Latest News

Tuesday, July 25, 2017

၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)


၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

Aug 27,1998 (ကြာသပတေးနေ့)။ ။ မနက်ဖြန်ကျရင် ကျွန်တော်တို့ တစ်နှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျွန်တော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယနှစ် နဲ့ တတိယနှစ် တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ်) နဲ့ ဒုတိယအသုတ် (ပဉ္စမနှစ် နဲ့ စတုတ္ထနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တစ်သုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲစစ်ခဲ့ တာပေါ့။ ကျွန်တော့်ဆီကိုတော့ ကျောင်းပြန်ဖွင့် မယ့်အကြောင်း အသိပေးတဲ့စာက လွန်ခဲ့တဲ့ တစ်လလောက်က ရောက်လာပါတယ်။ ဒါနဲ့ပဲ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး ကျူရှင်တွေတော့ ပြန်တက်နေကြ ပါပြီ။ ဒီတစ်ခါ စာမေးပွဲ စစ်ပြီးရင် ကော ကျောင်းဘယ်လောက်ကြာကြာ ထပ်ပိတ်ဦးမလဲ။ နောက်တစ်ခါ ပြန်ဖွင့်ရင်ကော ကျွန်တော်တို့ မူရင်းကျောင်းတော်ကြီးမှာ တက်ခွင့်မှ ရပါတော့မလား။ ကျောင်းတွေ ပိတ်ထားတဲ့ ၁၉၉၇ ခုနှစ်ထဲက ကြားနေရတဲ့ ကျောင်းကို လှိုင်သာယာ ရွှေ့တော့မယ်ဆိုတာ တကယ်လား.... ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် ဘယ်လိုမှ မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့ ထွေးလုံးရစ်ပတ် နေမိပါတယ်။ တကယ်လို့ ကျောင်းကိုများ ရွှေ့တော့မယ်ဆိုရင် မနက်ဖြန်ကစပြီး လာမယ့်ခုနစ်ရက်ဟာ ကျွန်တော်တို့ ကိုယ့်မိခင် ကျောင်းတော်ကြီးမှာ နောက်ဆုံးတက် ရတဲ့ နေ့တွေ ဖြစ်လာတော့မှာပါ။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC2)၊ ဗိုလ်တထောင်နယ်မြေ(RC1) နဲ့ ကြည့်မြင်တိုင်နယ်မြေ(RC3) က ကျောင်းသူကျောင်းသား တွေဆို ဒီအခွင့်အရေးတောင် မရကြရှာ ပါဘူး။ အခြေခံပညာ အထက်တန်းကျောင်း တွေမှာပဲ သက်ဆိုင်ရာစာမေးပွဲ တွေ သွားဖြေခဲ့ရပါတယ်။ သူတို့ကိုကျတော့ အဝေးသင် နဲ့ သန်လျင် ဘက်ကို ရွှေ့မယ်ဆိုလားပဲ။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော် တစ်နေ့လုံး ယောက်ယက်ခတ် နေမိပါတယ်။ ဒီတစ်ခါတော့ နအဖ အစိုးရ ဟာ သတိကြီးကြီး ထားပြီး အစစအရာရာ ပြင်ဆင်ထားပုံ ရတယ် ဆိုတာကိုလည်း ကျွန်တော်သတိထား လိုက်မိတယ်။ ခုနစ်ရက်ကလေး ကျောင်းပြန်ဖွင့် တာတောင် ကျွန်တော်တို့ ခြောက်တန်းစလုံး တပြိုင် နက် မဖွင့်ရဲဘဲ သုံးသုတ် ခွဲဖွင့်တဲ့ အချက်က ဒါကို ပြနေပါတယ်။ ပထမအသုတ် နဲ့ ဒုတိယ အသုတ်ကတော့ ချောချောမောမောပဲ ဘာမှမဖြစ်ဘဲ စာမေးပွဲ စစ်ပြီးသွားပါပြီ။ ကျွန်တော်တို့ နောက်ဆုံး အသုတ်ကကော….။ လွန်ခဲ့တဲ့ နှစ်ရက် (Aug 25 လို့ ထင်ပါတယ်) လောက်ကတော့ ကျွန်တော်တို့ နီးစပ်ရာ ကျောင်းသားတွေစုပြီး လှည်းတန်းလမ်းဆုံမှာ ထိုင်သပိတ်သဘောမျိုး ဆင်နွှဲ ခဲ့ကြပါတယ်။ ချိန်းတဲ့ အချိန် လွဲသွားလို့ ကျွန်တော် ရောက်တဲ့အချိန်မှာတော့ ဘယ်သူနဲ့မှ မတွေ့လိုက်ရပါဘူး။ မနက်ဖြန် အတွက် စာအုပ်သုံးလေးအုပ် ကို လွယ်အိတ်ထဲထည့်ရင်း ကျွန်တော် တသီတတန်းကြီး တွေးနေမိတယ် ။ နောက်ဆုံးအသုတ်….နောက်ဆုံး အခွင့်အရေး…..ကျောင်းရောက်မှ မီးစင်ကြည့်က တော့မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော် စောစော အိပ်ရာဝင်လိုက်ပါတယ်။ အိပ်မပျော်ပါဘူး။

Aug 28,1998 (သောကြာနေ့)။ ။ ကျွန်တော် ကျောင်းကိုရောက်တော့ မနက် ကိုးနာရီ ထိုးပါတော့မယ် ။ တစ်နှစ် နဲ့ ရှစ်လကျော်ကျော် လောက် ကွဲကွာနေပြီး ခုမှ ပြန်ဆုံကြတာမို့ ကျွန်တော်တို့ ကျောင်းသူ ကျောင်းသားချင်းတော့ နည်းနည်း စိမ်းနေကြပါတယ်။ နောက်တစ်ခုကလည်း အခုဖွင့်တဲ့ အသုတ်က ပထမနှစ်၊ ဒုတိယနှစ် နဲ့ တတိယနှစ် ဆိုတော့ အတန်းကြီးတွေလို အသိအကျွမ်း မများကြသေးပါဘူး။ ပထမနှစ် ကျောင်းသားတွေဆို စုစုပေါင်း ကျောင်းတက်ရက်မှ ၁၉၉၆ တုန်းက သုံးလလောက်ပဲ ရှိခဲ့တာပါ။ သူ့ နီးစပ်ရာ အစုကလေးတွေ အလိုက်ပဲ သွားလာနေကြတာကို ကျွန်တော်တွေ့နေရတယ်။ အချိန်ဇယား တောင် ကျွန်တော် မကြည့်နိုင်သေးဘဲ ကင်တင်းဘက်ကို အရင်ဆင်းသွားလိုက်တယ်။ ၉၆ တုန်းက သူငယ်ချင်းတွေကို တွေ့မလားဆိုတဲ့ အတွေးနဲ့ပါ။ ဘယ်သူနဲ့မှ မတွေ့တာနဲ့ အပေါ်ပြန်တက် လာပြီး စာသင်ခန်းဘက်ကို လာလိုက်ပါတယ်။ အတန်းထဲမှာတော့ လူတော်တော် စုံနေပါပြီ။ နယ်က အဆောင် နေကျောင်းသား တချို့နဲ့တွေ့မှပဲ ကျွန်တော်လည်း အခြေအနေကို တီးခေါက်ကြည့်ရပါတယ်။ စတွေ့တွေ့ ချင်းဆိုတော့ ဘယ်သူကမှ ဘာမှ မပြောနိုင်သေးပေမယ့် နေ့လယ်ထမင်းစားချိန် တွေ့ကြဖို့တော့ ချိန်း လိုက်ကြတယ်။ ကျွန်တော်လည်း တခြားအတန်းတွေကို စနည်းနာဖို့ စာသင်ချိန် မပြီးခင်ဘဲ အတန်းထဲက ပြန်ထွက်လာလိုက်တယ်။ ကင်တင်းဘက် ပြန်သွားရင် ကောင်းမလား… ရှေ့အောက်ချိုင့်ထဲက Mechanical ဆောင်တွေ ဘက်ကိုငေးရင်း ကျွန်တော် စဉ်းစားနေတုန်းမှာပဲ ကျွန်တော့်နာမည် ခေါ်သံကြားလို့ ကျွန်တော် လှည့်ကြည့်လိုက်တယ်။ ကျွန်တော်တို့ ဒုတိယနှစ် Architecture က သူငယ်ချင်း တစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရတယ်။ ၁၉၉၆ ကတည်းက ကျွန်တော်တို့ သိကျွမ်းခဲ့တာပါ။ ကျွန်တော်တို့ နှစ်ယောက် ကင်တင်းဘက်ကို ပြန်ဆင်းလာပြီး Mini Hi မှာ ဝင်ထိုင်လိုက်ကြတယ်။ ကျွန်တော်တို့ စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ သူက ကျွန်တော့်ကို ကျွန်တော်တို့ တခုခုလုပ်ရင် ကောင်းမယ် ဆိုတဲ့အကြောင်း စကားစတယ်။ ဒါနဲ့ ကျွန်တော် လည်း သူ့မှာ ဘာအစီအစဉ် ရှိလဲ လို့ သူ့ကို မေးလိုက်တော့ သူက ခဏစဉ်းစားပြီး အခုလောလောဆယ် ရေတိုအနေနဲ့ အခုလုပ်နေတဲ့ ခုနစ်ရက်ပညာရေးကို ကန့်ကွက်ဖို့ သူ စိတ်ကူးရတဲ့ အကြောင်း ကျွန်တော့် ကို ပြောပါတယ်။ ကျွန်တော်တို့ ဆက်ပြောနေတုန်းပဲ ခုနက ကျွန်တော် နဲ့ ချိန်းထားတဲ့ နယ်ကျောင်းသား တွေ ကင်တင်းဆင်းလာတာ တွေ့လို့ ကျွန်တော် လှမ်းခေါ်လိုက်တယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ တိုင်ပင်ပြီး ရှေ့ဆက်လုပ်ဖို့ အစီအစဉ် တွေကို အကြမ်းဖျင်း ချမှတ်လိုက်ကြတယ်။ ကျွန်တော်တို့မှာ စုစုပေါင်းမှ အချိန် ခုနစ်ရက်ပဲ ရတယ်။ ဒီခုနစ်ရက်မှာ လုပ်စရာရှိတာကို မြန်မြန် လုပ်ကြမှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အစီအစဉ်ကတော့ လက်ရှိစာသင်နေတဲ့ တန်းခွဲတွေ ဆီကနေပြီး ခုနစ်ရက် ပညာရေးကို ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းကို လက်မှတ်တွေလိုက်ပြီး ကောက်ခံရမယ်။ တန်းခွဲတစ်ခုကို လူနှစ်ယောက် တာဝန်ယူရမယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ကျွန်တော့်တန်းခွဲဖြစ်တဲ့ ဒုတိယနှစ် Section B အတွက် တာဝန်ယူလိုက်ပါတယ်။ လက်မှတ်စုထိုးကြမယ့် စာရဲ့ခေါင်းစဉ်ကိုတော့ ကျွန်တော်တို့ အမျိုးမျိုး စဉ်းစား ပြီး နောက်ဆုံး “ခုနစ်ရက် ပညာရေး ကို ကန့်ကွက်၍ စာသင်ချိန် တိုးမြှင့်ပေးရန် ပန်ကြားခြင်း“ ဆိုတာကို ပဲ အတည်ပြုလိုက်တယ်။ အစပိုင်းတုန်းက ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေ သုံးဖို့ စိတ်ကူးမိပေမယ့် ကျွန်တော်တို့ ကျောင်းသားထုကြား ညီညွတ်ရေးကို ဘာမှ မတည်ဆောက်ရသေးတာမို့ စကားလုံးတွေ ကို ဖျော့ပေးလိုက်တာပါ။ တချို့ကျောင်းသားကျောင်းသူတွေ လက်မှတ်ထိုးဖို့ လက်တွန့်သွားမှာ စိုးတာလဲ ပါတာပေါ့။ အားလုံးတိုင်ပင်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော်က သူငယ်ချင်းကို စည်းရုံးရေး ကိစ္စ အတွက်မေးရတယ်။ တကယ်က ကျွန်တော်က ဒီဘာသာရပ်မှာ ကျွမ်းကျင်သူ မဟုတ်လှပါဘူး။ သူ နဲ့ ကျွန်တော်နဲ့ အသေးစိတ် ထပ်ဆွေးနွေးပြီး လောလောဆယ်အနေနဲ့တော့ အလျားလိုက်စည်းရုံးရေး ကိုပဲ ဦးစားပေးလုပ်ဖို့ သဘောတူဆုံးဖြတ်လိုက်တယ်။ ကျယ်ပြန့်ရေးပေါ့ ။ ဒေါင်လိုက်(မြှင့်တင်ရေး) စည်းရုံးရေး ကိုတော့ နောက်မှပဲ လုပ်ရပါတော့မယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အချိန်မရပါဘူး။ ကျွန်တော်တို့ အားလုံး လူစုခွဲတော့ ညနေ သုံးနာရီ ထိုးပါတော့မယ်။ တန်းခွဲတွေက လေးနာရီမှာမှ ပြီးမှာ ဖြစ်ပေမယ့် ကျွန်တော် အိမ်ပြန်ပြီး လိုတာလေးတွေ ပြင်ဖို့ အတွေးနဲ့ ပစ္စည်းမဲ့ ဂိတ်ကလေးဆီ ဦးတည် လိုက်တယ်။ အတန်းမတက်ဖြစ်လိုက်လို့ လွတ်သွားတဲ့ စာတွေကိုတော့ သူငယ်ချင်းတွေဆီကပဲ ဖိုတို ပြန်ဆွဲ လိုက်တော့မယ်။ ဒီလိုတွေးရင်း ကျောင်းဝင်းကအထွက်မှာပဲ ဒီနေ့ဟာ သြဂုတ်လ ၂၈ ရက်နေ့ ဆိုတာ ကျွန်တော် ဖျတ်ခနဲ သတိရလိုက်တယ်။ ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းတာ ဆယ်နှစ်မြောက်တဲ့နေ့ပါ။ ကျွန်တော့်ရင်တွေ ခုန်နေတယ်….၁၉၉၆ က သွေးတွေနဲ့…..။

