Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

နွေအပူရှောင်ရင်း ခရီးထွက်လို့ကောင်းမယ့် နေရာဒေသ ၅ ခု


ချင်းတောင်တန်းအလှ / ပြေကျော် / ဧရာဝတီ

By သီဟတိုး 11 March 2017

နွေရာသီ ရောက်လာပြီဆိုတော့ ရာသီဥတုက သိသိသာသာ ပူလာပြီး အားလပ်ရက်တွေမှာ အပူဒဏ်ရှောင်ဖို့ အပန်းဖြေခရီးတွေ ထွက်လာကြပါတယ်။ တနှစ်ထက်တနှစ် အပူဒဏ်က ပိုမိုပူပြင်းလာပြီး နွေရာသီမှာ အပန်းဖြေ ခရီးထွက်မယ်ဆိုရင် ကမ်းခြေခရီးစဉ်တွေနဲ့ အပူရှောင်ဖို့ တောင်ပေါ်ဒေသခရီးတွေက အသင့်တော်ဆုံးပါ။

မြန်မာပြည်မှာ သဘာဝအတိုင်း မပျက်စီးသေးတဲ့ ကမ်းခြေတွေ၊ ကျွန်းတွေ၊ သဘာဝတောတောင်တွေ လည်ပတ်စရာ နေရာတွေ အများကြီးရှိပါတယ်။ ခရီးသွားခြင်းဟာ ဒေသန္တရ ဗဟုသုတ တိုးပွားသလို အတွေ့အကြုံများပြီး စိတ်ပျိုကိုယ်နုစေပါတယ်။

ခရီးသွားဝါသနာပါသူတွေအတွက် မြန်မာပြည်တွင်းက နွေရာသီ အပူဒဏ်ရှောင်ရင်း ခရီးသွားလို့ကောင်းတဲ့ နေရာဒေသ ၅ ခုကို ညွှန်းဆိုလိုက်ပါတယ်။
ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်

(၁) ပြင်ဦးလွင်

ပထမဆုံး ပြောပြချင်တာကတော့ နွေရာသီဆို အပန်းဖြေလို့ကောင်းတဲ့ တောင်ပေါ်စခန်းမြို့လေး မေမြို့သို့မဟုတ် ပြင်ဦးလွင်ပါ။ “ပန်းမြို့တော် တောင်လှေကား၊ မောင်တို့ချယ်ရီမြေ” လို့ တင်စားကြတဲ့ ဒီမြို့လေးဟာ ဆယ့်နှစ် ရာသီပတ်လုံး ရောင်စုံပန်းမျိုးစုံနဲ့ လှပသလို သဘာ၀ ရေတံခွန်တွေလည်း ပေါများတာကြောင့် အေးအေးချမ်းချမ်းနဲ့ လည်ပတ်လို့ ကောင်းပါတယ်။

ပြင်ဦးလွင်မှာဆိုရင် လည်ပတ်စရာနေရာတွေကတော့ ပန်းပေါင်းစုံတည်ရှိရာ ကန်တော်ကြီး ဥယျာဉ်၊ ဓါတ်တော်ချိုင့်၊ ပွဲကောက်၊ နတ်ကျုံး စတဲ့ ရေတံခွန်တွေ၊ ပိတ်ချင်းမြောင် လှိုဏ်ဂူ၊ နာမည်ကျော် ဂုတ်ထိပ်တံတား၊ ဒီဇင်ဘာခြံ၊ မဟာအံ့ထူးကံသာ ဘုရားကြီး၊ ဒီးဒုတ်ရေပြာအိုင်၊ ၇ မိုင် ချောင်းသာစသဖြင့် လည်ပတ်စရာနေရာတွေ စုံလွန်းလှပါတယ်။
ကလောမြို့အဝင်တနေရာ

