Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 17, 2018

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၁-)


“ ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာအဖြစ်၊ သစ္စာပန်းတစီး” ……..ကိုမင်းကိုနိုင်။
“သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရနိုင်ပါ” …ကိုမြတ်စံ။
ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ အခမ်းအနားလုပ်တဲ့အခါ ကိုမင်းကိုနိုင် နဲ့ ကျောင်သားတချို့ ဟာ အပြင်းအထန် နေ မကောင်းတဲ့ ကြားကနေ အခမ်းအနားကို တက်ခဲ့ကြတယ်၊ တိုင်းပြည်အတွက် အလုပ်များနေ တဲ့ကြား ကနေ၊ တခုတ်တရ တက်ရောက် ပြောဆိုဆွေးနွေးကြတယ် လို့ ဆိုတယ်။ သူတို့ရဲ့ စကားလုံးတွေကလည်း ရင်ကိုထိ ခတ် ခံစားစေခဲ့တယ်။ သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။ လူ့အဖွဲ့အစည်းမှာ တရားမျှတ မှုတွေ၊ မေတ္တာတွေ ထွန်းကား ဖို့ အတွက်၊ တည်ငြိမ်စွာဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှုတွေရဲ့ အပေးအယူကို နားလည်ကြတယ်။

မြောက်ပိုင်းအရိုးတွန်သံများရဲ့အဆင့်(၃)ကိုဖြတ်ကြတဲ့အခါ၊ကျနော်တို့ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မျက်နှာဖုံးတွေ ကွာကျလာမယ်။ စိတ်ဓါတ်အဆင့်အတန်းတူရာ စုကြမယ်။ နိုင်ငံရေးသုံးသပ်နိုင် စွမ်းရေ ချိန်အနှိမ့်အမြင့်ပေါ်မှာမူတည်ပြီး၊ယုတ်မာရိုင်းစိုင်းမှု့ကိုမလိမ့်တပတ်ကာကွယ်ချင်သူတွေ၊အရက် ပုန်းရောင်း သူဆီမှာ တောက်တိုမယ်ရ အသုံးခံရသူတွေရဲ့ သွေးရူးသွေးတန်းတွေ စကားသံတွေကိုလည်း ရံဖန် ရံ ခါကြားနေရမယ်။ သူတို့ကိုတော့ “ ကမ္ဘာပျက်နေတဲ့အချိန်မှာ ရွာက ဇာတ်မင်းသားဂိုက် နဲ့ စတီဒီယို အ ဆိုတော် ဖြစ်ချင်သူတွေပါလား” လို့ နားလည်ပေးလိုက်ပါတယ်။ တကယ်တော့ ဒီလိုလူတွေကို စဉ်းစားနေ စရာအကြောင်းမရှိပါဘူး။ ရာဇဝတ်မှုရဲ့ အရိပ်တွေက နွယ်မြက်ရိုင်းတွေလို တရိပ်ရိပ်တက် ချည်နှောင်နေ တဲ့အချိန်မှာ ကြွင်းထဲက ကြွက်တွေဆိုတာ အပေါ်ကို မော့ကြည့်ရင်း စုတ်တသတ်သတ် ကျန်ရစ်ခဲ့ကြရမှာပါ။

ခွေးအ နှစ်ကောင်ကို အမဲလိုက်ခြင်း
တခါတုံးက လူဆိုးလူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီး သခင်အားရ ကျွန်ပါးဝလုပ်၊ သူများတွေကို ဆဲဆို ခြိမ်းခြောက်လေ့ရှိတဲ့ လူတယောက်ကို မေးကြည့်မိဘူးတယ်။ ခြင်္သေ့ နဲ့ ခွေးအ ရဲ့ ကွာခြားမှုကို ရှင်းရှင်း လင်းလင်း နားလည်လား ဆိုတဲ့မေးခွန်းပါ။ ခြင်္သေ့ ဆိုတဲ့ ကောင်က တကောင်တည်းအမဲလိုက် ဖို့ဝန်မလေး ဘူး။ လတ်လတ်ဆတ်ဆတ်အသားကို စားလေ့ရှိတယ်။ ခွေးအ ကတော့ အုပ်စုရှိမှ အမဲလိုက်ရဲလေ့ရှိတယ်။ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာမှ ကိုက်သတ်ရဲတဲ့ သတ္တိရှိတယ်။ သူများတွေရဲ့ စားကြွင်းစား ကျန်တွေကို ကိုက်ချီစားသောက်ဖို့ ဝန်မလေးသလို၊ ယုတ်မာ ကောက်ကျစ်တဲ့အကြံတွေ ကျင့်သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။ အဖွဲ့အစည်း အသီးသီးက လူတွေဟာ အမှန်တရားကို ရှာဖွေတဲ့အခါ၊ မိမိတို့အနေနဲ့“ ခွေးအတွေ လား၊ ခြင်္သေ့ လိုမျိုး သတ္တိရှိသူတွေ လား” ဆိုတဲ့အချက်ကို ကိုယ့်ဘာ သာ မေး ခွန်းထုတ်ကြဖို့ လိုပါလိမ့်မယ်။

ဇော်ဇော်မင်း ( မိုးညှင်း) နဲ့ သန်းဇော် ( မန္တလေး) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်လာတဲ့ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ဖေဖေါ်ဝါရီ (၁၂)အာသံကုန်းပေါ်က ခေါင်းဖြတ် သတ် ပွဲမှာကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဖမ်းခံထားရတဲ့ကျောင်းသားတွေကိုရက်ရက်စက်စက် ညှင်း ဆဲနှိပ်စက်ခဲ့သူတွေဖြစ်တယ်။ ကျောင်းသားတွေကို သတ်ဖြတ်၊ လက်နက်ကိုင်တော်လှန်ရေးကိုဦး ကျိုးအောင် ခဲ့၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို သမိုင်းရဲ့ အပုတ်နံ့တွေ ထဲမှာ ပိုးစိုးပက်စက် ထား ပစ်ခဲ့ပြီး တဲ့နောက်၊ သူတို့ဟာ တာဝန်တခုပြီးဆုံးသွားပြီ လို့ ယူဆဟန်တူပါတယ်။ ဗမာပြည်ထဲကို လက်နက်ချ အလင်း ဝင်လာခဲ့ကြပါတယ်။မြောက်ပိုင်းဒေသမှာရန်သူ့သူလျှိုလို့စွပ်စွဲခံရတဲ့သူတွေကစစ်အစိုးရရဲ့အကျဉ်းထောင်တွေ ထဲမှာ ခါးသီးနာကျင်စွာ ရှင်သန်နေရချိန်မှာ၊ ရာဇဝတ်ကောင် နှစ်ဦးဖြစ်တဲ့ ဇော်ဇော်မင်း နဲ့ သန်းဇော် တို့ ကတော့၊စစ်ထောက်လှမ်းရေးတွေနဲ့စီးပွားရေးလုပ်အကာအကွယ်ယူပြီး ဆောင့်ကြွား ဆောင့်ကြွား လျှောက်   သွားနေခဲ့ကြပါတယ်။ ပြန်တွင်းကို ထွက်ပြေးလွတ်မြောက် လာ တဲ့ ကျောင်းသားတွေက “ ခင်ဗျားတို့က ဘာတွေလဲ ကျနော်တို့ကိုကျတော့ ရန်သူ့ထောက်လှမ်းရေး လို့ စွပ်စွဲ၊ နှိပ်စက် ညှင်းပမ်းခဲ့ပြီး အခုကျတော့ ခင်ဗျားတို့က စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်း ဒီမိုကရေစီ အင်အားစုတွေကို၊ ချေမှုန်းနေ တယ်။ နှောက် ရှက်တားဆီးနေတယ်” လို့ မျက်နှာချင်းဆိုင်သွားပြောပြီး စိန်ခေါ်ကြတဲ့အခါ၊ အဲ့ဒီ ရာဇဝတ်ကောင် နှစ်ကောင် က စစ်ထောက်လှမ်းရေးတွေဆီ ပြေးကပ်ပြီး ကျောင်းသားတွေဟာ သူတို့ကို ရန်လုပ်နေတဲ့အတွက် အကာ အကွယ်ပေးပါလို့အကူအညီတောင်းခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ လူနှစ်ယောက် ကို အကာအကွယ်ပေးခဲ့ပါတယ်။ “ဇော်ဇော်မင်းနဲ့ သန်းဇော်ကို နှောက်ရှက်တဲ့သူ ဘယ်သူမဆို၊ အဖမ်းခံရ မယ်” အထိ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့ကြ ပါတယ်။

ကျောင်းသားတပ်မတော် မြောက်ပိုင်း မျက်နှာဖုံးစွပ်ထားခဲ့ပြီး၊ စစ်ထောက်လှမ်းရေးနဲ့ ပလူးပလဲလုပ်နေ တဲ့ ဇော်ဇော်မင်းနဲ့ သန်းဇော် တို့ဟာ တောထဲမှာ သူတို့နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ဝိညာဉ်တွေအပေါ်မှာ၊ ယနေ့တိုင် မထေမဲ့မြင် ပြုလုပ် စော်ကားနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပါဂျောင်ဒေသ တုံးကလို ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်ဖို့၊ သူတို့အတွက် အခွင့်မသာတော့ဘူး ဆိုတာကိုလည်း နားလည်နေပုံရပါတယ်။ ဒီလို ခွေးအ နှစ်ကောင် ဟာ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်က ကျောင်း သားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး အင်အားစုတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ အဆင့်အတန်းအတူတူပဲဖြစ်တယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ ဆိုတာ တယောက်ချင်းစီ နေထိုင်နေတဲ့အခါ သိတ်ကြောက်တတ်ပါတယ်။ အုပ်စုရှိမှ၊ အကာအကွယ်ရှိမှ မိုက်ရိုင်းကြမ်းကြုတ်တဲ့အလုပ်ကို လုပ်ရဲခဲ့ကြ တာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်ရောဂါပညာရှင်တွေရဲ့အဆိုအရတော့ အကြမ်းဖက်မှုတွေကို မီးကုန်ယမ်းကုန် ကျူးလွန်ခဲ့မိသူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကြီးမားဆုံး ချို့ယွင်းချက်၊ အားနည်းချက်တွေ အပြည့်ရှိကြတယ် လို့ဆိုတယ်။ အာသံတောင်ကုန်းရဲ့ လူမသိသူမသိ တောနက်နက်ထဲ မှာ ကျောင်းသားသွေးကို သောက်ခဲ့တဲ့ ခွေးအ နှစ်ကောင်ရဲ့ အားနည်းချက်ကို စောင့်ကြည့်ကြရပါမယ်။ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း ဘက်က သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိပုံပန်းသဏ္ဍန်တွေ၊ လှုပ်ရှားမှုတွေ ကို အဆက်မပြတ်မှတ်တမ်းတင်ထားပြီး၊ ဓါတ်ပုံတွေကို ပြည်သူလူထုကြားမှာ ဖြန့်ထားပေးသင့်ပါတယ်။ တချိန်ချိန်မှာ အသုံးဝင်လာမှာမို့ပါ။

၁၉၉၀ ဗကသများ ညီလာခံ
အမေရိကားမှာ ABSDF ခေါင်းဆောင်တယောက်နဲ့ ဆုံတွေ့တုံးက “ ၁၉၉၀ မန္တလေးမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံမှာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကိုယ်စား လှယ်တွေ လာရောက်တက်ခဲ့ကြတာ သိလား” လို့ မေးခဲ့မိတယ်။ သူက မြေပေါ်ကျောင်းသား လှုပ်ရှားမှု သမိုင်းနဲ့ တော်တော်အလှမ်းဝေးပါတယ်။ “ မသိဘူး” တဲ့။ ကျနော် စိတ်တော်တော်လေသွားတယ်။ တခါတလေ ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု့ သမိုင်းကို မသိပဲနဲ့ ခင်ဗျားတို့ ဘယ်လို တော် လှန်ရေးလုပ်လဲ လို့ မေးကြည့်ချင်တယ်။ ဘာမှလည်း ဇြစ်လာမှာမဟုတ်တော့ မမေးဖြစ်ခဲ့ပါဘူး။

တကယ်တော့ မစိုးရိမ်တိုက်ဟောင်းထဲမှာ ဗကသ ရဲဘော်တွေရဲ့ ဧည့်ဝတ်ကျေမှုကို မြိန်ရည်ရှက်ရည် စားခဲ့ကြ တဲ့ မြောက် ပိုင်းဒေ သ မှ ကျောင်းသားတပ်မတော်ရဲဘော်တွေအနေနဲ့ မန္တလေး၊ ရန်ကုန်မှ တောခိုလာ တဲ့ကျောင်းသားတွေဟာ ရန်သူ့ သူလျှို မဟုတ်ဘူး ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဒါဖြင့် ဒီလို ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမှုကြီးကို ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့တာဟာ ဇော်ဇော်မင်း တို့နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တာလား။ မတတ်သာလို့ ဝင်ရောက် မစွက်ဖက်ခဲ့တာလား။ ခွပ်ဒေါင်းအလံတော်အောက်မှာ ကိုယ့်ရဲဘော်ချင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ရဲ့ လိပ်ပြာတွေကို ဘယ်လိုသန့် စင်ကြ မလဲ။ သစ္စာအဖောက်ခံလိုက်ရတဲ့ မြို့က လူတွေအတွက်တော့၊ အမှန်တရား ပေါ်ပေါက်ရေးကလွဲလို့ မည် သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုကြ ပါလိမ့်မယ်။ ကျောင်းသားထု ညီညွတ်ရေး နဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာရှိမှု၊ မရှိမှု ဆိုတာ၊ အမှန်တရားပေါ်မှာ ဘယ်လောက် သတ္တိရှိရှိ ရပ်တည်တိုက်ပွဲဝင်သလဲ ဆိုတဲ့အချက်ပေါ်မှာ အဓိက မူတည် ပါတယ်။ တရားမျှတမှုကို “ဘူး”ကွယ် ငြင်းပယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စရာ အကြောင်း တစက်မှ မရှိပါ။

သတင်းမီဒီယာခေတ်ကြီးမှာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေနဲ့ အကြမ်းဖက်နေတဲ့ ခေတ်ကြီးမှာ ----
အနှစ်မပါတဲ့ ဟန်ရေးပြမှုတွေကို ကျော်လွန်ပြီး ၊ တယောက်နှလုံးသားကို တယောက် အကဲခပ်တတ်ဖို့ လိုပါ လိမ့်မယ်။
မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲနဲ့ ပတ်သက်ပြီး၊ ကာယကံရှင်တွေ ရဲ့ ပြော ဆိုသံတွေကို ဆက်လက်နားစွင့်သွားပါမယ်။ ဘယ်သူ ဘာလဲ ဆိုတာရှင်းရှင်းလင်း သိရှိနား လည်နေကြ မှတော့၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို စံနစ်တကျ တည်ဆောက်ကြရပါလိမ့်မယ်။ တရားကို နတ်စောင့်ပါ တယ်။ နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့မနက်ခင်း မကြာခင်လင်းလက်တောက်  ပနိုင်စေရပါမယ်။
အောင်မိုးဝင်း