Aug 29,1998 (စနေနေ့) ။ ။ ဒီနေ့မနက်တော့ ရှစ်နာရီ လောက်ကတည်းက ကျွန်တော်ကျောင်း ရောက်ပါတယ်။ ကင်တင်းမှာပဲ ကျွန်တော်တို့ လက်မှတ်လိုက်ကောက်ခံမယ့် ကိုယ်စားလှယ်တွေ တွေ့ လိုက်ကြတယ်။ မနက်ကိုးနာရီ စာသင်ခန်းဖွင့်တာနဲ့ ကျွန်တော်တို့ အားလုံး လက်မှတ်ကောက်ခံမယ့် စာရွက်ကိုယ်စီ နဲ့ ကိုယ့်တန်းခွဲကိုယ် သွားလိုက်ကြတယ်။ ပထမ စစချင်း စာရွက်ပေါ်က ကျွန်တော့် ခုံနံ ပါတ်မှာ ကျွန်တော့် အမည် နဲ့ လက်မှတ် ကို ရေးထိုးလိုက်ပါတယ်။ နောက်တော့ ရှေ့မှာ ဆရာစာသင် နေတုန်းပဲ (စာမေးပွဲမှာ ပါမယ့်အပုဒ်တွေကို ရွေးသင်နေတာပါ) ကျွန်တော် နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေ ဆီ တစ်ခုံပြီးတစ်ခုံ ကူးသွားပြီး လက်မှတ်လိုက်စုရတယ်။ တချို့လည်း ချက်ချင်းမထိုးရဲ ကြသေးပါဘူး။ အခြေအနေ စောင့်ကြည့်နေကြ ပါတယ်။ ဒါကြောင့် ကျွန်တော်က လူရင်းတွေဆီ အရင် ချဉ်းကပ်ရတာပါ ။ နေ့လယ် ထမင်းစားချိန်မှာတော့ အတန်းထဲက လူတဝက်ကျော်လောက်ရဲ့လက်မှတ်တွေ ရခဲ့ပါပြီ။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့ ကင်တင်းမှာ ပြန်ဆုံပြီး သူ့အခြေအနေ ကိုယ့်အခြေအနေ ဆန်းစစ်ရပါတယ်။ နေ့လယ် ကျောင်းပြန်တက်ချိန် မှာတော့ ကျန်နေသေးတဲ့ လက်မှတ်တွေကို ထပ်ပြီး လိုက်စုရပါတယ်။ တချို့ကို လည်း အကျိုးအကြောင်း နားဝင်အောင် ရှင်းပြရတယ်။ တခြားသူတွေရဲ့ လက်မှတ်တွေကို ပြရင်း ကျောင်းသားအားလုံးရဲ့ အရေးမို့ ပါဝင် လက်မှတ်ရေးထိုးပေးဖို့ စည်းရုံးရပါတယ်။ ကျွန်တော်တို့မှာ အချိန် အကန့်အသတ် က အလွန်ကြီးမားနေလို့ တစ်ရက်တည်းနဲ့ ပြီးအောင် ကြိုးစားရတာပါ။ ညနေ ကျောင်းဆင်းချိန်မှာတော့ ကျွန်တော့် တန်းခွဲက အားလုံးနီးပါး ရဲ့လက်မှတ်တွေကို ကျွန်တော် ရရှိ ခဲ့ပါပြီ ။ မနက်ဖြန်ကျရင် လက်မှတ်ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ် ဦးညီလှငယ် နဲ့ အသစ်ထပ်မံ ဖွင့်လှစ်လိုက်တဲ့ ကျွန်တော်တို့ တစ်ကျောင်းတည်းနဲ့ သက်ဆိုင်တဲ့ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်း ဆီကို တင်ပြဖို့ သဘောတူလိုက်ကြတယ်။ ကျွန်တော်တို့ အတွက် မိတ္တူတွေကိုတော့ ရဲဘော်တစ်ယောက်က တာဝန်ယူ မိတ္တူ ဆွဲပေးပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့လည်း လူစုခွဲ လိုက်ကြတယ်။ ညနေငါးနာရီ လောက်ပါ။

Aug 30,1998 (တနင်္ဂနွေနေ့) ။ ။ ဒီကနေ့ မနက် ကျောင်းရုံးခန်း ဖွင့်ဖွင့်ချင်းပဲ ကျွန်တော့် သူငယ်ချင်း က လက်မှတ်ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ်ဆီ ကိုယ်တိုင်သွားပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင် မနေ့ကအထိ ကျွန်တော်တို့ လှုပ်ရှားမှု က ဘာမှ တရားဝင် မဖြစ်သေးပါဘူး။ ဒီမနက် မှာတော့ လှုပ်ရှားမှုက စပြီး အသက်ဝင်လာခဲ့ပါပြီ။ ကျွန်တော်တို့ ကင်တင်းမှာ ခဏထိုင်ပြီး ရှေ့ဆက် လုပ်မယ့် အစီအစဉ် တွေကို တိုင်ပင်ရတယ်။ ဒီနေ့ နေ့တွင်းချင်းပဲ ပါမောက္ခချုပ်ဆီက တုံ့ပြန်မှု တစ်ခုခု ကပြန်လာတော့မယ်။ ပြန်လာမယ့် အချိန်မှာလည်း ကျွန်တော်တို့ ဘက်က တန်ပြန်ဖို့ အဆင်သင့် ရှိမှ ဖြစ်ပါလိမ့်မယ်။ နေ့လယ် ဆယ့်နှစ်နာရီ လောက်မှာတော့ ပါမောက္ခချုပ်ဆီက အကျိုးအကြောင်း မေး ကြည့်ဖို့ Building one မှာ လူစစုကြပါတယ်။ တစ်နာရီလောက်မှာတော့ ဦးညီလှငယ် ရုံးခန်းထဲက ထွက် လာပြီး စာမေးပွဲအတွက် ပြင်ဆင်ချိန် နည်းလွန်းတဲ့အတွက် တိုးမြှင့်ပေးဖို့ ကျွန်တော်တို့ရဲ့ တောင်းဆို ချက်ကို မဖြစ်နိုင်တဲ့အကြောင်း ရှင်းလင်းပြောပြ ပါတော့တယ်။ ကျွန်တော်တို့ ဘက်ကလည်း ခုနစ်ရက် သင်ကြားရုံ နဲ့ စာမေးပွဲ ဖြေဆိုဖို့ ဘယ်လိုမှ မလုံလောက်တဲ့ အကြောင်း၊ အထူးသဖြင့် နယ်က ကျောင်း သားများအဖို့ ပိုပြီး ထိခိုက်ကြောင်း၊ ရန်ကုန်က ကျောင်းသားတွေက ကျူရှင်ယူဖို့ ဖြစ်နိုင်သေးကြောင်း ပြန်ပြီး တင်ပြပါတယ်။ ဒါပေမဲ့ မရပါဘူး။ ဒီလို ပါမောက္ခချုပ် နဲ့ ကျွန်တော်တို့ အချီအချ ပြောနေကြတုန်း ပဲ ကျွန်တော်တို့ ကျောင်းပြောင်းရမယ့် ကိစ္စ ရောက်လာပါတယ်။ ဒါကိုတော့ ပါမောက္ခချုပ်က သူ့အနေနဲ့ ဘာမှ တရားဝင် မသိရှိရသေးဘူးလို့ပဲ မယုတ်မလွန် ပြောသွားပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဒီနေ့ ညနေ၊ ဒါမှမဟုတ် မနက်ဖြန်ကျရင် ဝန်ကြီး ဦးသောင်း နဲ့ တွေ့ဆုံလိုတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။ ညနေပိုင်းမှာတော့ မနက်ဖြန်ကျရင် ဝန်ကြီး လာလိမ့်မယ် ဆိုတဲ့ သတင်းစကား ကို ကျွန်တော်တို့ ရရှိ ခဲ့ပါတယ်။ လှုပ်ရှားမှုက နောက်တစ်ဆင့် တက်ခဲ့ရပါပြီ။

Aug 31,1998 (တနင်္လာနေ့) ။ ။ ဒီနေ့ နေ့လယ် ဝန်ကြီး ဦးသောင်း ရောက်လာခဲ့ပါတယ်။ ပါမောက္ခ ချုပ်ရုံးခန်း ကနေ ပါမောက္ခချုပ်နဲ့ နှစ်ယောက်တွဲ ထွက်လာပြီး တင်ပြစရာ ရှိတာ တင်ပြကြဖို့ ကျွန်တော် တို့ကို ပြောပါတယ်။ ဒါနဲ့ပဲ သြဘာလမ်းထိပ်မှာ စုထိုင်နေကြတဲ့ ကျွန်တော့် သူငယ်ချင်း အပါအဝင် နယ်ကျောင်းသား အများစု ဖြစ်တဲ့ တခြား ကိုယ်စားလှယ်တွေ တစ်ယောက်ပြီးတစ်ယောက် ထပြီး ကျွန်တော်တို့ရဲ့ လိုလားချက်တွေကို တင်ပြရပါတယ်။ အဓိက ကတော့ စာသင်ချိန်ကို တိုးမြှင့် ပေးဖို့ပါ။ ဒီတောင်းဆိုချက်ရဲ့ နောက်ကွယ်မှာတော့ ကျွန်တော်တို့ လိုလားချက်တွေ အများကြီး ရှိတာပေါ့ဗျာ။ ပင်မ အရေးအကြီးဆုံး အချက်အနေနဲ့က ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီး ပြောင်းရွှေ့ခံရတော့မယ့် အရေးကို ကာကွယ်တားဆီးဖို့ လုပ်နေရတာပါ။ ကျောင်းအရွှေ့မခံ ရတော့မှဘဲ ကျန်တဲ့ အရာအားလုံးကို ကျွန်တော်တို့ ဆက်လုပ်နိုင်တော့မှာပါ။ ကျွန်တော်တို့ မနှစ်က အစုလိုက် အပြုံလိုက် အဖမ်းခံရပြီး ထောင်ဒဏ်ကျခံနေရပြီ ဖြစ်တဲ့ ၉၆ ကျောင်းသားလှုပ်ရှားမှု က ရဲဘော်တွေ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုဖို့ကော၊ ကျွန်တော်တို့ ကျောင်းသားလှုပ်ရှားမှု တွေ ကွင်းဆက်မပြတ်၊ မျိုးဆက်မပြတ်ဖို့ကော ဒါတွေအားလုံးဟာ ကျောင်းအရွှေ့မခံရရေး အပေါ်မှာပဲ တည်နေမှီနေပါပြီ။ ဒါကြောင့်မို့ပဲ ပထမဆုံး ခြေလှမ်းအနေနဲ့ စာသင်ချိန်ကို အရင်ကလိုပဲ ပုံမှန် စာသင် နှစ်တစ်နှစ် အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။ အခြေအနေ တစ်ခုလုံးကို ခြုံပြီး ပြောမယ်ဆိုရင် တော့ လမ်းအားလုံးဟာ ရောမမြို့ကြီးကို ဦးတည်နေတယ် ဆိုသလိုပဲ စစ်အာဏာရှင်စနစ် ကို ကျွန်တော်တို့ တိုက်နေတာပါ။ ဒါပေမဲ့လည်း ကျောက်ခဲကို ရေညှစ် နေသလိုပါပဲ။ ဦးသောင်းဆီက ဘာတစ်ခုမှ ရေရေရာရာ စကားထွက်မလာပါဘူး။ နောက်ဆုံးတော့ အထက်က ညွှန်ကြားချက်အရ စာသင်ချိန်ကို တိုးမြှင့် မပေးနိုင်ဘူးလို့ပဲ ယတိပြတ် ပြောချလိုက်ပါတော့တယ်။ စစ်အုပ်စု ရဲ့ သက်တမ်း တလျှောက်လုံး ကျင့်သုံးလာခဲ့တဲ့ တစ်လက်မမှ နောက်မဆုတ်ရေး မူ ကို လက်တွေ့ကျင့်သုံးတာကို ကျွန်တော်တို့ ကြုံရပြန်ပါပြီ။ အရယ်အပြုံး မရှိ၊ ခံစားချက် တစွန်းတစ မထင်တဲ့ ဦးသောင်း ရဲ့ မျက်နှာသေ ကို ကျွန်တော် ငေးကြည့်နေမိပါတယ်။ အဖြေကို ကြိုသိနေပြီး ဖြစ်လို့လည်း ထူးပြီးတော့ မအံ့သြ တော့ပါဘူး။ တစ်ခုပဲ ရှိပါတော့တယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ကြဖို့ပါ။

Sept 1,1998 (အင်္ဂါနေ့) ။ ။ မနက်ကိုးနာရီ ဝန်းကျင်လောက်မှာပဲ ကျွန်တော် ကျောင်းကို ရောက်ပါ တယ်။ အတန်းဘက် ခဏသွားကြည့်ပြီး ကင်တင်းဆီ ကျွန်တော် ပြန်ဆင်းလာခဲ့တယ်။ ဆယ်နာရီ လောက်ကျတော့ ကျွန်တော်တို့ အဖွဲ့ လူစုံပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု ကို အဆင့်တစ်ခု ထပ်မြှင့်ဖို့ ဆွေးနွေးရတယ်။ နောက်ဆုံး ကျွန်တော် တို့အားလုံး ကိုယ့်တန်းခွဲကိုယ် သွားပြီး ကျောင်းသားထုကြား ဖြစ်နေတဲ့ သဘောထားတွေကို လက်လှမ်းမီသလောက် တီးကြည့်ခေါက် ကြည့်ဖို့ သဘောရကြပါတယ်။ နေ့လယ်နှစ်နာရီ လောက် ပြန်တွေ့ဖို့လည်း ချိန်းလိုက်ကြတယ်။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့်တန်းခွဲ ပြန်သွားပြီး အခြေအနေ ကို လေ့လာကြည့်တော့ ထက်သန်တက်ကြွ မှုတော့ နည်းနည်း လျော့ရဲ နေတာကို သတိထားမိပါတယ်။ ပြောမယ့်သာပြောရတယ်၊ ၁၉၉၆ တုန်းက အခြေအနေ ဝန်းကျင်နဲ့ တော်တော် ကွာခြားသွားပါပြီ။ ဒါကလည်း သဘာဝကျပါတယ်။ ဟိုတုန်းကတော့ အတန်းကလည်း ခြောက်တန်းစလုံး၊ လူကလည်း ငါးထောင်နီးပါး၊ နှစ်ပြည့် ကျောင်းတက်နေရတဲ့ အချိန် ၊ တခြား တက္ကသိုလ် တွေနဲ့ ကျောင်းသူကျောင်းသား တွေကလည်း ကိုယ့်အနီးအနားမှာ၊ အားလုံးက တင်းပြည့်ကျပ်ပြည့်ပါ။ အခုကတော့ အတန်းကလည်း သုံးတန်းထဲ၊ လူကလည်း တစ်ထောင်ကျော် ထောင့်ငါးရာ တခြား ကိုယ်နဲ့ တူတူ တိုက်ပွဲဝင်ဖို့ တက္ကသိုလ်တွေကလည်း ပိတ်ထားပြန်တော့ အခြေအနေက ကွာခြား ချင်တိုင်း ကွာခြား သွားပါပြီ။ နေ့လယ် နှစ်ချက်ထိုး လောက်မှာတော့ ကျွန်တော့် သူငယ်ချင်း နဲ့ “မေတ္တာ ပေါင်းကူး“ မှာ ပြန်တွေ့ ကြပါတယ်။ သူ ကျွန်တော့်ကို ကင်တင်းမှာ စကားပြောချင်ပုံ မရဘူး။ ကျွန်တော် လည်း သူ့လိုပါပဲ။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် ကင်တင်း ဘေးလမ်းက ဖဲ့ထွက်ပြီး ဘောလုံးကွင်း ဘက်ဆီ လျှောက်လာလိုက်ပါတယ်။ ရာသီဥတု က မှိုင်းညို့နေတယ်။ ဟိုးအဝေးက တလိပ်လိပ်တက် နေတဲ့ မီးခိုးတန်း ဖြူဖြူကလေးကို ကျွန်တော် မြင်နေရတယ်။ ကျွန်တော့် ရင်ထဲမှာလည်း အမျိုးအမည် မသိတဲ့ ခံစားချက်တွေနဲ့ လေးလံတင်းကြပ် နေတယ်။ ဘောလုံးကွင်းနားရောက်တော့ ကျွန်တော်တို့ နှစ်ယောက် လမ်းဘေးမှာပဲ ရပ်လိုက်ကြတယ်။ ခဏ ငြိမ်နေမိကြပြီး သူငယ်ချင်းဆီက စကားသံ တိုးတိုးညင်းညင်း ထွက်လာတယ်။ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ အခြေအနေ အတိုင်းအတာ တွေနဲ့ပဲ ကျွန်တော်တို့ လှုပ်ရှားမှု ကို ရှေ့ဆက်မယ် ဆိုတဲ့ အကြောင်းပါ။ ဟုတ်ပါတယ်။ မနက်ဖြန်မှာ ခုနစ်ရက် ပညာရေး ကို ကန့်ကွက်ဖို့ ကျွန်တော့် သူငယ်ချင်း နဲ့ တခြား ရဲဘော်တွေ တိုင်ပင်ပြီးကြပါပြီ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်တို့ အလံကို ဘယ်အဆင့်အထိ လွှင့်မလဲ ဆိုတာ သူ့ကိုမေးတော့ သူက “ခုနစ်ရက် ပညာရေး အလိုမရှိ“ ဆိုတဲ့ ကန့်ကွက်ချက် ကိုပဲ ပင်မ အဖြစ်ထားမယ် ဆိုတာ ကျွန်တော့် ကိုပြောတယ်။ တခြား တောင်းဆိုချင်တာတွေကတော့ အရံပေါ့။ ဒါလောက်ဆို ကျွန်တော် နားလည် လိုက်ပါပြီ။ နောက် သူက ကျွန်တော့်ကို အတန်းပြန်ပြီး တတ်နိုင်သမျှ စည်းရုံးထားဖို့လည်း ပြောပါတယ်။ ဒါနဲ့ပဲ မနက်ဖြန် ကိုးနာရီ မှာ ဆုံဖို့ ကျွန်တော်တို့ ချိန်းလိုက်ပြီး အခု လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် လက်ဆွဲနှုတ်ဆက်တော့ ခါတိုင်းထက်ပိုပြီး သူ ကျွန်တော့်လက်ကို ဖျစ်ညှစ် နှုတ်ဆက်တာ ကျွန်တော် သတိထားမိလိုက်တယ်။ ဒီမှာပဲ ကျွန်တော် သူ့မျက်နှာကို တချက် စိုက်ကြည့် မိတယ်။ ပိုင်းဖြတ်ထားတဲ့ သူ့အသွင်ကို ကျွန်တော် မြင်နေရတယ်။ သူပြောချင်တဲ့ စကားအားလုံး ကို ကျွန်တော် ကြားလိုက်ရတယ်။ တိုက်ပွဲ…တိုက်ပွဲ….ဟုတ်တယ်…တိုက်ပွဲ နဲ့ပဲ ကျွန်တော်တို့ အဆုံးသတ် ရတော့မယ်။

Sept 2,1998 (ဗုဒ္ဓဟူးနေ့) ။ ။ ဒီနေ့မနက် အစောကြီး ကျွန်တော် နိုးနေပါတယ်။ အမေ့ကိုတော့ ကျောင်းစောစော သွားမယ့် အကြောင်းပြောပြီး ပြင်ရဆင်ရတယ်။ အားလုံး ပြင်ဆင်ပြီးချိန် မှာတော့ ကျွန်တော့် Drawing board ပေါ်က အောက်ခံ ကတ်ထူပြားကို ကျွန်တော် ဖြုတ်လိုက်တယ်။နောက်ပြီး ၁၉၉၆ တုန်းက ကျွန်တော် ကိုင်ခဲ့တဲ့ ခွပ်ဒေါင်းအလံ ပိုစတာ ကို ကတ်ထူပြားထဲ လိပ်ထည့်လိုက်တယ်။ အတူတူ ကျောင်းသွားနေကျ သူငယ်ချင်းတွေဆီ ဖုန်းခေါ်တော့ တစ်ယောက်မှ ဒီနေ့ ကျောင်းမတက်ဖြစ် ကြပါဘူး။ အိမ်မှာပဲ စာကျက်တော့မယ် လို့ ပြောကြပါတယ်။ ကျွန်တော် နာရီ ကို ကြည့်လိုက်တော့ ခုနစ် နာရီ ကျော်နေပါပြီ။ ကျွန်တော် လူစုဖို့ ဆက်မကြိုးစား တော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်ရပါတယ်။ တော်ကြာ နောက်ကျနေပါတော့မယ်။ ကျောင်းကိုရောက်တော့ ရှစ်နာရီခွဲ နေပါပြီ။ ကင်တင်းကို ခဏဆင်းသွားလိုက် ပြီး ကိုးနာရီ ထိုးခါနီးမှာ ကျွန်တော် အတန်းထဲ ဝင်ထိုင်နေလိုက်ပါတယ်။ ကိုးနာရီ အတိမှာတော့ ကျွန်တော့် သူငယ်ချင်း ဦးဆောင်တဲ့ ဆန္ဒပြမယ့် ကျောင်းသားတွေ ပိုစတာကိုယ်စီနဲ့ ကျွန်တော်တို့ အခန်းဝရှေ့ ရောက်လာပါတော့တယ်။ “ခုနစ်ရက် ပညာရေး အလိုမရှိ“ ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေ နဲ့ပါ။ ကျွန်တော့် သူငယ်ချင်းက အခန်းထဲ ဝင်လာပြီး ဆရာမကို “ကျွန်တော်တို့ ခုနစ်ရက်ပညာရေး ကို ကန့်ကွက်လိုက်ပါပြီ“ လို့ ရိုရိုသေသေပဲ ခွင့်တောင်းရင်း အတန်းထဲ ထိုင်နေတဲ့ ကျောင်းသားတွေကို လှမ်းကြည့်လိုက်ပါတယ်။ ကျွန်တော်လည်း အိတ်ထဲက အသင့်ပါလာတဲ့ ပိုစတာကို ထုတ်ကိုင်ပြီး အခန်း ဝက သူတို့နဲ့ သွားပူးပေါင်း လိုက်တယ်။ ကျွန်တော့်နောက်က ကျောင်းသား နှစ်ဆယ်လောက် ပါလာ ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စာသင်ခန်း ရှစ်ခန်းကို လှည့်လည်စည်းရုံး ပြီး တိုင်ကြီး ၁၈ တိုင် အောက်ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ “လုံထိန်းတွေ ရောက်လာပြီ လုံထိန်းတွေ ရောက်လာပြီ“ ဆိုတဲ့ အသံကို ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော့် ခန့်မှန်းခြေ ကျွန်တော်တို့ ဆန္ဒပြတဲ့ အချိန်နဲ့ ငါးမိနစ်တောင် မကွာပါဘူး။ ထောက်လှမ်းရေးတွေ သတင်းပို့လိုက်ပြီ လို့ ကျွန်တော်တို့ တွက်ဆလိုက်ပါ တယ်။ သမိုင်းလမ်းဆုံက အဝါရောင် အဆောက်အဦး ကြီးထဲမှာ လုံထိန်းတပ်ရင်း တပ်စွဲထားတာကိုး။ ဒီအချိန်မှာပဲ ပစ္စည်းမဲ့ ဂိတ်ကလေးဆီကနေ “အပြင်ကနေ ကင်မရာတွေနဲ့ ဗီဒီယို ရိုက်နေတယ်ဟေ့“ ဆိုတဲ့ အသံ ထပ်ထွက်လာပြန်တယ်။ ကျွန်တော်တို့ နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လုံထိန်းတွေ ရုတ်တရက် ကျောင်းဝင်းထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ပါ။ နောက်တော့ Building One ရှေ့မှာ ရပ်ထားတဲ့ တီအီးကားတစ်စီး ကို ကျောင်းသားတစု တွန်းလာပါတယ်။ ကျွန်တော်တို့ကို အပြင်က မြင်ကွင်း ကွယ်သွားအောင် ဆိုတဲ့ သဘောနဲ့ပါ။ ကျွန်တော် ကိုင်ထားတဲ့ ပိုစတာကို ရဲဘော်တစ်ယောက်ကို ပေးပြီး ပစ္စည်းမဲ့ဂိတ်ကလေးဘက် ကျွန်တော် သွားကြည့်လိုက်တော့ လမ်းပေါ်မှာ အတန်းလိုက် နေရာယူထားတဲ့ လုံထိန်းတွေကို တွေ့ရတယ်။ ဒီအချိန်မှာပဲ လူပေါဂိတ်ဘက် သွားကြည့်တဲ့ ကျောင်းသားတွေ ပြန်ရောက်လာပြီး လူပေါဂိတ်ရှေ့ အင်းစိန်လမ်းမ ပေါ်မှာလည်း လုံထိန်းတွေ ရောက်နေပြီ ဆိုတာ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း အားလုံးရဲ့သဘောတူ ဆုံးဖြတ်ချက်အရ ကျောင်းဝင်းထဲမှာပဲ ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော့် သူငယ်ချင်းဆီက “ ခုနစ်ရက် ပညာရေးကို ကျောင်းသားထုတရပ်လုံးရဲ့ ကိုယ်စား ငါတို့ အခုစတင် ကန့်ကွက် မယ်၊ စည်းကမ်းရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ငါတို့ ဆန္ဒကို ထုတ်ဖော်ကြရမယ်“ ဆိုတဲ့ စကားအဆုံးမှာတော့ “သပိတ် သပိတ် မှောက်မှောက်“ ဆိုတဲ့ အသံက မြည်ဟိန်းသွားပါတော့တယ်။ တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့နဲ့ ထပ်လာပူးပေါင်းတဲ့ ကျောင်းသားကျောင်းသူ အချို့ရောက်လာပါတယ်။ ခန့်မှန်းခြေ စုစုပေါင်း ၁၀၀ နဲ့ ၁၅၀ ကြားလောက်ပေါ့။ ဒါနဲ့ ကျွန်တော်တို့လည်း ကျောင်းဝင်းတလျှောက် ကင်တင်း အပါအဝင် လှည့်လည် ဆန္ဒပြကြ ပါတော့တယ်။ အချိန်က မနက် ဆယ်နာရီခွဲ လောက်ရှိပါပြီ။ ဒီအချိန် မှာဆန္ဒပြတဲ့ သတင်းကို မြို့ထဲက ကြားလို့ လာကြတဲ့ ကျောင်းသားတွေကတော့ သမိုင်းလမ်းဆုံ အကျော်မှာပဲ ပိတ်ဆို့ခံလိုက် ရကြောင်း ကျွန်တော် နောက်ပိုင်းကျမှ ပြန်သိရပါတယ်။ နေ့လယ်ပိုင်းရောက်တော့ ကျွန်တော် အိမ်ကို ဖုန်းဆက်ဖို့ ဆက်သွယ်ရေးရုံးကလေးဘက် ထွက်လာလိုက်တယ်။ ရုံးက ကင်တင်း ထောင့်စွန်းမှာပါ။ ကျွန်တော်ရောက်တော့ ဖုန်းဆက်ဖို့ တန်းစီနေတဲ့ ကျောင်းသူကျောင်းသား တွေကို တွေ့ရတယ်။ ဝင်တန်းစီပြီးကာမှ ကျွန်တော်တစ်ခု သတိရလာတယ်။ ခုလောက်ဆို မြို့ထဲမှာ သတင်း တွေ ပျံ့နေတော့မယ်။ ကျွန်တော် ဆက်ရင် အမေက ကျွန်တော့်ကို ပြန်လာခိုင်းတော့မယ်။ ကျွန်တော် သူရဲကောင်းတစ်ယောက် မဟုတ်ပေမယ့် ဒီအချိန်မှာ မပြန်နိုင်ပါဘူး။ ကျွန်တော် ဆုံးဖြတ်လိုက်ပြီး လူတန်းထဲက ပြန်ထွက်လိုက်တော့တယ်။

ကင်တင်းက ကျွန်တော် ပြန်တက်လာပြီး Building One အောက် ကျွန်တော် ပြန်ရောက်တော့ သူငယ် ချင်းတွေ တိုင်ကြီး ၁၈ တိုင်အောက် ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတာ တွေ့ရတယ်။ ပြန်ချင်တဲ့သူ တွေကို ပြန်ခွင့်ပေးလိုက်ပြီ ဆိုတာလည်း ကြားရပါတယ်။ နေ့လယ်နှစ်ချက်ခွဲ လောက်မှာတော့ ပါမောက္ခ ချုပ် ရုံးခန်းထဲက ထွက်လာပြီး ကျွန်တော်တို့နဲ့ တွေ့ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စာသင်ချိန် တိုးမြှင့် ပေးဖို့ ကိစ္စကိုပဲ ထပ်ပြီး တင်ပြကြပါတယ်။ ဒါပေမဲ့ ဘာမှမထူးတော့ပါဘူး။ အဖြေကတော့ အရင်အတိုင်း ပါပဲ။ စာသင်ချိန် ခုနစ်ရက်ပဲ ဖြစ်ဖြစ် ခုနစ်လပဲ ဖြစ်ဖြစ် အဆင့်၁ ကနေ ၈၀၀ အထိပဲ ဖြစ်မှာမို့ ဘာမှ မထူးတဲ့ အကြောင်း ထပ်တလဲလဲ လက်ဟန်ခြေဟန် နဲ့ ရှင်းပြနေတဲ့ ဦးညီလှငယ် ကိုပဲ ကျွန်တော် ငေးကြည့် နေမိတော့တယ်။ ညနေလေးနာရီ လောက်မှာတော့ ကျွန်တော်တို့ ဆန္ဒပြ ကျောင်းသားအား လုံး တိုင်ကြီး ၁၈တိုင်အောက် စုထိုင်နေလိုက်ကြတယ်။ တစ်နေ့လုံး မှိုင်းညို့နေတဲ့ ရာသီဥတု အောက် မှာ ကျောင်းကြီးတစ်ကျောင်းလုံး တိတ်ဆိတ်နေပါတယ်။ ဒီအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေကို လာခေါ်တဲ့ သူတို့ အိမ်က ကားတွေလည်း အလျှိုအလျှို ရောက်လာကြပါပြီ။ ကားမရှိတဲ့သူ တွေအတွက် တော့ ပြန်ဖို့ ကားနှစ်စီးလားမသိ စီစဉ်ပေးထားပါတယ်။ မိန်းကလေးတွေကတော့ နေ့လယ် နှစ်နာရီ နဲ့ သုံးနာရီ လောက်ကတည်းက အကုန်လုံး ပြန်ကြ ပါပြီ။ တဖြည်းဖြည်းနဲ့ ညနေ ငါးနာရီလောက်မှာတော့ ကျွန်တော်တို့ တိုင်ကြီး ၁၈ တိုင်အောက်မှာ ထိုင်နေတဲ့ ကျောင်းသား ငါးဆယ်ကျော် ခြောက်ဆယ်လောက်ပဲ ကျန်ကြပါတော့တယ်။ ဒီအထဲကမှ အများစုက နယ်ကလာတဲ့ အဆောင်နေ ကျောင်းသားတွေပါ။ တဆက်တည်း ကျွန်တော်တို့ ခုနစ်ရက် စာသင်ကြားရေး အစီအစဉ်ကိုလည်း ဒီနေ့ပဲ အဆုံးသတ်လိုက်ပြီ ဆိုတဲ့ သတင်းလည်း ကျွန်တော် သိလိုက်ရတယ်။ စာမေးပွဲနေ့ကျမှပဲ လာဖြေဖို့ပဲ ရှိပါတော့တယ်။ ညနေ ခြောက်နာရီ လောက်မှာတော့ ကျွန်တော်တို့ တိုက်ပွဲ နိဂုံးချုပ်သွားပြီလို့ ကျွန်တော် နားလည်လိုက်တော့တယ်။ မိုးက တဖြည်းဖြည်း မှောင်လာပြီး မိုးစရွာလာပါတယ်။ နောက်ဆုံးကျန်တဲ့ ကားတစ်စီးစ နှစ်စီးစ ကလွဲလို့ ဘာမှ မကျန်တော့ ပါဘူး။ ကျွန်တော့် သူငယ်ချင်း ကိုလိုက်ရှာတော့ တိုင်ကြီး၁၈ တိုင်ရဲ့ထောင့်စွန်းက တရုတ်စကားပင် နားမှာ ရပ်နေတာကို ကျွန်တော်တွေ့လိုက်ပါတယ်။ ကျွန်တော် သူ့ဆီသွားပြီး နှုတ်ဆက်တော့ “အေးကွာ လုပ်စရာရှိတာ အားလုံး လုပ်ခဲ့ပြီးပြီပဲ“ ဆိုပြီး သူ့ဆီက စကားသံထွက်လာတယ်။ ကျွန်တော် ကိုယ်တိုင် ကတော့ ဘာမှ မပြောနိုင်တော့ပါဘူး။ တည်တည်ငြိမ်ငြိမ် နဲ့ စိတ်ဓာတ်ကျပုံ မရတဲ့ သူငယ်ချင်း ကို ငေးကြည့် နေမိတယ်။ သြော်…ပန်းချီဆရာ ကျွန်တော့် သူငယ်ချင်း။ တိုက်ပွဲကို ရဲရဲရင့်ရင့် ခေါင်းခံ ဦးဆောင်ခဲ့သူ။ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ကို အိပ်ခန်းထဲမှာ ဆွဲထားသူ…။ ဒီအချိန်မှာပဲ တိုတောင်းပေမယ့် အမှတ်ရစရာ တွေချည်း ဖြစ်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကျောင်းသားဘဝ နေ့ရက်တွေဟာ ရုပ်ရှင်အနှေးပြသလို ကျွန်တော့်မျက်လုံး ထဲမှာ တစ်ကွက်ချင်း ပြန်ပေါ်လာပါတယ်။ ရွာကြီး လို့ ကျွန်တော်တို့ ချစ်စနိုး ခေါ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ကင်တင်း၊ ပစ္စည်းမဲ့ ဂိတ်ကလေးက ဝင်လာပြီး ကင်တင်းကို ဆင်းသွားရာက အပေါ် ပြန်မတက်ဖြစ်တော့တဲ့ နေ့တွေ၊ ကျောင်းသားအများစု ရဲ့ မှီခို အားထားရာ ပဲထမင်း နဲ့ မုန့်ဟင်းရည်၊ “နွေးအေး၊အောင်သိပ္ပံ ၊Mini Hi၊ ကန်သာယာ၊ မေတ္တာပေါင်းကူး၊ ဝင်း နဲ့ အင်းဝ“ ၊ ကျောင်းထဲမှာ ရှိတဲ့ နောက်ဆုံးနှစ် အစ်ကိုကြီး တွေရဲ့ အဆောင်မှာ စက်ကျခဲ့တဲ့ နေ့တွေ၊ သြဘာလမ်းကလေးထဲ ဖြတ်ပြေးဖူးတဲ့နေ့၊ ဟိုးဝေးဝေးက ဂျီဟောလ်၊ စွယ်တော်လမ်းကလေး၊ အစ်ကိုကြီးတစ်ယောက် နဲ့ မတင်မိုးလွင် နောက် တကောက်ကောက် လိုက်ခဲ့ဖူးတဲ့နေ့၊ ကားနဲ့လာရင် ဝင်လာရတဲ့ ခန့်ခန့်ထည်ထည် လူပေါဂိတ်ကြီး၊ ကျွန်တော်ချစ်တဲ့ တိုင်ကြီး ၁၈ တိုင်၊ ပြီးတော့ ကျွန်တော့် ရဲ့သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေ၊ ကျွန်တော်လာရင် အမြဲ ပြေးပြေး ကြိုတတ်တဲ့ ကင်တင်းက ခွေးမကလေး မြီးတို၊ ဒါတွေအားလုံး…ကျွန်တော့်နှလုံးသားထဲက အရာအားလုံးနဲ့ ကျွန်တော် အခုခွဲရ တော့မယ်…ဘယ်တော့မှ ပြန်ဆုံမယ်မှန်း မသိတော့တဲ့ ခွဲခြင်းနဲ့ကို ခွဲရပါတော့မယ်။ ကျွန်တော်တင် မကဘူး၊ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံး အနေနဲ့ပါ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ တက္ကသိုလ် ကြီးတွေကို အပြီးတိုင် ခွဲရတော့မယ်။ ကျွန်တော်တို့ ညီ ညီမတွေကော၊ နောက်လာမယ့် ကျွန်တော်တို့ မျိုးဆက်သစ်တွေပါ တက္ကသိုလ်ကြီး တွေဆီ ဘယ်တော့မှ ပြန်ရောက်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် တော့ပါဘူး။ ဟစ်တလာ က ဂျူးတွေကို အပြီးသတ်ဖြေရှင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးတုံး သတ်ဖြတ်ခဲ့သလိုပဲ၊ ၁၉၆၂ ကစပြီး ကျွန်တော်တို့ ကျောင်းသားတွေကို အငြိုးကြီးကြီး နဲ့ ဖိနှိပ်ချေမှုန်း ခဲ့တဲ့ စစ်အုပ်စုဟာ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ကို တက္ကသိုလ်ကြီးတွေဆီကနေ လယ်ကွင်း ဖုန်းဆိုး မြေကြီးတွေဆီ မောင်းထုတ်တော့မယ်။ တလျှောက်လုံး အကိုင်းအခက်တွေကို ချိုင်ခဲ့ရာက အခု နောက်ဆုံး ပင်စည်ကိုပါ ချိုင်ကြပါတော့မယ်။ အပြီးသတ်ဖြေရှင်းရေး…ရှေ့မှာကြိုနေတော့မယ့် လွင်တီးခေါင် ကျတ်တီးကုန်း မြေယာတွေ…အစိတ်စိတ် ကွဲပြိုအက် နေတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် တွေ…ဒီအတွေးနဲ့ ကျွန်တော့်ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာပါတယ်။ ဖြန့်ကျက်ထားတဲ့ ကျွန်တော့်လက်ထဲက ခွပ်ဒေါင်းအလံ ပိုစတာကို ကျွန်တော် ပြန်လိပ်လိုက်တယ်။ ထိုင်နေကြတဲ့ ရဲဘော်တွေကို နောက်ဆုံးအနေနဲ့ ကျွန်တော် ကြည့်လိုက်တယ်။ တိုင်ကြီး ၁၈တိုင် နဲ့တကွ ကျောင်းကြီး တစ်ခုလုံးကိုပါ ကျွန်တော် လွှမ်းခြုံကြည့်လိုက်တယ်။ လွယ်အိတ်ကို ပြင်လွယ်ပြီး ကျွန်တော် ချာခနဲ လှည့်ထွက် ခဲ့တော့တယ်။

ကျွန်တော် ကျောင်းဝင်း အပြင်ရောက်တဲ့ အချိန်မှာပဲ စောစောက ဖွဲဖွဲ ရွာနေတဲ့ မိုးစက်တွေက သည်းသည်းထန်ထန် ရွာလာပါတယ်။ နောက်ဆုံး နှုတ်ဆက်ခြင်း အနေနဲ့ ပဲလားတော့ မသိတော့ပါဘူး…အိမ်အပြန် လမ်းတလျှောက်လုံးလည်း တခုတည်းသော အတွေးကိုပဲ ကျွန်တော် ထပ်တလဲလဲ တွေးလာမိတယ်။ ကျွန်တော်တို့ ရှုံးနေပြီလား…ကျွန်တော်တို့ ရှုံးသွားပြီလား ဆိုတဲ့ မေးခွန်းတွေကိုပါ။ ကျွန်တော်တို့ ဒီနေ့ သပိတ်တိုက်ပွဲ အနေနဲ့ကတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့…ဒီမှာပဲ ကျွန်တော့် ခေါင်းထဲ အတွေးတစ်ခု ဝင်လာပါတယ်။ တိုက်ပွဲရှိမှ မျှော်လင့်ချက် ရှိမယ်။ တိုက်ပွဲသေရင် မျှော်လင့်ချက်လဲ သေလိမ့်မယ် ဆိုတဲ့ အတွေးပါ။ အခု အနည်းဆုံး ကျွန်တော်တို့ တိုက်ပွဲရှိနေတယ်။ ဒါဆို မျှော်လင့်ချက်လဲ ရှိသေးတယ်။ ကျွန်တော်တို့ဟာ အာဇာနည်မျိုးတွေ၊ သေရိုးဆိုတာ မရှိဘူး၊ သေတယ်ဆိုတာ မသိဘူး၊ ကျွန်တော်တို့ သေတတ်မှဖြင့် သေခဲ့တာ ကြာရော့မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ မသေခဲ့ဘူး၊ ကျွန်တော်တို့ မှာ သေရိုးမရှိဘူး…ဒီလိုတွေးရင်း ကျွန်တော် အဖြေတစ်ခု ရလာတယ်။ ကျွန်တော်တို့ အခု တရွေ့ရွေ့ သွားနေတာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ဘယ်ကိုလဲ…အောင်ပွဲ ဆီကိုပါ…အပြီးသတ်အောင်ပွဲ ဆီကိုပါ။ ဒီအတွေးနဲ့ ကျွန်တော့်ရင်ထဲ အားသစ်မာန်သစ် တွေပြန်ဝင်လာပါတယ်။ ကျွန်တော် ကားအပြင်ကို တချက် လှမ်းကြည့်လိုက်တယ်။ မိုးက သည်းကြီးမည်းကြီး ကို ရွာချနေတယ်။ ခုနစ်နာရီ ခွဲတော့မယ်။

တိုက်ပွဲ အတွေ့အကြုံ သုံးသပ်ချက် နှင့် အကျိုးရလဒ် ။ ။

၁၉၉၈ ခုနှစ် ခုနစ်ရက် ပညာရေးကို ကန့်ကွက် ခဲ့ကြတဲ့ သပိတ်တိုက်ပွဲ ဟာ ရုပ်ဝတ္ထု အခြေအနေ အကန့်အသတ် အင်မတန် ကြီးမားနေတဲ့ကြားက မဖြစ်မနေ ဆင်နွှဲ ခဲ့ရတဲ့ တိုက်ပွဲ အမျိုးအစား ဖြစ်ပါတယ်။ တိုတောင်းလွန်းတဲ့ အချိန်အတွင်း အကောင်အထည် ဖော်ခဲ့ရတာမို့ ကျောင်းသားထုကြား စည်းလုံးညီညွတ်ရေးကို လုံးဝနီးပါး တည်ဆောက် နိုင်ခဲ့ခြင်း မရှိဘဲ ရှိသမျှ အင်အားနဲ့ တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နောက်ဆုံးနေ့မှာ ရည်မှန်းချက်ကို ရရှိဖို့ တိုက်ပွဲကို အဆင့်မမြှင့် နိုင်ခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ စစ်အုပ်စု အနေနဲ့ကတော့ ကျောင်းတွေကို နေရာမရွှေ့ခင် နောက်ဆုံး ရင်ဆိုင်ရတဲ့ တိုက်ပွဲ ဖြစ်လို့ သတိအကြီးဆုံး ထားပြီး ကိုင်တွယ်ခဲ့တာ တွေ့ရပါတယ်။ဆန္ဒပြပွဲ ဖြစ်ဖြစ်ချင်းပဲ ကျောင်းသားတွေ လမ်းပေါ် မထွက်နိုင်အောင် လုံထိန်းတပ်ရင်း တွေနဲ့ ကျောင်းပတ်ပတ်လည်ကို ပိတ်ဆို့ခဲ့ပါတယ်။ ဘယ်လောက်တောင် သတိကြီးလည်း ဆိုရင် ကျွန်တော်တို့ သပိတ်တိုက်ပွဲ ကို ဦးဆောင်ဆင်နွှဲ ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်း အပါအဝင် နယ်ကျောင်းသား အချို့ကို စက်မှုတက္ကသိုလ် မှာတောင် စာမေးပွဲ ပေးမဖြေဘဲ အင်းစိန် ဂျီတီအိုင် မှာ အများနဲ့ ခွဲပြီး ဖြေခိုင်းခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လုံးဝ ချွတ်ချော် တိမ်းစောင်းမှု မရှိအောင် အဘက်ဘက်က ကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း သိသာထင်ရှား စေပါတယ်။ စာမေးပွဲ ဖြေအပြီး မှာလည်း ကျောင်းတွေကို နောက်တစ်နှစ်ခွဲ တိုင်တိုင် ဆက်ပိတ်ထား ခဲ့ပြီး ကျောင်းပြောင်းရွှေ့မယ့် အစီအစဉ် ကို အပြီးသတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ကျောင်း တွေကို ပြောင်းရွှေ့လိုက်ခြင်းဟာ မြန်မာပြည် ကျောင်းသားလှုပ်ရှားမှု ကြီး တရပ်လုံး အတွက်ကော မြန်မာပြည် ပညာရေး အဆောက်အအုံကြီး တစ်ခုလုံး အတွက်ပါ အပြင်းထန်ဆုံး ထိုးနှက်ချက် ဖြစ်ခဲ့ရပါတယ်။ အခြေအမြစ် တစ်ခုလုံး ယိုင်လဲပျက်စီး သွားခဲ့ရပါတယ်။ ကျောင်းအားလုံးဟာ မြစ်ကူး ချောင်းခြား အရပ်တွေမှာပဲ ရှိပြီး ရန်ကုန်မြို့ရဲ့ အရှေ့အနောက် တောင်မြောက် တကွဲစီ ရွှေ့ပစ်ခဲ့တဲ့ အတွက် ကျောင်းသားထုကြား တည်ရှိပြီး ဖြစ်တဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲ သွားခဲ့ရပါတယ်။ ဆက်သွယ် ရေးလမ်းကြောင်း အားလုံး ပြတ်တောက် သွားခဲ့ရပါတယ်။ နယ်ကျောင်းသားတွေ အနေနဲ့လည်း ရန်ကုန် မှာ တက်ခွင့် မရှိတော့တာကြောင့် အရေးတော်ပုံ အားလုံးလိုလို ရဲ့ အရှိန်ယူ သန္ဓေတည်ရာ ဖြစ်တဲ့ အဆောင်နေ ကျောင်းသား ကလပ်စည်း တွေ ကွယ်ပျောက် သွားခဲ့ရပါတယ်။ နောက် ပိုပြီး ထိခိုက်စေ တဲ့အချက်ကတော့ ကျောင်းတွေကို ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် တက္ကသိုလ်တွေရဲ့ ယဉ်ကျေးမှု အဆင်တန်ဆာ ဖြစ်တဲ့၊ အခေါင်အထွတ်ဖြစ်တဲ့ အသင်းအပင်း အနုပညာ အဖွဲ့အစည်း အားလုံး ခြေရာ လက်ရာ မကျန်ရစ်အောင် ပြယ်ပျက် သွားခဲ့ရတာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ Atmosphere ပျက်စီး သွားခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ အညွန့်တလူလူ ဖြစ်နေတဲ့ စိတ်တွေအားလုံး အနည်း နဲ့ အများ ဆိုသလို ထိခိုက်ပျက်စီး ခဲ့ရပါတယ်။မြန်မာနိုင်ငံ ပညာရေးစနစ် တစ်ခုလုံး အခြေအမြစ်ကနေ ဗုံးဗုံးလဲ ပြိုကျပျက်စီးသွားခဲ့ပြီး မျိုးဆက်ဟောင်း ကျောင်းသားကျောင်းသူ တွေနဲ့ မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေ ကြားမှာ အဆက်အသွယ်ပြတ်တောက်မှု၊ လပ်ဟာမှု ကြီးကြီးမားမားကြီးကို ဖြစ်ပေါ်သွားခဲ့ရပါတယ်။ ယခင်တက္ကသိုလ်ကြီးတွေကို သိမီလိုက်တဲ့ မျိုးဆက်ဟောင်းနဲ့ သိမီခြင်းအလျဉ်းမရှိတဲ့ မျိုးဆက်သစ်တွေ အကြား ထိတွေ့ခွင့်တောင် မပေးခဲ့တဲ့ အထိ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် သုတ်သင်ပစ်ခဲ့တာကို ဆိုလိုတာပါ။ လူမျိုးတစ်မျိုး (ဝါ) အဖွဲ့အစည်း တစ်ရပ်ကို နှိမ့်ချချင်ရင် အဲဒီလူမျိုး (ဝါ) အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်ကို နှိမ့်ချပေးလိုက် ခြင်းအားဖြင့် လူမျိုး (ဝါ) အဖွဲ့အစည်းလဲ အလိုအလျောက် နိမ့်ပါးသွားရမှာသာ ဖြစ်ပါတယ်။ ဒီလို အင်မတန် ရက်စက်တဲ့ အတွေးအခေါ်ကို နအဖအစိုးရဟာ ဖက်ဆစ်ဝါဒကို ကျင့်သုံးတဲ့သူတွေပီပီ တိတိကျကျ အကောင်အထည်ဖော်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ၇၅ နှစ်တိုင်တိုင် ထည်ထည်ဝါဝါ ရပ်တည်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတော်ကြီး တွေဟာ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်ကျန်ခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ နိုင်ငံရေး ရေချိန်လည်း သိသိသာသာ လျော့နည်း ကျဆင်းသွားခဲ့ ရပါတော့တယ်။ ပေးဆပ်ခဲ့ရမှု အနေနဲ့ကတော့ ကျွန်တော့်တို့ ဆန္ဒပြပွဲ မှာ ဦးဆောင်လှုပ်ရှား ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်း အပါအဝင် ရဲဘော်ကျောင်းသား အားလုံး စာမေးပွဲ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ခုနစ်နှစ် ပြစ်ဒဏ် စီရင်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အကြီးမားဆုံး နဲ့ တစ်ခုတည်း သော အကျိုးအမြတ်ရလဒ် အနေနဲ့ကတော့ သမိုင်းစဉ် တလျှောက်လုံး ဝံ့ဝံ့ကြွားကြွား ရပ်တည်လာခဲ့တဲ့ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံးရဲ့ အမျိုးသားနိုင်ငံရေး ဂုဏ်သိက္ခာ နဲ့ ခွပ်ဒေါင်းအောင်လံ ကို ကျောင်းသားထုကြီး တရပ်လုံးရဲ့ ကိုယ်စား တိုက်ပွဲနဲ့ပဲ ဂုဏ်ရောင်ပြောင်ပြောင် ရှေ့လာမယ့် အနာဂတ် ဆီ လက်ဆင့်ကမ်း သယ်ဆောင် နိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ သပိတ်တိုက်ပွဲ ဟာ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု ရဲ့ နောက်ဆုံး ကြိုးပမ်းမှု အနေနဲ့ သမိုင်းထဲကို တိုးဝင်သွားခဲ့ ရပါတော့တယ် ။ ။

ညိုထက်ညို



၉၈ နောက်ဆက်တွဲ စာမျက်နှာ

ဧည့်ခန်းမှာ ထိုင်နေတဲ့ သူ့ကို မြင်လိုက်ကတည်းက သူ ကျွန်တော့်ဆီ ဘာအတွက် လာတယ် ဆိုတာ ကျွန်တော် သိလိုက်ပါပြီ။ တကယ်က ဒီအချိန်မှာ အမေက ကျွန်တော့်ကို အပြင် ပေးမထွက်ချင်တော့ပါဘူး ။ စာမေးပွဲပဲ ကပ်လှပါပြီ။ ကျွန်တော် အခုမှ ဟိုပြေး ဒီပြေး နဲ့ မိတ္တူ တွေ လိုက်ဆွဲရနေတာလဲ အမေအသိမို့ အမေက ကျွန်တော့်ကို အပြင် ပေးမထွက်ချင်ပါ။
ဒါပေမဲ့ သူ နဲ့ ကျွန်တော် အပြင်ထွက်ခဲ့ကြပါတယ်။

……………………………… …………………………… ……………………………….

လူအရှင်းဆုံးဆိုင်ကို ကျွန်တော် ရွေးလိုက်ပါတယ်။ တခြား ဘယ်အသိအကျွမ်း နဲ့မှ ကျွန်တော် မတွေ့ချင်လို့ပါ။ ဒါနဲ့ ကျွန်တော် နဲ့ သူ လမ်း၄၀ အလယ်လမ်း ရဲ့ အနော်ရထာ နဲ့ ကပ်နေတဲ့ ထိပ်ဘက်မှာ ဖွင့်ထားတဲ့ ‘သရဝဏ်’ ကို ရောက်ခဲ့ကြပါတယ်။
ပြီးတော့ ကျွန်တော် နဲ့ သူ ဟိုး ဆိုင်အထဲ အရောက်ဆုံး စားပွဲမှာ ထိုင်လိုက်ကြပါတယ်။

ကျွန်တော်တို့ နှစ်ယောက်ရှေ့က လက်ဖက်ရည်တွေ နွေးနေတုန်းမှာပဲ သူက စပြောပါတယ်။

ပြောတယ်ဆိုတာထက် စမေးပါတယ်။
”ငါတို့ ဘာဆက်လုပ်ကြမလဲ” တဲ့။

ကျွန်တော့်မှာလဲ အဖြေမရှိ။
ကျွန်တော် သူ့ပဲ ပြန်ကြည့်နေမိတယ်။
အင်း… သူကတော့ ကျွန်တော့်ထက် တက်ကြွပါပေတယ်။
ကျွန်တော် သူ့ကို ငေးနေတုန်းပဲ သူ က ကျွန်တော့်ကို ထပ်ပြောတယ်။
စာမေးပွဲ ဖြေမယ့်နေ့ ကျရင် မဖြေခင်မှာ ဝင်မဖြေဘဲ ဆန္ဒပြကြမလားတဲ့….
ကျွန်တော် အချိန် အတော်ကြာတဲ့ အထိ အဖြေ မပေးနိုင်ပါ။
ပြီးမှ “တခြားသူတွေ သဘောကော ဘယ်လိုရှိသလဲ” လို့ ကျွန်တော် သူ့ကို ပြန်မေးလိုက်ပါတယ်။
ကျွန်တော့်အမေး ကို သူ မဖြေနိုင်ပြန်ပါ။ ကျွန်တော့် ဘက်ကလည်း အတော် အဖြေရ ခက်နေပါပြီ။
တစ်ဖက်မှာလဲ ဒါဟာ နောက်ဆုံးတိုက်ပွဲ… အခြားတစ်ဖက်မှာလဲ အောင်မြင်ဖို့ အခြေအနေ မှေးမှိန်နေတယ်လို့ ကျွန်တော် ခန့်မှန်းမိ။ စာမေးပွဲတော့ ပျက်မသွားနိုင်။ ကျွန်တော်တို့ တကယ် ပြန်တွေ့ကြတာကလဲ တစ်ပတ်သာသာ။ ယေဘုယျ အနေနဲ့ ကျောင်းသားထုကြား တိုက်ပွဲဝင်စိတ်ဓာတ် လျော့ရဲနေတာကလဲ အရှိတရား ဖြစ်နေပြန်။ အတွေးတွေထဲ ကျွန်တော် နစ်မြုပ်နေမိပြန်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလဲ တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်လေသူ သူငယ်ချင်း။ ကျွန်တော်တို့ တစ်ယောက်လက် တစ်ယောက်တွဲရမယ့် တာဝန်ဝတ္တရား ရှိပါတယ်။
“အင်း…တော်တော်တော့ ခက်မယ်ထင်တယ်”
ကျွန်တော့်ဆီက အဖြေထွက်လာတယ်။
ပြီးမှ တကယ်လို့ ဆန္ဒပြဖြစ်မယ် ဆိုရင်လည်း ကျွန်တော် ပူးပေါင်းပါဝင်ပါ့မယ် လို့ သူ့ကို ပြန်ဖြေလိုက်ပါတယ်။

အဲဒီနေ့ဟာ စက်တင်ဘာလ ၄ရက်နေ့။
မနက် ဆယ်နာရီ ဆယ့်ငါးပါ။

အဲဒီနေ့ကတည်းက သူ့ဆီက ကျွန်တော် ဘာမှ ပြန်မကြားတော့ပါ။ ဒါနဲ့ စာမေးပွဲ ဖြေမယ့်နေ့ကို ရောက်လာပါတယ်။

အဲဒီနေ့ မနက် က ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး သူငယ်ချင်း တစ်ယောက် ကားနဲ့ စောစောထွက်လာကြ ပါတယ်။ အဲဒီနေ့မနက်က မိုးတွေ အုံ့နေပါတယ်။ ကျွန်တော်တို့ သွားရိုးသွားစဉ် ပြည်လမ်းအတိုင်း လာခဲ့မိတော့ လမ်းတွေ အကုန် ပိတ်ထားပါတယ်။ နောက်ဆုံး ကမ္ဘာအေးဘုရားလမ်း ဘက်က ပတ်အသွားမှာ လမ်းထပ်ပိတ်ထားလို့ ကျွန်တော်တို့ အားလုံး ကားပေါ်က ဆင်းပြီး အစောင့်ရဲတစ်ယောက် နဲ့ ရန်ဖြစ်ကြပါတော့တယ်။ အဲဒီမှာ ကျွန်တော်တို့ စာမေးပွဲ သွားဖြေမယ့်အကြောင်း ပြောပြတော့ ဟိုးနောက်က ရဲမှူးတစ်ယောက် ထလာပြီး သွားခွင့်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကျောင်းကို ရောက်တော့ စာမေးပွဲတောင် စခါနီးပါပြီ။

ကျွန်တော် စာမေးပွဲခန်းထဲ ဝင်သွားတော့ လူတွေ အတော်စုံနေပါပြီ။ ကျွန်တော့်ကို လာမေးခဲ့တဲ့ သူငယ်ချင်းက ကျွန်တော်နဲ့ တန်းခွဲမတူလို့ သူ့ကို ကျွန်တော် အတန်းထဲမှာ မတွေ့နိုင်ပါဘူး။ ကျွန်တော်လဲ အခြေအနေကို အကဲခတ်လိုက်ပြီး မလုပ်ဖြစ်တော့ဘူး ဆိုတာ တွက်ဆမိလိုက်ပါတယ်။

ဒုတိယမြောက် စာမေးပွဲဖြေတဲ့နေ့မှာတော့ ကျွန်တော့် သူငယ်ချင်း အပါအဝင် ကျောင်းသား နှစ်ဆယ်အစိတ်လောက် ကျွန်တော်တို့ ကျောင်းမှာ စာမေးပွဲ မဖြေရဘဲ အင်းစိန် ဂျီတီအိုင် မှာပဲ စာမေးပွဲ ဖြေနေရတယ် ဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်လဲ အသည်းအသန် စာမေးပွဲ နဲ့ နပမ်းလုံးနေရပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ calculus၊ chemistry၊ physics၊ drawing တစ်ခုပြီးတစ်ခု ပြီးသွားပါတယ်။ မေးခွန်းတွေဟာ လွယ်လွန်းလို့ စာတော်သူ စာရင်းထဲ ဘယ်တော့မှ မပါခဲ့သူ ကျွန်တော်တောင် အတော် ဖြေနိုင်ခဲ့ပါတယ်။ ဖြေရတာဟာ ခုနစ်ဘာသာ မို့လို့ ကျွန်တော့် တစ်သက်တာမှာ အများဆုံးပါပဲ။ ဒီလိုနဲ့ နောက်ပိတ်ဆုံး ဘာသာ ဖြစ်တဲ့ workshop ဖြေတဲ့နေ့ကို ရောက်လာပါတယ်။

workshop ကလဲ ပရက်တီကယ် သုံးခါလောက်လုပ်ပြီး နောက်ကျန်တဲ့ ပရက်တီကယ်တွေ တစ်ခုမှ မလုပ်ဖြစ်ခဲ့ပါ။ ဒါပေမယ့် ကျောင်းသားတိုင်း အမှတ်၂၀ ရပြီး ဆိုတာ လူတိုင်း သိနေပါတယ်။ မေးတဲ့မေးခွန်းတွေကလဲ ခပ်လွယ်လွယ်ပဲမို့ အဲဒီနေ့က ကျွန်တော် နေ့လယ် နှစ်နာရီလောက်မှာပဲ အဖြေလွှာကို ဆရာမ ကို ပေးလိုက်ပြီး စာမေးပွဲ အချိန်မစေ့ခင်ဘဲ အပြင် ပြန်ထွက်လာခဲ့ပါတယ်။

ကျွန်တော် L8 နောက်က ထွက်ထွက်ချင်း အိတ်ထဲက ချွေးတွေနဲ့ ညိုညစ်ညစ် ဖြစ်နေတဲ့ လန်ဒန်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်ပါတယ်။ ပြီးတော့ လှေကားက ဆင်းပြီး ကျွန်တော် ရှေ့ဆက်ထွက်လာရင်း ညာဘက်က ခရေပင်ကြီးတွေကို ကျွန်တော် ကြည့်မိပါတယ်။ ကောင်းကောင်းမကုန်ချင် သေးတဲ့ မုတ်သုန်ရဲ့ အငွေ့အသက်တွေအောက်မှာ ခရေပင်ကြီးတွေကို ကျွန်တော် တွေ့နေရပါတယ်။ မိုးကလဲ နည်းနည်းအုံ့နေပါတယ်။ ကျွန်တော် ငေးရင်း ဆက်လျှောက်လာနေတုန်းမှာ တိမ်တွေ ဖယ်သွားပြီး နေကထွက်လာပါတယ်။

လမ်းကလေး အဆုံးကို ရောက်တော့ တိုင်ကြီးတွေဆီ ကျိုးတိုးကျဲတဲ အပင်ရိပ်တွေကို ဖြတ်ပြီး ကျွန်တော် တက်လာခဲ့ပါတယ်။ တိုင်ကြီးတွေကို နေပူထဲမှာ ကြံ့ကြံ့ခိုင်ခိုင် မတ်တပ်ရပ်မြဲ ရပ်နေတာ ကျွန်တော် တွေ့ရပါတယ်။ ကျွန်တော် တိုင်ကြီးတွေကြား ဖြတ်ပြီး လျှောက်လာခဲ့ပါတယ်။

ကျွန်တော် နောက်ဆုံးတိုင်ကြီးရဲ့ အရိပ်အောက်ကို ရောက်တာနဲ့ ကျွန်တော့် ခြေလှမ်းတွေက အလိုအလျောက် ရပ်တန့်သွားပါတယ်။ ပြီးတော့ ကျွန်တော့် ရှေ့မှာ မြင်နေရတဲ့ တရုတ်စံကားပင်ကလေးကို ကြည့်ပြီး ကျွန်တော် မတ်တပ်ရပ်နေမိပါတယ်။

ကျွန်တော့်အသက်ဟာ ၂၂ နှစ်။ မာယာကော့စကီး ရေးတဲ့ လူချောလူလှ ၂၂ နှစ်သားကလေး။ ဒီအရွယ်မှာပဲ ကျွန်တော်ဟာ သမိုင်းဝင် ဖြစ်ရပ်တစ်ခုရဲ့ မျက်မြင်သက်သေ တစ်ယောက် အဖြစ်သာမက ကိုယ်တိုင် ကြုံတွေ့ခံစားရသူ အနေနဲ့ပါ တိုင်ကြီးတွေရဲ့ အရိပ်အောက်မှာ ရောက်နေရပါပြီ။

ကျွန်တော် ဒီကျောင်းကြီးကို ဝင်လာတော့ ကျွန်တော့် အတွေးအခေါ်ဟာ နုနုနယ်နယ်။ အခု ကျွန်တော် ထွက်သွားရမယ့် အချိန်ကျတော့ ဘာပဲပြောပြော အတန်အသင့် ရင့်ကျက်ခဲ့ပါပြီ။ ဘဝရဲ့ အရေးပါတဲ့ ကွေ့ချိုးတစ်ရပ်ကို ဖြတ်သန်းခဲ့ရပါပြီ။ အဲဒီမှာပဲ အခု ကျွန်တော် ခံစားနေရတာ တွေဟာ ဘာ့ကြောင့်လဲ။ ကျွန်တော် နဲ့တကွ ကျွန်တော့် မိသားစုဝင် တွေအားလုံး၊ အိမ်နီးနားချင်းတွေ အားလုံး၊ အဆွေအမျိုး တွေအားလုံး၊ ဘာ့ကြောင့် ကြိမ်မီးအုံးသလို ခံစားနေရတာလဲ။ အဲဒီ မေးခွန်းတွေနဲ့ ကျွန်တော် ဆူပွက်လာပါတယ်။

အဲဒီခဏမှာ ကျွန်တော်ဟာ ကျွန်တော် နဲ့တကွ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိရှိသမျှ တပ်မတော် အပါအဝင် ပြည်သူပြည်သား မှန်သမျှ ရင်ဆိုင်နေရတဲ့ “စစ်အာဏာရှင် စနစ်ဆိုး” ကြီး ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကြီးမားဆုံး ရန်သူ စင်စစ်ပဲ ဆိုတာ ခံစားသိနဲ့ ရုတ်တရက် သိလိုက်ပါတယ်။ အဲဒီခဏမှာပဲ ကျွန်တော်တို့ ပထမနှစ် တုန်းက ထုတ်ခဲ့တဲ့ စက်မှုမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ဆရာကြီး ဦးသာလှိုင် ဆောင်းပါးထဲက “မြို့မကျောင်းက သူ့ကို အမျိုးသားရေး အမွေပေးခဲ့တယ်” ဆိုတဲ့ စကားကို ကျွန်တော် ပြန်ကြားမိပါတယ်။ တစ်ဆက်တည်း ကျွန်တော့်ကိုလဲ ရန်ကုန် စက်မှုတက္ကသိုလ်က၊ တိုင်ကြီးတွေက အမျိုးသားရေး အမွေ ပေးလိုက်ပြီ ဆိုတာ ကျွန်တော် သိမြင်လိုက်ပါတယ်။ တိုင်ကြီးတွေက
“တိုင်းပြည်ဟာ မလွတ်လပ်လို့ ကျွန်တော်တို့ ဒီလို ခံကြရတယ်။ ကျွန်တော်တို့ဟာ အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ တိုင်းပြည် လွတ်လပ်ရေး ပြန်ရအောင် လုပ်ကြရတော့မယ်။ တိုင်းပြည်ဟာ အရေးပေါ် အခြေအနေကို ကြုံနေရပြီ ဖြစ်တယ်။ ပြည်ထောင်စုသား အားလုံး ကျောသားရင်သား မခွဲခြားဘဲ တတ်နိုင်သမျှ တတ်နိုင်တာ မှန်သမျှ လုပ်ကြရတော့မယ်။ ပေးကြရတော့မယ်။ အနိမ့်ဆုံးအဆင့် စစ်အာဏာရှင် စနစ်ကို မပံ့ပိုးစတမ်း ဆိုတဲ့ သီလကိုတော့ စောင့်ကြရတော့မယ်” တိုင်ကြီးတွေက ကျွန်တော့်ကို အဲဒီလို ပြောနေကြပါတယ်။
အဲဒီ တိုင်ကြီးတွေက ပေးတဲ့ အမျိုးသားရေး အမွေကို ကျွန်တော် ကျေကျေနပ်နပ် ခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ဘယ်နေရာ ဘယ်ဘဝ ရောက်ရောက် တတ်နိုင်တဲ့ဘက်က တိုင်းပြည်အတွက် စစ်အာဏာရှင်စနစ် ကို ဆန့်ကျင်ပါ့မယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကို မမေ့မလျော့ ထောက်ခံ အားပေးပါ့မယ်။ ပါဝင်ဆောင်ရွက်ဖို့လဲ ကြိုးစားပါ့မယ် လို့ ကျွန်တော်တို့ ကျောင်းသား အားလုံးကို ကိုယ်စားပြုပြီး စိတ်ညွှတ်လိုက်ပါတယ်။

အဲဒါတွေပြီးရင်တော့…
ကျွန်တော် မျိုးဆက်သစ် ကျောင်းသားတွေ နဲ့အတူ…
ပြန်လာခဲ့မှာပါ တိုင်ကြီးတွေရယ်…
ကျွန်တော် အဓိပ္ပာယ်တွေ တသီတတန်းကြီး တွဲခိုနေတဲ့ မျက်လုံးတွေနဲ့ တိုင်ကြီးတွေကို ကြည့်လိုက်တယ်။

နောက်ဆုံးတိုင်ကြီးရဲ့ အရိပ်အောက်က ပြန်ထွက်ခဲ့ပြီမို့ နေပူကြီးထဲမှာ ကျွန်တော် တစ်ယောက်တည်း။ ။

ညိုထက်ညို

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army ARSA art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF bingal Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast J. Krishnamurti Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးကြီး ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟန မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရိုဟင်ဂျာ ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အသုတ် အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဧဝံမေသုတံ ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels

Recent Post