Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 25, 2017

ဆင်းတုတော်ကိုးကွယ်ရခြင်း၏အကြောင်းရင်း


"မှတ်စုတို" စာမျက်နှာက ပို့ စ်တခုမှာပါတဲ့ အမြင်ဘယ်လိုမှ မတင့်တဲ့ မြတ်စွာဘုရားရုပ်တုတော်တွေကို တွေ့ကရာရှစ်သောင်းနည်းတွေနဲ့ ထုလုပ်တဲ့ အကြောင်းကို တည်းဖြတ်ပြီး တင်ပေးလိုက်ပါတယ်။ "ညာတင်ကုတ်" တို့  "ဒက္ခိဏ သာခါ" တို့  "ဆေးဘုရား" တို့  , "အင်းဘုရား" တို့  စသည်ဖြင့်ရဲ့ အကြောင်းကို ဗဟုသုတဖြစ်အောင် ဖြန့် ဖြူးပေးခြင်းပါ။ ... #DYM
----------------------------------
ဆင်းတုတော်ကိုးကွယ်ရခြင်း၏အကြောင်းရင်း
---------------------------------
ဗုဒ္ဓ၀ါဒီတို့သည် လောကီစီးပွားရေး (သို့) စိတ်ပိုင်းဘ၀ရေးရာ
ညှာတာဖေးမှုတို့အတွက် မျှော်လင့်ချက်ဖြင့်
ရုပ်တုဆင်းတုကို ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ဘဲ
၎င်းရုပ်တုဆင်းတုမှသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်း၍ အရိုအသေ အလေးအမြတ် ပြုကြခြင်းသာဖြစ်သည်။
-
ဒက္ခိဏသာခါ ခေါ်ထွင်ရခြင်းအကြောင်းရင်း
••••••••••••••••••••••••••••••••••
“ဒက္ခိဏသာခါပုံ ကိုးကွယ်လျှင် မီးကွင်းသည်” ဟူသော
စကားသည် ဘုရားကို ကိုးကွယ်ရာမရောက်ဘဲ
မီးကင်းစောင့် သဘောမျိုးရောက်နေသည်။
ဒက္ခိဏသာခါ ဆိုသည်မှာ တောင်ဘက်မှအကိုင်း ဟု
အဓိပ္ပါယ်ရသည်။ သီဟိုဠ်တွင် သာသနာပြုနေသော
အရှင်မဟာမဟိန္ဒထေရ်က တူဖြစ်သူ ရဟန္တာလေးကို
အိန္ဒိယသို့သွားပြီး မြတ်စွာဘုရားပွင့်တော်မူရာ
ဗောဓိပင်မှ အကိုင်းကို ပင့်ခိုင်းလိုက်သည်။
ရဟန္တာမထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း
သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်၏ တောင်ဘက်မှ
ှအကိုင်းကို ရွှေကညစ်ဖြင့် ရစ်ပတ် ရေးခြစ်လိုက်ရုံဖြင့်
ဗောဓိကိုင်းသည် အလိုလို ပြတ်ထွက်ကာ
ကောင်းကင်သို့ ပျံတက်ပြီး (၇) ရက်တိတိ
ရေမီးအစုံတန်ခိုး ပြဋိဟာကို ပြတော်မူသည်။
ဤသည်ကား မြတ်စွာဘုရား၏ အဓိဌာန်တန်ခိုး
ကြောင့်လည်း ဖြစ်၏။ (၇) ရက်ပြည့်သောအခါ
အသင့်စီမံထားသော ရွှေဖျဉ်းအိုးထဲသို့
အလိုလိုစိုက်ထားသကဲ့သို့ ကျသွားလေသည်။
ထိုအကိုင်းကို ယူပြီး သီဟိုဠ်မှာစိုက်ထားရာ
ကာလကြာညောင်းသဖြင့် ဗောဓိပင် သေလေရာ
အသားများကို ဘုရားပုံထုရာမှ
ဗောဓိပင်၏ တောင်ဘက်မှ
အကိုင်းကို ထုလုပ်သောပုံ ဖြစ်သောကြောင့်
ဒက္ခိဏသာခါ ဟု ခေါ်ကြောင်း။
ဘုရားပုံထုလုပ်ကိုးကွယ်ခြင်းသည် ကျန်းမာရေးကောင်းရန်။
လူနာစောင့်ထားခြင်းမဟုတ်။
ငွေဝင်စေရန် လာဘ်ခေါ်ခြင်းမဟုတ်။
နောက်တော့ သီဟိုဠ်က မဟာဗောဓိပင်တွေ မြန်မာကို ပင့်လာကြတယ်။ နောက် ဆင်ဖြူရှင် လက်ထက်၊ မိုးညှင်းမင်း လက်ထက်တွေက စလို့ တောင်ဘက်ကိုင်းက ရတဲ့ ဗောဓိပင်က အသားနဲ့ ထုတဲ့ ရုပ်ပွားတော် သီဟိုဠ်လက်ရာတွေ ရောက်လာတယ်။ ဦးခေါင်းတော် ကြီးကြီး၊ လည်မရှိ၊ ဇက်ပုပု၊ ခါးကိုင်းကိုင်း၊ ကြာဖက်ဆောင်းထားပြီး ငါးတွေ ကြာပွင့်တွေ ခံထားတဲ့ ရုပ်ပွားတော် ပုံစံတွေကို
မင်း မှူးမတ်တွေက အစ ကိုးကွယ်ကြရာက
ပိုပြီးတန်ခိုးကြီးအောင် အစီအရင်တွေ လုပ်လာခဲ့ကြတယ်။
ဘာကြောင့် အဲဒီပုံစံ လုပ်ကြသလဲ ဆိုတော့ ကလေးငယ်တွေ ရေကန်ထဲ ရေဆင်းချိုး ကစားရင်း ဘုရားဖြစ်သွားကြတယ် ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး မီးကွင်းအောင် လုပ်တာပါတဲ့။ ဒါ့ကြောင့် ကလေးခေါင်း ကလေးကိုယ်နဲ့ ထုကြရသလို ကြာဖက်ဆောင်း ငါးနှစ်ကောင် ပတ်ထားတဲ့အပေါ် ထိုင်ပြီး ကြာပွင့်ခံထားရခြင်း ဖြစ်ပါသတဲ့။
ဒီလိုလုပ်ရင် အဲဒီဘုရားက မီးကွင်းပါသတဲ့။
ဒါနဲ့ပဲ ဗုဒ္ဓဘာသာ ဆိုတဲ့ မြန်မာတွေဟာ
သင့်၏ မသင့်၏ မစဉ်းစားတော့ဘဲ ကိုယ့်အိမ် မီးကွင်းစေချင်တာနဲ့ပဲ ဘုရားပုံကို အဲဒီလို မတင့်တယ် မသပ္ပါယ်တဲ့ပုံစံ လုပ်ပြီး ကိုးကွယ်လာကြတယ်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။
ဒီထက် ပိုပြီး အသုံးချချင်လာကြတယ်။
ဒီတော့ ဆေးဘုရား၊ အင်းဘုရား၊ ဓာတ်ဘုရား၊ လောကီ အစီအရင်ဘုရားတွေ လုပ်ပြီး မသင့်မတင့်တွေ ကြံကြတော့တယ်။
-
"ညာတင်ကုပ်"
••••••••••
ဒက္ခိဏသာခါ ဘုရားမှာတင် "ညာတင်ကုပ်" ဆိုတာ ရှိသေးတယ်။ သင်္ကန်းတော်ကို ပုံမှန် ဘယ်ဘက်ပခုံးမှာ မတင်ဘဲ ညာဘက်မှာ တင်တယ်ပေါ့။ ပိုစွမ်းတယ်ပေါ့လေ။ အလေးချိန် အတိအကျနဲ့ ပေါက်ကရ လုပ်ကြတယ်။ အရည်ကြိုလိုက် ပြန်လောင်းလိုက်၊ အလေးချိန် မလျော့မှ ညာတင်ကုပ် အစစ် တဲ့။ မူလ ၁၀ သား ရှိရင် အရည်ကြိုပြီး တစ်ကျပ်သား ခွဲထားလည်း အလိုလို ၁၀ သား ပြန်ပြန်ပြည့်သတဲ့။ အရည်ကြိုထားရင် သူ့ဘာသာ ဒက္ခိဏသာခါပုံ ပြန်ဖြစ်သတဲ့။ အရည် ခွဲထားရင်လည်း အဲဒီပုံ ရုပ်ပွားလေးတွေပဲ ဖြစ်လာတယ် ဆိုပဲ။
ဖြစ်နိုင် မဖြစ်နိုင်၊ အဓိပ္ပါယ် ရှိ မရှိ တော့ မစဉ်းစားကြဘူး။
"ဆေးဘုရား" ဆိုပြီး ဟိုဟာတွေ ကြိတ် ဒီဟာတွေရော ပေါင်းပြီး ထုကြပြန်တယ်။ ပြီး သူတို့ပဲ ဘုရားကို သွေးသောက်လိုသောက်၊ ဖဲ့စားလိုစား၊ သွေးလိမ်းလိုလိမ်း၊
