Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 8, 2018

စိတ်​အရမ်းပျက်​စရာ ​ကောင်းတဲ့​နေရာပါ


ပို့စ်ပိုင်ရှင်ကိုယ်တိုင်ကပြောထားပါတယ်။
သူ့လုံခြုံရေးအတွက် Friend only နဲ့ပဲတင်ပါတယ်တဲ့။ ဒါပေမယ့် ကော်ပီယူပြီးရှဲလို့ရတယ်။
သူ့နံမည်မထည့်ပါနဲ့။ ခရက်ဒစ် မပေးပါနဲ့တဲ့။

……………

ဒီအကြောင်းကိုရေးရတာ အင်မတန်ရှက်ပါတယ်။ ကိုယ်အသုံးမကျတာ လူသိလို့ပါ။ ဒါပေမဲ့ ကျန်တဲ့သူတွေ ကိုယ့်လိုမခံရအောင်ရေးတာပါ။

ကျမ ဒီနေ့ရုံးကနေခွင့်ယူပြီး passport သက်တမ်းသွားတိုးပါတယ်။ passport လုပ်တုန်းကရော၊ ပထမအကြိမ်သက်တမ်းတိုးတုန်းကပါ ကိုယ်တိုင်တန်းစီခဲ့တာပါ။ passport မှမဟုတ်ဘူး ကညနသက်တမ်းတိုးတာ တခြားလုပ်စရာရှိတာတွေ အမြဲကိုယ်တိုင်ပဲလုပ်လေ့ရှိပါတယ်။ တခါမှ ပွဲစားလက်ထဲမအပ်ပါဘူး။

ဒီနေ့တော့ passport သက်တမ်းတိုးဖို့ ရန်ကင်းစင်တာထဲမှာ ကားထားပြီး လမ်းကူးလိုက်တယ်ဆိုရင်ပဲ ကုလားမတစ်ယောက်နဲ့ တခြားထောင်ထောင်မောင်းမောင်းမိန်းမတစ်ယောက်က သူတို့လုပ်ပေးမယ် ၃၀၀၀ ပဲပေးပါ ၃နာရီအတွင်းစလစ်ရအောင်လုပ်ပေးမယ်လို့ပြောပါတယ်။ အရင်အပတ်က ကျမသူငယ်ချင်းတယောက်က ပွဲစားနဲ့ သက်တမ်းတိုးတော့တောင် ကျမက ငါဆိုရင် အမြဲကိုယ့်ဘာသာလုပ်တာလို့ပြောခဲ့သေးတာပါ။ ဒီနေ့တော့ ခွင့်တစ်ရက်ပဲတင်ထားတာမို့ ဒီနေ့ မပြီးမှာစိုးတာရယ်၊ လူက ညောင်းကိုက်ပြီး ငြီးစီစီလည်းဖြစ်နေတာကြောင့် လက်ခံလိုက်မိပါတယ်။

အထဲမှာပေးရမဲ့ ၄၇၀၀၀ က ဘောက်ချာရမယ်။ သူတို့မုန့်ဖိုးက ၃၀၀၀ ဆိုပြီး ၅သောင်းတောင်းပါတယ်။ ရုံးထဲက ဝန်ထမ်းနဲ့ချိတ်ပေးမယ်ဆိုပြီး သူ့ကိုယ်သူ ဝန်ထမ်းဆိုတဲ့ ကျော်စွာဆိုတဲ့သူရောက်လာပါတယ်။ အဲဒီမှာ ကျမလို နောက်အမတယောက်ကို ဗိုက်ကြီးနဲ့ မိန်းမ(ပွဲစားမ) က ခေါ်လာပြီး ကျော်စွာ့လက်ထဲ ထည့်ပြန်ပါတယ်။ ကျမလည်း အစက ဇဝေဇဝါနဲ့ နောက်အမတယောက်ရောက်လာတော့ အဖော်ရှိတာပဲဆိုပြီးပေးလိုက်မိပါတယ်။ ပြီးတာနဲ့ ကျမတို့ ၂ယောက်ကို ဖုန်း Black list ထဲ ထည့်လိုက်တာပါ။

ကျမလေ ပိုက်ဆံ၅သောင်းဆိုတာထက် ဒီလောက်လွယ်လွယ်လေးလိမ်သွားရသလားဆိုပြီး ဒေါသအရမ်းကိုထွက်ပြီး ခုနက ချိတ်ပေးတဲ့ မိန်းမတွေကို သွားပြန်ရှာတော့ အစအနတောင်မတွေ့တော့ပါဘူး။

အဲဒီရှေ့ကထမင်းဆိုင်တွေကလည်း ကျမခေါက်တုံ့ခေါက်ပြန်ရှာနေတာမြင်တော့ အဲဒီအုပ်စုက လုပ်စားနေကျလူလိမ်အုပ်စုလို့ပြောပါတယ်။ ကျမစဉ်းစားမိတာက အဲဒီကျော်စွာဆိုတဲ့သူက ဝန်ထမ်းလို့လည်းပြောတယ်၊ သူ့လက်ထဲမှာလည်း လက်ရှိလုပ်လက်စချလံတွေ ငွေသွင်းဖြတ်ပိုင်းတွေလည်းတွေ့တယ်၊ ဒီမိန်းမတွေက နေ့တိုင်းလည်း လိမ်စားနေတယ်ဆိုတော့ သူတို့ကို ဘယ်သူမှ မတိုင်ဘူးလား၊ ငြိမ်ခံနေကြတာလား၊ ဒါမှမဟုတ် ဘယ်သူမှ အရေးမယူတာလား ဆိုပြီး ပိုခံပြင်းပါတယ်။အဲဒီလိုရှာနေရင်း တခြားခံလိုက်ရတဲ့ ညီမလေးတွေကပါ ကျော်စွာဆိုတဲ့ အသံကြားပြီး ကျမတို့ဆီရောက်လာတယ်။ သူတို့လည်း ၇သောင်းပေးလိုက်ရတယ်။ ကျမတယောက်ထဲအလိမ်ခံရရင်တောင် ကျမစိတ်လျှော့ပြီး ကိုယ့်ဘာသာတန်းစီလိုက်တော့မှာပါ။ အခုလို ဆယ့်ငါးမိနစ်လောက်အတွင်းမှာ လူတွေအများကြီးဆီက ပိုက်ဆံအများကြီးကို လွယ်လွယ်လေးလိမ်သွားလို့ရသလားဆိုတာတော့ ဘယ်လိုမှလက်မခံနိုင်ဘူး။

ဒါနဲ့ ကားပြန်ယူပြီး ရန်ကင်းစင်တာနဲ့ မြန်မာပလာဇာကြားမှာ ကျမတို့ ပတ်ပြီး ရှာကြရင်း ၃ခေါက်လောက်အရောက်မှာ ခုနကဗိုက်နဲ့မိန်းမကို ဖျတ်ကနဲတွေ့တာနဲ့ဆင်းဖမ်းကြပါတယ်။ မြန်မာပလာဇာနောက်ကလမ်းကြားထဲ ထွက်ပြေးလို့ကားနဲ့ လူနဲ့ညှပ်ပြီးအသည်းအသန်ဖမ်းမှမိတယ်။ သူနဲ့အတူပါတဲ့တခြားပွဲစားမတယောက်ကတော့ လွတ်သွားတယ်။ အဲဒီမှာ တခြားပွဲစားမတွေကတဆင့် ကျော်စွာ့ဆီပိုက်ဆံပါသွားတဲ့ အန်တီကြီးတွေနဲ့ ထပ်ပေါင်းမိတယ်။ သဘောကတော့ သူတို့အုပ်စုမှာ ကျော်စွာက ခေါင်းဆောင်။ ကျန်တာတွေက ကျော်စွာ့ဆီခေါ်ပေးရတဲ့သူတွေ။ ဘယ်နှစ်ယောက်တောင်ရှိနေမှန်းမသိတဲ့ အုပ်စုကြီးပါ။

ကျမတို့ရဲခေါ်လိုက်တော့ ရဲကားရောက်လာပါတယ်။ မြန်မာပလာဇာနောက်ကလမ်းထဲမှာ ဘာမှန်းရေရေရာရာမသိဘဲ တနာရီကျော်ကြာတယ်။ ရဲကပြောတယ် ပိုက်ဆံပြန်ရမယ်မရဘူး အာမမခံဘူး ဒါမျိုးတွေက ခဏခဏဖြစ်နေကျပါတဲ့။ အမှုဖွင့်မယ်ဆိုရင်တော့ စခန်းကို လိုက်ခဲ့ပါဆိုတော့ တချို့က အလုပ်ရှုပ်မှာစိုးလို့ မလိုက်ဘဲ ကျန်နေရစ်တယ်။ ကျမတို့လိုက်သွားတယ် (ဘယ်စခန်းလဲဆိုတာ မပြောတော့ပါ) ခုနကလာခေါ်တဲ့ထဲက ရဲတယောက်က ပိုက်ဆံပြန်ရမယ်မရဘူး မသေချာဘူး ကျော်စွာတို့အုပ်စုက ဒလကတဲ့ ဒလရဲစခန်းကိုဖုန်းဆက်ခေါ်ခိုင်းထားတယ် လာမယ်မလာဘူး မသေချာဘူးတဲ့။ကျမတို့က လာမယ်မလာဘူး မသေချာဘူး ထိုင်စောင့်ရအောင် ညစာစားဖို့ဖိတ်နေတာမဟုတ်ဘူးလေ။ မလာရင် ဒလရဲစခန်းနဲ့ ချိတ်ပြီး ဖမ်းပေးပါလို့ပြောတယ်။

