Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 27, 2018

အက်ိဳးႀကီးေအာင္ ဥပုသ္ေစာင့္နည္း

ဗုဒၶဘာသာ ျမန္မာလူမ်ိဳးမ်ားသည္ ဥပုသ္ေန႔မ်ားတြင္ ရွစ္ပါးသီလတည္းဟူေသာ ဥပုသ္ကို ေစာင့္ထိန္းေလ့ရွိၾကသည္။ ေကာင္းျမတ္ေသာအက်င့္ျဖစ္၍ ကၽြႏ္ုပ္တို႔ ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုပါသည္။ အားေပးခ်ီးက်ဴးပါသည္။

ဤေနရာ၌ဥပုသ္ေစာင့္ထိန္းျခင္းႏွင့္ ပတ္သက္၍ ဗုဒၶဘုရားရွင္ ေဟာၾကားေတာ္မူေသာ အဆံုးအမကို တင္ျပလိုပါသည္။ ဤအဆံုးအမသည္ ဝိသာခါေက်ာင္းအမႀကီးအား ေဟာၾကားဆံုးမေသာ အဆံုးအမျဖစ္သည္။

ဗုဒၶဘုရားရွင္၏ ေဟာၾကားခ်က္အရ ဥပုသ္ ၃-မ်ိဳးရွိသည္။ ယင္းတို႔မွာ-
(၁) ႏြားေက်ာင္းသား ဥပုသ္။(ေဂါပါလ ဥပုသ္)
(၂) နိဂဏၭတကၠတြန္းတို႔ ညြန္ျပေသာ ဥပုသ္။ (နိဂဏၭ ဥပုသ္)
(၃) အရိယာသူျမတ္တို႔ ေစာင့္ထိန္းေသာ ဥပုသ္။ (အရိယာဥပုသ္)
(၁) ႏြားေက်ာင္းသား ဥပုသ္-ဆိုသည္မွာ အစားအေသာက္မ်ားကို မက္ေမာေသာစိတ္ျဖင့္ ရွစ္ပါးသီလေစာင့္ထိန္းျခင္းကို ဆိုလိုသည္။
ႏြားေက်ာင္းသားသည္ ညေနခင္းတြင္ ႏြားရွင္တို႔အား ႏြားမ်ားသည္ ယေန႔ ဤမည္ေသာအရပ္၌ အစာစားခဲ့ၾက၏။ ဤမည္ေသာအရပ္၌ ေရေသာက္ခဲ့ၾက၏။ နက္ျဖန္ ႏြားသည္ ဤမည္ေသာအရပ္၌ အစာစားၾကရလိမ့္မည္-ဟု ဆင္ျခင္ခဲ့ၾကသည္။
ထို႔အတူ အခ်ိဳ႔ေသာ ဥပုသ္မ်ားသည္ ယေန႔-ငါသည္ ဤမည္ေသာ စားေသာက္ဖြယ္တို႔ကို စားေသာက္ခဲ့ရ၏။ နက္ျဖန္ ဤမည္ေသာ စားေသာက္ဖြယ္တို႔ကို စားေသာက္ရလိမ့္မည္-ဟုဆင္ျခင္လ်က္ အစာကို မက္ေမာေသာစိတ္ျဖင့္ ထိုေန႔အဖို႔ကို ကုန္လြန္ေစ၏။ ဤသို႔ ေစာင့္သံုးအပ္ေသာ ဥပုသ္သည္ ႏြားေက်ာင္သား ဥပုသ္မည္၏။ ဤဥပုသ္သည္ အက်ိဳးအာနိသင္ မရွိေပ။
(၂) နိဂဏၭ ဥပုသ္-ဆိုသည္မွာ အေျပာတမ်ိဳး အလုပ္တမ်ိဳး မမွန္မမကန္ ေဟာၾကားေသာ နိဂဏၭတကၠတြန္းတို႔၏ စကားကို လိုက္နာ၍ ရွစ္ပါးသီလ ေစာင့္ထိန္းျခင္းမ်ိဳး ျဖစ္သည္။
ဥပမာ-နိဂဏၭတို႔သည္ မိမိတို႔၏ တပည့္တို႔အား အရပ္ေလးမ်က္ႏွာ ယူဇနာတရာ ထက္ဝန္းက်င္၏ အျပင္ဘက္တြင္ ရွိေသာ သတၱ၀ါတို႔ကို ညႇင္းဆဲ ႏွိပ္စက္ျခင္း မျပဳရ-ဟူ၍ ေဆာက္တည္ေစ၏။ ဤတြင္ ယူဇနာတရာအတြင္း၌ ရွိေသာ သတၱ၀ါတို႔အား ညႇင္းဆဲျခင္း ျပဳသည္ကို ခြင္ျပဳသကဲ့သို႔ ျဖစ္ေနသည္။
သတၱဝါအားလံုးကို မဟုတ္၊ သတၱဝါအခ်ိဳ႔ကိုသာ သနားျခင္းျပဳရန္ ေဆာက္တည္ေစေသာသေဘာမ်ိဳး ျဖစ္ေနသည္။ မမွန္ကန္ေပ။ ဤသို႔ေဆာက္တည္ေသာ ဥပုသ္သည္ နိဂဏၭဥပုသည္ မည္၏။ ထိုဥပုသ္သည္ ႀကီးေသာအက်ိဳး အာနိသင္ မရွိေပ။
(၃) အရိယာဥပုသ္ဆိုသည္ကား-သူေတာ္သူျမတ္တို႔ ေစာင့္ထိန္းေသာ ဥပုသ္မ်ိဳးျဖစ္သည္။
အရိယာဥပုသ္တြင္ (က) ျဗဟၼဥပုသ္ (ခ) ဓမၼဥပုသ္ (ဂ) သံဃဥပုသ္ (ဃ) သီလဥပုသ္ (င) ေဒဝတာဥပုသ္ ဟူ၍ ၅-မ်ိဳးရွိသည္။
(က) ျဗဟၼဥပုသ္ ဆိုသည္မွာ-ဦးေခါင္းကို တန္ဆာဆင္လိုသူသည္ ထိုဦးေခါင္းကို စင္ၾကယ္စြာေဆးေလွ်ာ္ျပီး တန္ဆာဆင္ရ၏။ ထိုမွသာ တင့္တယ္လွပ၏။ ထို႔အတူ သီလတန္ဆာ ဆင္ျမန္းလိုသူသည္ ေရွးဦးစြာ ဗုဒၶဂုဏ္ေတာ္မ်ားကို ပြားမ်ားဆင္ျခင္ကာ စိတ္ကို စင္ၾကယ္ေအာင္ ျပဳလုပ္ျပီးမွ သီလေစာင့္ထိန္းသည္။ ဤသီလသည္ အက်ိဳးမ်ားသည္။ ဤဥပုသ္ကို ျဗဟၼဥပုသ္ဟု ေခၚသည္။
(ခ) ဓမၼဥပုသ္ ဆိုသည္မွာ-ဝတ္ေကာင္း ဝတ္သစ္မ်ားကို ဆင္ျမန္းလိုသူသည္ ေရွးဦးစြာ ညစ္ေပေနသည့္ ခႏၶာကိုယ္ကို စင္ၾကယ္ေအာင္ ေရခ်ိဳးရ၏။ ေရခ်ိဳးျပီး ဝတ္ေကာင္းဝတ္သစ္မ်ားကို ဆင္ျမန္းမွ တင့္တယ္၏။ ထို႔အတူ သီလတန္ဆာကို ဆင္ျမန္းလိုသူသည္ ေရွးဦးစြာ တရားဂုဏ္ေတာ္မ်ားကို ပြားမ်ားဆင္ျခင္ကာ စိတ္ကို စင္ၾကယ္ေအာင္ ျပဳလုပ္ရ၏။ ထိုသို႔ျပဳျပီးမွ ေစာင့္ထိန္းသည့္ သီလသည္သာ အက်ိဳးမ်ားေပသည္။ ဤဥပုသ္ကို ဓမၼဥပုသ္ဟု ေခၚ၏။
(ဂ) သံဃဥပုသ္ ဆိုသည္မွာ-ျဖဴစင္ေသာအဝတ္မ်ားကို ျဖဴစင္ေအာင္ ေလွ်ာ္ဖြပ္ျပီးမွ ဝတ္ဆင္ရာ၏။ ထိုမွသာ တင့္တယ္၏။ ထို႔အတူ သီလတည္းဟူေသာ အဝတ္ကို ဝတ္ဆင္လိုသူသည္ ေရွးဦးစြာ သံဃာ့ဂုဏ္ေတာ္မ်ားကို ပြားမ်ားဆင္ျခင္လ်က္ စိတ္ကို စင္ၾကယ္ေအာင္ ျပဳလုပ္ရ၏။ ထိုသို႔ ျပဳလုပ္ျပီးမွ ေစာင့္ထိန္းသည့္ သီလသည္သာ အက်ိဳးမ်ားေပသည္။ ထိုဥပုသ္ကို သံဃဥပုသ္ဟု ေခၚသည္။
(ဃ) သီလဥပုသ္ ဆိုသည္မွာ-ကိုယ္လံုးေပၚမွန္ကို ထင္ထင္ရွားရွား ျမင္ေအာင္ ၾကည့္ရႈလိုသူသည္ ေရွးဦးစြာမွန္သားျပင္မွ ျမဴမႈန္ေခ်းမ်ားကို စင္ၾကယ္ေအာင္ ပြတ္တိုက္ရာ၏။ ထိုသို႔ ပြတ္တိုက္ျပီး ၾကည့္ရႈမွ ထင္ထင္ရွားရွား ျမင္ႏိုင္၏။ ထို႔အတူ သီလတည္းဟူေသာ မွန္ကို ၾကည့္ရႈလိုသူသည္ မိမိေစာင့္ထိန္းေသာ သီလဂုဏ္မ်ားကို ေရွးဦးစြာ ပြားမ်ားဆင္ျခင္လ်က္ စိတ္ကို စင္ၾကယ္ေအာင္ ျပဳလုပ္ျပီးမွ ေစာင့္ထိန္းရ၏။ ထိုသီလသည္သာ အက်ိဳးမ်ားေပသည္။ ယင္းကို သီလဥပုသ္-ဟု ေခၚသည္။
(င) ေဒဝတာ ဥပုသ္ ဆိုသည္မွာ-စိန္ ေရႊ ရတနာ လက္ဝတ္တန္ဆာမ်ား ဆင္ျမန္းလိုသူသည္ ေရွးဦးစြာ လက္ဝတ္ရတနာမ်ားကို ေခ်းမ်ားစင္ၾကယ္ေအာင္ အေရာင္တင္ျပီးမွ ဝတ္ဆင္ရ၏။ ထို႔အတူ သီလတည္းဟူေသာ လက္ဝတ္ရတနာမ်ားကို ဆင္ျမန္းလိုသူသည္ ေရွးဦးစြာ သဒၶါသီလ စေသာ တရားမ်ားကို ဆင္ျခင္ကာ စိတ္ကို စင္ၾကယ္ေအာင္ ျပဳလုပ္ရသည္။ ဤသို႔ ျပဳလုပ္ျပီးမွ ေစာင့္ထိန္းသည့္ သီလသည္သာ အက်ိဳးမ်ားေပသည္။ ယင္းကို ေဒဝတာ ဥပုသ္-ဟု ေခၚသည္။
ဤသို႔လွ်င္ ဗုဒၶဘုရားရွင္သည္ ဥပုသ္ ၃-မ်ိဳးကို ပိုင္းျခားသိျမင္ေအာင္ ေဟာၾကားဆံုးမခဲ့သည္။ ဥပုသ္ေစာင့္ထိန္းသူမ်ား ဆင္ျခင္ဖြယ္၊ သိမွတ္ဖြယ္ျဖစ္၍ အဂၤုတၱိဳရ္ ဥေပါသထသုတ္လာ အက်ိဳးႀကီးေအာင္ ဥပုသ္ေစာင့္နည္းကို ကၽြႏ္ုပ္တို႔ တင္ျပအပ္ပါသည္။

Mr.Myint

#Unicode Version#

 ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဥပုသ်နေ့များတွင် ရှစ်ပါးသီလတည်းဟူသော ဥပုသ်ကို စောင့်ထိန်းလေ့ရှိကြသည်။ ကောင်းမြတ်သောအကျင့်ဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ အားပေးချီးကျူးပါသည်။
ဤနေရာ၌ဥပုသ်စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော အဆုံးအမကို တင်ပြလိုပါသည်။ ဤအဆုံးအမသည် ဝိသာခါကျောင်းအမကြီးအား ဟောကြားဆုံးမသော အဆုံးအမဖြစ်သည်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိသည်။ ယင်းတို့မှာ-
(၁) နွားကျောင်းသား ဥပုသ်။(ဂေါပါလ ဥပုသ်)
(၂) နိဂဏ္ဌတက္ကတွန်းတို့ ညွန်ပြသော ဥပုသ်။ (နိဂဏ္ဌ ဥပုသ်)
(၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယာဥပုသ်)
(၁) နွားကျောင်းသား ဥပုသ်-ဆိုသည်မှာ အစားအသောက်များကို မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလစောင့်ထိန်းခြင်းကို ဆိုလိုသည်။
နွားကျောင်းသားသည် ညနေခင်းတွင် နွားရှင်တို့အား နွားများသည် ယနေ့ ဤမည်သောအရပ်၌ အစာစားခဲ့ကြ၏။ ဤမည်သောအရပ်၌ ရေသောက်ခဲ့ကြ၏။ နက်ဖြန် နွားသည် ဤမည်သောအရပ်၌ အစာစားကြရလိမ့်မည်-ဟု ဆင်ခြင်ခဲ့ကြသည်။
ထို့အတူ အချို့သော ဥပုသ်များသည် ယနေ့-ငါသည် ဤမည်သော စားသောက်ဖွယ်တို့ကို စားသောက်ခဲ့ရ၏။ နက်ဖြန် ဤမည်သော စားသောက်ဖွယ်တို့ကို စားသောက်ရလိမ့်မည်-ဟုဆင်ခြင်လျက် အစာကို မက်မောသောစိတ်ဖြင့် ထိုနေ့အဖို့ကို ကုန်လွန်စေ၏။ ဤသို့ စောင့်သုံးအပ်သော ဥပုသ်သည် နွားကျောင်သား ဥပုသ်မည်၏။ ဤဥပုသ်သည် အကျိုးအာနိသင် မရှိပေ။
(၂) နိဂဏ္ဌ ဥပုသ်-ဆိုသည်မှာ အပြောတမျိုး အလုပ်တမျိုး မမှန်မမကန် ဟောကြားသော နိဂဏ္ဌတက္ကတွန်းတို့၏ စကားကို လိုက်နာ၍ ရှစ်ပါးသီလ စောင့်ထိန်းခြင်းမျိုး ဖြစ်သည်။
ဥပမာ-နိဂဏ္ဌတို့သည် မိမိတို့၏ တပည့်တို့အား အရပ်လေးမျက်နှာ ယူဇနာတရာ ထက်ဝန်းကျင်၏ အပြင်ဘက်တွင် ရှိသော သတ္တဝါတို့ကို ညှင်းဆဲ နှိပ်စက်ခြင်း မပြုရ-ဟူ၍ ဆောက်တည်စေ၏။ ဤတွင် ယူဇနာတရာအတွင်း၌ ရှိသော သတ္တဝါတို့အား ညှင်းဆဲခြင်း ပြုသည်ကို ခွင်ပြုသကဲ့သို့ ဖြစ်နေသည်။
သတ္တဝါအားလုံးကို မဟုတ်၊ သတ္တဝါအချို့ကိုသာ သနားခြင်းပြုရန် ဆောက်တည်စေသောသဘောမျိုး ဖြစ်နေသည်။ မမှန်ကန်ပေ။ ဤသို့ဆောက်တည်သော ဥပုသ်သည် နိဂဏ္ဌဥပုသည် မည်၏။ ထိုဥပုသ်သည် ကြီးသောအကျိုး အာနိသင် မရှိပေ။
(၃) အရိယာဥပုသ်ဆိုသည်ကား-သူတော်သူမြတ်တို့ စောင့်ထိန်းသော ဥပုသ်မျိုးဖြစ်သည်။
အရိယာဥပုသ်တွင် (က) ဗြဟ္မဥပုသ် (ခ) ဓမ္မဥပုသ် (ဂ) သံဃဥပုသ် (ဃ) သီလဥပုသ် (င) ဒေဝတာဥပုသ် ဟူ၍ ၅-မျိုးရှိသည်။
(က) ဗြဟ္မဥပုသ် ဆိုသည်မှာ-ဦးခေါင်းကို တန်ဆာဆင်လိုသူသည် ထိုဦးခေါင်းကို စင်ကြယ်စွာဆေးလျှော်ပြီး တန်ဆာဆင်ရ၏။ ထိုမှသာ တင့်တယ်လှပ၏။ ထို့အတူ သီလတန်ဆာ ဆင်မြန်းလိုသူသည် ရှေးဦးစွာ ဗုဒ္ဓဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ သီလစောင့်ထိန်းသည်။ ဤသီလသည် အကျိုးများသည်။ ဤဥပုသ်ကို ဗြဟ္မဥပုသ်ဟု ခေါ်သည်။
(ခ) ဓမ္မဥပုသ် ဆိုသည်မှာ-ဝတ်ကောင်း ဝတ်သစ်များကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ ညစ်ပေနေသည့် ခန္ဓာကိုယ်ကို စင်ကြယ်အောင် ရေချိုးရ၏။ ရေချိုးပြီး ဝတ်ကောင်းဝတ်သစ်များကို ဆင်မြန်းမှ တင့်တယ်၏။ ထို့အတူ သီလတန်ဆာကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ တရားဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရ၏။ ထိုသို့ပြုပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဓမ္မဥပုသ်ဟု ခေါ်၏။
(ဂ) သံဃဥပုသ် ဆိုသည်မှာ-ဖြူစင်သောအဝတ်များကို ဖြူစင်အောင် လျှော်ဖွပ်ပြီးမှ ဝတ်ဆင်ရာ၏။ ထိုမှသာ တင့်တယ်၏။ ထို့အတူ သီလတည်းဟူသော အဝတ်ကို ဝတ်ဆင်လိုသူသည် ရှေးဦးစွာ သံဃာ့ဂုဏ်တော်များကို ပွားများဆင်ခြင်လျက် စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရ၏။ ထိုသို့ ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ထိုဥပုသ်ကို သံဃဥပုသ်ဟု ခေါ်သည်။
(ဃ) သီလဥပုသ် ဆိုသည်မှာ-ကိုယ်လုံးပေါ်မှန်ကို ထင်ထင်ရှားရှား မြင်အောင် ကြည့်ရှုလိုသူသည် ရှေးဦးစွာမှန်သားပြင်မှ မြူမှုန်ချေးများကို စင်ကြယ်အောင် ပွတ်တိုက်ရာ၏။ ထိုသို့ ပွတ်တိုက်ပြီး ကြည့်ရှုမှ ထင်ထင်ရှားရှား မြင်နိုင်၏။ ထို့အတူ သီလတည်းဟူသော မှန်ကို ကြည့်ရှုလိုသူသည် မိမိစောင့်ထိန်းသော သီလဂုဏ်များကို ရှေးဦးစွာ ပွားများဆင်ခြင်လျက် စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းရ၏။ ထိုသီလသည်သာ အကျိုးများပေသည်။ ယင်းကို သီလဥပုသ်-ဟု ခေါ်သည်။
(င) ဒေဝတာ ဥပုသ် ဆိုသည်မှာ-စိန် ရွှေ ရတနာ လက်ဝတ်တန်ဆာများ ဆင်မြန်းလိုသူသည် ရှေးဦးစွာ လက်ဝတ်ရတနာများကို ချေးများစင်ကြယ်အောင် အရောင်တင်ပြီးမှ ဝတ်ဆင်ရ၏။ ထို့အတူ သီလတည်းဟူသော လက်ဝတ်ရတနာများကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ သဒ္ဓါသီလ စသော တရားများကို ဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရသည်။ ဤသို့ ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ယင်းကို ဒေဝတာ ဥပုသ်-ဟု ခေါ်သည်။
ဤသို့လျှင် ဗုဒ္ဓဘုရားရှင်သည် ဥပုသ် ၃-မျိုးကို ပိုင်းခြားသိမြင်အောင် ဟောကြားဆုံးမခဲ့သည်။ ဥပုသ်စောင့်ထိန်းသူများ ဆင်ခြင်ဖွယ်၊ သိမှတ်ဖွယ်ဖြစ်၍ အင်္ဂုတ္တိုရ် ဥပေါသထသုတ်လာ အကျိုးကြီးအောင် ဥပုသ်စောင့်နည်းကို ကျွန်ုပ်တို့ တင်ပြအပ်ပါသည်။
Mr.Myint

No comments:

Post a Comment