Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 16, 2018

ကမ္ဘာကြီး ကို ရင်ဆိုင် ယှဉ်နိုင်ဖို့ ကျွန်တော်တို့ နှလုံးသားတွေ အရင်ပြင်နိုင်မှဖြစ်မယ်



သီဟသွေး

ဒီကနေ့ မြန်မာနိုင်ငံကို ရခိုင် ပြည်နယ် မောင်တော အရေး နဲ့ပတ်သက်ပြီး ရှေ့တန်းကနေ ဖိအားပေးနေတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အင်္ဂလန် အမေရိကန် ပြင်သစ် စတဲ့ နိုင်ငံကြီးတွေပါဝင်နေတာကိုတွေ့ရပါမယ် ။

ဒီလိုပဲ အယ်ကေးဒါး ကနေစပြီး နောက်ဆုံး ISIS အထိ အစွန်းရောက် မွတ်စလင် အကြမ်းဖက် အဖွဲ့ အစည်းတွေကနေ အဓိက ပစ်မှတ် ထားပြီး ဦးတည် တိုက်ခိုက်နေတဲ့ နိုင်ငံတွေ ကိုကြည့်မယ်ဆိုရင်လည်း ဒီနိုင်ငံတွေက ထိပ်ဆုံးကပါနေတာကိုလည်းတွေ့ကြရပါလိမ့်မယ်။ ကဲ ဒါဆို စနစ်တကျ ကြိုတင်ပြင်ဆင်ထားတဲ့ ARSA အကြမ်းဖက်အဖွဲ့ က ဂျီဟတ်စစ်ပွဲ ကြွေးကြော် လို့ ရဲစခန်း ၂၅ ခုကို တစ်ချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကနေ အစပြုပြီးဖြစ်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာ ဘင်္ဂါလီ ၆ သိန်းကျော် တစ်ဘက်နိုင်ငံကို ထွက်ပြေးခဲ့သော ကိစ္စမှာ အကြမ်းဖက်မှုကို ဘေးချိတ်ပြီး မြန်မာနိုင်ငံကို ဒုက္ခသည် ၆ သိန်းကိစ္စ ၊ တိုက်ခိုက်မှုတွေ ရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ဖိအားပေးဖို့ ရှေ့တန်းက ကြိုးစားလာတဲ့ နိုင်ငံတွေ ထဲမှာ အစွန်းရောက် မွတ်စလင် အကြမ်းဖက်တွေ ရဲ့ ပစ်မှတ်ထားတိုက်ခံခြင်းကို ခံနေရတဲ့ ဒီလိုအနောက် နိုင်ငံကြီးတွေ က ဘာလို့ များ တက်တက်ကြွကြွ ပါဝင်နေရလဲဆိုတာ တွေးမိကြပါသလား ။

အမှန်တကယ်ဆို အကြမ်းဖက် အန္တရာယ် ကို ရင်ဆိုင်နေရတာခြင်း အတူတူ အကူအညီတောင် ရရှိနိုင်ရမယ့် အစား ဘာဖြစ်လို့ များ ဒီနိုင်ငံကြီးတွေ ဆီကနေအကူအညီ ကို မရနိုင်ပဲ ပြစ်တင်ဝေဖန်မှု ဖိအားပေးအရေးယူမှုတွေ သာ ရရှိနေတာလဲ ဆိုတာ သုံးသပ်ပြီး ကိုယ့်အားနည်းချက် ကို ကိုယ်ရှာဖို့လိုနေတာ ကြာခဲ့ပြီဖြစ်ပါတယ် ။ ဒီနေရာမှာ အကြမ်းဖက်က ဘုံရန်သူဖြစ်ရမယ့်အစား မြန်မာနိုင်ငံက ဘာလို့များဘုံရန်သူဖြစ်သွားရသလဲ ဆိုတာ အလေးအနက် ဝေဖန်သုံးသပ်ထားဖို့လိုပါတယ် ။ ဒါမှလည်း ကိုယ့်ဘက်က စနစ်တကျ ခုခံရင်ဆိုင်ဖို့ မဟာဗျူဟာ နည်းလမ်းတွေ ရှာဖွေပြင်ဆင်ပြီး ပိတ်မိနေတဲ့ နိုင်ငံတကာဖိအားကနေ လွတ်မြောက်အောင်ကြိုးစားနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ အခုလို အခြေအနေအထိ ဖြစ်သွားစေတဲ့ အရေးပါတဲ့ အချက်၂ ချက် ကို ဆွဲ ထုတ်ပြချင်ပါတယ် ။

အဲဒါကတော့ မြန်မာနိုင်ငံ နဲ့ ရခိုင်ပြည်နယ် မောင်တောအရေးဟာ အမေရိကန်၊ အင်္ဂလန် နဲ ပြင်သစ် နိုင်ငံတွေ အတွက် ဌင်းတို့ နိုင်ငံ ထဲက ပြည်တွင်း မွတ်စလင် အစွန်းရောက်တွေ ကို တားဆီး ထိန်းချုပ်ရေး မဟာဗျူဟာ အတွက် ကစားကွင်းကောင်းတစ်ခု သို့မဟုတ် စင်မြင့်ကောင်းတစ်ခုဖြစ်နေတာပါပဲ ။ နောက်တစ်ချက်ကတော့ ရှေးနှစ်ပေါင်းများစွာကတည်း က တိုင်းပြည်ရဲ့ အများပြည်သူအကြားမှာ ဘာသာရေး လူမျိုးရေး ခွဲခြားမှု အမြင် အားကောင်းနေပြီး ဒီအချက်ကို ပစ်မှတ်ထားလို့ နိုင်ငံရေး မှာ ဘာသာရေး လူမျိုးရေး ခွဲခြားမှုကို တစိုက်မတ်မတ် အသုံးချနေကြခြင်းနဲ့ ပြည်သူအများဟာလည်း လက်တလော ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ ရှေ့တန်းတင်တတ်ခြင်းပဲဖြစ်ပါတယ်။ ဒီအချက်နှစ်ချက် ဟာ ကျွန်တော်တို့ တိုင်းပြည်ရော ပြည်ပရောက်နေကြတဲ့ ကျွန်တော် တို့ နိုင်ငံသားတွေရော နိုင်ငံတကာ တံတွေးခွက်မှာ မျောရတော့မယ့်အရေး နဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် ။

ပထမဆုံး ရခိုင် အရေး နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားကနေ ရုန်းထွက်ဖို့အရေးမှာ သူတို့ရဲ့ အိမ်တွင်းအောင်ပွဲ အတွက် အဝေးကွင်းခြေစွမ်းပြ နေတဲ့ မဟာဗျူဟာကို ဘယ်လိုခုခံမလဲဆိုတဲ့ အပေါ်ကျွန်တော့ရဲ့အမြင်ကို ဆွေးနွေးချင်ပါတယ် ။ အမှန်တော့ ဒါဟာအဆန်းတကြယ် ကိစ္စတော့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ စစ်အစိုးရ လက်အောက်မှာ ဒီမိုကရေစီ အရေးအတွက် ရုန်းကန်ခဲ့စဉ်ကလည်း အဲဒီအနောက်နိုင်ငံကြီးတွေ အတွက် သူတို့ရဲ့ ပြည်တွင်း ဒီမိုကရေစီအုတ်မြစ်တွေ ပိုပြီးခိုင်မာစေဖို့ ၊ ဒီမိုကရေစီတန်ဖိုးတွေဘက်ကနေ ဦးဆောင်ရပ်တည်ပြဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု ဟာ သူတို့အတွက် အကောင်းဆုံး အဝေးကွင်းဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်လည်း မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာတလျှောက်လုံးမှာ အဲဒီနိုင်ငံကြီးတွေဆီက နေ လက်နက်ကြီးပစ်ကူတွေ အင်နဲ့အားနဲ့ရရှိခဲ့တာပဲဖြစ်ပါတယ် ။ အခု ရခိုင်ပြည်နယ် မောင်တောအရေးမှာ အရင် က တချိန်လုံး ထောက်ခံရပ်တည် လက်တွဲခဲ့ကြတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရကို ထောက်ထားခြင်းမပြုပဲ အပြင်းအထန်နှိပ်ကွပ်ဖို့ကြိုးစားနေသလဲဆိုတာ ကတော့ ရှင်းပါတယ် ။ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီ ၆ သိန်းကျော် ဟာ မွတ်စလင် ဘာသာဝင် ဒုက္ခသည်တွေဖြစ်ပြီး ပြည်တွင်း အစွန်းရောက် မွတ်စလင် အကြမ်းဖက်မှု အန္တရာယ် နဲ့ ရင်ဆိုင်နေကြရတဲ့ အမေရိကန် အင်္ဂလန် နဲ့ ပြင်သစ်နိုင်ငံတွေအနေနဲ့ ဒီ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ အရေး အတွက် ရှေ့တန်းကနေ တက်ကြွစွာ လှုပ်ရှားပြီး သူတို့ အနေ နဲ့ မွတ်စလင် ဘာသာဝင်တွေအပေါ် ကြီးမားတဲ့ စာနာထောက်ထားမှုကို ပြသ ဖို့ အခွင့်အရေးကြီးတစ်ရပ်ဖြစ်လာလို့ပါပဲ ။

အဲဒီ နိုင်ငံကြီးတွေ အနေနဲ့ တစ်ဘက် နိုင်ငံတကာ အစွန်းရောက်အကြမ်းဖက် တိုက်ဖျက်ရေး စစ်မျက်နှာမှာ ISIS အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေကို အပြင်းအထန် တိုက်ခိုက်သတ်ဖြတ် နှိမ်နင်းရုံမက အကြမ်းဖက်ခေါင်းဆောင်တွေကို လိုက်လံ လုပ်ကြံသတ်ဖြတ်ရတဲ့ စစ်ဆင်ရေးမျိုးတွေ ဆင်နွှဲနေရပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ ပြည်တွင်းမှာနေထိုင်တဲ့ နိုင်ငံသား မွတ်စလင်တွေ ဆီကို ကူးစက် လာနေတဲ့ အကြမ်းဖက် ဂျီဟတ် စစ်ဆင်နွှဲရေး မဟာဗျူဟာ ကလည်း နိုင်ငံတွင်းတည်ငြိမ်မှု တရားဥပဒေ စိုးမိုးမှုကို ခြိမ်းခြောက်လာနေတာကို တွေ့နေရပါတယ် ။ ပြဿနာက ပြည်တွင်း နိုင်ငံသား အစွန်းရောက် မွတ်စလင်တွေ အနေနဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အပြစ်မဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေလုပ်တဲ့အခါ အရင်ကလို သေနတ် ၊ ဗုံး စတဲ့ လက်နက်ခဲယမ်းတွေ ကို အသုံး မပြုတော့ပဲ အလွယ်တကူ ရယူ အသုံးပြုနိုင်တဲ့ ကုန်တင်ယာဉ် လိုမျိုး ကိုမောင်းနှင်ပြီး လူအုပ်ထဲကို ဝင်တိုက်တာမျိုး ၊ သားလှီးဓါးလိုမျိုး နဲ့ တွေ့ရ လူလိုက်ထိုးတာမျိုးတွေ ကျူးလွန်လာကြတာကိုတွေ့လာရပါတယ်။ သေနတ်ကိုင်ပြီး စာသင်ကျောင်း လူစည်ကားရာ မြို့လည်ခေါင် ဘူတာရုံ၊ နိုက်ကလပ် လို နေရာတွေမှာ ရမ်းကားပစ်ခတ်မှုတွေ ဟာလည်းဖြစ်နေဆဲဖြစ်ပြီး ကျူးလွန်သူတွေ ဟာ နိုင်ငံသား မွတ်စလင်တွေ ဖြစ်နေပါတယ် ။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း တဲ့နေရာမှာတော့ အရင်လို ပြည်ပကနေ လက်နက်ခဲယမ်းတွေ နဲ့ ခိုးဝင်လာတဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေ ဖမ်းဆီး တိုက်ခိုက်နှိမ်နင်း သလို လုပ်လို့မရပါဘူး ။ သာမန်ပြည်သူ တစ်ဦး လိုနေထိုင်နေတဲ့ ကိုယ့်နိုင်ငံသား တစ်ယောက်က ဘာသာရေး အရ ခံစားချက်ပြင်းထန်မှုကြောင့် ကြုံရာ နီးစပ်ရာ ယာဉ် ပစ္စည်း ကရိယာတွေ ကိုဆွဲ ကိုင်ပြီး ကြုံရာ တွေ့ရာ ပစ်မှတ်ကို တိုက်ခိုက်တာဖြစ်လို့ ကြိုတင်ကာကွယ်ဖို့ လည်း မဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ် ။ ဒီနေရာမှာ လုပ်နိုင်တာတစ်ခုတည်းပဲရှိပါတော့တယ် ။ အဲဒါကတော့ ပြည်တွင်းနေ နိုင်ငံသား မွတ်စလင်တွေရဲ့ အမြင်နဲ့ ခံစားချက်မှာ အစိုးရအနေနဲ့ ကိုယ့် ပြည်တွင်းမှာတင်မက ပြည်ပ နိုင်ငံတကာ အရေး ကိစ္စတွေမှာပါ ဘာသာရေး အရ ဖိနှိပ်တယ် ၊ ခွဲခြားတယ် လို့ မမြင်မိ ၊ မခံစားမိစေရေးပဲဖြစ်ပါတယ် ။ ဒါကြောင့် အကြမ်းဖက်မှုတွေ မှ အပ မွတ်စလင်တွေရဲ့ အခြားသော အကျိုးစီးပွား နဲ့ ဒုက္ခ ပြဿနာတွေ အရေးတွေ မှာ အမေရိကန် အင်္ဂလန် နဲ့ ပြင်သစ် နိုင်ငံတွေဟာ တက်တက်ကြွကြွ နဲ့ ရှေ့တန်းကနေ ကူညီ ဆောင်ရွက်ပြီး မွတ်စလင်တွေအပေါ် စာနာမှု ကာကွယ်စောင့်ရှောက်လိုမှုကို ပြသပေးနေတာပဲဖြစ်ပါတယ် ။ ဒီလို ရပ်တည်ဆောင်ရွက် ခြင်းအားဖြင့် သူတို့ ပြည်တွင်း က အများစုသော မွတ်စလင် ဘာသာဝင်တွေအကြားမှာ ဘာသာရေး အရ ခံစားချက်တွေ မကျေနပ်မှုတွေ ကို ကုစားပေးနိုင်မှာ ဖြစ်ပြီး ပြည်တွင်း အရပ်သား အခြေပြု အကြမ်းဖက်မှုတွေ ပေါ်ပေါက်ပြန့်ပွားခြင်းမရှိပဲ တည်ငြိမ်အေးချမ်းမှု ရရှိစေအောင် ထိန်းထားတဲ့ မဟာဗျူဟာ အဖြစ်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ် ။

အခုဆိုရင် အားလုံးသိကြ မြင်ကြတဲ့အတိုင်းပဲ ကိုယ်စီ အစွန်းရောက် မွတ်စလင် အကြမ်းဖက် အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရတဲ့ အဲဒီ အနောက် နိုင်ငံကြီးတွေအတွက် တစ်ဘက်မှာ မွတ်စလင်တွေရဲ့ ဒုက္ခကို စာနာကြောင်း အကာကွယ် ပေးလိုကြောင်း ပြသပြီး ပြည်တွင်း ပြည်ပ မွတ်စလင်ထုကြီး ကို တန်ပြန်စည်းရုံးဖို့ အတွက် မြန်မာ နိုင်ငံရဲ့ ရခိုင်ပြည်နယ် မောင်တော ပြဿနာ ဟာ အကောင်းဆုံး စင်မြင့်ကြီး တစ်ခု သို့မဟုတ် အကောင်းဆုံး ကစားကွင်းကြီးတစ်ခု ဖြစ်နေပြီဖြစ်ပါတယ် ။ အဲဒီနိုင်ငံတွေ အားလုံး ဟာ မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ထက်မဖြစ်ပွားလာစေဖို့ ဆိုတဲ့ စိုးရိမ်ချက် နဲ့ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ အမြင်တွေ ကို လုံးဝ လစ်လျုရှုပြီး မွတ်စလင် ဒုက္ခသည်တွေကို စာနာမှုပြသရေး ကာကွယ်လိုမှု ပြသရေး ပြဇာတ်မှာ ပျော်ပျော်ကြီး ဝင်ကရင်း တစ်ဘက်နိုင်ငံ ကို ရောက်ရှိနေတဲ့ ဒုက္ခသည်အရေးကို သာ ဗဟိုပြုလို့ ပြစ်တင်ပြောဆိုရင်း အမှန်တရားနဲ့ဝေးကွာလာနေပြီဖြစ်ပါတယ် ။ အခုဆိုရင် မောင်တော ပြဿနာရဲ့ အခြေခံဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုအကြားက လူမျိုးရေး ၊ ဘာသာရေး နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်း စတဲ့ ပြဿနာတွေ အပါအဝင် အဲဒီအချက်တွေအပေါ်မှာ အခြေခံပေါ်ပေါက်လာတဲ့ ဒေသတွင်း နိုင်ငံရေး ပြဿနာတွေ အကျိုးဆက်တွေကို မေ့ထားပြီး နိုင်ငံ အစိုးရ အနေနဲ့ မွတ်စလင် လူနည်းစုကို ဖိနှိပ်ပြီး စနစ်တကျ တိုင်းပြည်ထဲက မောင်းထုတ်လိုတယ်ဆိုတဲ့ အခြေခံ သဘောတရား နဲ့ ချဉ်းကပ်ဆောင်ရွက်နေကြတဲ့ လမ်းမှားကြီးကို ဦးတည်သွားနေပါတယ် ။ နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ ပြန်လည်ပြီး သဟဇာတ ဖြစ်ဖို့ဆိုတာ ဒီပြဿနာကနေ ရုန်းထွက်နိုင်ဖို့ လိုပါတယ် ။ ဒီပြဿနာကနေ ရုန်းထွက်ဖို့ ဆိုတာဟာလည်း အထက်မှာ ကျွန်တော် ဆွဲထုတ်ပြခဲ့သော ဒုတိယ အချက်ဖြစ်တဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားရှု မြင်ပြီး နိုင်ငံရေး ပြဿနာတွေ အထိပါ ပိုမို ရှုပ်ထွေး ထိခိုက်လာစေတတ်တဲ့ စိတ်ခံစားချက်ရှေ့ထားဆောင်ရွက်တတ်မှုကို ပြုပြင်ပြောင်းလဲဖို့ ပဲဖြစ်ပါတယ် ။