ဌာနက နောက်တယောက်ကတော့ နည်းနည်းစကားပြောပြေပြစ်တယ်။ ဖမ်းမိထားတဲ့ အမျိုးသမီးက ကျမတို့၂ယောက်ကို သူစိုက်လျော်ပါ့မယ်၊ ကျန်တာတော့သူနဲ့ မဆိုင်ဘူးဆို ငြင်းပါတယ်။ အဲဒီမှာ တော်တော်ထပ်ကြာသွားတယ်။

ကျမဘယ်လိုမှစိတ်မရှည်တော့တာမို့ visa တွေ မွစာကျဲအောင်ထုထားတဲ့ ကျမ passport ကို အဲဒီတာဝန်ကျတဲ့ ဒုရဲအုပ်ကိုပြပြီး ကျမဆရာဝန်ပါ၊ ဒီလိုခရီးတွေသွားနေတဲ့သူပါ။ ကျမကို ခြိမ်းခြောက်လည်း ဂရုမစိုက်ဘူး။ အမှုဖြစ်လို့ ပိုက်ဆံကုန်လည်း ဂရုမစိုက်ဘူး ရေဆုံးမြေဆုံးလိုက်မယ် ဒီလိုမြို့လည်ခေါင်မှာ ပေါ်တင်ကြီးအုပ်စုလိုက်လိမ်နေတာကို ဘယ်သူမှ အရေးမယူဘဲ လွှတ်ထားတဲ့ကိစ္စကို ဖော်ထုတ်ချင်လို့လာတာဖြစ်ကြောင်းပြောလိုက်တော့မှ အဲဒီကျော်စွာကို ဖုန်းဆက်ခေါ်ခိုင်းပါတယ်။ ဟိုဘက်က မလာနိုင်ဘူး မကျေနပ်ရင် ဒလရဲစခန်းမှာ လာရှင်းတဲ့။

ကျမတို့က ကြံရာပါတယောက်ကိုလည်း ကိုယ်တိုင်ဖမ်းထားပြီးပြီ၊ ရဲစခန်းကိုလည်းရောက်နေပြီ။ ဒါကိုတောင် ကျမတို့က ရဲရှေ့မှာလူမိုက်စကားပြောခံနေရတုန်းလား။

ဒါနဲ့ နေ့လည်စာစားဖို့ ကျန်တဲ့သူတွေထွက်သွားမှ အဲဒီဒုရဲအုပ်ကို ကျမရဲ့ တခြားကိုယ်ရေးကိုယ်တာတချို့ကို ပြောပြလိုက်ပါတယ်။ အဲဒီတော့မှ ခဏလေးပဲစောင့်ပေးပါ အခုချက်ချင်းခေါ်ပေးပါ့မယ်ဆိုပြီး ဖြစ်သွားပါတယ်။ ကျမတို့ခဏမုန့်သွားစားပြီးပြန်လာတဲ့အချိန်မှာ ကျော်စွာဆိုတဲ့သူရောက်နေပါပြီ။ ဒလကလာရတယ်ဆိုသူက မိနစ်၂၀လောက်အတွင်းရောက်လာတာပါ။

ကျမတို့ပိုက်ဆံတွေကို ပြန်ပေးပါတယ်။ ဒါတောင် ကျန်တဲ့သူတွေနဲ့ခွဲဝေယူလိုက်လို့ နည်းနည်းပဲကျန်တော့တာပါဆိုပြီး ဈေးဆစ်နေသေးတာပါ။ ကျမက သူပြန်ပေးတဲ့ပိုက်ဆံကို မလိုချင်ဘူး။ အမှုပဲဖွင့်ချင်တာပါဆိုမှ တောင်းပန်ပြီး အကုန်ပြန်ပေးတာပါ။ ကျမတယောက်ထဲမဟုတ်ဘဲ တခြားလူတွေပါတာရယ်၊ ကျမဆက်လုပ်ရင် ဗိုက်နဲ့အမျိုးသမီးပါ အချုပ်ထဲရောက်မှာမို့ စိတ်လျော့လိုက်ပါတယ်။ အဲဒီအုပ်စုကို ပတ်စပို့ရုံးနား နောက်ထပ်မလာပါဘူးဆိုပြီး ခံဝန်ထိုးခိုင်းပါတယ်။ ဒါပေမဲ့ ပြန်လာမယ်ဆိုတာ ကြိုသိပြီးသားပါ။ သူတို့အချိတ်အဆက်တွေမရှိဘဲ ဒီလောက်ထိပြောင်ပြောင်တင်းတင်းမလုပ်ရဲပါဘူး။