ဝေဒနာရှိရာ ဘုရားရုပ်နဲ့ ထိုးလား ထိုးရဲ့။ မလုပ်သင့်တာအကုန် ဝေဒနာပျောက်လိုဇောနဲ့ လုပ်ကုန်ကြတယ်။
"အင်း ဘုရား" ဆိုတာကကျ ပုံဆွဲ ပြာချ၊ ရေနဲ့ သောက်တာ ရှိတယ်။ အင်းတွေ လျှောက်ရေး စီရင်ပြီး ဘုရားကို အပေါက်ဖောက် ထည့်ထားတာ ရှိတယ်။ သူတို့ ထင်ရာ လုပ်ကြတာပါပဲ။ အဓိက က သူတို့ သိဒ္ဓိပြီးဖို့၊ တန်ခိုးတက်ဖို့၊ လာဘ်လာဘ ပွားများဖို့ပါပဲ။
ဒက္ခိဏသာခါ လုပ်နည်း ဆိုတာတောင် ရှိသေးတယ်။
တောင်ဘက်ကိုင်းက ရသမျှ၊ သီရိလင်္ကာက ဗောဓိပင်ပွားတွေကို ထုသမျှ ဒက္ခိဏသာခါ လို့ မသတ်မှတ်တော့ဘဲ ကြာဖက်ဆောင်းမှ၊ ငါးရုပ် ကြာပွင့် ခံမှ၊ ဂုပ်တိုတိုနဲ့ မှို့ကိုးချက် နှက်မှ ဒက္ခိဏသာခါ လို့ ဆိုလာကြတယ်။ ဘယ်လောက် ကြောက်စရာကောင်းလဲဆို ဘုရားကို နဖူးတော်မှာ တစ်ချက်၊ ပခုံးတွေမှာ နှစ်ချက်စီ၊ လက်တွေ ဒူးတွေမှာ နှစ်ချက်စီအပြင် တင်ပါးနှစ်ဖက်တောင် နှစ်ချက်စီ စို့နဲ့ နှက်၊ သံမှိုနဲ့ စွဲလိုက်ကြသေးတယ်။ တချို့က စို့နဲ့ အပေါက်ဖောက်ပြီး ဓာတ်လုံးထည့် ပြန်ပိတ်တာပါ။
ဒီလို မလုပ်ကောင်းတာတွေ လုပ်ပြီး ကိုယ်ကျိုးအတွက် ကိုးကွယ် ဆောင်ထားကြတယ်။ တချို့က အဲဒါတွေကို ဘုရား သပ်သပ် မှတ်နေသေးတယ်။ တချို့က မီးကွင်းဖို့၊ တချို့က အစီအရင် ယတြာ တစ်ခုခုအတွက်၊ အဲဒီလို ကိုးကွယ် ပူဇော်ကြတာ များပါတယ်။ ဈေးတွေကလည်း အမျိုးမျိုး ခေါ်တယ်။ ရွှေနဲ့လုပ်တာ သိန်း ၃၀၀၊ ညာတင်ကုပ် ဘာညာ သိန်း တစ်သောင်းလောက်အထိ ရှိတယ်။ စစ် မစစ် စမ်းသပ်နည်းတွေလည်း ရက်စက်တယ်။ ဘုရားလို့ကို မထင်တော့တာ။ သူတို့အမြင်မှာ ဒက္ခိဏသာခါ ဆိုတာ ပီယဆေး၊ သဒ္ဓိပြီးတဲ့ အစွမ်းထက်အဆောင်တစ်ခုထက် မပိုဘူး။
မသင့်တာတွေကတော့ အများကြီးပါ။
မဟာမြတ်မုနိလို မင်းဝတ်တန်ဆာနဲ့ ဘုရားတွေ၊ ရွှေမျက်မှန်ဘုရား လို ကိုယ့်ရောဂါပျောက်ချင်တာနဲ့ ဘုရားကို လျှောက်တပ်ကြတဲ့ ရုပ်ပွားတွေ၊ ဆင်ခံမြင်းခံ လို ဘုရားလိုလို နတ်လိုလို ရှေးဟောင်းပုံစံ ဆင်းတုတွေ၊ ဒက္ခိဏသာခါ လို ကလေးလိုလို ဘုရားပုံ မပီတဲ့ ဘုရားတွေ၊ ဒါတွေကို မြန်မာ ဗုဒ္ဓဘာသာဝင်တွေကပဲ ထုလုပ်ကိုးကွယ်နေကြတယ်။
ဘယ်ဘာသာကမှ လာပြီး သပ်လျှို မှားယွင်းစေတာ မဟုတ်သေးဘူး။ ဘုရားသားတော်တွေကပဲ သာသနာကို ပျက်စေနိုင်မယ် လို့ လုပ်နေကြပေမယ့် သာသနာပျက်ကြောင်းကို သူတို့ကိုယ်တိုင်ကလည်း ဝိုင်းလုပ်နေကြတယ် ဆိုတာ သူတို့ဘာသာတော့ မသိကြဘူး။ သူတို့ထက်ပိုပြီး သာသနာကို စောင့်ရှောက်နိုင်တဲ့ ရဟန်းတွေကို သူတို့ကပဲ အပြစ်ဖို့နေသေးတော့။ ပြောနေတဲ့သူတွေအိမ် သွားကြည့်လိုက် အပေါ်က ပြောခဲ့တာတွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိတယ်။ အဲဒီလို မလုပ်ကောင်းတဲ့ အထဲမှာ ဒက္ခိဏသာခါ ရုပ်ပွားတော်တွေလည်း ထိပ်ဆုံးက ပါပါတယ်။
-
ဆင်းတုတော်ထုလုပ်ရန်တွင် ရှောင်ကြဉ်ရန်အချက်များ
----------------------------------
(၃၁) ဘုံတွင် အသပ္ပါယ်ဆုံးဖြစ်သော မြတ်စွာဘုရားပုံကို
ကြည်ညိုဖွယ်ရာ ထု၍သာ ကိုးကွယ်သင့်သည်။
ဂုတ်တိုခြင်း၊ ကြာပန်းက ခေါင်းကို အုပ်ထားခြင်း၊
မှိုကိုးချက်နှက်ခြင်းများသည် သာသနာဂိုဏ်သားများ၏
ကိုယ်အလိုပြည့်လျှင် ပြီးရော ဘုရားရှင်မှာတော့
ဘာပုံပေါ်ပေါ်ဟူသော လာဘဂရုက လာဘ်လာဘကို
အလေးပြုသော စီမံချက်။
ထို့အတူ ဆင်ခံဘုရား၊ မြင်းခံဘုရား၊ ဥဒေါင်းခံဘုရား
စသောအားဖြင့် တိရစ္ဆာန်မျိုးစုံတို့ကို မြတ်စွာဘုရားက
စီးတော်မှုဟန် ရုပ်ထုများကို ထုလုပ်ကိုးကွယ်လျှင်
စီးပွားတက်သည် ဟု ဆိုပြန်၏။
ဘုရားရှင်သည် မည့်သည့်တိရစ္ဆာန်ကို စီး၍
မည့်သည့်အရပ်သို့ သွားသည်ဟူ၍
တစ်နေရာမှ မပါခဲ့
(ကိုး ။။ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်)။
ဗုဒ္ဓကိုယ်တိုင် မည်သည့် တိရစ္ဆာန်မှ မစီးသလို
သားတော်ရဟန်းများကိုလည်း မကျန်းမာသော အကြောင်း မရှိလျှင်
တိရစ္ဆာန် တပ်သော ကသော ယာဉ်များကို မစီးရ။
စီးလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်ထားပါသည်။
တိရစ္ဆာန်ပုံစီးသော ပုံများကို ထုလုပ်ကိုးကွယ်ခြင်းသည်
သတ္တ၀ါတို့အပေါ်ထားသော ဗုဒ္ဓမဟာကရုဏာတော်ကို
ထိခိုက်စေသည်။
မြတ်စွာဘုရားကိုယ်တော်တိုင် ရွှေ ငွေ ရတနာကို
မသုံးဆောင် မဆင်မြန်းသလို၊ ရဟန်းတော်များကိုလည်း
မကိုင်ဆောင် မသုံးစွဲရန် ပညတ်တော်မူခဲ့သည်။
ထိုသို့သော လက်စွပ်များ ဆွဲကြိုးညွတ်နေအောင်
ဆင်ထားသော ရုပ်ပွားတော်များသည် ဗုဒ္ဓအလိုကျမဟုတ်။
ဘုရား ပုထိုး စေတီမှန်သမျှလိုလိုပင် ဂြိုဟ်ရုပ်နှင့်
ဂြိုဟ်ရုပ်စီး နတ်ရုပ်တို့မှာ မပါလျှင်
မပြီးသလောက်ဖြစ်နေပါသည်။
၎င်းကျင့်ထုံးသည် ထေရ၀ါဒဗုဒ္ဓဘာသာအယူဝါဒနှင့်
ကိုက်ညီပါသလော။ ဘယ်အယူဝါဒမှတဆင့် ထေရ၀ါဒ
ဗုဒ္ဓဘာသာသို့ ကူးစက်လာခဲ့ခြင်း ဖြစ်သနည်း။
ဟိန္ဒူဝါဒ၊ မဟာယန၀ါဒ၊ တန္တရယာန၀ါဒ၊ မန္တရ၀ါဒ မှလား။
━━━━━━━━━━━━━━━━━━━━
Ye Myint
အညွှန်း ။......။
မြန်မာတို့၏အသက်၊
မျက်ရည်မကျခင် သိစေချင်စာအုပ်၊
ဦးသက်စိန်- မြတ်ဗုဒ္ဓသာသနာ့ အခြေခံစာအုပ်၊
အရှင်ကေလာသ- မြတ်ဗုဒ္ဓ ဓမ္မအနှစ်ချုပ်။