Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 14, 2018

အင်းစိန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးနဲ့ တွေ့ဆုံ စကားစမြည်


 လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၄ နေအိမ်ဝင်းထဲမှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့၊ ဒေါ်အောင်ဆန်းစုကြည် သွားလေရာ လိုက်လံ စောင့်ရှောက်ရင်း လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးခဲ့တဲ့ ...

အင်းစိန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးနဲ့ တွေ့ဆုံ စကားစမြည် (အမှန်က သူပြောတာတွေကို နားထောင်တာ များပါတယ်) ပြောဖြစ်တာလေးတွေကို ပြန်လည် မျှဝေချင်ပါတယ်။

ယနေ့ မြန်မာ့နိုင်ငံရေးဟာ Evolution နဲ့ သွားနေတာ ဖြစ်တဲ့အတွက် Revolution လို ရလဒ် မမြန်နိုင်ဘူး။ ( Revolution က ရလဒ် မြန်ကောင်းမြန်မယ်၊ အောင်မြင်ကောင်း အောင်မြင်မယ်။ ဒါပေမယ့် အသေအကြေ၊ အပျက်အစီး များတယ်။ တိုင်းပြည် ပြန်လည် တည်ထောင်ရတာ အရမ်းကြာတယ်။ အောင်မြင်မှု ရခဲ့ရင်တောင် တာရှည် ခံဖို့ မလွယ်ဘူး။)

Evolution က ထင်သာမြင်သာ ရှိတဲ့ အပြောင်းအလဲ ရလဒ်တွေဟာ နှေးတတ်တယ်။ သေချာ ရှုမြင်သုံးသပ်မှ မြင်ရတယ်။

Evolution နဲ့ သွားဖို့ စိတ်ဓါတ် ကြံ့ခိုင်မှု၊ သည်းခံ စိတ်ရှည်မှု၊ စွန့်လွှတ်ရမှုနဲ့ ဥာဏ်ပညာ အကုန်လိုအပ်ပါတယ်။

ထင်သာမြင်သာ ရှိတဲ့ ပြောင်းလဲမှုတွေကို အကြမ်းဖျဉ်း ပြောရမယ်ဆိုရင် ...

၁။ နှစ်ပေါင်း ၅၀ လောက် သန်းကောင်စာရင်း တိုင်ရတဲ့ ဘ၀၊ ည အချိန်မတော် ခြင်ထောင်ထဲထိ လိုက်ရှာ စစ်ခံရတဲ့ ဘ၀မျိုးက ကင်းလွတ်ခဲ့ပြီ။

၂။ လူ့သား ဂုဏ်သိက္ခာနဲ့အညီ လွတ်လပ်စွာ သွားလာတာကို နောက်ယောင်ခံလိုက်ခံရတဲ့၊ ကျွန်တော်တို့ရဲ့ စိတ်တွေကို ခြောက်လှန့် အနိုင်ကျင့်တဲ့ ကိစ္စကို ပယ်ဖျက်နိုင်ခဲ့ပြီ။ အဲ့လို ဘာရာဇ၀တ်မှုမှ မကျူးလွန်ထားတဲ့ နိုင်ငံသားတစ်ယောက်ကို နောက်ယောင်ခံလိုက်တာကို တရားဥပဒေအရ ပြန်လည် တရားစွဲဆိုခွင့် ရရှိခဲ့ပြီ။

၃။ မှန်ကန် လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ ဆန္ဒပြခွင့်တွေ ရခဲ့ပြီ။

၎။ ပြည်သူ့ အခြေပြု ကဏ္ဍတွေ ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးတွေအတွက် လာဘ်စားမှု ပပျောက်နိုင်သလောက် ပပျောက်ပြီး အလေအလွင့် နည်းပါးအောင် သေချာ စိစစ်ကာ စတင် ဦးစားပေး ဆောင်ရွက်နိုင်ခဲ့ပြီ။

၅။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုအတွက် အရင်က စစ်တပ် အုပ်စိုးမှု၊ အသားစီး ရမှု နည်းဥပဒေတွေကို Win-Win Situation ဖြစ်အောင် ပြောင်းလဲ ရေးဆွဲနိုင်ခဲ့လို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ စတင် ၀င်ရောက်လာပြီမို့ ၂၀၁၇ အကုန် နောက်ပိုင်း ထင်သာမြင်သာ ရှိမယ့် အလုပ်အကိုင် အခွင့်အလန်းတွေ ရရှိလာမယ်။

၆။ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းမှုနဲ့ တိုးတက် ပြောင်းလဲမှုကို အဟန့်အတား ဖြစ်စေတဲ့ ၂၀၀၈ နာဂစ် ဥပဒေရဲ့ မလိုလားအပ်တဲ့ ဥပဒေတွေကို ပြုပြင်ဖို့ ဟိုးတုန်းက အနားတောင် ကပ်လို့ မရခဲ့ရာကနေ ...

အခုဆိုရင် ၂၀၀၈ နာဂစ် ဥပဒေကို ဖြိုလှဲဖို့ တားဆီးထားတဲ့ နံရံနားကို ရောက်နေပါပြီ။

အရင်က မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ မဖြစ်နိုင်ရာကနေ အခုဆိုရင် လိုအပ်တဲ့သူတွေနဲ့ ဆွေးနွေးဖို့ ခေါ်ဆိုနိုင်နေပါပြီ။

၇။ တွေ့ဆုံ ဆွေးနွေးရေးဆိုတာ အလျော့အတင်း အပေးအယူ ရှိတတ်တာမို့ ပါဝါချင်း တူညီမှ ကိုယ့်ဘက်က အလိုရှိတာကို အပေးအယူ ကောင်းကောင်း လုပ်နိုင်မှာပါ။

၈။ တဖက်က လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အင်အားအကြီးဆုံးက စစ်တပ်ပါ။ သူတို့ အားကိုးတာက လက်နက်။

ကျွန်တော်တို့ အရပ်သား အစိုးရမှာ အင်အားက ပြည်သူပါ။

ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေက ကိုယ်ရွေးချယ် တင်မြောက်တဲ့ အစိုးရကို စိတ်ထဲက လေးလေးနက်နက် ယုံကြည်ကြဖို့ လိုအပ်ပြီး ကိုယ့်အစိုးရ သွားရာလမ်းကို တစိုက်မတ်မတ် မယိမ်းမယိုင် လိုက်ပါကြဖို့ လိုအပ်ပါတယ်။

၉။ စစ်တပ်ဆိုတာ ဆုတ်ခွာရင်တောင်မှ အောင်မြင်စွာ ဆုတ်ခွာတယ်လို့ ဆိုလေ့ရှိတယ်။ အောင်မြင်စွာ ဆုတ်ခွာတယ်ဆိုရာမှာ ဆုတ်ခွာချိန်မှာ တဖက်အဖွဲ့ မလိုက်နိုင်အောင် ဆုတ်ခွာရာ လမ်းတလျှောက်မှာ ...

မြေပြင်လမ်းဆိုရင် မိုင်းထောင်မယ်။
ရေကန်တွေ့ရင် အဆိပ်ခပ်မယ်။
တံတားတွေ့ရင် ဖြိုခွဲမယ်။

၁၀။ ဒီလို အနှောင့်အယှက် အတားအဆီးတွေကို ပြန်လည် ရှင်းလင်းဖို့အတွက် အချိန်ယူရမယ်။

ခုချိန်လို တိုင်းပြည် ပြုပြင် ပြောင်းလဲ တိုးတက်ရေးအတွက် နှောင့်နှေးအောင် ပြည်သူတွေ အမြင်မှာ ဘာမှ တိုးတက်မှု မရှိဘူး၊ ဆုတ်ယုတ်တယ် ထင်လာအောင် ဘာသာရေး၊ လူမျိုးရေး အပါအ၀င် နည်းမျိုးစုံနဲ့ အဓိကရုန်းတွေ ဖြစ်အောင် လုပ်မယ်။ သူတို့ နောက်ခံထားတဲ့ မီဒီယာတွေကနေ အသားပေး ဖော်ပြပြီး ဖွမယ်။