ဒီနေရာမှာ အဆိုပါ အနောက်နိုင်ငံကြီးတွေ ရဲ့ ဘာသာရေး လူမျိုးရေး အခြေခံ အကြမ်းဖက်မှုတွေ သွေးထိုး လှုံဆော်မှုတွေ ကို ဘယ်လို အခြေခံ နဲ့ ရင်ဆိုင်ကြပြီးဘယ်လို ကိုင်တွယ်ဖြေရှင်းကြသလဲ ဆိုတာကို လေ့လာနာယူရမယ်လို့မြင်ပါတယ် ။ ပထမဆုံး အချက်က အကြမ်းဖက်မှု ၊ ရာဇဝတ်မှု နဲ့ လူမျိုးရေး ဘာသာရေး ကို ခွဲခြားမြင်ပေးဖို့ လိုပါတယ် ။ တကယ်တော့ ဒီ ကိစ္စက ကျွန်တော်တို့ အများစုသော ဗမာလူမျိုးတွေ အတွက်အထူးအဆန်းမဟုတ်တာသေချာပါတယ် ။ နိုင်ငံ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသတွေမှာဖြစ်လေရှိတဲ့ အဖွဲ့အစည်းလိုက်ကျုးလွန်သော ရာဇဝတ်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ ရဲ့ ဖြစ်စဉ်တွေ ကို အကြောင်းပြုပြီး ဗမာလူမျိုး ခေါင်းစဉ်တပ်မုန်းတီး ခံနေရတာလည်း လက်တွေ့ပဲဖြစ်ပါတယ် ။ ဒါဟာ ဒီကနေ့ ရခိုင်ပြဿနာတွေ ရဲ့ အခြေခံ ဖြစ်သလို တရားဥပဒေစိုးမိုးသော အရပ်ဖက်အုပ်ချုပ်ရေး ပီပြင်ခိုင်မာလာဖို့ လည်း အခြေခံကျတဲ့ တဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ် ။အနောက်နိုင်ငံကြီးတွေ ဟာ အစွန်းရောက်မွတ်စလင်တွေ ရဲ့ တိုက်ခိုက်မှု ဒဏ်ဘယ်လောက်ပဲ ကြီးမားပြင်းထန် ပစေ ဒီအချက်ကို မပျက်ယွင်းသွားအောင် ကျားကန်ထိန်းသိမ်းထားတာကိုတွေ့ရပါလိမ့်မယ် ။ အမြဲတန်း မတရားမှု အဓမ္မမှုကို ဘာသာရေး လူမျိုးရေး နဲ့မရောထွေးစေသလို ကျူးလွန်သူတွေဘက်က ရောထွေးစေချင်သည့်တိုင်အောင် အစိုးရတွေ အနေနဲ့မရောထွေးစေပဲ ခိုင်ခိုင်မာမာ ရပ်တည်ကြတာကို တွေ့ရပါလိမ့်မယ် ။ ဒီအချက်ကို တိုင်းပြည်မှာ အာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့်ရော ပြည်သူအများစုကပါ နှလုံးသွင်းကိုင်ဆွဲထားနိုင်ဖို့လိုပါတယ်။ အခုလက်ရှိ အခြေအနေ ကို ကြည့်မယ်ဆိုရင် မောင်တောက ပြဿနာဟာ ဘာသာရေး ပြဿနာ အဖြစ် ပြည်မကြီး နဲ့ အခြားဒေသတွေ ကို ကူစက်မသွားအောင် မနည်း ထိန်းသိမ်းကာကွယ်လုပ်ဆောင်နေရတာကိုတွေ့ မြင်ကြရပါလိမ့်မယ် ။ ဒါဟာ မောင်တောပြဿနာကိုဖြေရှင်းဖို့ ရှေ့ကိုတစ်လှမ်း မတိုးနိုင်တဲ့အပြင် နောက်ကို တစ်လှမ်းဆုတ်ပေးရတဲ့ သဘောပဲဖြစ်ပါတယ် ။ ပြည်မကြီး ရဲ့ နိုင်ငံရေး လောကမှာလည်း အချိန်ပြည့်အခွင့်ရေးရရင် ရသလို ဘာသာရေး လူမျိုးရေး မီးမွှေးနေတဲ့ ဂိုဏ်းဂနတွေ ဟာလည်း ဒီအခြေခံအချက်အပေါ်မှာပဲ အခွင့်ရေးယူ အားပြုထားပါတယ် ။ ဒါကြောင့် အာဏာပိုင် အဖွဲ့ အစည်းအဆင့်ဆင့် နဲ့ တရား ဥပဒေ ဖေါ်ဆောင်ရေးအဖွဲ့တွေဟာ ဥပဒေ ကိုကျော်လွန်ပြီး ဘာသာရေး လူမျိုးရေး ခွဲခြားတဲ့ အမြင်တွေ ကို အခြေခံပြီး စိတ်ခံစားချက်နဲ့ မဆောင်ရွက်မိစေဖို့ လိုပါတယ် ။ ပြည်သူအများစုဟာ လည်းဒီသဘောထား ကို ဆွဲကိုင်နိုင်အောင်ကြိုးစားပြီး နိုင်ငံ ရဲ့ အသံဟာ ဘာသာရေး လူမျိုးရေး ခွဲခြား ဆက်ဆံမှု သဘောတရားတွေကနေ လွတ်မြောက်နေဖို့လိုပါတယ် ။ အခုချိန်မှာ ရခိုင် ပြည်နယ် မောင်တော်အရေး ဟာ ဒုက္ခသည် ဖိနှိပ်ရက်စက်မှု ပြကွင်းပြကွက်တွေ နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် နိုင်ငံတကာ ကယ်တင်ရှင်များ ပြဇာတ်တွေ အသုံးတော်ခံရာ စင်မြင့်တစ်ခုဖြစ်နေပါတယ် ။ ဒီနေရာမှာ နိုင်ငံ နဲ့ အစိုးရဟာ ဗီလိန်နေရာကိုတွန်းပို့ ခံနေရပြီး အခြားသော တိုင်းပြည် ရဲ့စီးပွားရေး ၊ ဖွံဖြိုးတိုးတက်မှု ပြန်လည်တည်ဆောက်ရေး ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေမှာ ပါ ဖိအားတွေ ထိခိုက်မှုတွေရှိလာနေပြီဖြစ်ပါတယ် ။

ဒါကြောင့် ရခိုင် ပြည်နယ် မောင်တော အရေး စင်မြင်ပေါ်မှာ ဗီလိန်နေရာက ရုန်းထွက်နိုင်ဖို့ အရေး ဒုက္ခသည်ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတော် အစိုးရ က ကြိုးစားဆောင်ရွက်နေပြီဖြစ်ပါတယ် ။ ဒါကို သဘောပေါက်တဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပထမ ကနဦး မွတ်စလင် ၇၀၀ ကျော်ပါဝင်ပြီး ဒုက္ခသည် တစ်ထောင်ကျောင်ပြန်လည်လက်ခံ ရေး ကိစ္စမှာ မြန်မာဘက်ကအဆင်သင့်ဖြစ်နေပေမယ့် သူတို့ဘက်က နေ စတင်ဆောင်ရွက်ဖို့ အင်တင်တင်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ။ သဘောက တော့ မြန်မာဘက်က မွတ်စလင် ဒုက္ခသည်တွေ ကို ပြန်ပြီးလက်ခံနေပြီဆိုတာ သေချာတာနဲ့ မြန်မာ ကို ဗီလိန်နေရာကဖယ်ပြီး အသိအမှတ်ပြုရတော့မှာဖြစ် သလို မြန်မာကို အပြစ်ပုံချ ဖိအားပေးနေရာကနေ အကူအညီပေး ၊ ဖေးမပေးရတော့မှာဖြစ်လို့ပါပဲ။ သူတို့ ဘက်က လူတစ်ထောင်လောက်နဲ့ မြန်မာကို ဒီအခွင့်အရေးမပေးချင်တဲ့သဘောပဲဖြစ်ပါတယ် ။ အခြေအနေတွေက အဘက်ဘက်မှာ အတော်လည်း အသည်းအသန်ရင်ဆိုင်နေရတဲ့အခြေအနေရှိပြီး အစိုးရကလည်း ဒီအတွက်အကောင်းဆုံးကြိုးပမ်းနေတဲ့ အနေအထားမှာရှိနေပါတယ် ။ သို့သော်လည်း ပြဿနာက အုပ်ချုပ်ရေး ယန္တာရားမှာ ခံစားချက်ရှေ့တန်းတင်လို့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အခင်းအကျင်းမှာ ဘာသာရေး လူမျိုးရေး ကို သွေးထိုးပေးလို့ပဲ ဖြစ်ဖြစ် ကိုယ့်အတွင်းကနေ ဗီလိန်စရိုက်တွေ ဗီလိန် ကကွက်တွေ မပြသဖို့တော့ အထူးလိုအပ်ပါတယ် ။ ဒီလိုဖြစ်နေတာကလည်း တကယ်တော့ နှစ်ပေါင်းများစွာ အမျိုးသားရေး ကိုတလွဲ လက်ခံပြီး အစွန်းရောက်အမြင်နဲ့ ကျင့်သုံးခဲ့ကြလို့ဖြစ်ပါတယ် ။ ဒါကြောင့်ရခိုင်ပြည်နယ် မောင်တော အရေး အောင်မြင်ငြိမ်းချမ်းစွာဖြေရှင်းပြီးစီးပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးဖြောင့်ဖြူးစွာ ဆက်လက်လျှောက်လှမ်းနိုင်ရေးတွက် ကျွန်တော်တို့အားလုံး နှလုံးသားတွေကို အကောင်းဆုံးပြင်ဆင်နိုင်မှဖြစ်မှာဖြစ်ပါတယ် ။ အခုဆိုရင် ဒီပြဿနာကို အကြောင်းပြုလို့ နိုင်ငံတကာနဲ့ မျက်နှာချင်းဆိုင် ပြီးရင်ဆိုင်ဖြေရှင်းနေရပါတယ် ။ အမှန်တော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းပြီး လက်တွဲ လျှောက်လှမ်းနိုင်မှ အစစအရာရာ အဆင်ပြေပြီးမြောက်နိုင်မှာမလွဲဖြစ်ပါတယ် ။ နိုင်ငံတကာ နဲ့ မျက်နှာချင်းဆိုင် နေရာကနေ တန်းတူ ရင်ပေါင်တန်းပြီး ရပ်တည်နိုင်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ နှလုံးသားတွေ အရင်ပြင်လိုက်ကြဖို့လိုပါတယ် ။

The Speaker Vol2- No-13

No comments:

Post a Comment