Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 4, 2017

ပုဂံ၊ ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး ၏ခေါင်းလောင်းစာ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အထိကျင်းပခဲ့သောကမ္ဘာ့မှတ်တမ်းအမွေအနှစ်အတွက်အပြည်ပြည်ဆိုင်ရာအကြံပေးကော်မတီ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ မှတ်တမ်းအမွေအနှစ်ပေါင်း (၁၃၀)အဆိုပြုတင်သွင်းရာမြန်မာနိုင်ငံမှပုဂံ၊ ရွှေစည်းခုံဘုရားရှိဘုရင့်နောင်မင်းတရားကြီး၏ခေါင်းလောင်းစာအပါအဝင် မှတ်တမ်းအမွေအနှစ် (၇၈) ခုအားကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပါသည်။ပုဂံရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်ရှိဘုရင့်နောင်ခေါင်းလောင်းကြီးကိုမြန်မာသက္ကရာဇ် ၉၁၇ (အေဒီ ၁၅၅၇) ခုနှစ်တွင် ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးကသွန်းလုပ်၍ချိတ်ဆွဲလှူဒါန်းခဲ့ပါသည်။ ခေါင်းလောင်းပေါ်တွင် မွန်၊ မြန်မာ၊ ပါဠိ (၃) ဘာသာဖြင့် ရေးထိုးထားပါသည်။ ခေါင်းလောင်းစာတွင် ဘုရင့်နောင်၏ တိုက်ခိုက်အောင်မြင်ရာအရပ်ဒေသနှင့် ထိုဒေသတို့၌ သာသနာပြုပုံများကိုရက်စွဲများဖြင့် အတိအကျဖော်ပြလျက် မှတ်တမ်းတင်ထားခဲ့ပါသည်။ ဘုရင့်နောင်ခေါင်းလောင်းစာသည် ခိုင်လုံသောခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကိုတိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ ဘုရင့်နောင်မင်းတရား၏ မိဖုရားအမည်များကိုအတိအကျသိရခြင်း၊ မဟာရာဇဝင်ကြီးနှင့် မှန်နန်းရာဇဝင်တော်ကြီးတို့၌ မပြည့်မစုံ၊ မတိမကျ ဖော်ပြထားသည်များကိုပြည့်စုံတိကျအောင်ဖြည့်စွက်နိုင်ခြင်းစသည့်အချက်များနှင့် ပြည့်စုံသောကြောင့်ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်တင်သွင်းခဲ့ရခြင်းဖြစ်ပါသည်။

ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) ဆိုသည်မှာစာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်ဆိုင်ရာစုဆောင်းမှုများဖြစ်သောကျောက်စာ၊ လက်ရေးစာများ၊ တန်ဘိုးမဖြတ်နိုင်သောစာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကားများ၊ ဖလင်များအသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်းအထောက်အထားများစသည်တို့ဖြစ်ပါသည်။ကမ္ဘာ့အမွေအနှစ် (World Heritage) အဆင့်မျိုးမဟုတ်ဘဲမှတ်တမ်းများကိုသာအဓိကထားသတ်မှတ်ခြင်းဖြစ်ပါသည်။
အဆိုပါ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များသည် လူသားအားလုံးနှင့် သက်ဆိုင်သောကြောင့် ယင်းအမွေအနှစ်များကိုပြုပြင်ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန်၊မှတ်တမ်းအမွေအနှစ်များအားသိမြင်အလေးထားမှုမြှင့်တင်ရန်နှင့် အပြန်အလှန်အလေးထားမှုရှိစေရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီအထောက်အပံ့ပေးရေးတို့လိုအပ်ပါသည်။ ၎င်းအချက်များအားဖြည့်ဆည်းနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိနေသောမှတ်တမ်းအမွေအနှစ်များအားကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ်သတ်မှတ်နိုင်ရန်UNESCO Memory of the World (ယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ်) အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များအား ၁၉၉၇ ခုနှစ်မှစ၍ (၂) နှစ် တစ်ကြိမ် ရွေးချယ်သတ်မှတ်ခဲ့ပါသည်။
၁၉၉၂ ခုနှစ်မှ ၂၀၁၇ခုနှစ်အထိကမ္ဘာတစ်ဝှမ်းမှ မှတ်တမ်းအမွေအနှစ်ပေါင်း (၄၂၆) ခုအားကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများဖြစ်သောကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တီမောလက်စတီနိုင်ငံတို့မှ မှတ်တမ်းအမွေအနှစ်များလည်းကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရပြီးဖြစ်ပါသည်။
၂၀၁၁ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သောယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မှတ်တမ်းအမွေအနှစ် (၆) ခုကိုကနဦးစာရင်း (Tentative List) အဖြစ်တင်သွင်းခဲ့ပါသည်။ထို့နောက် ၂၀၁၂ ခုနှစ် မတ်လတွင် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကျောက်စာများအားမြန်မာနိုင်ငံ၏မှတ်တမ်းအမွေအနှစ်အဖြစ်တင်သွင်းခဲ့ရာ ၂၀၁၃ ခုနှစ် ဇွန်လတွင် UNESCO က ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်းကြေငြာခဲ့၍မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဖြစ်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၄ ခုနှစ် မတ်လတွင် မြစေတီ (ရာဇကုမာရ်) ကျောက်စာအားတင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံမှ တင်သွင်းသောမြစေတီ (ရာဇကုမာရ်) ကျောက်စာအပြင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးတွဲတင်သွင်းသောမြန်မာဘုရင် အလောင်းဘုရားကဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကိုလည်းကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရပါသည်။

Source/
MORAC
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

No comments:

Post a Comment