အချုပ်အနေနဲ့ကတော့

၁။ ပွဲစားနဲ့ လုပ်မိတာ ကျမအမှားပါ။ နောက်ဘယ်တော့မှ ဘယ်ပွဲစားနဲ့မှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ တခြားသူတွေလည်း ပွဲစားကိုလုံးဝမယုံပါနဲ့။ အခုလို လူမသိလိုက်ဘဲ အလိမ်ခံနေရတာ ဘယ်နှစ်ယောက်တောင်ရှိနေပြီ မသိနိုင်ပါဘူး။

၂။ အခုလို ဌာနဆိုင်ရာတွေမှာ ပွဲစားရှိနေတာ မဖြစ်သင့်တော့ပါဘူး။ ပွဲစားတွေရှိနေလို့ အမှန်တကယ် တန်းစီမဲ့သူတွေ ဒုက္ခရောက်ပါတယ်။ ပွဲစားတွေက တယောက်ကို ၁၀ယောက်စာလောက်လုပ်နေတော့ တကယ်ကိုယ့်ဘာသာလုပ်သူတွေ နစ်နာပါတယ်။ ဒီတော့ တန်းမစီချင်တော့ဘဲ ပွဲစားကို အားကိုးနဲ့ ဂျာအေးသူ့အမေရိုက်နေတာပါ။ ပွဲစားအစစ်ဖြစ်စေ၊ အတုဖြစ်စေ မရှိသင့်တော့ပါ။ ပွဲစားမဝင်ရဆိုတာမျိုးဖြစ်လာရင် လူလိမ်ရှိစရာအကြောင်းလည်းမရှိတော့ပါ။

၃။ ကျမက ပြည်သူတယောက်အနေနဲ့တိုင်ကြားခဲ့တာပါ။ ပြည်သူ့ရဲတွေ အလုပ်အရမ်းများတာ နားလည်စာနာပါတယ်။ တရားခံကို ကိုယ်တိုင်ဖမ်းပြီးရဲလက်အပ်ပြီးတာတောင် ဘာမှရေရေရာရာမရှိဘဲ အကြာကြီးစောင့်နေခဲ့ရတယ်။ ကျမအနေနဲ့ ပုံမှန်ပြောလေ့ပြောထမရှိတဲ့ တချို့personal တွေပြောလိုက်တော့မှ အဆင်ပြေသွားတာမျိုးကို သိပ်သဘောမကျပါဘူး။ ဘယ်သူ့သားသမီးမို့ ဘယ်သူ့အမျိုးမို့ဆိုတာတွေထက် ကျမတို့က သာမန်ပြည်သူအနေနဲ့ပဲ ပြည်သူ့ရဲကိုအားကိုးချင်တာပါ။ ကျမတို့ကို စစချင်း ဒီကိစ္စဘာမှလုပ်မရဘူး ဒါမျိုးဖြစ်နေကျလို့ ပြောတဲ့ ရဲတယောက်ကိုတော့ တော်တော်အံ့သြပါတယ်။ သူအဲလိုပြောလိုက်လို့ တချို့လူတွေက ရဲစခန်းကိုမလိုက်ရဲတော့တာပါ။ ဒါပေမဲ့ ကျန်တဲ့ရဲတွေက အခုလောက်လုပ်ပေးတာကို ကျမကျေးဇူးတင်ပါတယ်။ အလုပ်များတဲ့ကြားက ကူညီတာကိုလည်း အသိအမှတ်ပြုပါတယ်။
ဒါကြောင့်လည်း ဘယ်ရဲစခန်းဆိုတာ ထည့်မပြောတာပါ။

၎။ နောက်ဆုံးအနေနဲ့ကတော့ ဒီလိုမျိုးအုပ်စုဖွဲ့ပြီး လိမ်နေတာ၊ ဗိုလ်ကျနေတာ၊ မိုက်ရိုင်းနေတာတွေတွေ့ရင် ငြိမ်မခံပါနဲ့။ မရှက်ပါနဲ့။ ဖြဲခြောက်ရင်လည်း မကြောက်ပါနဲ့။ တတ်နိုင်သမျှ ပြန်ပြီးရင်ဆိုင်ပါလို့ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တရက်နှစ်ရက်ဆို သူတို့ပြန်ရောက်လာဦးမယ်ဆိုတာ ကြိုသိနေလို့ပါ။

#8.11.18
#Passport
#creditမူရင်း​ရေးသားသူ

No comments:

Post a Comment