Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 5, 2017

အလိုတော်ရိ ကျော်ဝင်းရဲ့ ဆင်ဝန်ကတော် အကြောင့်ကြ (လှမောင်ဟန်)


အလိုတော်ရိ ကျော်ဝင်းရဲ့ ဆင်ဝန်ကတော် အကြောင့်ကြ
လှမောင်ဟန်

ဂလိုဘယ်ကျော်ဝင်း၊ ကမ္ဘာပြားကျော်ဝင်း ဟုဆိုကာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများကို ကမ္ဘာနှင့် ကိုင်ပေါက်တတ်သော ကိုကျော်ဝင်း။ ဝါဒဖြန့်စာပေတွေကိုသာ ဘာသာပြန်တတ်သော ကိုကျော်ဝင်း။ စာအုပ်တွေထဲမှ ကိုယ်လိုချင်တာလေးတွေကိုသာ ရွေးချယ်မိတ်ဆက်ပေးတတ်သော ကိုကျော်ဝင်း။ နိုင်ငံတကာရှိ တိုးတက်သော ဒီမိုကရေစီအမြင်များကို နအဖစိစစ်ရေးက ဖိနှိပ်ထားချိန်တွင် နအဖစိစစ်ရေး အရိပ်ခိုပြီး မဟုတ်မဟတ် ဝါဒဖြန့်ချိစာများကို တုံ့ပြန်သူမရှိ တဖက်သတ် ရေးခွင့်ရခဲ့သော ကိုကျော်ဝင်း။ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့အတွက် အလံရှူးလုပ် ဘေးတီးပေးခဲ့သော ကိုကျော်ဝင်း။ လေးပါတီ သစ္စာဖောက် သခင်တင်မြနှင့် သုံးပါတီ သစ္စာဖောက် မောင်စူးစမ်းတို့၏ နောက်လိုက် မျိုးဆက်သစ် ကိုကျော်ဝင်း။ သွားလေသူ နေဝင်းမောင် (အောင်ထွဋ်) ၏ ခြေရာကို ထပ်ချပ်မကွာ လိုက်ပါလိုသော လက်ရင်းတပည့် ကိုကျော်ဝင်း။ စစ်မတိုက်ဖူးသော အေဘီဟောင်းတို့နှင့် ဖွဲ့စည်းထားသည့် ပြည်ပနေ ဗဟုတို့၏ ဆရာကြီး ကိုကျော်ဝင်း။ စစ်အာဏာရှင်တို့၏ တပည့်သားမြေး အာဏာရှင်လက်သစ်တို့ကိုပင် နိုင်ငံရေးသင်တန်း ပို့ချခွင့်ရသော စစ်ဂုရုကျော်ဝင်း။ ဘာသာပြန်အမှားများ တွင်တွင်ကျယ်ကျယ် ရိုက်ထုတ်ပေးတတ်သော ကိုကျော်ဝင်း။ အနှီ အင်္ဂလိပ်စာ မတတ်တတတ်၊ မုန့်ပျားသလက် မနပ်တနပ် ကျော်ဝင်းသည်ကား ယခုတလောတွင် တော်တော် ရင်မနေရဆိုပါကလား။

အနှီကျော်ဝင်း၊ ဤကျော်ဝင်းသည် အဘယ်ကြောင့်များ ရင်မနေရပါသနည်း။ မိုးမခစင်မြင့်ပေါ်မှ ကျော်ဝင်း၏ “ဒီမိုကရေစီက နုနု၊ မုန်တိုင်းကထန်ထန်” (ဘေးမှ ရပ်ကြည့် မနေနိုင်တော့သည့် လူတယောက်၏ အထူးစိုးရိမ်သောက) ကို ရှုပါဘိ။

“သမ္မတဂျီးက မလွဲမရှောင်သာ ဗိုလ်ရှုပ်သန်းရွှေ ဇာတ်ညွှန်းမှာ ပါသည့်အတိုင်း ကပြရသူမို့ မျက်နှာပြောင်ပြောင်၊ ခေါင်းပြောင်ပြောင်နှင့် နွေဦးပေါက်ပြီ၊ လေရူးတိုက်ပြီ၊ လက်ပံပွင့်ပြီ ဆိုတာတွေနှင့် ရှေ့ကနေ ရေလာမြောင်းပေး လုပ်ပါသော်ငြား ဘယ်ရေကောင်းရေသန့်ကမှ ထိုမြောင်းပုပ်ကြီးရှိရာ စီးမလာကြလေသောအခါ ကိုကျော်ဝင်း နေမထိ ထိုင်မသာ ဖြစ်လာချေသည်ထင့်။ မြန်မာ့နွေဦးဆိုပြီး လေရူးနှင့် အစချီပါလေတော့သည်။”

ကိုကျော်ဝင်းတယောက် အစိုးရိမ်ကြီးနေသည်မှာ ရိုးရိုးအဆင့်မဟုတ်၊ သေကောင်ပေါင်းလဲအဆင့်၊ အထူးအဆင့်၊ ရှယ်အဆင့်အဖြစ် ဇွန်းတပ်စိုးရိမ်နေသည်ဆိုရကား ကျွန်ုပ်မှာလည်း ဖတ်မကြည့်ဘဲ မနေနိုင်တော့သည့် လူတယောက် ဖြစ်လာရလေသောအခါ …။ လားလား … သူ “မ” နေသည်မှာ ရင်မှ မဟုတ်ပါဘဲကလား။ သူ မ, ပုံ မ, နည်းမှာကား ဆင်ဝန်ကတော် ကြောင့်ကြနည်းမျိုးပါတကား။ သူ့ကြောင့်ကြနည်းမှာ တုံးတွေ၊ တိုင်တွေ လွတ်အောင် မ, ပေးသည့် မ, နည်းမျိုးပါပေ။

စကတည်းက ယဉ်သကိုလို့ ဆိုရမှာကဖြင့် မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် တဲ့။ အလဲ့ ... တယ်ဆိုတဲ့ စာပါတကား။ မြန်မာ့နွေဦး ဆိုပါကလား ဟရို့။ သမ္မတဂျီး၏ အလုံးမှာ ကိုကျော်ဝင်း ပါးစပ်ထဲ ရောက်လာချေပြီတမုံ့။ ဒီကတည်းက သူ ဘာကို မ, တော့မည်ဆိုသည်မှာ တော်တော်လေး ရိပ်မိလောက်ပါပြီ။ သမ္မတဂျီးက မလွဲမရှောင်သာ ဗိုလ်ရှုပ်သန်းရွှေ ဇာတ်ညွှန်းမှာ ပါသည့်အတိုင်း ကပြရသူမို့ မျက်နှာပြောင်ပြောင်၊ ခေါင်းပြောင်ပြောင်နှင့် နွေဦးပေါက်ပြီ၊ လေရူးတိုက်ပြီ၊ လက်ပံပွင့်ပြီ ဆိုတာတွေနှင့် ရှေ့ကနေ ရေလာမြောင်းပေး လုပ်ပါသော်ငြား ဘယ်ရေကောင်းရေသန့်ကမှ ထိုမြောင်းပုပ်ကြီးရှိရာ စီးမလာကြလေသောအခါ ကိုကျော်ဝင်း နေမထိ ထိုင်မသာ ဖြစ်လာချေသည်ထင့်။ မြန်မာ့နွေဦးဆိုပြီး လေရူးနှင့် အစချီပါလေတော့သည်။

အလုပ်သမားတို့၏ တောင်းဆိုမှု၊ လူထု၏ ဖယောင်းတိုင်လှုပ်ရှားမှု၊ ကျောင်းသားလူငယ်တို့၏ ချဉ်ခြင်းတို့အတွက်လည်း သူက စိုးရိမ်မကင်းဖြစ်သေးဆိုပဲ (စိုးရိမ်ပြန်ပြီ)။ စိုးရိမ်တာတင်မကပါဘူး။ စာလည်းစာနာ၊ နားလည်းနားလည်သတဲ့။ ဒီတော့ အလုပ်သမားတွေကို အလုပ်ရှင်က မတရားလုပ်တာကို ကိုကျော်ဝင်း မကြိုက်၊ ဖယောင်းတိုင်လှုပ်ရှားသူတွေကို အစိုးရက ခြိမ်းခြောက်တာ၊ ရိုက်နှက်တာ၊ ဖမ်းဆီးတာတွေကို ကိုကျော်ဝင်း မလိုလား၊ ကျောင်းသားလူငယ်များကို ရန်ကုန်တိုင်းက ခေါ်ယူခြိမ်းခြောက်တာ၊ စာပေစိစစ်ရေးက ခေါ်ကြပ်တာတွေကို ကိုကျော်ဝင်း မနှစ်သက်ဟု ကျွန်ုပ်ထင်လိုက်မိသည်။ မှားလေစွ။ သူစိုးရိမ်သည်ကား ကြံ့ဖွတ်တို့၏ ကြောင်သူတော် ဒီမိုကရေစီအတွက် ဖြစ်နေလေသည်။ သူ ဘုရားတသည်မှာ ကျောင်းသား၊ အလုပ်သမား၊ လူထုဆိုသော စော်ကားနှိပ်စက်ခံရသူတို့အတွက် မဟုတ်၊ စော်ကားနှိပ်စက်သူ သမ္မတဂျီးအတွက် ဖြစ်နေလေသည်။

ထို့နောက် ဆက်ဖတ်လိုက်သောအခါ သူ တက်မတတ်၊ ချက်မတတ် စိုးရိမ်နေသောအရာကို တွေ့ရပါပြီ။ သူ စိုးရိမ်သည်ကား ရခိုင်ပြည်အဓိကရုဏ်း ဖြစ်ရပ်များကိုပါတကား။ ဟုတ်ပေသည်။ ရခိုင်ပြည် အဓိကရုဏ်းပြဿနာများမှာ သူ စိုးရိမ်မည်ဆိုက စိုးရိမ်လောက်သည်။ ကျွန်ုပ်တို့အားလုံးလည်း အလားတူ စိုးရိမ်ပူပန်ကြသည်မဟုတ်ပါလား။ “သာမန် တိုးမိတိုက်မိသည့် ဝိရောဓိလေးများကပင်၊ မပြီးနိုင်၊ မစီးနိုင်၊ ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လာရာ၊ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်” လို့ ဆက်ရေးထားပါသေးသဗျ။ ဒီနေရာမှာတော့ သူနှင့်ကျွန်ုပ် စိုးရိမ်နေသောအချက်မှာ လုံးဝ တထပ်တည်းကျသွားပြီဟု ထင်လိုက်မိပါတော့သည်။ ကျွန်ုပ်လည်း သူ့လိုပင် သာမန်ဝိရောဓိတွေ မပြီးနိုင် မစီးနိုင်ဖြစ်တာတွေ၊ မကြီးကျယ်သင့်ဘဲ ကြီးကျယ်ရတာတွေမှာ ပယောဂတွေ ပါနေပြီဟု ယူဆပါသည်။ ယူဆစရာတွေကိုလည်း တွေ့ခဲ့ရ၊ တွေ့နေရသည်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ငမူး ဂဇော် ဆိုလား၊ အရူးငဇော်ဆိုလား မသိ၊ အော် ... မှတ်မိပြီ၊ မှတ်မိပြီ။ ဇော်ဌေး ဆိုသော ထိုငနဲသည် လူအများ သွေးကြွအောင် ဆူပူအောင် တဖက်သတ်သတင်းများကို ဖဘမှ တမျိုး၊ ရေဒီယိုအင်တာဗျူးမှတဖုံ အမျိုးမျိုး သွေးထိုးလှုံ့ဆော်နေသည်ကို လူအများက ထောက်ပြ ကန့်ကွက်ခဲ့ကြသေး မဟုတ်ပါလား။ သတင်းတွေသာမက ပြောင်ပြောင်တင်းတင်း သွေးထိုးလှုံ့ဆော်သော စာသားများဖြင့်လည်း ဒင်းက မြှောက်ပေးခဲ့သေးသည်။ လူ့အခွင့်အရေးတွေ ဘာတွေ လာပြောမနေနဲ့၊ ဘာမှ ဂရုမစိုက်ဆိုတာပင် ပါလိုက်သေး။ ပြည်တွင်းက ကိုယ်ကျိုးရှာ ဝိကလီးအလဲဗင်း မီဒီယာကလည်း လူမျိုးရေး သွေးထိုးလှုံ့ဆော်သော သတင်းတွေကို တဖက်သတ် တင်ပြခဲ့ပြန်သည်။ သန်းထွဋ်အောင် ဆိုသော ထိုငနဲသားသည် တိုင်းပြည်က သစ်တောတွေကိုလည်း ထွာဆိုင်အရွယ်ရှိ ကျွန်းပင်က အစ၊ ထင်းပင်အထိ မရှောင် စည်းမဲ့ကမ်းမဲ့ ခုတ်ခဲ့ဖူးပြီ။ သွားလေသူ ဗိုလ်ချုပ်တင်ဦးသားမက်နှင့် ပေါင်းပြီး တင်ဦးလက်မှတ်ကိုင်ကာ နိုင်ငံတဝန်းက သစ်တောတွေကို မတော်မတရား၊ မဟားတရား အလုပ်ကြီးလုပ်ခဲ့ဖူးပြီ။ နိုင်ငံတော်ဆောက်လုပ်ရေး ပရောဂျက်တွေကို ကန်ထရိုက်ယူကာ သူ့ညီ နိုင်ထွဋ်အောင်နှင့်အတူ နိုင်ငံတော်ဘဏ္ဍာ အမြောက်အမြားကိုလည်း အလွဲသုံးစား လုပ်ခဲ့ဖူးပြီ။ ဤသို့ဤနှယ် ဘနဖူး၊ သိုက်တူးသော သန်းထွဋ်အောင်က စောင်ရေတက်အောင် လူပြိန်းကြိုက် သည်းခြေကြိုက် သတင်းတွေကို မီဒီယာကျင့်ဝတ် ဘာညာ မကြည့်ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်သည်မှာ သိပ်တော့ မဆန်း။ သို့သော စောင်ရေတက်ရုံသာမက အစီအစဉ်ရှိရှိ လှုံ့ဆော်နေပြီး ထိုသို့ လှုံ့ဆော်ခွင့်လည်း ရနေသည်မှာမူ ရိုးရိုးသားသားတော့ မဖြစ်နိုင်ပြန်။

သမ္မတ ညွှန်ကြားရေးမှူးနှင့် ထိပ်သီးခရိုနီ မီဒီယာတို့ ပူးပေါင်း မြှောက်ပင့်ပေးနေသည့်အပြင် မရိုးသားသော လုပ်နည်းလုပ်ဟန်တွေနှင့် မလုံလောက်သော လုံခြုံရေး အင်အား၊ အမြဲနောက်ကျသော ကာကွယ်ရေး အစီအစဉ်တွေကို ကြည့်ခြင်းအားဖြင့် လူမျိုးရေးအဓိကရုဏ်း နောက်ကွယ်တွင် အစိုးရလက်ရာ ပါဝင်နေသောအချက်မှာ ထင်ရှားလှရကား ကိုကျော်ဝင်းလည်း ကျွန်ုပ်ကဲ့သို့ပင် စိုးရိမ်နေသည်ဟု ထင်မိသည်။

မှားပြန်ပါပြီ။ သူစိုးရိမ်နေသည်မှာကား အမျိုးသားပြဿနာကြီး ဆိုပါလား။ ပြည်ပကျူးကျော်မှုတွေ ရှိနေပြီဆိုပါလား။ နိုင်ငံတကာအကြမ်းဖက်ဝါဒသည် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်ကလေးများသို့ ချိန်ရွယ်ချက် ပြောင်းလဲသွားပြီ ဆိုပါကလား။ ဤသီအိုရီအသစ်မှာကား ကမ္ဘာတွင် ကျော်ဝင်း ပထမဆုံး တီထွင်လိုက်သော အံ့မခန်း တွေ့ရှိချက်ပါတကား။ ကမ္ဘာ့နိုင်ငံရေးပရောဟိတ်ကြီးများ အတုယူလေ့လာဖို့ ကောင်းလိုက်ပါဘိ။ ကျော်ဝင်း ပြောသော အကြောင်းအရာများမှာ သေသေချာချာ ဆန်းစစ်ကြည့်လိုက်သောအခါ သမ္မတရုံး ညွှန်ကြားရေးမှူး ဇော်ဌေးပြောသော စကားများကိုပင် တမျိုးတဖုံ တန်ဆာဆင် ပြောဆိုနေခြင်းသာ ဖြစ်ချေသည်တကား။ နောက်ဆုံးတော့ ကျော်ဝင်းသည် သမ္မတကြီး အလုံးကိုသာ ပါးစပ်ထဲထည့်ရုံဖြင့် မတင်းတိမ်နိုင်ဘဲ ဇော်ဌေးအလုံးကိုပါ သူ့ပါးစပ်ထဲ ထည့်လိုက်သေးတာပါကလား။ အကြမ်းဖက်သမားများက ဘာလုပ်သွား၊ ညာလုပ်သွား ဆိုသော တီဗွီနှင့် ရုပ်မြင်သံကြားသတင်းများကို သံယောင်လိုက်ရုံသာမက ငြိမ်သက်သွားသော လူမျိုးရေးအဓိကရုဏ်းကိုပင် ပြန်မွှေးလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာအကြမ်းဖက်ဝါဒနှင့်ပင် ဆွဲစေ့လိုက်ချေသေးသည်။ ကိုကျော်ဝင်းသည် ငြိမ်လု၊ ငြိမ်းလုဖြစ်နေပြီး ပြာပူလောက်သာကျန်တော့သော လူမျိုးရေးအဓိကရုဏ်းကို နှမြောတသစွာ တဖူးဖူး ကုန်းမှုတ်ပြီး မီးပြန်တောက်လာအောင် ကြိုးစားနေခြင်းသာ ဖြစ်ချေသည်တကား။

ကျော်ဝင်း အပူကြီးပူ၊ အစိုးရိမ်ကြီး စိုးရိမ်နေသောအရာမှာ စင်စစ်တော့ ဆင်ဝန်ကတော် အကြောင့်ကြမျိုးပါပေ။ မြန်မာစကားပုံထဲတွင် “ဆင်ဝန်ကတော် အကြောင့်ကြ၊ တုံးတင်နဲ့မှ လွတ်ပါစ၊ ဆင်ရီးတမမ” ဆိုသော စကားရှိပါသည်။ ဘုရင့်ဆင်ကို ထိန်းကျောင်းရသော ဆင်ဝန်၏ ဇနီး ဆင်ဝန်ကတော်သည် ဘုရင့်ဆင် အနာတရ ဖြစ်ပါက လင်သား ဆင်ဝန် ဒုက္ခရောက်မှာကို အလွန် စိုးရိမ်ပူပန်လှသည်။ ထိုသို့ ပူပန်လှသောကြောင့် ဆင်ရီးနှင့် တုံးတွေ၊ တိုင်တွေ၊ ခလုတ်ကန်သင်းတွေ လွတ်အောင် နောက်ကနေ ဆင်ရီး တမမ လိုက်လုပ်နေသည်ဟု ဆိုပါသည်။ ဂလိုဘယ်ကျော်ဝင်း၏ စိုးရိမ်နည်းကား ထိုသို့သော စိုးရိမ်နည်းမျိုးဖြစ်သည်။ ဗိုလ်ရှုပ်သန်းရွှေ၏ ဆင်ကြီးဖြစ်သော နာဠာဂီရိသိန်းစိန် ဆိုသည့် ဆင်ကြီး၏ ရီးသည် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူ ဟူသော တုံးတွေ တိုင်တွေနှင့် တိုးမိတိုက်မိမှာ စိုးလွန်းသောကြောင့် ဦးသိန်းစိန့်ရီးကို တမမ လုပ်နေသူကား ဆင်ဝန်ကတော် ကျော်ဝင်းပင် ဧကန်စင်စစ် ဖြစ်ချေသည်တကား။

လှမောင်ဟန်
(မောင်မောင်ဟန်ဖေ့စ်ဘွတ်ခ်မှ ...)

No comments:

Post a Comment