Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 12, 2017

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်းစာ၏ ရေးသားချက်


မာလာလာအနေနှင့် ငြိမ်းချမ်းရေး၏ စစ်မှန်သော အနှစ်သာရကို နားမလည်ဟု သူမ ထင်မြင်ယူဆသူများအပေါ် ငြိမ်းချမ်းရေး ဆရာမကြီးသဖွယ် ဟန်ထုတ်ပြနေခြင်းထက် သူမ မသိသေးသော အရာများစွာကို ပိုမိုသင်ယူရန် လိုအပ်နေပါသည်။ သူမသည် ၂၀၁၂ ခုနှစ်က မွတ်ဆလင် အစွန်းရောက်များ၏ သတ်ဖြတ်မှုကို ကိုယ်တိုင်ခံခဲ့ရသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်ရာ သူမ ပထမဦးစွာ ပစ်မှတ်ထားရမည့်သူများမှာ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားသာ ဖြစ်သည်….

ယခုဆောင်းပါးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်းစာ၏ ရေးသားချက်ကို ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်သည်။ (အယ်ဒီတာ)

NLM ဘာသာပြန်သည်…

ပါကစ္စတန်ဖွား ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာလာလာ ယူဆပ်ဖ်ဇိုင်က မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကန့်ကွက် ရပ်တည်လိုက်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဟု သူတို့ကိုယ် သူတို့ အမည်တပ်ထားသည့် ဘင်္ဂါလီ မွတ်ဆလင်များအပေါ် မြန်မာခေါင်းဆောင်၏ ပြုမူနေပုံကို ပြစ်တင်ရှုတ်ချခဲ့သည်…

မာလာလာသည် သူမ ရရှိထားသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို အကြောင်းပြုကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လှုံ့ဆော်မှုနှင့် ဝေဖန်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ မာလာလာသည် ငြိမ်းချမ်းရေး အမှန်တရားကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးကဲ့သို့ သူ့ကိုယ်သူ မှတ်ယူကာ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်….

ယခုသီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို မာလာလာက Twitter တွင် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ “ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ရိုဟင်ဂျာတွေအပေါ်ကို ရက်စက်တဲ့၊ ရှက်စရာကောင်းတဲ့ အပြုအမူတွေ ပြုလုပ်မှုကို ကျွန်မ အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကကော ဒီလိုပဲ အလားတူ လုပ်နေသလား ဆိုတာကို ကျွန်မ စောင့်ကြည့်နေတုန်းပါပဲ။ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေကြတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေကလည်း စောင့်ကြည့်နေကြတယ်” ဟု သူမက Twitter တွင် ပြောဆိုခဲ့သည်…

အပျံသင်ခါစ မာလာလာ အနေနှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အသိုင်းအဝိုင်းထဲမှ ဝါရင့်သမ္ဘာရင့် ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်မီ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ၏ အခြေခံ အကြောင်းအချက်များကို နှံ့စပ်အောင် ဦးစွာ ကြိုးစားသင့်သည်…

ယခုကိစ္စတွင် မွတ်ဆလင် စစ်သွေးကြွများက မြန်မာအစိုးရ လုံခြုံရေးတပ်များကို အကြမ်းဖက် တိုက်ခိုက်ခြင်းဖြင့် ပြဿနာကို အစဆွဲထုတ်ခဲ့ကြပြီး လုံခြုံရေးတပ်များက လက်တုံ့ပြန် အရေးယူမှုများ ပြုလုပ်ရန် ဖိအားကျရောက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်ဆလင်များအကြားမှ လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများသည် ယခင်ကာလ များစွာကတည်းက တအုံနွေးနွေး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မာလာလာအနေနှင့် သူမ၏ဇာတိ ပါကစ္စတန်နိုင်ငံမှ ပြဿနာများစွာကဲ့သို့ပင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ပြဿနာသည် အချိန်တိုအတွင်း အကျိုးသင့်အကြောင်းသင့် ဖြေရှင်း၍ မရနိုင်သော ရှုပ်ထွေးသည့် ကိစ္စတစ်ခု ဖြစ်သည်ကို သိမြင်နားလည်ပုံ မရပေ…

အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာလာလာသည် တာလီဘန်များကို အကြောက်အရွံ့မရှိ တုံ့ပြန်တိုက်ခိုက်ခဲ့မှုကြောင့် နိုဘယ်လ်ဆုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ သူမကိုယ်တိုင်သည် အကြမ်းဖက်ဝါဒ၏ သားကောင်ဖြစ်ခဲ့ပြီး မွတ်ဆလင် စစ်သွေးကြွများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ကိုယ်တိုင်ခံစားချက်များ၊ အတွေးအခေါ်များ ရှိသည်ဟု ဆိုနိုင်သည်…

IS အဖွဲ့ကဲ့သို့သော မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်အုပ်စုများသည် ကမ္ဘာအနှံ့ရှိ အကြမ်းဖက်တိုက်ခိုက်မှု များစွာအတွက် တာဝန်ရှိသော လက်သည်တရားခံများ ဖြစ်ကြပြီး တစ်ကမ္ဘာလုံး၏ ဘုံရန်သူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စီမံချက်များတွင် အာရှဒေသ ဖွံ့ဖြိုးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ကိစ္စများကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ အကြမ်းဖက်သမားများကို ဖယ်ရှားရှင်းလင်းပစ်ရမည် ဖြစ်ပြီး ပထဝီ မဟာဗျူဟာမြောက် အရေးပါသော ဒေသတစ်ခု ဖြစ်သည့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အုပ်စုများ အမြစ်တွယ် ဖွံ့ဖြိုးမည့် ရေခံမြေခံ ဖြစ်မလာနိုင်အောင် တားဆီးရမည် ဖြစ်သည်။

မာလာလာသည် အကြမ်းဖက်သမားများအား မြန်မာနိုင်ငံက တိုက်ခိုက်နေခြင်း၏ အရေးပါမှု အဓိပ္ပာယ်နှင့် ပတ်သက်၍ သိမြင်နားလည်နိုင်စွမ်း မရှိပေ။ မာလာလာအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူမ၏ ဝေဖန်မှုသည် မသင့်လျော်ကြောင်းကို သိမြင်ရန်နှင့် မြန်မာနိုင်ငံမှ အခြေအနေအရပ်ရပ်တို့ကို ပိုမို နားလည်နိုင်အောင် လေ့လာသင်ယူရန် လိုအပ်နေသည်။

မကြာသေးမီကပင် မာလာလာသည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လျူရှောင်ဘို သေဆုံးပြီးနောက် ထိုကိစ္စတွင် ပြုမူကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်တိုက်ခိုက်ခြင်းကို အနောက်အုပ်စု မီဒီယာများ၏ စည်းရုံးမှုဖြင့် လုပ်ဆောင်ခဲ့သည်။ လျူရှောင်ဘိုသည် နိုင်ငံတော်အစိုးရကို ဖြုတ်ချရန် လှုံ့ဆော်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း မာလာလာသည် ရိုဟင်ဂျာ ပြဿနာတွင် အနောက်အုပ်စု၏ နယ်ရုပ်အဖြစ် အသုံးချခြင်းကို ခံနေပြန်ပြီ ဖြစ်သည်။

မာလာလာအနေနှင့် ငြိမ်းချမ်းရေး၏ စစ်မှန်သော အနှစ်သာရကို နားမလည်ဟု သူမ ထင်မြင်ယူဆသူများအပေါ် ငြိမ်းချမ်းရေး ဆရာမကြီးသဖွယ် ဟန်ထုတ်ပြနေခြင်းထက် သူမ မသိသေးသော အရာများစွာကို ပိုမိုသင်ယူရန် လိုအပ်နေပါသည်။ သူမသည် ၂၀၁၂ ခုနှစ်က မွတ်ဆလင် အစွန်းရောက်များ၏ သတ်ဖြတ်မှုကို ကိုယ်တိုင်ခံခဲ့ရသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်ရာ သူမ ပထမဦးစွာ ပစ်မှတ်ထားရမည့်သူများမှာ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားသာ ဖြစ်သည်။
Credit: http://www.apannpyay.com/?p=2558

No comments:

Post a Comment