Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 2, 2018

Medical ethics ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်

ဆရာ့ ဆေးရုံသတင်းကြားမိလား။ လူဆင်းရဲတယောက် ခွဲစိတ်ဖို့မရှိလို့ ပြန်ဆင်းလာရတယ်။ ခုတခါက အခမဲ့ ခွဲစိတ်ပေးဖို့ လူကြီးလက်မှတ်တွေနဲ့လာတယ်။ နာ့စ်မ ၂ ယောက်က မခွဲပေးနိုင်ဘူး၊ ပိုက်ဆံမပါဘဲနဲ့ပေါ့။ သူက လူကြီးတွေကိုပါ ခေါ်လာတယ်။ လူကြီးတွေပြန်သွားတော့ ဆရာမ ၂ ယောက်က လူကြားထဲမှာအော်ဟစ်ပြီး၊ ၂ ပြား မတန်အောင် ပြောကြတယ်တဲ့။ အဲလူလည်းရှက်ပြီး အိမ်ရောက်တော့ ကြိုးဆွဲချသေတယ်တဲ့။ ကျန်းမာရေးဆိုင်ရာ ကျင့်ဝတ်အကြောင်းလေး ရေးပါအုံးဆရာ။

နိဒါန်း

ကျွန်တော် ၁၉၇၃ ကနေ ၁၉၈၈ အထိ၊ ဆေးရုံတွေမှာဆရာဝန်လုပ်ခဲ့ဘူးတယ်။ အစိုးရက ‘မဆလ’၊ စနစ်က ‘တခါးပိတ် မြန်မာ့ဆိုရှယ်လစ်’။ ပုဂ္ဂလိကဆိုတာ ဘာမှမရှိပါ။ အစိုးရ (ပြည်သူ့) ဆေးရုံတွေမှာ လုပ်ရတာပါ။ ပြည်ပသွင်းကုန်တွေကို ပိတ်ပင်ထားတာထဲမှာ ဆေးနဲ့ဆေးပစ္စည်းတွေ လဲပါတယ်။ ဆေးရုံတွေမှာ ဆေးနဲ့ဆေးပစ္စည်းတွေက ကြာလေရှားလေ။ ၁၉၈ဝ နောက်ပိုင်းမှာ အရက်ပျံမရတော့လို့ ‘ချက်အရက် ဦးရေ’ နံနံစော်စော်ကိုသာသုံးရတယ်။ ဝါထွက်တဲ့အရပ်မှာ ဆေးရုံသုံးဘို့ ဂွမ်းလိပ်မရှိပါ။ ပတ္တီးကလဲ အပြင်မှာဝယ်ရဘို့တောင်ခက်တယ်။

‘မဆလ’ က လူထုအတွက် အဲလိုခက်နေတာကို တကယ်ကိုမသိပါလားဆိုတာ ၁၉၉ဝ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာ သိလာရတယ်။ ‘မဆလ’ ကိုနာမည်ပြောင်းလိုက်တဲ့ ‘တစည’ ပါတီကနေ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးထိုးနှက်ချက်တွေ လုပ်ပါတယ်။ ‘ကျွန်တော်အလုပ်လုပ်တဲ့ ဆေးရုံမှာ ဂွမ်းနဲ့ ပတ္တီးဘဲရှိတယ်’ လို့ အသံချဲ့စက်နဲ့ ညအချိန်လူချေတိတ်မှာ အော်ပါတယ်။ တကယ်ဖြစ်နေတာနဲ့ ပြောင်းပြန်ပါ။ ကျွန်တော့်အိမ်ကနေ ‘ကက်ဆက် စပီကာ’ နဲ့ ခမောက်သီချင်းတွေ ဖွင့်တာကိုတော့ ရွေးကောက်ပွဲကော်မရှင်က လာတားတယ်။

အဲဒီခေတ်က ဆေးနဲ့ဆေးပစ္စည်းရှားပေမဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စေတနာမရှားခဲ့ကြပါ။ အနည်းအများ ကွာတာတော့ရှိပါမယ်။ သေချာတာကတော့ ဆေးရုံမှာ ပိုက်ဆံပါမှ ခွဲစိတ်ပေးမယ်၊ ခွဲမွေးပေးမယ်လို့ မရှိခဲ့ပါ။ အလွန်ဆုံး ဆေးရုံမှာမရှိတာတော့ ဝယ်ပေးပါဘဲခိုင်းပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အချို့ဟာတွေကို စာရွက်ပေါ်မှာ ရေးမထားပါ။ ဆေးတက္ကသိုလ်၊ သူနာပြုကောလိပ်တွေမှာ မသင်ရပေမဲ့ ကျင့်ဝတ်ကို အလေးထားသူတွေ က ကိုယ်တိုင်စောင့်စည်းမှု လုပ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် Hippocratic oath ‘ဟစ်ပိုကရေးတီးစ် ကျမ်းသစ္စာ’ ကို မရွတ်ဆိုခဲ့ရဘူးပါ။ ကိုယ်ပိုင် ‘ဘလော့ခ်’ မှာ တင်ဘို့ရာ ကိုယ့်ဖါသာဘာသာပြန်ရတယ်။

(ဆက်ရေးပါမယ်။)

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၄

"There are no strangers here, only friends that have not yet met." By William Butler Yeats

Medical ethics ဆေးဘက်ဆိုင်ရာ ကျင့်ဝတ် (၂)

Medical ethics ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များ
‘ဆေးဘက်ဆိုင်ရာ ကိုယ်ကျင့်တရား’ လို့လဲခေါ်တယ်။ အဓိပ္ပါယ် ဖွင့်ဆိုမှုမှာ ဆရာဝန်-လူနာ ဆက်ဆံရေးကို ဗဟိုပြုတယ်။ ကိုယ်ကျင့်တရား သတ်မှတ်ချက်တွေဆိုတာ ဖြစ်စရာ အလားအလာရှိတဲ့ ပြဿနာတွေလို့ ပြောရင်လဲမမှားပါ။ ဆေးပညာဆိုင်ရာ အဆုံးအဖြတ်ပေးခြင်းနဲ့ ကိုင်တွယ် လုပ်ဆောင်ခြင်းတွေမှာ ဖြစ်တတ်တာမျိုးတွေပါ။ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ဆိုတာ လူ့ကျန်းမာရေး၊ လူ့အသက်၊ လူ့သေခြင်း တရားတွေနဲ့ ဆိုင်လို့ အရေးကြီးပါတယ်။ Physicians Ethics Manual ဆရာဝန်ကျင့်ဝတ်လက်စွဲ တချို့နိုင်ငံတွေမှာရှိတယ်။ မြန်မာလိုရေးတာ တခါမှမဖတ်ဖူးသေးပါ။

Ethical principles ကျင့်ဝတ်အခြေခံမူများ

ကျယ်ပြန့်တဲ့ ကျင့်ဝတ်အခြေခံသဘောတရားနဲ့ Code of ethics ကျင့်ဝတ် ပဋိညာဉ်ဆိုပြီးရှိတယ်။ ၅ ရာစု ကပေါ်ခဲ့တဲ့ ‘ဟစ်ပိုကရေးတီးစ် ကျမ်းသစ္စာ’ ကနေစခဲ့ပါတယ်။ ၁၂ ရာစု ‘ဘိုင်ဇင်တိုင်းမ်’ အင်ပါယာမှာ လဲရှိတယ်။ ၁၈ နဲ့ ၁၉ ရာစု အတွင်းမှာ ကိုယ့်အသိနဲ့ကိုယ်ထိန်းတဲ့ကျင့်ဝတ်တွေ ရှိလာတယ်။ အင်္ဂလိပ် ဆရာဝန် ‘သောမတ်စ် ပါစီဗယ်’ က ပဌမဆုံး ဆေးပညာကျင့်ဝတ်ကို ရေးသားခဲ့တယ်။ ၁၈၁၅ မှာ ‘ယူကေ’ ပါလီမန်ကနေ ‘အပိုသီကေးရီးစ် အက်ဥပဒေ’ ကို ပြဋ္ဌာန်းခဲ့တယ်။ သမားတော်တွေမှာရှိရမဲ့ အရည်အချင်းတွေ၊ ဆေးကုသခွင့်လိုင်စင်ထုတ်ပေးတာတွေ ပါတယ်။ ၁၈၄၇ မှာ အမေရိကန်ဆေးပညာ အသင်းကနေ ပဌမဆုံးပဋိညာဉ်ကို ထုတ်ပြန်တာမှာ ‘သောမတ်စ် ပါစီဗယ်’ ရေးခဲ့တာကို အခြေခံတယ်။ ဒိနောက်မှာ ‘လစ်ဘရယ်’ အယူအဆ ကျယ်ပြန့်လာတာနဲ့အမျှ ဆေးပညာကျင့်ဝတ်ပိုင်းမှာလဲ ဆန်းသစ် လာတယ်။ ၁၉၇ဝ နောက်ကစပြီး သုတေသနပိုင်းအတွက်ပါ ကျင့်ဝတ်တွေပေါ်ထွက်လာတယ်။ ဆေးရုံ ကျင့်ဝတ် ကော်မတီဖွဲ့လာရတယ်။ ဆေးပညာသင်ရိုးထဲမှာ ဆေးဘက်ဆိုင်ရာကျင့်ဝတ်ကို ထည့်သွင်း လာတယ်။

Values in medical ethics ဆေးပညာကျင့်ဝတ်ရဲ့ တန်ဘိုးထားမှုများ

1. Respect for autonomy (Voluntas aegroti suprema lex) လူနာမှာ ကုသမှုအတွက် ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်ခွင့်ရှိတယ်။ တချို့နေရာမှာ စိတ်အထူးကုဆရာဝန်တွေကနေ လူနာရဲ့ အဲလိုဆုံးဖြတ်နိုင် စွမ်းကို အကဲဖြတ်ပေးရတာမျိုး လိုအပ်တာရှိတယ်။
2. Beneficence (Salus aegroti suprema lex) ဆေးကုပေးသူဟာ လူနာရဲ့ အကျိုးစီးပွါးကို ဦးစားပေး ရမယ်။
3. Non-maleficence (Primum non nocere) လူနာကို ဘေးဥပါဒ်မဖြစ်စေရ။
4. Justice (Fairness and equality) တရားမျှတမှုရှိရမယ်။ မလောက်ငမှု၊ ရှားပါးမှုကြုံနေရင် ဘယ်သူတွေကို ပိုပြီးဦးစားပေးရမလဲမှာ ညီမျှရမယ်။ ‘မဆလ’ ခေတ်မှာ ပါတီ-ကောင်စီလူကြီးတွေနဲ့ စစ်တပ် အတွက်သာ ဦးစားပေးခဲ့တယ်။ လက်ရှိကလဲ လက်ရှိကိုသာဦးစားပေးတယ်။
5. Dignity ဂုဏ်သိက္ခာ နဲ့ Truthfulness and honesty မှန်ကန်မှုနဲ့ ရိုးသားမှု ရှိရမယ်။

ဒါပေမဲ့ ဒီလိုပြဋ္ဌာန်းချက်တွေဟာ နေရာတိုင်းမှာ ခြုံငုံမိဘို့မဖြစ်နိုင်ပါ။ အခြေခံရမဲ့ စည်းဘောင်အနေနဲ့သာ သုံးနိုင်ပါတယ်။ ဘယ်ဘက်ကမှန်သလဲဆိုတာ တခါတလေမှာ ဆုံးဖြတ်ရခက်တယ်။ ဘယ်အဖြေကမှ မကောင်းတာမျိုးလဲ ရှိနိုင်တယ်။ ဆေးလောကနဲ့ လူနာ-လူနာမိသားစုကြားပြဿနာ၊ ဆေးလောကထဲက လူတွေကြားမှာဖြစ်ရတာ၊ ဆေးလောကပြင်ပက လူတွေကြားမှာဖြစ်တာမျိုးလဲရှိတယ်။ ဥပမာ လူနာကနေ သွေးသွင်းကုသပေးမှာကို ငြင်းဆိုတာမျိုးမှာ ဆရာဝန်ကဖြစ်ဖြစ်၊ လူနာ့အမျိုးကဖြစ်ဖြစ် အတင်းသွေး သွင်းပေးရင် ကျင့်ဝတ်ဖေါက်တာ မည်ပါသလား။ နောက်ပိုင်းမှာ HIV ပေါ်လာတော့ ကျင့်ဝတ်တွေမှာ ပိုရှုတ်ထွေးလာတော့တယ်။

လူနာရဲ့အကျိုးကို အကောင်းဆုံးလုပ်ပေးရမယ်ဆိုတာမှာ မရေရာတာမျိုးပေါ်တတ်တယ်။ ‘ထိခိုက်မှု မဖြစ်စေ ပါနဲ့ဆိုတာ ကောင်းအောင်လုပ်ပေးပါ’ ဆိုတာထက် အရေးကြီးတယ်။ ဆေးမပေးတာက ပိုကောင်းတယ်လို့သိနေရင် ဆေးမပေးပါနဲ့။ ဆေးကုသမှုလက်တွေ့နယ်ပယ်မှာ အန္တရာယ်ကို ရင်ဆိုင်ရ တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဘေးမဖြစ်စေပါနဲ့ဆိုတာမှာ လုံးဝဥဿုံလို့ ပြောမရပါ။ Maleficence အရည်အချင်းမမီဘူးဆိုတာ Do no harm လူနာကို ဘေးမဖြစ်စေပါနဲ့လို့ ဆိုလိုတယ်။ ဒီအချက်က အရေးအကြီးဆုံးလို့ ယူဆသူများတယ်။ မှားတတ်တာတွေရှိလို့ ဆိုစကားတခုပေါ်လာတယ်။ ‘ဆေးကုသမှု ကတော့ အောင်မြင်ပါရဲ့ လူနာဆုံးသွားရှာတယ်’။

Double effect ဒွိစုံအကျိုးတရား

လုပ်ပေးတာက တခုတည်းနဲ့ ထွက်လာတဲ့ရလဒ်ကနှစ်မျိုးရတာရှိတယ်။ အကောင်း-အဆိုးတွဲဖြစ်လာမျိုး။ ဥပမာ ‘မော်ဖိန်း’ ဆေးနဲ့ သေလုမျောပါးလူနာကို ဆေးကုတယ်။ ဆေးကြောင့် လူနာဟာ အလွန်မတန် နာကျင်နေတာတွေ သက်သာမယ်။ တချိန်တည်းမှာ ဆေးကြောင့် အသက်ရှူလမ်းအလုပ်ကို ထိခိုက်လို့ သက်တမ်းတိုနိုင်တယ်။ Euthanasia ဆိုတာ လူနာကိုယ်တိုင်က ဝေဒနာကိုမခံနိုင်တော့လို့ သေချင်တာ ကိုခေါ်တယ်။ သေခွင့်ပေးမလား၊ မပေးသင့်ဘူးလား။ Hypochondria ဆိုတာ လူနာက ခံစားနေရပါတယ် ဆိုတာတွေကို ဆရာဝန်တွေက တကယ်ရောဂါရှာမတွေ့တာကို ခေါ်တယ်။ အဲဒီလူနာက ခွဲစိတ်ကုသ ချင်နေတာကို လုပ်ပေးမလား၊ ငြင်းမလား။ Surrogate ဗိုက်အငှားနဲ့ ကလေးရအောင်လုပ်ပေးရတာမျိုးမှာ ကာယကံရှင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်အတိုင်းသာ ဆရာဝန်တွေက လုပ်ပေးရတယ်။

Respect for human rights လူ့အခွင့်အရေးလေးစာမှု

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများကြေညာစာတမ်းကို ၁၉၄၈ မှာ ထုတ်ပြန်တော့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေထဲမှာ ဒီအချက်နဲ့ဆိုင်တာတွေ တိုးလာပါတယ်။ လူ့အခွင့်အရေးတွေကို ‘ယူနီဗာဆယ်’ လို့ပြောသလိုမျိုး ကျန်းမာရေးမှာ ပြောလို့ ရနိုင်ပါသလား။ The right to health ကျန်းမာခွင့်လို့သုံးတယ်။ ကြေညာစာတမ်းအပိုဒ် (၂၅) မှာ ‘လူတိုင်းလူတိုင်းမှာ သူ့အတွက်ရော သူ့မိသားစုအတွက်ပါ ကျန်းမာနေဘို့၊ နေကောင်းထိုင်သာရှိဘို့အတွက် လူနေမှုအဆင့်အတန်းက လုံလောက်စေရမယ်’ လို့ ဆိုပါတယ်။ အဲတာတွေထဲမှာ အစားအသောက်၊ အဝတ်အစား၊ နေစရာအိမ်၊ ဆေးဝါးကုသမှု၊ လိုအပ်တဲ့ လူမှုဝန်ဆောင်မှုတွေပါတယ်။ မိခင်ဘဝနဲ့ ကလေးဘဝတွေအတွက် စောင့်ရှောက်ပေးမှုတွေလဲပါတယ်။

Research ethics ဆေးသုတေသနကျင့်ဝတ်

စစ်သုံပန်းတွေကို ဆေးသစ်အတွက်စမ်းခဲ့တဲ့ နာဇီဂျာမဏီခေတ်က စစ်တွင်းအဖြစ်အပျက်တွေကို Doctors' Trial of the Nuremberg trials and Tuskegee syphilis experiment ဆိုတဲ့ ‘နုရင်ဘတ်’ ခုံရုံးမှာစစ်ဆေးခဲ့တဲ့ နမူနာရှိထားပါတယ်။ အခုလဲ သန္ဓေသား ‘စတမ် ဆဲလ်’ သုတေသန၊ မျိုးဗီဇ သုတေသနနဲ့ လူသားမျိုးပွါးသုတေသနတွေမှာ ကျင့်ဝတ်ဆိုင်ရာ ငြင်းခုံစရာတွေ ရှိနေပါတယ်။

Informed consent အသိပေးဘို့လိုအပ်ချက်

လူနာကို ဆေးကုသမှုရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုးတွေကို ကြိုတင်သိစေရမယ်။ သိစေပြီးမှ လူနာရဲ့ သဘော တူညီချက်ကို ယူရမယ်။ ဒါပေမဲ့ သဘောတူညီချက်ကို ဘယ်လိုယူမလဲဆိုတာ မတူကြပါ။ အများအားဖြင့် ခွဲစိတ်မှာနဲ့ မေ့ဆေး-ထုံဆေး ပေးတာမှာသာ လူနာ၊ လူနာရှင်ကိုလက်မှတ်ထိုးခိုင်းတာသာ လုပ်နိုင်တယ်။ လက်တွေ့မှာ ထိုးဆေး၊ စားဆေး စတာတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေကို ရှင်းပြနေချိန် မရှိသလောက်ပါ။ ကျင့်ဝတ်မညီဘူးလို့ ပြောမလား။

Confidentiality လှို့ဝှက်ထားပေးရခြင်း

ဆရာဝန်နဲ့ လူနာစကားပြောဆိုနေတာတွေဟာ သီးသန့်ဖြစ်ရမယ်။ ဒါဟာလူနာရဲ့ ခံစားပိုင်ခွင့်ဖြစ်တယ်။ တရားရုံးတွေမှာ တဖက်ရှေ့နေကနေ လူနာရဲ့အတွင်းရေးကို ထုတ်မပြောဘို့ ဆရာဝန်ကိုတားနိုင်တယ်။ အမေရိကာားမှာ HIPAA laws ဥပဒေတွေနဲ့ တားမြစ်ထားတယ်။ တချို့ Privacy Rule သီးသန့်ပြဋ္ဌာန်း ချက်က HIPAA ထက်တောင် ပြင်းထံတယ်။

ချွင်းချက်လဲရှိပါတယ်။ လူနာမျက်စိမှုံနေတာကို ယာဉ်ထိန်းရဲကို မပြောဘဲနေလို့မရပါ။ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေသူက သူ့မိန်းမကို မသိစေချင်တာမျိုး။ အမျိုးသမီးကလဲ သူ့မှာကိုယ်ဝန်ရှိနေတာကို သူများတွေ မသိစေချင်တာမျိုး။ လူနာမှာ မမြင်ကွယ်ရာမှာ အနာရောဂါရှိနေတာကို သူများကို ထုတ်မပြော ရပါ။ HIV စမ်းသပ်တာကို အမည်၊ လိပ်စာ မပြောဘဲနဲ့ ဓါတ်ခွဲခန်းကို ခိုင်းနိုင်တယ်။

Relationship လူနာ-ဆရာ လိင်ဆက်ဆံမှုကင်းရှင်းရမယ်။ အမျိုးသမီးလူနာတယောက်ကို စမ်းသပ်တိုင်း အမျိုးသား ဆရာဝန်နဲ့အတူ တတိယအမျိုးသမီးတဦးဦး အတူရှိနေရမယ်။

ဆရာဝန်တွေကိုကြ ထုတ်မပြောရလို့ အမှုစစ်ရာမှာတားပေမဲ့ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု (မုဒိန်းမှု) ကိုစစ်တော့ တရားခံရှေ့နေတွေက တရားလိုမိန်းကလေးကို စစ်ပေါက်ပေါက်၊ မဖွယ်မရာမေးတာကိုကြ တရားသူကြီးများ ပြုံးတော်မူနေကြတာ သင့်ပါသလား။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၄

Medical ethics ဆေးဘက်ဆိုင်ရာ ကျင့်ဝတ် (၃)

Criticisms of orthodox medical ethics အစဉ်အလာ ကျင့်ဝတ် တွေအပေါ် ဝေဖန်ချက်များ

ကနေ့ခေတ်မှာ ဆေးကုသမှု ခံယူဘို့ရာ ငွေကြေးမျက်နှာအရသာ ဖြစ်နိုင်တယ်။ ဒါကြောင့် လူတွေမှာ လွတ်လပ်မှုဆိုတာ မရှိကြပါ။ ဘယ်ဆေးရုံမှာ ကုသမှုယူရမယ် ဆိုတာမှာလဲ ရွေးချယ်ခွင့် အကန့်အသတ် ရှိတယ်။ သူများတိုင်းပြည်မှာ နေရတဲ့ မြန်မာ ဒုက္ခသည်တွေကို ဆေးရုံတိုင်းက ဆေးရုံတက် ခွင့်ပြုတာ မဟုတ်ပါ။ နိုင်ငံသားတိုင်းအတွက် ကျန်းမာရေးကို အများဆုံး လုပ်ပေးနိုင်တာ Welfare state နိုင်ငံတွေမှာသာ ရှိတယ်။ အဲလိုနိုင်ငံတွေက လက်ချိုးရေလို့ရတယ်။ ‘နော့ဒစ်’ တိုင်းပြည်တွေ လို့ခေါ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန် နဲ့ ဒိန်းမတ်ဖြစ်တယ်။

‘အင်တာနက်’ သုံးပြီး ‘အွန်လိုင်း’ ကနေ ရောဂါအမည် တပ်ပေးတာတွေ လုပ်ပေးနေတယ်။ စီးပွါးရေး လုပ်နည်းသစ်ပါ။ အဲလိုလုပ်ပေးနေတဲ့ဆရာဝန် (တချို့) ဟာ ဆေးကုမ္ပဏီကြီးတွေနဲ့ ဝေစားမျှစား လုပ်နေတယ်လို့ ထင်လာ (သိလာ) တယ်။ ဓါတ်ခွဲခန်းကို လူနာလွှတ်တိုင်း Referal လွှတ်ပေးတဲ့ ဆရာဝန်က ဝေပုံကျရတယ်။ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို လွှမ်းမိုးနိုင်အောင် နည်းမျိုးစုံ သုံးတယ်။ လက်ဆောင်တွေပေးတယ်၊ အစားအသောက်ကျွေးတယ် စသဖြင့်။ ဆေးရာင်းရလို့ ဆေးကုမ္ပဏီ တွေက အမြတ်ပိုရကြတယ်။

Conflict of interest ဆရာဝန်တွေအနေနဲ့ ဆုံးဖြတ်ချက်ချရာမှာ အကျိုးစီးပွါးပဋိပက္ခ ဖြစ်တာမျိုးကို မလုပ်ရပါ။ ဥပမာ နယ်တခုမှာ ဆရာဝန်ရဲ့အမျိုးဖွင့်ထားတဲ့ ဆေးဆိုင်ကို သွားဝယ်လို့ပြောမိရင် ကျင့်ဝတ် အရမသင့်လျှော်ပါ။ တခြားမှာလဲ သွားဝယ်စရာမရှိလဲ မပြောဘဲနေရမလား။ ဆရာဝန်တွေကနေ သူ့မိသားစုဝင်တွေကို ကိုယ်တိုင်ဆေးမကုရပါ။ ကိုယ့်သားဆရာဝန်၊ ကိုယ့်ခင်ပွန်းဆရာဝန်ကို ငြိုငြင်ကြ ပါတော့တယ်။

ဆရာဝန်ဟာ တခါတလေမှာ ဘယ်သူ အသက်ဆက်ရှင်စေ၊ ဘယ်သူသေစေလို့ ဆုံးဖြတ်ချက်ချရတာမျိုး ရှိနိုင်တယ်။ အားပြင်းတဲ့ဆေးကို ဆေးညွှန်းပေးနိုင်တယ်။ အဲလိုပေးတာဟာ ကျိုးကြောင်းဆီလျှော်မှု ရှိရမယ်။ ကျန်းမာရေး ဆိုင်ရာ နည်းပညာတိုးတက်ဖြစ်ထွန်းလာမှုအသစ်တွေ များသထက် များလာလို့၊ ဆုံးဖြတ်ချက်ပေးစရာအသစ်တွေ တိုးလာတယ်။ ကုန်ကျစရိတ်များတာနဲ့ နည်းတာ၊ (ခွဲစိတ်ဓါး) နဲ့ အပေါ်ယံသာ ဖြစ်တာ (လေဆာ) နဲ့။ ရွေးချယ်စရာတွေ များတာထဲက ဘယ်သူက ဘယ်ဟာကို ဆုံးဖြတ်မလဲ။ လူနာ့မိသားစုထဲမှာကိုက သဘောမတူဖြစ်နေကြရင် ဆရာဝန်က ဘယ်ဘက်လိုက်မလဲ။

ခွဲစိတ်ဆရာဝန်မှာ လူနာရဲ့ဗိုက်ကို ခွဲခွင့်၊ ဖွင့်ခွင့်ရှိတယ်။ အဲလိုသူလုပ်လိုက်တာကနေ လူနာရဲ့ ကျန်းမာရေး အကျိုးအတွက် ဆိုတာကို မခွဲခင်ကတည်းက သိစေရမယ်။ သဘောတူညီမှု ရယူထားရမယ်။ ဆရာဝန်မှာ အဲလို အရည်အချင်း ပြည့်မီတာအတွက် တရားဝင်အထောက်အထား ရှိရမယ်။ နိုင်ငံရေးကြောင့် ဆရာဝန် မှတ်ပုံတင် (ဆမ) သိမ်းတာကို သဘောတူပါသလား။ အစိုးရအလုပ် မပေးချင်နေပေါ့။ ဆရာဝန်က ဆေးမကုတတ်တော့တာမှ မဟုတ်ပါ။

Nursing ethics သူနာပြုကျင့်ဝတ်

ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့ အများကြီး ဆက်နွှယ်နေတယ်။ မတူတာတွေရှိသေးတယ်။ သူနာပြုတွေက ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ပေးရတာဖြစ်တယ်။ တကယ်လို့ သူနာပြုကနေ ဆရာဝန်ရဲ့ အဆုံးအဖြတ်က ချွတ်ချော်နေတယ်လို့ထင်ရင် ဘာလုပ်မလဲ။ လူနာကနေ ဆရာဝန်ကထုတ်မပြောရလို့ ပြောထားတဲ့ အချက်အလက်တွေ သိချင်တယ်လို့ သူနာပြုကိုမေးရင် ဘယ်လိုလုပ်မလဲ။ တိုးတိုးလေး ပြောလဲ မလွတ်ပါ။ ဆေးရုံသတင်းထဲက သူနာပြုတွေ နှုတ်အာကြမ်းတာဟာ ကာယကံရှင်တွေရဲ့ ပင်ကိုယ်စရိုက်လဲပါမယ်။ သူတို့အော်တာကို ကျွန်တော်တောင်မှ ကြားရတဲ့ ခေတ်ဆိုတာ သိစေချင်တယ်။

တခုခုဖြစ်ရင် အပြစ်တင်ဘို့ ဘယ်ကိုလက်ညှိုးထိုးရမလဲ။ လက်ညှိုးတချောင်းနဲ့ မရတာတွေလဲမနည်းပါ။ လေးစားသမှု ပြုရမယ်ဆိုတာ လူနာကိုပြောတာဖြစ်ပေမဲ့ အမှုအခင်းဖြစ်လာရင် ကျန်းမာရေး ပညာရှင်တွေ ဘက်ကိုလဲ ကြည့်ဘို့လိုမယ်။ သတင်းတခု ထွက်လာရင် တကယ့်အဖြစ်က အဲလိုဟုတ် ရဲ့လား ဆန်းစစ်မှုဆိုတာ အမှုjဖြစ်မှသာလုပ်လေ့ရှိတယ်။ ဒါတောင် အလျှောက်ကောင်းတဲ့ဘက်က အသာစီးရတတ်သေးတယ်။

Abortion ကိုယ်ဝန်ဖျက်တာကို တရားဝင်ခွင့်ပြုမလား။ ကိုယ်အင်္ဂါမသန်စွမ်းတဲ့ကလေး မွေးလာရင် ဘယ်လိုလုပ်မလဲ။ ကိုယ်ဝန်ရှိတုံးကတည်းက သိနေရင် ဖျက်ချမှာလား။ ဗိုက်ထဲကကလေး ကျား-မ ခွဲပေးတာကို ဥပဒေက ခွင့်ပြုမှာလား။ ကိုယ်အင်္ဂါအစိတ်အပိုင်း (အသဲ၊ ကျောက်ကပ်) ရောင်းတာကို တရားဝင်ခွင့်မပြုဘူးလား။ ဓါတ်ကင်စက်က မနိုင်လို့ လူနာတွေ တန်းစီ စောင့်နေရတာမို့ ကင်ဆာပိုပြန့် တာကို သည်အတိုင်း ကြည့်နေရမှာလား။ ဆရာဝန်တွေက ကိစ္စမရှိပါဘူးလို့ပြောတာ ကျင့်ဝတ်နဲ့ညီ သလား။

တိုင်းရင်းဆေး၊ ဗိန္ဓောဆေး၊ အာယုဗေဒဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ တခြားဆေးနည်းတွေကိုကော ဘယ်အဆင့်အထိ လက်ခံမလဲ။ ဒီအရေးမှာ တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာနဲ့တော့ ဆုံးဖြတ်လို့မရပါ။

ဆေးရုံတွေနဲ့ပတ်သက်လာရင် ဆရာဝန်တွေ၊ သူနာပြုတွေအပြင် ဆေးရုံအုပ်ချပ်ရေးပိုင်းကပါဆိုင်တယ်။ အဲတာတွေ အထက်မှာက အစိုးရ၊ တရားဥပဒေ၊ စည်းကမ်းတွေရှိတယ်။ အကျင့်ပျက်ချစားမှုလဲ ပြေးမလွတ်ဘူး။ စီးပွါးရေးက ကျောရိုး၊ နိုင်ငံရေးစနစ်က ခေါင်ချုပ်။ ဆရာဝန်တွေကို ကျင့်ဝတ်လိုက်နာ စေချင်သလို ဆေးကုမ္ပဏီတွေ၊ ဆေးအတုရောင်းသူတွေ၊ ဆေးကြော်ညာတွေ၊ ဆေးကြော်ညာထည့်တဲ့ မီဒီယာတွေကိုရော မပြောချင်ကြဘူးလား။ မသိသလိုနေတဲ့ အစိုးရကိုကော မဲပေးကြမှာဘဲလား။

Health policy ကျန်းမာရေးပေါ်လစီမှာ ဘယ်လိုကျင့်ဝတ်တွေရှိအပ်သလဲ။ ဆင်းရဲ-ချမ်းသာမရွေး တန်းတူ ကျန်းမာရေး စောင့်ရှောက်မှု ရစေသင့်သလား။ အကောင်းဆုံးအိပ်မက်ဖြစ်ပေမဲ့ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံမှ အဲလိုဖြစ်မလာသေးပါ။ အလားအလာလဲ မမြင်ရပါ။ လူတိုင်းအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်မှာလား။ ကုန်ကျစရိတ်ကို ဘယ်သူကပေးမလဲ။ လူနာ၊ အာမခံ၊ အစိုးရ။ ဆေးရုံတွေကနေ ကုန်ကျ စရိတ်ကို လိုတာထက် ပိုယူနေသလား။ ပုဂ္ဂလိကဆေးရုံတိုင်းက ဆင်းရဲသူတွေအတွက် ကုတင်အရေ အတွက် သတ်မှတ်ထားတဲ့နည်းကကော ကောင်းသလား။ ဘယ်နည်းက ကိုယ့်နိုင်ငံ (ကိုယ့်ပြည်နယ်) အတွက် အကောင်းဆုံးလဲ။ တနိုင်ငံထဲမှာ တနေရာနဲ့တနေရာမတူတာကိုကော လက်ခံနိုင်သလား။ ကျန်းမာရေးပေါ်လစီချတာ၊ ဦးစားပေးမှုသတ်မှတ်တာ၊ ဘတ်ဂျက်ဆွဲတွေဟာ အစိုးရ တခုတည်းနဲ့သာ ဆိုင်သလား။ မြန်မာပြည်မှာ နိုင်ငံရေးကို လူနာတွေအသက်နဲ့ ကစားနေခဲ့တာ အနှစ် ၅ဝ ကျော်နေပြီ။ NGO တွေက ကျန်းမာရေးဟာ လူ့အခွင့်အရေးလို့ပြောတယ် ကျွန်တော်က နိုင်ငံရေးလို့အထိပြော ချင်တယ်။

ကျွန်တော် နိုင်ငံရေးတာဝန်နဲ့ ဥရောပကို ခရီးသွားရတုံးက လိပ်ခေါင်းက မနေနိုင်မထိုင်နိုင်နာလာတယ်။ အစည်းအဝေးကို စီစဉ်ပေးသူကနေ ဆေးခန်းကိုပို့ပေးတယ်။ လိပ်ခေါင်း သွေးပြန်ကြောပိတ်တာမို့ OPD မှာဘဲ၊ ချက်ချင်းခွဲပေးတယ်။ ပျောက်သွားပါတယ်။ ဆရာဝန်မှာ လက်ထောက်ရယ်လို့ တယောက်မှမရှိပါ။ ကျွန်တော်ကလဲ ထုံဆေးအတွက် လက်မှတ် ထိုးမပေးရပါ။ ပိုက်ဆံလဲမပေးရပါ။ ဒိန်းမတ်မှာဖြစ်ပါတယ်။

အရက်ပြန်မရှိလို့ ‘ချက်အရက် ဦးရေ’ သုံးခဲ့တဲ့၊ သန့်ရှင်းမှုစံချိန်မမီတဲ့ခွဲစိတ်ခန်းတွေမှာ ခွဲစိတ်ပေးခဲ့တဲ့ ကျွန်တော်လို ဆရာဝန်တွေဟာ ကျင့်ဝတ်နဲ့မညီဘူးပြောရင် မငြင်းနိုင်ပါ။ ရန်ကုန်၊ မန္တလေးက စပါရှယ်ဆေးရုံ-ဆေးခန်းကြီးတွေကနေ ခွဲစရာမလိုဘဲ ခွဲနေတာ၊ ဆေးဘိုးဝါးခ အဆမတန်ယူနေတာတွေ၊ တိုင်းပြည်ရဲ့ကျန်းမာရေး အဆင့်အတန်း တိုးတက်နေတယ်လို့ ညာပြောတဲ့အစိုးရနဲ့ ပူးပေါင်းလိမ်ပေးနေ တဲ့ ‘အင်ဂျီအို’ ကိုရော ဘယ်လိုသဘောထားကြပါမလဲ။

Medicine ဆေးပညာဆိုတာ အသုံးချသိပ္ပံပညာနဲ့ ရောဂါရှာဖွေရေး၊ ကုသမှုနဲ့ ကာကွယ်ရေးဆိုင်ရာ ဝိဇ္ဇာပညာနှစ်ရပ် ပေါင်းစပ်ထားတာလို့ ဆိုပါတယ်။ ကျွန်တော်ကတော့ ‘ဆေးကုသမှုဆိုတာ အနုပညာ ဆန်တယ်’ လို့ပါယူဆတယ်။ စိတ်ထားစေတနာအထိလဲ ကြီးကြီးကျယ်ကျယ် မပြောလိုပါ။ ချိုသာတဲ့ မျက်နှာကနေ လူနာကို သက်သာစေနိုင်တဲ့ အစွမ်းကိုလဲ ယုံကြည်သင့်ပါတယ်။ သူနာပြုတိုင်းက လေယာဉ်မယ်တွေလို ပြုံးနေရမယ်လို့ မဆိုလိုပါ။ ‘လုပ်စာအပြုံး’ နဲ့ ‘စိတ်ပါအပြုံး’ ခွဲခြားလို့ရပါတယ်။ လူနာတွေကလဲ ‘လေယာဉ်မယ်ဆိုတာ ခိုင်းပတ်’ လို့ သဘောထားသလိုမလုပ်သင့်ပါ။ ‘လေကြောင်း ကုမ္ပဏီကြီးက လူလည်ကျနေတာလဲ သိကြပါခင်ဗျား’။

နိဂုံး

အချုပ်ပြောရရင် ‘မဆလ’ ခေတ်မှာ ရုပ်ဝတ္ထုတွေ ရှားပါးခဲ့တယ်။ အခုအစိုးရလက်ထက်မှာတော့ ကျင့်ဝတ် သိက္ခာတွေ ခေါင်းပါးလာတယ်။ ကျင့်ဝတ်ဆိုတာကို ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေမှာသာ ထောက်ပြစရာမဟုတ်ပါ။ နိုင်ငံရေး ဦးဆောင်မှုပေးနေသူတွေက ‘သီလ’၊ ‘ဝိနည်း’၊ ‘စည်း’ ဖေါက်နေကြ ရင် တိုင်းပြည်ကြီးဟာ နာတာရှည်လူမမာဘဝက လွတ်မှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၄