Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 8, 2018

အချစ်ဦး


ရေးသားသူ - Chit Oo Ko Ko

ကျွန်တော်ခေါ်ထားသည့် Grab တက္ကစီက ကျွန်တော့်ကို ကျော်ပြီးမောင်းသွားသည်။ ကျွန်တော်က ချက်ချင်း ကားသမားကို ဖုန်းလှမ်းခေါ်ပြီး
“ အကို၊ ကျွန်တော့်ကို ကျော်သွားပြီဗျ၊ ပြန်ကွေ့ခဲ့တော့၊ ကျွန်တော်ဟိုဘက်လမ်းကို ကူးပြီး စောင့်နေမယ်” ဟု အလောတကြီးပြောလိုက်ရသည်။

“ ဟုတ်တယ် အကိုရေ၊ ကျွန်တော် ကျော်သွားတာ၊ ကျေးဇူးပါခင်ဗျာ၊ အခုပြန်လှည့်ခဲ့ပါမယ်” ဟု ကားဆရာက ပြန်ပြောသည်။ အသံက အသက်လေးဆယ်ကျော်၊ ဖော်ဖော်ရွေရွေရှိပြီး နယ်မြို့တွေဘက်က အသံမျိုးဖြစ် သည်။ (သို့သော် ကျွန်တော့်အတွေးမှားကြောင်း မကြာခင်သိရသည်)

တမိနစ်လောက်ပဲကြာသည်။ ကားဆရာက ရယ်ကျဲကျဲနှင့်ရောက်လာသည်။ အသားညိုရသည့်အထဲ ကားမောင်းသည့် ဒဏ်ကြောင့် ညိုညစ်ညစ်၊ သွားတွေကတော့ဖွေးနေသည်။ မျက်လုံးကျဉ်းကျဉ်း၊ သူ့ကားက တော့ သပ်သပ်ရပ်ရပ်၊ ကိုရီးယား ကေအိုင်အေလို ကားမျိုး။ ဦးပိုင်က တက္ကစီ။

ကျွန်တော် ကားပေါ်တက်တက်ချင်းပင်
“ စိတ်မရှိပါနဲ့ ဆရာရယ်၊ ကျွန်တော်လဲ အင်္ဂလိပ်စာကမတတ်တော့ အဲဒါတွေ မြန်မာအသံထွက် မထွက်တတ် တော့ မြေပုံမှာ ပြတာနဲ့ မှန်းပြီး မောင်းရလို့ပါ”

ဟု ရယ်ကျဲကျဲ မျက်နှာ မပြင်သေးဘဲပြောသည်။ ကားဆရာတိုင်း Map လို့ ပြောနေကြချိန်မှာ သူက မြေပုံလို့ ပြောတော့ ကျွန်တော် နဲနဲသဘောကျသွားသည်။ အင်မတန် ဗမာဆန်ပေတာပဲ။

“ ကျွန်တော် တအားချမ်းနေလို့ အဲကွန်းမဖွင့်တော့ဘူးနော်ဆရာ၊ ဖျားထားတာ နှစ်ရက်ရှိပြီ၊ ဒီနေ့ အုံနာကြေး ပေးပြီးရင် ကိုယ့်အတွက် မကျန်သေးလို့ ထပ်မောင်းနေတာ၊ ရလားဆရာ၊ ဖွင့်ပေးရမလား” ဟုလည်း အားတုံ့အားနာမေးသည်။

“ အော်ရပါတယ်၊ မဖွင့်ပါနဲ့၊ မှောင်နေပြီ၊ ပူလဲမပူတော့ပါဘူး” ဟု ပြန်ပြောလိုက်သည်။

“ ငါးတန်းကို နှစ်ခါကျ၊ တခါတည်း စစ်ထဲဝင်ချပလိုက်တာဆရာရေ၊ အင်္ဂလိပ်စာ မတတ်တာတော့ အမြဲ ဒုက္ခ ရောက်တယ်၊ အသံကို မထွက်တတ်တာ” ကားဆရာက စကားစသည်။

“အော် ဆရာကြီးက စစ်သားကိုး၊ ဖျားတယ်ဆိုတာကရော ငှက်ဖျားဖြစ်ဖူးလို့လား”

ကျွန်တော်ကလဲ ရန်ကုန်မြို့ပြ၏ ကားကျပ်မှုအပေါ် အာရုံပြောင်းရန် တတ်နိုင်သမျှ ကားဆရာတွေနှင့် ရောက်တတ်ရာရာ ပြောတတ်သည့် အကျင့်ကလည်း ရှိတော့ ဇာတ်လမ်းကစတော့သည်။

“ ဟာ ဖြစ်ပါရောဆရာယ်၊ မသေရုံတမည်ပါပဲ၊ သေပြီလို့ကို ထင်တာ၊ ကျွန်တော့် တပ်ခွဲမှူးက ဗိုလ်ကြီးက ချင်းလူမျိုး၊ ကျွန်တော့်ကို ထားခဲ့တော့ ဗိုလ်ကြီး မရတော့ဘူးဆိုပြီးတောင်းပန်တာ၊ ဗိုလ်ကြီးက ကျွန်တော့်ကို ဆဲတယ်၊ ပါးစပ်ပိတ် မင်းမသေရဘူးဆိုပြီး တညလုံး သူ့ပေါင်ပေါ် ခေါင်းအုံးအိပ်ခိုင်း ထားတာ၊ ကျွန်တော်လဲ မအိပ်နိုင်ဘူး၊ သူလဲ မအိပ်ဘူး၊ ကျွန်တော်တို့ စစ်သားတွေရဲ့ ရဲဘော်ရဲဘက်စိတ်လေဆရာ၊ အိမ်က မိန်းမနဲ့ သားသမီးထက် ပိုပြီး ချစ်ကြတယ်၊ ကြင်နာကြတယ်” ဟု အားပါးတရပြောသည်။

“ ဟာ ၊ ဒါဆိုဆရာ ကံကောင်းတာပေါ့” ရှေ့တန်းငှက်ဖျားဖြစ်ရင် မလွယ်ဘူးနော်” ကျွန်တော်က စကားထပ်စပေး လိုက်သည်။

“ဟုတ်ပဆရာ၊ မနက် လင်းအား ကြီးတော့ ဆေးမှူးရှိတဲ့ စခန်းကို ရဲဘော်တွေနဲ့ ပြန်ပို့ခိုင်းတာ၊ ရဲဘော်ထဲက စက်လတ်ကိုင်တဲ့သူက ကျွန်တော့်ကိုထမ်းပြီး တောင်ပေါ်တက်တာ၊ ကျွန်တော်က လမ်းလျှောက်နိုင်ပါပြီဆိုတာ လဲမရဘူး၊ အဲဒါကြောင့်ပြောတာ၊ ရဲဘော်ရဲဘက်စိတ်ဆိုတာ အိမ်က မိန်းမနဲ့ သားသမီးထက်တောင် ပိုပြီး ကြင်နာကြတာ” ကားဆရာတဖြစ်လဲ စစ်သားအိုကြီးက အခုနလေးတင်က ပြောခဲ့သည့် စကားကို ပြန်ပြောသည်။

ဒီလိုနှင့် ကားလေးက တက္ကသိုလ်ရိပ်သာလမ်းထဲဝင်လာသည်။ ကားဆရာက တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံကြီးတခြံကို ပြရင်း
“ ဒေါ်ခင်ကြည်ကြီး က တယောက်တည်း အိမ်ဖော်လေးတွေနဲနဲ နဲ့ နေခဲ့တာ၊ သူ့သမီး ရောက်လာတဲ့ အထိပါပဲ၊ ကျွန်တော်က ဒီရပ်ကွက်ထဲကပဲ” ဟု ပြောသည်။ ကျွန်တော် အခုန သူ့ကို အညာသားလို့ ထင်ခဲ့သမျှ တက်တက်စင်အောင် လွဲတာ ခုမှသိရသည်။

“ ဒါဆို ဒေါ်စု ပြန်ရောက်တော့ ဆရာကြီးက ဒီရပ်ကွက်ထဲ ပြန်ရောက်ပြီပေါ့” ကျွန်တော်က စကားစ ရလိုရငြား မေးသည်။
“သူမြန်မာပြည်၊ မရောက်ခင်တော်တော်ကြာတည်းက ရှေ့တန်းကနေ ရန်ကုန်ကို ပြန်ရောက်နေပါပြီ၊ ဒီရပ်ကွက် ထဲတော့ မဟုတ်တော့ဘူးပေါ့၊ သမ္မတအိမ်တော် လုံခြုံရေးယူရတယ်”

“ ဦးနေဝင်းအိမ်မှာလား” ကျွန်တော်က မေးသည်။

“ မဟုတ်ဘူးလေဆရာ၊ ဦးစန်းယုအိမ်မှာ၊ အလကားပါဆရာရယ်၊ တရုတ်ဘီးစိပ်ပါ၊ ဟားဟား”

ကားဆရာကြီးက သူ့စကားသူပြန်သဘောကျနေသည်။ ကျွန်တော်လဲ ဦးစန်းယု တရုတ်မှန်းတော့သိသည်။ တရုတ်ဘီးစိပ်ဆိုတာ ဘာကိုပြောချင်တာမှန်းတော့မသိ။ ဒါနဲ့ ပဲ

“ တရုတ်ဘီးစိပ်ဆိုတာဘာလဲ ဆရာကြီးရဲ့”

“ ကပ်စေးနဲတာကိုပြောတာလေ၊ သူ့အိမ်နှစ်သစ်ကူးလုပ်တယ်၊ သူတို့ မိသားစုပဲစားကြတယ်၊ ရဲဘော်တွေလဲ ခေါ်မကျွေးဘူး၊ အံပေါင်းလေးဘာလေး သူများတွေ ပေးတာရဖူးတယ်၊ သူကတော့ဖြင့် မပေးပေါင်၊ ကပ်စေးနဲ လို့ တရုတ်ဘီးစိပ်လို့ပြောတာ၊ အစိပ်ကျလွန်းတယ်လေ”

ကားဆရာကြီးအပြောကို ကျွန်တော် တော်တော်သဘောကျသွားသည်။ ကားဆရာက ဓါတ်ဆီဆိုင်မှာ ဆီထည့်ပါရစေဟု ခွင့်တောင်းတော့ ကျွန်တော်ကလဲ သဘောတူလိုက်သည်။ ဆီဆိုင်မှာက နဲနဲ တန်းစီနေရတော့ စကားပြန်ဆက်မိကြသည်။

“ဒါနဲ့ ဆရာကြီးက ရှေ့တန်း ဘယ်မှာတာဝန်ကျခဲ့တာလဲ” ကျွန်တော်က ခေါင်းစဉ်ပြောင်းလိုက်သည်။

“ ရခိုင်ဆရာရေ၊ အမလေး အခုကြမ်းတယ်ဆိုတာလောက်တော့ ကျွန်တော်တို့ တုံးက ဘာဟုတ်လိမ့်မတုံး”

“ ဟမ်၊ ဒီထက်ကိုကြမ်းတာလား၊ ဘယ်သူနဲ့ ချတာတုံး”

“ ကုလားရော၊ ဗကပရော၊ အလံနီရော စုံနေတာပဲ ၊ တွေ့တဲ့ကောင်နဲ့ချတာပဲ”

“ အော် ၊ ကျော်ဇံရွှီးတို့၊ ဦးကျော်မြတို့နဲ့ တွယ်ခဲ့တာပေါ့”

ကားဆရာက ရုတ်တရက် ဇတ်ကနဲ နောက်ပြန်လှည့်ကြည့်သည်။ အံ့သြသော မျက်နှာနှင့်မေးသည်။

“ဆရာလေး အသက်ကလေး အငယ်လေးနဲ့ ဘယ်လိုလုပ် ဒီလူကြီးတွေ သိနေသလဲ၊ အမှန်ပါပဲ၊ သူတို့နဲ့ ချခဲ့ရတာ”

“ ဒီလိုပါပဲ ဆရာကြီးရယ် ၊ လူကြီး သူမတွေပြောတာ ကြားဖူးနားဝရှိလို့ပါ”

“ အော်၊ ဆရာလေးလဲ ရခိုင်ဘက်ကလား၊ ကုလားနဲ့တူပေမဲ့ အသံကတော့ အညာသားအသံပဲ”

ကားဆရာအပြောကို သဘောကျ၍ ကျွန်တော် တဟားဟားနဲ့ ရီလိုက်သည်။

“ဟုတ်တယ်ဗျာ၊ ကုလားတော့ ကုလားပဲ၊ အညာဘက်ကဆိုတော့ ဆရာကြီးပြောတာ နှစ်ခုလုံးမှန်ပါတယ်”

ကားဆရာကလဲ ရယ်ကျဲကျဲ၊

“ကုလားဆင်ပါပဲဆရာ၊ သိပ်တော့လဲ မတူလှပါဘူး”

“ ကပြားမို့လို့ပါ”

“ အော် ၊အဲသလိုလား၊ ဘယ်ဘက်က စပ်သလဲ”

“ အဖေက ဗမာလို့ ပြောလို့ရပါတယ်”

ကားဆရာက ကျွန်တော့်ကို တချက်ပြန်ကြည့်သည်။ ပြီးတော့ သက်ပြင်းချရင်းလေးလေးနက်နက် ပြောသည်။

“ ဖူးစာပဲဗျ။ ကုလားနဲ့ ဗမာညားတယ်ဆိုတာ ဖူးစာပဲ၊ ကိုယ့်အချင်းချင်း အိမ်ချင်းကပ်နေတောင် ဖူးစာ မပါရင် မညားဘူး၊ ဘယ်လောက်ချစ်ချစ် ဖူးစာမပါရင် မညားဘူး”

ကျွန်တော်တောင် နဲနဲ ကြောင်သွားသည်။ ကားဆရာ၏ မျက်လုံးက ရှေ့က ကားတန်းကြီးဆီ ပို့ထားသော် လည်း သူ့မျက်လုံးတွေက ကားတန်းကြီးတွေကို ကျော်ပြီး အဝေးကို ကျော်ကြည့်နေတာ သတိထားမိသည်။

“ ဆရာကြီးရော ချစ်တဲ့သူနဲ့ မညားခဲ့လို့လား”

“ ချစ်တဲ့သူနဲ့တော့ ညားပါတယ်။ ဒုတိယရီးစားနဲ့ညားတာပေါ့၊ အသက်နဲ့ထပ်တူချစ်ရတဲ့ ရီးစားဦးနဲ့တော့ ဖူးစာမပါလို့ မညားခဲ့ရဘူး ဆရာ၊ ကျွန်တော် သိပ်ချစ်တာ၊ ရီးစားဦးမို့ အရူးအမူးပါပဲ၊ အခု အသက်(၆၀)ကျော်ပြီ တနေ့မှ မေ့မရပါဘူး၊”

စောစောကလေးတင် ရွှင်ပျပျနှင့် ပြောနေခဲ့သော ကားဆရာကြီး၏ လေသံသည် ဝမ်းနည်းသံ တော်တော်ကြီး စွက်ပြီး ပြောနေကြောင်း သတိထားမိသည်။

“ ဟုတ်လား၊ ဘာလို့ မညားခဲ့သလဲဆရာကြီးရယ်၊ စစ်သားဖြစ်ပြီး ရအောင်မယူခဲ့ဘူးလား” ကျွန်တော်က စကားလမ်းကြောင်းပေးလိုက်သည်။

“စစ်သားဖြစ်လို့ မညားတာပါပဲ၊ အဲဒီ အချိန်က ရခိုင်မှာ တာဝန်ကျနေတဲ့အချိန်၊ ပထမဆုံး ရီးစားရတာ၊ ရခိုင်မလေးပါပဲ၊ ရသေ့တောင်ဘက်က၊ ကျွန်တော့်အသက်က အဲဒီအချိန်က ၁၉ နှစ်၊ ချစ်မိတော့ အရူးအမူး၊ အဲဒါနဲ့ ချက်ချင်းယူမယ်လုပ်တော့ တပ်က ခွင့်မပြူဘူးဆရာရယ်။ နောက်ရောက်လာတဲ့ တပ်ခွဲမှူးကလဲ ကျွန်တော့်ကို ချစ်ပါတယ်။ ကျွန်တော့်အသက် တအားငယ်သေးတော့ ရူးရူးမိုက်မိုက်လုပ်နေတာပဲ ဆိုပြီး စိတ်ပြေသွားအောင် ဘူးသီးတောင်ပို့လိုက်တာ၊ ကျွန်တော့် ကောင်မလေးက ပြောတယ်၊ ဒီနှစ်ကုန်လို့ မှ မယူရင် မရဘူး၊ သူ့အိမ်က စီစဉ်တော့မှာတဲ့၊ အခုခေတ်လို ဖုန်းတွေလဲ ရှိတာမဟုတ်တော့ အဲဒီတည်းက ရသေ့တောင် ကို ပြန်မရောက်တော့ပါဘူး၊ အခုအချိန် ရှိကောရှိသေးရဲ့လား၊ ရှိမယ်ဆိုလဲ ကျွန်တော်နဲ့ ရွယ်တူ ၆၀ လောက် တော့ရှိရောပေါ့၊ အဆင်မှ ပြေရဲ့လား၊ ဘာတွေလုပ်နေလဲ သိချင်တာတော့ တအားပါပဲဆရာ”

ရှည်ရှည်လျားလျားပြောနေသော ကားဆရာကြီး၏ အသံက တိမ်ဝင်သွားသည်။ သူ့ အာခေါင်တွေ နာနေမည် ဆိုတာ ကျွန်တော်ခံစားမိပါသည်။ တစုံတယောက်ကို ပြင်းပြင်းပျပျ သတိရတဲ့အခိုက်တွေ ကျွန်တော့်လူငယ် ဘဝမှာ ရှိခဲ့တာပေါ့။

“ အခုအချိန် ရှိသေးတယ်ဆိုရင်ရော ဆရာကြီး၊ အဲဒီ အမျိုးသမီးနဲ့ တွေ့ချင်သေးလား၊ တွေ့ရင်ရော ဘာတွေ ပြောချင်လဲ”
ဒါကတော့ ကျွန်တော် သတင်းထောက် ဥာဉ်ကလေး လက်ကျန်နဲ့ မေးလိုက်တာဖြစ်သည်။ ကျွန်တော် ကိုယ်တိုင်လဲ သူ့ကို တော်တော်လေး သနားသွားတာပါသည်။

“ ဒီလိုပါပဲဆရာရယ်၊ အဆင်ရောပြေရဲ့လား၊ အဆင်မပြေဘူးဆိုလဲ ရန်ကုန်ပြောင်းလာချင်ရင် မိတ်ဆွေတွေ ဆရာသမားတွေဆီက အကူအညီတောင်းပြီး အလုပ်အကိုင်လေး ဘာလေး ကူပြောပေးချင်ရုံပါပဲ၊ ဆရာရယ်၊ ရခိုင်ပြည်နယ်က သိပ်ဆင်းရဲတယ်လေ၊ သူအဆင်မပြေပါ့မလားဆိုတာ သတိရတိုင်းတွေးဖြစ်တယ်၊ တခါတခါ တအားကို သတိရတာပဲဆရာရယ်’’

“ အော် ဆရာကြီးရယ်၊ ဒီဘက်ခေတ်ထဲ သိပ်ခက်ခက်ခဲခဲလဲ မဟုတ်တော့ပါဘူး၊ ရခိုင်ကိုပြန်သွားရှာရင်တွေ့မှာ ပေါ့၊ ကျွန်တော် မေးမြန်းပေးရမလား”

“ သိပ်သွားချင်တာပေါ့ဆရာရယ်၊ ကျွန်တော့် သူငယ်ချင်းတွေကိုလဲ ရခိုင်ဘက် သွားဖြစ်ရင်ခေါ်ပါလို့ ကျွန်တော် ပြောတယ်၊ ပြောလို့သာပြောရတယ်ဆရာရယ် မလွယ်ပါဘူး။ သူက ရသေ့တောင်မြို့ပေါ်က မဟုတ်ဘူး၊ ရွာဘက်က၊ ပြီးတော့ ကျွန်တော့် သူ့ရခိုင်နာမည်မသိဘူး၊ အိမ်နာမည်ပဲသိတယ်၊ ကျွန်တော် အခုနေ သွားတွေ့ ဦးတော့ သူ့ယောက်ကျားက ကြည်ဖြူပါ့မလားရှိသေးတယ်၊ ကျွန်တော် တယောက်တည်း ဒီတိုင်း ရခိုင်သွားလဲ အိမ်က မိန်းမကို ငယ်ရီးစားကိုသွားရှာဖို့လို့ ပြောလို့က မကောင်းဘူးမလား”

“ အိမ်က မိန်းမကလဲ ဒုတိယရီးစားဆို၊ သူ့လဲ ချစ်လို့ယူထားတာမလား”
“ ဟုတ်တယ်ဆရာလေး၊ အမလေး ကျွန်တော့် လက်ရှိ မိန်းမကိုလဲ ရီးစားဦးလို မဖြစ်အောင် သွားကို ခိုးလာရတာ၊ ခိုးတဲ့ နေ့က လက်ထဲ ပြားခြောက်ဆယ်ပဲရှိတာ၊ အဲလိုနဲ့ ဘဝစခဲ့တာ ကလေးက အခု ၄ ယောက်၊ ၃ ယောက်က အိမ်ထောင်ကျသွားပြီ၊ အဲဒါကြောင့် ရီးစားဦးကို သွားတွေ့ရရင်” မိန်းမကိုလဲ မျက်နှာပူတယ်၊ ဒါပေမဲ့ မသေချင်တော့ တခါလောက် တွေ့ချင်တာပါပဲ၊ ကျွန်တော် ဒီအရွယ်ထိ ရီးစားဦးကို သတိရရင် မျက်ရည် ကျမိတုံးပါ၊ မသေခင် တခါတွေ့ချင်တယ်၊ သူအဆင်မပြေရင် တတ်နိုင်သလောက် ကူညီချင်တယ်၊ သူ့ ယောက်ကျားလဲ အလုပ်ရှာပေးမယ်၊ ဒီလောက်ပါပဲ”

ကျွန်တော် ထပ်မမေးသင့်တော့ဟု သဘောပေါက်လိုက်သည်။ စစ်သားအိုကြီး၏ အသံတွေမှာ လည်ပင်းတွေ နာလောက်အောင် ငိုချင်စိတ်ကို မနည်းထိန်းထားရကြောင်း ကျွန်တော် ခံစားနိုင်ပါသည်။ တဆက်တည်းမှာ စစ်သားတယောက်ရဲ့ သစ္စာရှိမှုကို ကျွန်တော် မြင်လိုက်ရသည်။ ကားဆရာကြီးကိုလည်း တော်တော်လေးစား သွားသည်။ သူသည် အမျိုးသမီးနှစ်ယောက်လုံးကို သစ္စာရှိရှိချစ်တာဖြစ်သည်။ ယောက်ကျားတယောက်ဘဝမှာ မေ့မရတဲ့ မိန်းမဆိုတာ ရှိတတ်ကြပါသည်။ ရီးစားဦးရဲ့ အသံလေးများကို မြေးဦးရထိ မမေ့ဘူးဆို သော သီချင်းထဲကလိုဖြစ်သည်။ သို့သော် စစ်သားအိုကြီး၏ ရီးစားဦးအပေါ်ထားရှိသည့်ချစ်ခြင်းနှင့် လက်ရှိဇနီး အပေါ် နှံထားသည့် သစ္စာအကြား ခိုင်ကြဉ်၊ တည်ကြည်မှာ သြချ လောက်ပါသည်။

ဒီစစ်သားအိုကြီးသာ သူဌေးတဦးဆိုရင် သူသေချာပေါက် ရခိုင်ကိုသွားပြီး ရီးစားဦးမိသားစုကို ရန်ကုန်ခေါ်ယူ စောင့်ရှောက်မှာ အသေအချာပင်။ တက္ကစီမောင်းရသော ဘဝသည် သိပ်ပြေလည်လှသည်မဟုတ်ပါ။ အခုပင် အုံနာကြေးကာမိရုံသာရှိသေး၍ နေမကောင်းသည့်ကြားမှ ကား မသိမ်းနိုင်သေးဘဲဆက်မောင်းနေရသည်။ သို့သော် ဘယ်ဆီဘယ်ဝယ်ဘယ်အရပ်ရောက်နေမှန်းမသိသော၊ လွန်ခဲ့သော အနှစ်လေးဆယ်ကျော်တည်းက မတွေ့တော့သော ရီးစားဦး အဆင်မပြေမှာစိုး၍ ကူညီစောင့်ရှောက်ချင်သော ချစ်ခြင်းမေတ္တာမျိုးသည် ဓူဝံကြယ် ကို ဆွတ်ခူးပေးပါ့မယ်ဆိုသော ပြဇာတ်စကားတွေထက် ရိုးရိုးရှင်းရှင်းလေး ပင် တန်ဖိုးကြီးလွန်းလှပါသည်။

ကျွန်တော့်အိမ်လဲရောက်ပြီ၊ ကားလဲရပ်သွားပြီ၊ ကားဆရာတဖြစ်လဲ စစ်သားအိုကြီးနဲ့ ကျွန်တော် စကားမဆက်မိ တာ ဆယ်မိနစ်နီးပါးရှိပါလိမ့်မည်။ ကားခပေးပြီး ကျွန်တော် ကားပေါ်ကဆင်းလိုက်သည်။ စစ်သားအိုကြီး ပုံမှန် ပြန်ဖြစ်နေပုံရပါသည်။ ကားပေါ် တက်ကာစကလို ပြုံးပြုံးရွှင်ရွှင်မျက်နှာနှင့်။ ဒီလောက်ကာလအရှည်ကြီး မျိုသိပ် ခဲ့ရတဲ့ အဖြစ်တခုကို တယောက်ယောက်ကို ကြုံလို့ ပြောပြလိုက်ရသည့်အတွက် အနည်းငယ် ပေါ့ပါးသွားဟန် လဲရှိပါသည်။

“ကျေးဇူးနော်ဆရာကြီး”

“ဟုတ်ကဲ့ဆရာလေး၊ ကျေးဇူးပါခင်ဗျာ”

“ဒါနဲ့ ဆရာကြီးရေ၊ ကျွန်တော့်မိတ်ဆွေတချို့ ရခိုင်ဘက်မှာ ရှိပါတယ်၊ ကျွန်တော်မေးပေးရမလား၊ ဆရာကြီး ငယ်ရီးစားနာမည်က ဘယ်သူတဲ့လဲ”

“ရသေ့တောင်၊ ကျောက်တန်းရွာက ၊ အိမ်နာမည်ကတော့ မလုံးလို့ ခေါ်ပါတယ်၊ ရခိုင်နာမည်တော့ မသိပါဘူး၊ မေးပေးရင်တော့ ကျေးဇူးမမေ့ပါဘူးဆရာ၊ အဲဒါ ကျနော့်ဖုံးနံပါတ်ပါ၊ ကျွန်တော့်နာမည်……………..ပါ၊”

ဝင်းပသွားသည့် မျက်လုံးတွေက အသက်ခြောက်ဆယ်ကျော်အရွယ်မှာ ငယ်ချစ်ဦးကို ပြန်တွေ့ရ ဖို့ ကောက်ရိုးတမျှင်လဲ အရေးပါသည်ဆိုတာ ပြောနေသလိုပင်။

ကျွန်တော့်ကို နှုတ်ဆက်သွားသော စစ်သားအိုကြီး၏ ကားလေးသည် ဗဟိုလမ်းမကြီးပေါ်ကို တဖြေးဖြေး ရွေ့လျားသွာတော့သည်။ သူ့ကားနောက်မီးလုံးလေးများ တဖြေးဖြေး ဝေးကွာသွားပြီး တခြားကားတွေ၏ မီးရောင်တွေနဲ့ ရောသွားသည်အထိ ကျွန်တော် ကြည့်နေမိလိုက်ပါသည်။
ကွဲကွာနေကြတဲ့ချစ်သူတွေ သက်ရှိထင်ရှားရှိနေကြချိန်မှာ တကြိမ်လောက်ဖြစ်ဖြစ် ပြန်တွေ့ကြစေလိုသည်မှာ ကျွန်တော့်ဆန္ဒဖြစ်ပါသည်။

No comments:

Post a Comment