(၂) တောင်ကြီး – ကလော

နောက်ထပ် ပြောပြပေးချင်တဲ့ နေရာကတော့ တောင်ကြီး – ကလော ခရီးစဉ်ပါ။ တောင်ကြီးနဲ့ ကလော ရာသီဥတုက ပြင်ဦးလွင်လိုပဲ အေးအေးချမ်းချမ်း ရှိတာကြောင့် အပူရှောင်လိုသူတွေ သွားကြတဲ့ ဒေသတွေထဲမှာ ရှမ်းပြည်နယ် တောင်ကြီး ခရီးစဉ်က အပါအဝင်ပါ။ တောင်ကြီး – ကလော ခရီးစဉ်မှာ ကလောမြို့ကိုတော့ အပန်းဖြေခရီးထက် Treeking ပုံစံမျိုး အသွားများကြပါတယ်။

ကလောမှာ Trekking လျှောက်ရင်း ရှုမဆုံးတဲ့ တောတောင် သဘာ၀ ရှုခင်းတွေကို တဝကြီး ရှုစားနိုင်သလို လမ်းတလျှောက် ဒေသခံ ရွာအိမ်လေးတွေကို သွားရောက်လေ့လာ လည်ပတ်နိုင်ပါတယ်။ ကလော Trekking လုပ်ရင်း လည်ပတ်စရာတွေကတော့ ရွာငံ ရေပြာအိုင်၊ မိန်းမရဲ သခင်မတောင်၊ ကလောမြို့မဈေး စတဲ့ နေရာတွေကို လည်ပတ်နိုင်တယ်။ အချိန်ရမယ်ဆိုရင် တောင်ကြီး၊ အင်းလေး၊ ပင်းတယ ဒေသတွေအထိပါ သွားရောက် လည်ပတ်နိုင်ပါတယ်။
ချင်းတောင်တန်းအလှ

(၃) ချင်းပြည်နယ် နတ်မတောင်

Trekking လုပ်လို့ကောင်းတဲ့ နောက်ထပ် တနေရာကတော့ ပေပေါင်း ၁၀၀၀၀ ကျော်မြင့်တဲ့ ချင်းပြည်နယ်ထဲက နတ်မတောင် (ခ) ဝိတိုရိယတောင် ဖြစ်ပါတယ်။ ခေါ်နူးစုမ်လို့ခေါ်တဲ့ တောင်ဇလပ်ပန်းတွေ ပွင့်ရာမြေ၊ ချင်းပြည်နယ် နတ်မတောင် ခရီးစဉ်ဟာလည်း Trekking ကို စိတ်ဝင်စားတဲ့ ခရီးသွားလူငယ်တွေ အသွားများကြတဲ့ ခရီးစဉ်တခုပါ။

လှပတဲ့ တောတောင်တက်လမ်း တလျှောက် Trekking လုပ်ရင်း တောင်ဇလပ်ပန်းတွေအလှ ထင်းရှုးတောတန်း သဘာဝအလှတွေကို ခံစားရင်း တောင်ပေါ်ကနေ စီးမြင်နေတဲ့ တိမ်ပင်လယ်ကြီး အလှကိုလည်း တဝကြီး ခံစားရမှာပါ။ ခရီးစဉ်အတွင်း ချင်းရွာက ဒေသခံ ချင်းလူမျိုးတွေရဲ့လူနေမှု ဘဝပုံစံတွေကို လေ့လာရင်း ချင်းပြည်နယ်က ခေါင်ရည် ချိုမြမြကို အရသာကိုလည်း မြည်းစမ်းနိုင်ပါတယ်။
ကဗျာ၀ ကမ်းခြေ တနေရာ

(၄) ကဗျာ၀ ကမ်းခြေ

တောင်ပေါ်ဒေသတွေထက် ပင်လယ်ကမ်းခြေခရီးစဉ်ကိုမှ သွားချင်သူတွေအတွက် Facebook မှာ ခေတ်စားနေပြီး ချောင်းသာ၊ ငွေဆောင် ကမ်းခြေတို့နဲ့ မတူညီတဲ့ သဘာဝအတိုင်း အရိုင်းဆန်ဆန် လှပနေသေးတဲ့ မွန်တို့ဌာနေ ရာမညထဲက “ကဗျာဝ” ကမ်းခြေခရီးကို ညွှန်းချင်ပါတယ်။

ရန်ကုန်နဲ့ မနီးမဝေး မွန်ပြည်နယ်ထဲမှာ တည်ရှိပြီး သဘာ၀ သဲသောင်ဖြူဖြူလေးတွေနဲ့ ကဗျာဆန်ဆန် လှပနေတဲ့ ကဗျာ၀ ကမ်းခြေဟာ အပန်းဖြေလို့ ကောင်းတဲ့ နေရာတခုပါ။ ကမ်းခြေမှာ အပန်းဖြေ ပြီးရင်တော့ မော်လမြိုင်ရဲ့ နာမည်ကြီး ဘုရားတွေနဲ့ သံဖြူဇရပ်က နာမည်ကျော် သေမင်းတမန် ရထားလမ်း၊ မုဒုံက ဝင်းစိန်တောရ ဘုရားကြီး စတဲ့နေရာတွေကို ဝင်ရောက်လည်ပတ်နိုင်ပါတယ်။

ဆက်စပ်သတင်း – ကဗျာဝကမ်းခြေ သွားကြမယ်
ဂေါ်ရန်ဂျီကျွန်း အလှ

(၅) ဂေါ်ရန်ဂျီကျွန်း

ကမ်းခြေခရီးစဉ်တွေလိုမျိုးပဲ ဒီလို ပွင့်လင်းရာသီ အချိန်ခါမှာ ပင်လယ်ကျွန်းတွေဘက် ခရီးထွက်ချင်သူတွေအတွက် အရိုင်းဆန်ဆန် သဘာဝအတိုင်း လှပနေဆဲဖြစ်တဲ့ ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်နဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဂေါ်ရန်ဂျီကျွန်းဟာ သဘာဝအတိုင်း ဖြစ်တည်လှပနေတဲ့ ကျောက်ဆောင်နံရံတွေ၊ စိမ်းပြာလဲ့ပြီး သဘာဝအတိုင်း ကြည်လင်နေတဲ့ ပင်လယ်ရေကြောင့် သဘာဝဆန်ဆန် လှပနေတဲ့ ဒီကျွန်းကို လာရောက် လည်ပတ်မှုများတာ ဖြစ်ပါတယ်။

ဂေါ်ရန်ဂျီကျွန်းမှာဆိုရင် လည်ပတ်စရာ နေရာတွေကတော့ စပါးထားကျွန်း၊ လိပ်ချိုင်ကျွန်း၊ သဲဖြူကျွန်း စတဲ့ ကျွန်းတွေ၊ ကြွေချိုင်၊ ပုလ္လင်ချိုင်၊ ကျောက်ခြေထောက် စတဲ့ နေရာတွေနဲ့ ပင်လယ်ရေအောက် သဘာ၀ အလှတရားတွေကို ကြည့်ရှုခံစားနိုင်မယ့် Snorkeling လုပ်လို့ရတဲ့ နေရာတွေလည်း ရှိပါတယ်။


ကဲ… ဒီလိုဆိုရင်တော့ နွေရာသီမှာ အပူရှောင်ရင်း တောင်စခန်းမြို့ကို အပန်းဖြေခရီး ထွက်မယ့်သူတွေ ဒါမှမဟုတ် တောင်ပေါ်ဒေသတွေမှာ Trekking လုပ်မယ့်သူတွေ၊ ကမ်းခြေကျွန်းတွေကိုမှ အပန်းဖြေသွားချင်သူတွေအတွက် ခရီးထွက်လို့ကောင်းတဲ့ ပြည်တွင်း ခရီးစဉ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Topics: နွေရာသီ
Irrawaddy

No comments:

Post a Comment