Latest News

Monday, December 25, 2017

ဘေထုတ်မိသားစုရဲ့ ဘေထုတ်အနွေးထည် အလှူ(မေတ္တာရှင် ရွှေပြည်သာ)


ဘေထုတ်မိသားစုရဲ့ ဘေထုတ်အနွေးထည် အလှူ
ဆရာတို့ရဲ့ ဘုရားရှင်ဟာ လူသေကောင်မှာပတ်ထားတဲ့ ပိတ်စကိုတောင် ကိုယ်တိုင်လျှော်ဖွတ်ပြီး သင်္ကန်းအဖြစ် ဝတ်ရုံတော်မူခဲ့ပါတယ်။
အဓိကနဲ့ သာမညမှာ အဓိကကို ဦးစားပေးရင် စိတ်ချမ်းသာမယ်။ ဥပမာ ယခုလို ဆောင်းတွင်းအေးတဲ့ရာသီမှာ အနွေးထည် ဝတ်တာဟာနွေးသွားဖို့ဟာ အဓိကပါ။ အသစ်ဖြစ်မှ၊ ဈေးကြီးမှဆိုတဲ့ သတ်မှတ်ချက်တွေဟာ သာမညပါ။
ဆရာ့အမျိုးသမီးက နိုင်ငံရပ်ခြားမှာ အများအထင်ကြီးလေးစားတဲ့ ဂုဏ်သရေရှိ နေရာတွေမှာ အလုပ်လုပ်စဉ်မှာတောင် သူများဝတ်ပြီးသား အဝတ်အစား၊ အသုံးအဆောင်၊ ဖိနပ်၊ အိတ်၊ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ဝယ်သုံးဖို့ လက်တွန့်ခဲ့သူ မဟုတ်ပါ။ သူ့ပတ်ဝန်းကျင် ပညာတတ် အသိုင်းအဝိုင်းမှာလည်း ဝတ်ပြီးသားတွေ တန်ဖိုးထား ဝတ်ကြတာ မဆန်းပါ။

သူတင်မက၊ သူ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ အထူးကုဆရာဝန်ညီမနှစ်ယောက်ကလည်း အမေရိကားက နာမည်ကြီးဆေးကျောင်းတွေမှာ ကျောင်းတက်နေတုန်းကတောင် သူများဝတ်ပြီးသား အဝတ်အစားများကို သူတို့သူငယ်ချင်းများနဲ့အတူ မကြာခဏဝယ်ဝတ်ကြတယ်။ အဲဒီ အဝတ်အစားပေါများတဲ့နိုင်ငံမျိုးတွေမှာတောင် ဝတ်ပြီးသားဝတ်လို့ ဘယ်သူကမှ မကဲ့ရဲ့ကြပါဘူး။ လူငယ်တွေကြားမှာ ဖက်ရှင်တစ်မျိုးလို့တောင် ခေတ်စားတယ်တဲ့။

အမျိုးသမီးရဲ့အမေကတော့ အဟောင်းပစ္စည်းတွေက သေသူသုံးပစ္စည်းတွေ လှူတာတွေဖြစ်နိုင်တယ်ထင်ပြီး သူ့သမီးတွေ အဟောင်းပစ္စည်းတွေ ဝယ်ဝတ်နေတာ စိတ်မသန့်ဖြစ်ပြီးတားပါတယ်။ အဲဒါနဲ့ သမီးတွေက အဟောင်းပစ္စည်းနဲ့ အဝတ်အစားတွေက ဟိုမှာ အိမ်ရွှေ့အိမ်ရှင်းရင် လုပ်အားခနဲ့ ကုန်ကျစရိတ်ကြီးတာမို့ လူများစုက နီးစပ်ရာ ပရဟိတအဖွဲ့အစည်းတွေကို ရောင်းပြီးပရဟိတအတွက်သုံးဖို့လှူပစ်ခဲ့တာလို့ သူတို့အမေ့ကို ရှင်းပြခဲ့ရသေးတယ်။ ဆိုင်နေရာဈေးကြီးလို့ ၂ပါတ်လောက်အတွင်း ရောင်းမထွက်တဲ့ အဝတ်အစားတွေကို ဟိုက ပရဟိတအဖွဲ့တွေက လက်ဆင့်ကမ်းလှူချင်တဲ့နိုင်ငံတွေကို ဘေထုပ်တွေအနေနဲ့ ပို့လိုက်တာပေါ့။
ဆရာတို့ ဇနီးမောင်နှံ၊ ရင်သွေးလေးနှစ်ယောက်နဲ့ ဝန်ထမ်းတွေဝတ်ဖို့၊ လိုအပ်တဲ့နေရာတွေမှာ အများလှူဖို့ အမျိုးသမီးက နှစ်စဉ် နွေရာသီကတည်းက ဘေထုပ်ဒိုင်တွေမှာ ခေါင်ထုပ်တွေကို ကိုယ်တိုင် ကြမ်းပေါ်ထိုင် တစ်ထည်ချင်း ရွေးပြီး အထုပ်ပေါင်းများစွာ ဈေးသက်သက်သာသာနဲ့ဝယ်ထားတယ်။
ဆောင်းတွင်း စောင်တွေ၊ အနွေးထည်တွေ ဈေးတက်နေချိန်မှာတော့ သူ့ဘေထုပ်တွေကို အနယ်နယ်အရပ်ရပ်တွေကို ခွဲလှူတော့တာပဲ။ ဒီလို ဆန်၊ ဆေးဝါး၊ အခြားလှူဖို့ ပစ္စည်း၊ ကျောင်းစိမ်း၊ စာရေးကိရိယာ၊ အနွေးထည်တွေကို ရာသီချိန် မတိုင်မီ၊ ဈေးမကြီးခင် ဒိုင်တွေဆီက လက်ကားဈေးနဲ့ ကြိုဝယ်၊ ကြိုစုထားလို့လဲ ဆရာတို့ငွေနည်းနည်းနဲ့ လူများများကို လှူနိုင်တာပါ။

အရင်နှစ်တွေက အနယ်နယ်အရပ်ရပ်က လိုအပ်တဲ့နေရာတွေနဲ့ အိုးမဲ့အိမ်မဲ့တွေကို လှူတာ အားရစရာ သိန်းရာချီသွားပါတယ်။ အလှူမခံပဲ ကိုယ်ထူကိုယ်ထ ရှိတာလှူဖြစ်တာမို့၊ နောက်ပြီး အရေးပေါ်ကူညီနေချိန်မှာ အလှူခံပုဂ္ဂိုလ်တွေ ရှက်အားမငယ်စေချင်တာမို့ ပြန်ကြည့်ရင်ကြည်နူးစရာ ဓာတ်ပုံလေးတွေတောင် ရိုက်မထားဖြစ်ပါ။ ဆရာတို့ ပြုခဲ့သမျှ ကုသိုလ်အားလုံးကို အမျှပေးဝေပါတယ်။

ရဟန်းဘဝက သင်္ကန်းအကောင်းစားတွေ ရုံဖို့လှူကြတာ များပြားလွန်းလို့ တခြားရဟန်းတွေကို ပြန်လှူခဲ့တဲ့ ဆရာလည်း အမျိုးသမီးရဲ့ အဆင့်အတန်းမခွဲ၊ အယူအစွဲမကြီးဘဲ လက်တွေ့ကျတဲ့စိတ်ဓာတ်ကို လေးစားလို့ ဆရာကိုယ်တိုင် သူ့ဘေထုပ်တွေထဲက ဆရာဝတ်ဖို့ အနွေးထည်တွေကို ရွေးပါတယ်။ အမျိုးသမီးကတော့ သူ့ရင်သွေးလေးတွေနဲ့ သူကိုယ်တိုင်ဝတ်ဖို့အတွက် ရွေးပါတယ်။
ရောဂါပိုးမွှားတွေဟာ လျှော်ဖွတ်ထားပြီး၊ နေပြပြီး အဝတ်အထည်တွေမှာ မရှိနိုင်တော့တာမို့ အမျိုးသမီးက သူ့သားဦးနဲ့သမီးငယ်ကို မွေးကင်းစကတည်းက ဘေထုပ်ပဲဆင်ပါတယ်။ ကြီးထွားနှုန်းမြန်တဲ့ကလေးတွေကို အဝတ်အစားသစ်တွေ ဝယ်ဆင်၊ ခဏလေးနဲ့ ပစ်ရမှာ မတန်လို့ပါတဲ့။ ဆရာတို့ကိုယ်တိုင် ဘေထုပ်ဝတ်တော့ တပည့်လေးတွေလည်း ဘေထုပ်ဝတ်ရမှာ မရှက်ကြတော့ပါ။

လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူ့ရဲ့ အဝတ်အစား၊ ရွှေထည်၊ စိန်ထည် ဝတ်၊ မဝတ်၊ မူမတည်ဘဲ သူ့ရဲ့အမူအကျင့်နဲ့ စောင့်ထိန်းတဲ့ ကိုယ်ကျင့်သိက္ခာပေါ် မူတည်ပါတယ်။ ဆရာတို့ကတော့ ကိုယ့်အချင်းချင်းကြားမှာ ဘေထုပ်မိသားစုလို့ပဲ နောက်ပြောင်ခေါ်ကြပါတယ်။ မှတ်မှတ်ရရ ဆရာ့ဇနီးက ကိုယ်ဝန်ရင့်စဉ်မှာ အိပ်ကပ်ပြဲနေတဲ့ ဂါဝန်ကြီးနဲ့ ဈေးသမံတလင်းမှာ ဘေထုပ်ထိုင်ရွေးနေလို့ ဆိုင်ရှင်အမျိုးသမီးက သနားပြီး သူဝတ်ဖို့ ဂါဝန်တစ်ထည်လှူလိုက်ကြောင်း သူ့တပည့်လေးတွေက ပြောကြတယ်။

အနောက်နိုင်ငံတော်တော်များများမှာ သူတို့ရဲ့ ရှေးရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်ကြသလို အဟောင်းပစ္စည်းနဲ့ အဆောက်အအုံတွေကို တန်ဖိုးထား တတ်ကြတယ်။ တစ်ကယ်တော့ ပစ္စည်းတစ်ခုဟာ မသစ်တော့တာနဲ့ သူ့တန်ဖိုးမဆုံးရှုံးသွားသလို အဲ့ဒီပစ္စည်းကို ဆက်လက်တန်ဖိုးထားအသုံးပြုနေသူတွေ အနေနဲ့လည်း အဟောင်းပစ္စည်းသုံးခြင်း၊မသုံးခြင်းက သူတို့ရဲ့ လူနေမှုအဆင့်အတန်းနဲ့အလွှာကို မဖော်ပြပါဘူး။ အဟောင်းဝယ်သုံးလို့ မတတ်နိုင်၊ဆင်းရဲတယ်လို့ မဆိုနိင်ပါဘူး။ သူရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်ပိုင်စတိုင်လ်တောင် ဖြစ်နိုင်ပါသေးတယ်။
ဆရာတို့ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီးရှိတဲ့ အာရှနိုင်ငံတွေမှာကော ဒီလို ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ရှေးဟောင်းအဆောက်အဦးတွေကို အပြင်လောကခေတ်သစ်နဲ့အညီလှမ်းနေရင်းနဲ့ပဲ တစ်ဘက်က ထိန်းသိမ်းစောင့်ရှောက်နိုင်ရင် သားရွှေအိုးထမ်းတာကို မြင်ရတာမျိုးဖြစ်မှာပါ။
မေတ္တာရှင် ရွှေပြည်သာ