Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 6, 2018

တိုင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီး ၅ ဦးခန့် ပါတီစည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့်အတွက် အရေးယူရန် တင်ပြထား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ချမှတ်ထားသော ပါတီစည်းကမ်းချက်များကို လိုက်နာခြင်းမရှိသောကြောင့် တိုင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီး ၅ ဦးခန့်ကို အရေးယူရန်တင်ပြထားကြောင်း NLD
လွှတ်တော်ကိုယ်စားလှယ် များတိုင်ကြားစာဌာနအဖွဲ့ ခေါင်းဆောင်ဒေါက်တာမျိုးညွန့်က News Watch
သို့ ပြောသည်။

တိုင်ကြားစာများဌာနသို့ ရောက်ရှိလာသော တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ၀န်ကြီးများနှင့်ပတ်သက်သည့် တိုင်ကြားစာများတွင် အလုပ်တာဝန် မကျေပွန်မှု၊ လုပ်ငန်းဆောင်ရွက်သည့် အခါတွင်လည်း အစိုးရ အဖွဲ့ဆုံးဖြတ်ချက်ဖြင့်မလုပ်ဘဲ မိမိ၏ တဦးတည်းသဘော ဆန္ဒများဖြင့် ဆောင်ရွက်ခဲ့မှုများပါဝင်နေကြောင်း ၎င်းက ပြောသည်။
''အဓိက ကတော့ ပါတီစည်းကမ်းပေါ့။ ပါတီကထုတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့က အရေးကြီးတဲ့အချက် တွေပေါ့လေ။ အဲဒီအချက်တွေအပေါ် လိုက်နာခြင်း မရှိတာ၊ ကျူးလွန်တာတွေ များပါတယ်'' ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဝန်ကြီးများအား တိုင်တန်းထားသည့် တိုင်ကြားစာများကို ဌာနမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ကာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြပြီးဖြစ်ကြောင်း၊ မည်သည့်တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးများ ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြား၍မရကြောင်း ၎င်းက ပြောသည်။
''ကျွန်တော်တို့တွေ့ရှိချက်က ဘယ်လိုတွေ့ရှိတယ်။ တိုင်ကြားမှု ခိုင်လုံတယ်။ မခိုင်လုံဘူးဘဲ စိစစ်တာ။ နောက်ဆုံးအရေးယူခြင်းအဆင့်ကိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပဲ ဆုံးဖြတ်ပါတယ်''ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ လမှ ဒီဇင်ဘာ ၂၀ ရက်အထိ ပြည်သူ လူထုတိုင်ကြားမှုကြောင့် လွှတ်တော်ကိုယ် စားလှယ် ၃၀ ဦးကိုလည်း စိစစ်အရေးယူခဲ့ကြောင်း ၎င်းက ပြောသည်။
''ဒီတိုင်ကြားစာတွေက ဒီဇင်ဘာအထိတင်ပြထားတာတွေက အကုန်အရေးယူပြီးပြီ။ အရေးယူမှုအပိုင်းကတော့ စာနဲ့ သတိပေးတာ။ နှုတ်နဲ့သတိပေးတာ အဲဒါတွေများပါတယ်။ ပြီးတော့ သက်ဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့ကို အကြောင်းကြားပြီး လွှတ်တော်ကိုယ်စားလှယ်ကို နှုတ်နဲ့ သတိပေးတယ်။ ဒါမှမဟုတ်ရင်စာထုတ်ပြီး သတိပေးတာတို့ လုပ်ပါတယ်''ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနသည် ပါတီ၏ စည်းမျဉ်းစည်းကမ်းများလိုက်နာမှုမရှိသည့် ကိစ္စ၊ ပါတီတွင်း စည်းရုံးရေးပြိုကွဲစေမည့်လုပ်ရပ်များ၊ ပါတီမှ ချမှတ်ထားသောလွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ အမှုဆောင်များ၏ တာဝန်များကို မကျေပွန်သည့်ကိစ္စများ၊ ပြည်သူနှင့်ဆက်ဆံရာတွင် မောက်မာစွာ ဆက်ဆံသည့်ကိစ္စများ၊ မိမိတာဝန်ကို ရှောင်လွဲသည့်ကိစ္စများကို ပါတီတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များတိုင် ကြားစာဌာနသို့ တိုင်ကြားစာပေါင်း ၅၀၀ ကျော်ရောက်ရှိခဲ့သော်လည်း ဌာနနှင့်အမှန်တကယ် သက်ဆိုင်အကျုံးဝင်သည့် တိုင်ကြားစာမှာ ၂၅၀ သာရှိခဲ့ကြောင်း၊ အဆိုပါတိုင် ကြားစာ ၂၅၀ အနက်မှ တိုင်ကြားစာ ၃၀ ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြထားပြီး ကျန်ရှိသည့် တိုင်ကြားစာ ၂၂၀ သည် အစီရင်ခံတင်ပြရန်လည်း အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဌာနသို့ရောက်ရှိလာသည့် တိုင်ကြားစာများတွင် တာဝန်မှ ရပ်စဲရန်အတွက် ပြည်နယ်လွတ်တော်မှ မဲခွဲ ဆုံးဖြတ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်နှင့်ပတ်သက်၍ တိုင်ကြားစာ မပါဝင်ကြောင်းနှင့် ၀န်ကြီးရာထူးမှ နုတ်ထွက်ရန်အတွက် နိုင်ငံတော်သမ္မတထံ စာတင်ပြခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းမှာလည်း NLD လွှတ်တော်ကိုယ်စားလှယ်မှတဆင့် ၀န်ကြီးဖြစ်ခဲ့သူမဟုတ်ကြောင်း ဒေါက်တာမျိုးညွန့်က
ရှင်းပြသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/1560391637331965/?type=3&theater

No comments:

Post a Comment