ဒါတွေကို စိတ်ခံစားမှု မပါဘဲ မြင်အောင် ကြည့်တတ်ကြဖို့ လိုတယ်။ ကျွန်တော်တို့ ယုံကြည် အားထားတဲ့ ခေါင်းဆောင်ရဲ့ လှုပ်ရှား ဆောင်ရွက်မှုနောက်ကို ယုံကြည် စိတ်ချစွာ လိုက်ကြဖို့ လိုတယ်။

၁၁။ ခေါင်းဆောင်တွေ အနေနဲ့ တခါတရံမှာ ပြောဆိုလို့ မရတဲ့ အခြေအနေတွေကြောင့် နှုတ်ဆိတ်နေတာတွေ ရှိမယ်။ ဒါပေမယ့် အရိပ်အယောင်တွေ ပြတတ်တယ်။ ပြတာကို နားမလည်ရင် ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ သူတွေရဲ့ ပြောဆို ဆောင်ရွက်တာတွေကနေ သွယ်ဝှိုက် သိရှိနိုင်တယ်။

၁၂။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတည်းက ခုချိန်ထိ ပြည်သူကို ၀ါဒမှိုင်း တိုက်ခဲ့တာတွေ ရှိတယ်။

ရွေးကောက်ပွဲ အောင်နိုင်အောင် ပြည်သူက မဲပေးပြီပြီ။ ကျန်တာ အစိုးရ တာဝန် ဆိုတာပါပဲ။

ဒါဟာ ကျွန်တော်တို့ ပြည်သူနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အရပ်သား အစိုးရကို အဆက်အသွယ် ပြတ်အောင် ဖြတ်တောက် ၀ါဒဖြန့်တာပဲ။

အခုလည်း ဒီဝါဒကို ဆက်ဖြန့်နေတုန်းပဲ။

ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲ နိုင်ခဲ့ပေမယ့် တခြား ဒီမိုကရေစီ ရင့်သန်တဲ့ နိုင်ငံတွေလို မဟုတ်ဘူး။

ဒီမိုကရေစီ အပြည့်အ၀ မရသေးဘူးဆိုတာ အားလုံး နားလည်ပြီးသား ဖြစ်သလို ကဏ္ဍပေါင်းစုံမှာ ပြုပြင် ပြောင်းလဲ ရမှာတွေ အများကြီး ရှိနေတယ်။

ဒါတွေကို အစိုးရ တရပ်တည်းနဲ့ ပြုပြင် ပြောင်းလဲလို့ မရဘူး။ ပြည်သူတွေကပါ စိတ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲပြီး အစိုးရနဲ့အတူ ပါဝင်ဆောင်ရွက်တာ၊ ၀ိုင်းရံတာကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေရမှာ ဖြစ်တယ်။

၁၃။ တိုင်းပြည်တခုမှာ တရား ဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတယ်။

ဥပ​ဒေ​​တွေနဲ့ ပတ်​သက်​လို့ ​ကောင်းမွန်​​သင့်​​တော်​တဲ့ ဥပ​ဒေဖြစ်​​စေ၊ ကောင်းမွန်​သင့်​​တော်​ခြင်း မရှိတဲ့ ဥပ​ဒေဖြစ်​​စေ အသက်​ဝင်​​နေစဉ်​မှာ လိုက်​နာကြရမှာ ဖြစ်​တယ်​။

ဥပ​ဒေကို ​ကျော်​လွန်​ပြီး လုပ်​ကိုင်​ခွင့်​၊ ​ပြောဆို အမိန့်​​ပေးခွင့်​ မရှိတာကို ခါးသီး​သော အမှန်​တရားအဖြစ်​ လက်​ခံကြရမှာ ဖြစ်​တယ်​။

အဲ့လို လိုက်​နာတာဟာ အာဏာရှင်​ စနစ်​ကို ပြန်​အသက်​မသွင်းခြင်း ဖြစ်​တယ်​။

ကျွန်တော်တို့ နိုင်ငံမှာ ​ကောင်းမွန်​တဲ့ တရားဥပဒေ စိုးမိုးရေး အသက်ဝင်လာအောင် ...

လိုအပ်တဲ့ ဥပဒေတွေကို ပြုလုပ်ရမယ်။
ပြုပြင်ရန် လိုအပ်နေတဲ့ ဥပဒေတွေကို ပြုပြင်ရမယ်။
မလိုအပ်တော့တဲ့ ဥပဒေတွေကို အပြီး ဖျက်သိမ်းရမယ်။

ဒီလို လုပ်ဆောင်နိုင်ဖို့ လွှတ်တော်ကနေသာ ဆောင်ရွက်နိုင်မယ်။

လွှတ်တော်ကနေ ဆောင်ရွက်ဖို့ဆိုတာ လွှတ်တော်က တည်ငြိမ်မှု ရှိဖို့ လိုတယ်။

လွှတ်တော်မှာ ၂၅% က ဘာအဆိုမှ မတင်သွင်း မဆွေးနွေးဘဲ ငုတ်တုတ်ထိုင်စောင့်နေကြတယ်။ သူတို့ ထိခိုက်နစ်နာမယ့် ဥပဒေ ပြုရေး၊ ပြင်ရေး၊ ဖျက်သိမ်းရေးဆိုရင် အသက်ဝင် လှုပ်ရှား ကန့်ကွက်ကြတာကို သိနားလည်ဖို့ လိုတယ်။

၁၄။ နိဂုံးချုပ် ပြောရရင် Evolution ဆိုတာ ...

- အသေအကြေ အပျက်အဆီး အဆုံးအရှုံး နည်းတယ်။
- ကောင်းမွန် မှန်ကန်တဲ့ စနစ်ကို အုတ်မြတ် ချနိုင်ပြီး အောင်မြင်မှုက ရေရှည်ခံတ​ယ်။
- အချိန်တော့ ယူရမယ်။ ဒါကို စိတ်ရှည် သည်းခံ ဇွဲသန်ပြီး ဥာဏ်ပညာနဲ့ ဆောင်ရွက်ရမယ်။
- အပြောင်းအလဲ အချိုးအကွေ့တိုင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ တိုင်မင် (Timing) ချတတ်ဖို့ လိုအပ်တယ်။
- ဒါတွေကို ကျွန်တော်တို့ ရွေးချယ် တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက သတိကြီးကြီးနဲ့ ဆောင်ရွက်နေတယ်။

၁၅။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုး မကြည့်တဲ့ အစိုးရနဲ့ စိတ်တူညီစွာ ၀ိုင်းရံ လိုက်ပါ ဆောင်ရွက်ကြမလား။

တဖက်က နည်းမျိုးစုံနဲ့ ဖျက်ဆီး နှောင့်ယှက်တဲ့နောက်ကို ကိုယ့်ရဲ့ အတ္တတွေ၊ မာနတွေ၊ စိတ်ခံစားချက်တွေကို ဦးစားပေးပြီး လိုက်ကြမလား၊ ပဲ့ထွက်သွားကြမလား။

လေးလေးနက်နက် စဉ်းစားကြပါ။ ယုံကြည်စွာ ၀ိုင်းရံကြပါ။

လေးစားခင်မင်စွာဖြင့်

စိုးထွန်း

No comments:

Post a Comment