။
ဟိုးတလောက အောင်ရဲထွေးကို သတ်သူတွေရဲ့ တရားဥပဒေကို လက်တစ်လုံးခြားလုပ်ခဲ့တဲ့ဖြစ်စဉ် ပေါ်ပေါက်လာစဉ်မှာ အဲ့ဒီ လူသတ်တရားခံရဲ့ဖခင်ဖြစ်သူက မကျေမနပ် တစ်ခွန်းပြောခဲ့တယ်။
မြန်မာနိုင်ငံကို ဖေ့ဘုတ်က အုပ်ချုပ်တယ် … တဲ့။
တကယ်တော့ သူ သတိမပြုမိလိုက်တာ မြန်မာနိုင်ငံမှရယ် မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ဆီတိမ်းညွှတ်သောနိုင်ငံ အားလုံးပဲ လူမှုကွန်ယက်တွေက ကြီးစိုးမင်းမူပါတယ်။
လူမှုကွန်ယက် ဆိုကတည်းက လူတွေစုထားသောအဆက်အနွယ် အဖြာအဖြန့်။ ဒီမိုကရေစီဆိုတာကလဲ လူအများဆန္ဒနဲ့အုပ်ချုပ်ခြင်း။ ဒီတော့ ဒီမိုကရက်တစ်ကမ္ဘာမှာ လူမှုကွန်ယက်တွေက လွှမ်းမိုးတာ ဘာဆန်းတော့မလဲလေ။
တချို့ကတော့လဲ လူမှုကွန်ယက်ကို မကောင်းမြင်ကြတယ်။ ဒီပေါ်ကနေ မိန်းကလေးတွေကို ဖျားယောင်းသွေးဆောင်မှုတွေလုပ်တယ် .… စတာမျိုးတွေပေါ့လေ။
ဒါပေမယ့် ဒီလိုစဉ်းစားကြည့်ရအောင်။
ခုနေအခါမှာ ကျနော်တို့အားလုံး ခရီးသွားလာဖို့ရာ ယာဉ်တစ်မျိုးမျိုးကို အသုံးပြုနေရပါတယ်။ ဒီထဲမှာပဲ နှစ်စဉ်ယာဉ်တိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူစာရင်းကလဲ မနည်းလှပါဘူး။ ၂၀၁၅ခုနှစ်တုန်းက ရရှိတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စာရင်းဝင် ယာဉ်မတော်တဆမှုပေါင်း တစ်သောင်းခွဲကျော် ဖြစ်ပွားခဲ့ပြီး။ အဲ့ဒီယာဉ်မတော်တဆမှုတွေအတွင်း လူပေါင်း ၄၂၀၀ ကျော် သေဆုံးခဲ့တယ်တဲ့။
စာရင်းမဝင်လိုက်တဲ့ သာမာန်ပျက်စီးဆုံးရှုံးရသော ယာဉ်မတော်တဆမှုပေါင်းကလဲ ဒီ့ထက် အဆများစွာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ယာဉ်တွေ အန္တရာယ်ရှိတယ်ဆိုပြီး ရှေးခေတ်တွေကလို ခြေဗလာနဲ့ လျှောက်ကြမလား? ကျောက်ခေတ်တုန်းကတော့ ယာဉ်တိုက်မှုကြောင့်သေဆုံးရသူဆိုတာ ရှိကို မရှိခဲ့တာပါ။
ဒါပေမယ့် ခရီးမတွင်ခဲ့ဘူး။ ယာဉ်တိုက်မှုမရှိပေမယ့် ခရီးမတွင်မှုကြောင့် သေဆုံးရသူစာရင်းက ဒီ့ထက် ပိုများခဲ့တယ်။ သွားလိုတဲ့ခရီးကို မရောက်ပဲ အချိန်တွေ ဘဝတွေ အများကြီးပေးဆပ်ခဲ့ရတယ်။ နှောင့်နှေးနေတဲ့လူသားကို သဘာဝဘေးအန္တရာယ်၊ တိရိစ္ဆာန်ဘေးအန္တရာယ်တွေက ပိုဆိုးရွားစွာ ဒုက္ခပေးခဲ့တယ်။
လူမှုကွန်ယက်ဟာလဲ ကျနော်တို့ကို လူလူချင်းဆက်သွယ်ဖို့ရာ အကျိုးတစ်ခုပြုနေတဲ့ ယာဉ်ပါပဲ။ အထက်က ဆော်ဒီကောင်မလေးလို ကိစ္စမှာဆိုရင် ဒီလို 'ယာဉ်' သာမရှိရင် သူမုချ ဒုက္ခတွင်းထဲကျရမှာ။
တကယ်တော့ ခေတ်မီလာတဲ့ လူသားအတွက်ထုတ်လုပ်တဲ့ ယာဉ်တွေကို အန္တရာယ်ရှိတဲ့ အဆိုးဘက်ခြမ်းကိုချည်း ကြည့်မြင်ရမှာမဟုတ်ပါဘူး။
ယာဉ်တွေကို စနစ်တကျ ဘေးရန်ကင်းအောင် သုံးနိုင်ဖို့ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုသလို လူမှုကွန်ယက်ကို စနစ်တကျသုံးဖို့ရာလဲ လူမှုကွန်ယက်စည်းကမ်း လိုပါတယ်။ ကျနော်တို့ဆီက ၆၆ ဃ လိုဟာမျိုးပေါ့လေ။ တစ်ခုသတိပြုရမှာကတော့ အဲ့ဒီစည်းကမ်းကိုပါ အလွဲမသုံးမိစေဖို့ပါပဲ။
(ပုံမှာ … လေဆိပ်တွင် ဟိုတယ်ခန်းသို့ဝင်ပြေးပိတ်ကာ တွစ်တာဖြင့် ကမ္ဘာကိုဆက်သွယ်ခဲ့သော ဆော်ဒီ ဆယ်ကျော်သက်မလေး အယ်လ်ကွန်းနန် ဖြစ်ပါသည်)
လူမှုကွန်ယက်ရဲ့ သြဇာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 11, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 11, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment