Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 9, 2018

ရခိုင်အရေးဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ရောက်နေ


အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ( ဝဲ )၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A H Mahmood Ali (ယာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟက်ဆန်မာမွတ်အလီဟာ ရခိုင်အရေးဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကို ဒီကနေ့ ( သြဂုတ် ၉ ရက်နေ့ )နေ့လယ်မှာ နေပြည်တော်ကိုရောက်ရှိလာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတန်း အတွင်းဝန်ဦးအောင်ကျော်ဇံက ဘီဘီစီကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံဘက်ကဖိတ်ခေါ်မှုအရ လာရောက်တာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်တဲ့အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီတို့နဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

' ' ဒီခရီးစဉ်ကတော နှစ်နိုင်ငံအကြား ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ ပြန်လည်လက်ခံရေးအတွက် အဓိက ကျောရိုးအနေနဲ့လာတာပဲလေ။ UN အဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုးထားတာရှိတယ်၊ နှစ်ဖက်ပေါ့ ။ အဲဒီလုပ်ငန်းစဉ်တွေကိုလေ့လာတဲ့အပိုင်းလည်းပါတယ်။ နှစ်ဖက်သဘောတူ ဆောင်ရွက်ရမဲ့ကိစ္စတွေလည်း ရှိတယ်။ ရခိုင်ဘက်ကိုလည်းသွားဖို့ရှိပါလိမ့်မယ်။'' လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ကိုလာရောက်တဲ့ခရီးစဉ်အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတန်း အတွင်းဝန် ဦးအောင်ကျော်ဇံက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရဲ့ ၄ ရက်ဝန်းကျင်ကြာမြင့်မဲ့ ဒီခရီးစဉ်အတွင်း ရခိုင်ကိုသွားဖို့ကတော့ သေချာ သလောက်ရှိပြီး ဘယ်နေရာတွေသွားမယ်၊ ဘာတွေလုပ်မယ်ဆိုတဲ့ခရီးစဉ်အသေးစိတ်ကတော့ မနက်ဖြန် (သြဂုတ် ၁၀ ရက်နေ့ ) မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးမှသာ အသေးစိတ်ကို ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ဦးအောင်ကျော်ဇံက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် ပံ့ပိုးကူညီဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့အကြား နားလည်မှု စာချွန် လွှာကို ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတနေရာ
မြန်မာအစိုးရဘက်က ကုလသမဂ္ဂဝန်ထမ်းတွေကို ရခိုင်ကိုသွားခွင့်မပြုတဲ့အတွက် လွတ်လွတ် လပ်လပ် သွားလာ ခွင့်ရဖို့အရေး UNDP နဲ့ UNHCR တို့က သြဂုတ်လ ၈ ရက်နေ့ မှာ စာထုတ်ပြန်ပြီး တောင်း ဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေဘက်က စာထုတ်ပြန်အပြီးမှာပဲ ဒီကနေ့ သြဂုတ် ၉ရက်နေ့မှာတော့ UNHCR နဲ့ UNDP ကဝန်ထမ်းတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်မှာရှိတဲ့ ကျေးရွာ ၂၃ ရွာကို ပထမအဆင့်အနေနဲ့ ကွင်းဆင်းစစ်ဆေးတာတွေလုပ်နိုင်ဖို့ သွားခွင့်ပြုမယ်လို့ မြန်မာအစိုးရဘက်က ပြန်လည်ထုတ်ပြန်လာခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment