Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

မူဆယ်မှာ မူးယစ်ဆေးချက်ရာမှာသုံးတဲ့ဓာတုဆေးရည်တွေတရုတ်ဘက်နေ သွင်းလာလို့ တရုတ် ၃ ဦးကိုဖမ်းထား

ဓာတုဆေးရည်သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား ၃ဦး
တရုတ် - မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မူဆယ်မြို့ထဲကို ဒီဇင်ဘာ ၁၂ ရက်နေ့ညက မူးယစ်ဆေးဝါးချက် လုပ်ရာမှာအသုံးပြုတဲ့ ဓာတုဆေးရည်တွေကို သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး ထားတယ်လို့ မူဆယ်မြို့မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ရဲမှူးစိုင်းကိုကိုလတ်က ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ မူဆယ်မြို့၊ ဟိုလောင်ကျေးရွာ အနီးမှာ မသင်္ကာဖွယ် ၆ ဘီးကား ၄ စီး ရပ်ထားတယ်ဆိုတဲ့သတင်းအရ တပ်မတော်ကနေ သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးချက် လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးရည် အမြောက်အမြားနဲ့အတူ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

''တပ်မတော်က ဖမ်းမိတော့ ကျွန်တော်တို့ကို ခေါ်ပြီး ဘာအက်ဆစ်ဆိုတာ ခွဲ။ ခွဲပြီးတော့မှ ကျွန်တော် တို့ကိုပြန်လွှဲတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ ချိတ်ဆက်ပြီးအမှုဖွင့်ရမှာပေါ့။ အခုကတော့ အမှုဖွင့်ဖို့ လုပ်ဆောင်နေပါပြီ။ အခုကတော့ စစ်ဆေးနေတုန်းပဲ'' လို့ မူဆယ်မြို့မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့၊ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူး စိုင်းကိုကိုလတ်ကပြောပါတယ်။

တရုတ်ဘက်ကနေ မြန်မာဘက်ခြမ်းကို မူးယစ်ဆေးဝါးချက်လုပ်ရာမှာသုံးတဲ့ ဓာတုဆေးရည်တွေ သွင်း တာကိုမိတာဟာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။
ဓာတုဆေးရည်တွေကို ၆ ဘီးကားနဲ့ ၄စီး သယ်ဆောင်လာ
'' အခုလို မူးယစ်ဆေးဝါးချက်လုပ်တဲ့ ဓာတုဆေးရည်တွေသွင်းတာတွေကို မနှစ်ကလည်း အကြီးအကျယ် ဖမ်းမိခဲ့တာတွေရှိတယ်။'' လို့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ စိုင်းကျော်သိန်းက ဘီဘီစီကိုပြောပါတယ်။

မူးယစ်ဆေးချက်လုပ်ရာမှာ လိုအပ်တဲ့ဆေးဝါးတွေ တရုတ်ဘက်ကနေ ဝင်နေသလို ချက်လုပ်ပြီး မူးယစ် ဆေးဝါးတွေကလည်း ပုံသဏ္ဍန်အမျိုးမျိုးနဲ့ မူဆယ်မြို့မှာ ပြန့်နှံ့နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မူးယစ်ဆေးဝါးတွေက အလွယ်တကူရနေတဲ့အတွက် ဆယ်ကျော်သက်အရွယ်လူငယ်အများစုကြားမှာ စိတ်ကြွဆေးပြားသုံးစွဲတာတွေကလည်း ကျယ်ကျယ် ပြန့်ပြန့်ကို ရှိလာတယ်လို့ မူဆယ်မြို့ခံအများစုက တညီတညွတ်တည်းပြောဆိုကြပါတယ်။
မူးယစ်ဆေးသုံးစွဲပြီး လွှင့်ပစ်ထားတဲ့ ဆေးထိုးအပ်မျာ
မူးယစ်ဆေးသုံးစွဲတဲ့အခြေအနေက ဘယ်လောက်အထိဆိုးရွားနေသလဲ

"တရုတ်မှာက မူးယစ်ဆေးနဲပတ်သက်တဲ့အမှုဆို သေဒဏ်ပဲ၊ ဒီတော့ မူးယစ်ဆေးချက်တဲ့အရည်တွေကို ဒီဘက်ကို သွင်းပြီး လာချက်တာတွေက များလာတယ်၊ မူးယစ်ဆေးတွေကလည်း လွယ်လွယ်ရနေတော့ သုံးစွဲတာတွေက ပေါ်ပေါ်တင်တင်ကိုဖြစ်လာတယ်" လို့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသောင်းထွန်းကပြောပါတယ်။

''မူးယစ်ဆေးသုံးလို့ သေတဲ့ ပိုင်ရှင်မဲ့ အလောင်း ကောက်ရတာက တစ်လကို အနည်းဆုံး ၇ ဦးလောက် ရှိတယ်၊ သေတဲ့သူတွေကလည်း အသက် ၃၀ ဝန်း ကျင် အရွယ်ကောင်းတွေချည်းပဲ'' လို့ ဦးသောင်းထွန်း က သူကူညီဆောင်ရွက်ပေးနေရတဲ့ လက်တွေ့ အခြေအနေကို ပြောပါတယ်။

မူဆယ်မြို့မှာ မူးယစ်ဆေးစွဲနေတဲ့လူငယ်လူရွယ်တွေများပြားလာနေတယ် ဆိုတာကို မူဆယ်ဆေးရုံက ဆေးလူမှုဆက်ဆံရေးအရာရှိဖြစ်တဲ့ ဒေါ်မြမြစန်းက ထပ်လောင်းအတည်ပြုပါတယ်။

"ဘိန်းအစားထိုးအနေနဲ့ ဆေးရုံမှာ မက်သဒုန်းတိုက်နေရတဲ့သူ ၃၀၀ ကျော်လောက်ရှိတယ်၊ လူတွေက တော့ ဝင်လိုက်ထွက်လိုက်ပဲ၊ လျော့သွားတာတော့မရှိဘူး၊ အများစုကလည်း အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ကြား အရွယ်ကောင်းတွေချည်းပဲ'' လို့ ဒေါ်မြမြစန်းကပြောပါတယ်။
 ကျောင်းအနီးမှာ မူးယစ်ဆေးသုံးစွဲနေသူအချို့
နှိမ်နင်းရေးအတွက် ဘာတွေလုပ်နေသလဲ

မူးယစ်ဆေးဝါးသုံးစွဲမှုတွေများလာတာကို လျော့ပါးလာစေဖို့အတွက် အာဏာပိုင်တွေဘက်ကလည်း တားဆီးနှိမ်နင်းရေးအတွက် လုပ်ဆောင်နေသလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်း အချို့ ကလည်း ပညာပေးဟောပြောတာတွေကို လုပ်ဆောင်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းကပြောပါတယ်။

''ဖမ်းဆီးတာတွေကတော့ လုပ်နေတာပဲ၊ မူဆယ်မှာ အချုပ်သားတွေကိုကြည့်ရင် ၈၀ ရာနှုန်းက မူးယစ် အမှုနဲ့ရောက်လာသူတွေပဲ၊ မူးယစ်အထူးအဖွဲ့အနေနဲ့လည်း နှစ်နိုင်ငံ ဝင်ပေါက်တွေမှာရော ကျော်လွန်ပြီး ဝင်ရောက်လာတာတွေကို စစ်ဆေးရေးဂိတ်တွေမှာ စောင့်ကြည့်ပြီးလုပ်ဆောင်နေတာ တွေတော့ရှိပါ တယ်' 'လို့ စိုင်းကျော်သိန်းက ပြောပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် သက်ဆိုင်ရာအာဏာပိုင်ဘက်က ဖမ်းဆီးတာတွေရှိနေ တယ် ဆိုပေ မယ့်လည်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကတော့ ပညာပေးဟောပြောတာကလွဲရင်အခြားထိရောက်တဲ့ လုပ်ဆောင်မှုတွေကိုတော့ မတွေ့ရဘူးလို့လည်း မူဆယ်မြို့ခံအချို့ကပြောပါတယ်။

' ' နယ်စပ်မြို့ဖြစ်တော့ မူးယစ်ဆေးလုပ်တဲ့အဖွဲ့တွေရဲ့ အန္တရာယ်ကလည်း မသေးဘူး။ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အနေအထားရှိတာကြောင့် သိပ်ပြီး လုပ်ဆောင်မှုတွေတော့မတွေ့ရဘူး'' လို့လည်း မူဆယ်မြို့ခံ တစ်ဦးကပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတာ တွေကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတဲ့အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အာဏာပိုင် တွေဘက်ကဆောင်ရွက်နေတယ်ဆိုပေမယ့်လည်း ထိရောက်မှုကတော့ အားနည်းနေဆဲပဲဖြစ်ပါတယ်။
မူဆယ်မြို့အနီး တရုတ်- မြန်မာနယ်စပ်တစ်နေရာ
"မူးယစ်ဆေးလုပ်တဲ့ကုန်ကြမ်းက ကျွန်တော်တို့ဆီက မထုတ်နိုင်ဘူး၊ တစ်ဘက်နိုင်ငံကလာတာ၊ မူဆယ် နမ့်ခမ်းတင်မကဘူး တရုတ်နဲ့ မြန်မာဆက်စပ်နေတဲ့နယ်စပ်တလျှောက် တရားမဝင်လမ်းတွေကများတယ်၊ ဧရိယာကကြီးတယ်၊ ဒါကို ကျွန်တော်တို့နိုင်ငံအနေနဲ့စောင့်ကြည့်နိုင်ဖို့ကတော်တော်ခက်တယ်'' လို့ မူဆယ် မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းကျော်သိန်းကပြောပါတ

ဒီဇင်ဘာ ၁၂ ရက်နေ့ည က ဓာတုဆေးရည်တွေကို ၆ ဘီးကားနဲ့ ၄ စီး သယ်ဆောင်လာလို့ ဖမ်းမိထားတဲ့ တရုတ် နိုင်ငံသား ၃ ဦး အမှုကိုတော့ အသေးစိတ်စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁နာရီဝန်းကျင်ထိတော့ အမှုဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့လည်း မူးယစ်တပ်ဖွဲ့နဲ့ မူဆယ်ရဲစခန်းက နေစုံစမ်း သိရှိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပြီး ဖမ်းဆီးရမိတဲ့အမှုတွေကို မူးယစ်နှိမ်နင်းရေးဌာနက တရားလိုလုပ်ပြီး အမှုဖွင့်မှသာ နယ်မြေရဲစခန်းက ဆက်လက် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် လတ်တလောမှာတော့ အဆိုပါအမှုကို တရားဝင်အမှု ဖွင့်လှစ်ထားခြင်းမရှိသေးဘူးလို့ မူဆယ် ရဲစခန်းကနေ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment