Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 9, 2017

နိုင်ငံတကာလက်မည်းကြီး


နိုင်ငံတကာလက်မည်းကြီး

ခေါင်းစဉ်အမျိုးမျိုး၊ ဆိုင်းဘုတ်အသွယ်သွယ်ကိုင်ပြီး၊ ဝင်လာသည့် ပြည်ပအဖွဲ့အစည်းပေါင်းများစွာရှိသည်။ ကူညီထောက်ပံ့ရေး၊ ကယ်ဆယ်ရေး၊ စောင့်ကြည့်လေ့လာရေး၊ အရည်အသွေးမြှင့်တင်ရေး၊ လူ့အခွင့်အရေး၊ သယံဇာတစီမံခန့်ခွဲရေး၊ ဖက်ဒရယ်အရေး၊ ပေါ်လစီ အရေး၊ အရေး အရေး အရေး….

အရေးအရာပေါင်းမြောက်မြားစွာအတွက်၊ အဖွဲ့ပေါင်းမြောက်မြားစွာ နေ့စဉ် ဝင်လာမစဲ တစ်သည်းသည်း။ ကျနော်တို့ နိုင်ငံက၊ လူဦးရေ သန်း ၅၀ ကျော်သာ ရှိသည်။ နိုင်ငံကလည်း၊ သိပ် ကြီးကြီးမားမား ထဲက မဟုတ်။ သို့သော်… ပြဿနာများက သောင်းခြောက်ထောင်။ ယခင်ကလည်း ရှိသည်။ ယခုလည်း ရှိသည်။ နောင်လည်း ရှိနေအုံးမည်။ အကင်းမသေသော အနာများ ရင်းထလာပြီး၊ အနာဆွေးများ ပွထနေသည်။ အရင်းအမြစ်မှာ၊ ဘယ်ကလာသနည်း။ ကျနော်တို့ မေးခွန်းထုတ်ကြစို့။

ကိုယ့်နိုင်ငံက၊ တာဝန်ရှိသူတွေကို မေးခွန်းထုတ်သလို၊ ကူမယ် ကယ်မယ်… ဖေးမမယ်ဆိုသည့် လူများကိုလည်း မေးကြစို့၊ မြန်းကြစို့။

• ဒေါ်လာရေစီးမှာ မျောသူများ

မြန်မာနိုင်ငံမှာ၊ အရှုပ်တွေ ရှိသည်။ အရှုပ်တွေကို အစဆွဲထုတ်သူများ လည်း ရှိသည်။ နိုင်ငံတကာက ပိုများ သည်။ မူဝါဒ အစီအရင်တို့ ကိုယ်စီ ကိုင်လာပြီး၊ မြန်မာပြည်တွင်းသို့ ဟိုလူ့အချိတ်အဆက်၊ ဒီလူ့အချိတ် အဆက်ဖြင့် ဝင်လာသည်။ ငွေဖြင့်မျှားသည်။ မြန်မာတို့လည်း မျောသွားသည်။ မျောမှာပေါ့… ဒေါ်လာရေစီး ကြောင်းက ကြီးသည်ကိုး။

နိုင်ငံတကာအထောက်အပံ့များဖြင့်၊ ကြွယ်ဝချမ်းသာသွားသည့် နိုင်ငံ ဘယ်နှနိုင်ငံ ရှိသနည်း။ ကျနော်တို့ လုပ်ရ မှာက၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဖြစ်သည်။ မည်သူ ကယ်မှ ဆယ်မှ ကျနော်တို့ ဆင်းရဲတွင်းက လွတ်နိုင်စရာ အကြောင်းမရှိ။ ထို့အပြင်၊ ပဋိပက္ခများ၊ ပြဿနာများ၊ ဆုံးရှုံးနစ်နာမှုများကိုလည်း ကိုယ်ကိုယ်တိုင်သာ၊ ရှင်းကြ လင်းကြ၊ အဖြေထုတ်ကြမှ အလုပ်ဖြစ်မည်။ ပွဲစားအားကိုးဖြင့်၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းလို့ကား မရ။

လူမှု ပြဿနာများ၊ ငတ်မွတ်ခေါင်းပါးသည့် ပြဿနာများမှာလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ကိုယ့်တိုင်း ပြည်၏ ကြမ္မာကို ကိုယ့်ပြည်သူတွေကသာ၊ ပြဌာန်းနိုင်ပါလိမ့်မည်။ အကူအညီများသည် ကောင်းပါသည်။ အကယ်အဆယ်များသည် ကောင်းပါသည်။ သို့သော် ကူတိုင်း မကောင်း၊ ကယ်တိုင်း မကောင်း။ နိုင်ငံရေးသည် အလှူပေးခြင်း မဟုတ်။ အကျိုးအမြတ်များဖြင့် ချည်နှောင်ရန်သာ၊ ဝင်လာကြခြင်းဖြစ်သည်။

ငါးပွက်ရာ ငါးစာချသူများ ရှိသည်။ အကျိုးလို၍ ညောင်ရေလောင်းသူများ ရှိသည်။ ဝက်ဖဲများဖြင့်၊ ကစားချင်သူ များ ရှိသည်။ စစ်တွေဖြစ်မှ လက်နက် ရောင်းရမည့် သူများ ရှိသည်။ မငြိမ်းချမ်းမှ လူရာဝင်မည့် သူများ ရှိသည်။ ထိုသူများအဖို့၊ စစ်ဖြစ်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ မငြိမ်းချမ်းခြင်းသည် သူတို့အတွက် သတင်းကောင်းဖြစ်သည်။ ဒေါ်လာရေစီးမှာ ကျင်လည်ကျက်စားရင်း၊ မိုးခါးရေ သောက်မိသွား သူများကလည်း ထုနှင့် ဒေး။ မိုးခါးရေများက လည်း၊ ချောင်းမှ မြစ်သို့၊ မြစ်မှ ပင်လယ်သို့၊ ပင်လယ်မှ သမုဒ္ဒရာသို့ ကျယ်ပြန့်စွာ စီးဆင်းနေကြမြဲ။

ကျနော်တို့ နိုင်ငံသည် အကဲဆတ်သော အခြေအနေတွင် ရှိနေသည်။ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြင့်၊ အကင်းမသေသော သမိုင်း အနာများရှိသည်။ အနာနှင့်ဆေး တွေ့အောင်ရှာမှ ကောင်းသည်။ အနာတွေ့၍ ဆေး ပေးချင်သူများကလည်း များလှသည်။ ထိုအများအပြား၌၊ နိုင်ငံတကာ ပုဂ္ဂိုလ်ကြီးများက ပိုများလိမ့်မည် ထင်သည်။

ညီလာခံကြီးများ၊ အခမ်းအနားကြီးများဖြင့် သူတို့၏ တွေ့ရှိချက်များကို၊ ပြည်ပသို့ အာဝဇွန်း ရွှင်ရွှင် ပြောဟောရ သည်ကိုပင်၊ ခံတွင်းတွေ့နေ ဟန်ရှိသည်။ နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းလို့၊ ငြိမ်းချမ်းသွားသည့် စစ်ပွဲများ ပဋိပက္ခများ မည်မျှရှိပါသနည်း။

• ဟိုကိုရီးယား

ကိုရီးယားကို ကြည့်ပါ။ အခုအချိန်ထိ ပေါင်းစည်းနိုင်သေးရဲ့လား။ ဆိုဗီယက်နှင့်၊ အနောက်အုပ်စုတို့ ကြောင့် ညီအစ်ကို ချင်းဖြစ်သည့် စစ်ကို အကြီးအကျယ် ခံရသည်။ လူအများသေကြေသည်။
၃၈ မျဉ်းပြိုင်က အခုထိ စည်းခြား ထားနေတုန်း။ တကယ်တော့ ဟိုကိုရီးယားမကြီးက၊ လူ့အခွင့်အရေးကို မြန်မာနိုင်ငံ၌ လာအော်ရမည် မဟုတ်။ သူ့နိုင်ငံ၏ ခြံစည်းရိုး တစ်ဖက်ခြမ်းက သူ့အမျိုးတွေ အတွက် အော်ပေးမှ ကောင်းမည်။

တကယ်တော့ နိုင်ငံတကာဆိုတာ၊ အင်မတန် လက်တံကျယ်သည်။ နိုင်ငံတကာ ခေါင်းစဉ်တပ်၍ သူများနိုင်ငံ၏ အချုပ်အခြာအာဏာကို၊ ကလိတိတိ ရိတိတိ လုပ်လို့ရသည်။ တို့ခနိ ဆိတ်ကနမ်း လုပ်လို့ ရသည်။ အဆင်သင့် လျှင်၊ နားရွက်ဖျားကို တံတွေးဖြင့် ဆွတ်၍ ရသည်။

• ခွက်မြှောက် ငြိမ်းချမ်းရေး

နိုင်ငံတကာအဖွဲ့ အမည်ခံဖြင့်၊ ဆိုင်းဘုတ်ပေါင်းမြောက်များစွာရှိသည်။ နေရာ ပေါင်းစုံအတွက်၊ ဆိုင်းဘုတ် ပေါင်းများစွာ။ တစ်ခုမှသာ မဖြေရှင်းနိုင်တာ ဝင်မပါသည့် နေရာကတော့ တစ်ခုမှ မရှိ။ လုပ်လိုက်ရသည့် ညီလာခံများ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲတွေ၊ တွေ့ဆုံပွဲတွေ။ ဘာတစ်ခုက ဖြစ်ဖြစ်မြောက်မြောက် ဖြေရှင်းနိုင် လိုက်သနည်း။

ဖြစ်သွားသည်က၊ ဒေါ်လာကြိုက်သမားများ များပြားလာခြင်းနှင့်၊ နောက်မှီးဆွဲလိုက်သူများ ပေါများလာခြင်းပင် ဖြစ်သည်။ ရမ်၊ ဝီစကီ နှင့် ဘီယာ ခွက်တို့ မြှောက်ပြီး ၊ ငြိမ်းချမ်းရေး / လူ့အခွင့်အရေး တို့ အော်နေကြသူများ ကလည်း ဒုနှင့်ဒေး။ နိုင်ငံတကာဓလေ့အဖြစ် အမြစ်ဆွဲပြီး သကာလ၊ နိုင်ငံအတွင်းက ရေပေါ်ဆီ အုပ်စုများထံသို့ ပါ ကူးစပ်လျက်။ ခွက်များ မြှောက်ပြီး ငြိမ်းချမ်းရေးအော်နေရုံဖြင့်၊ ဘယ်သောအခါမှ ငြိမ်းချမ်းရေး မရ။ လူ့ အခွင့်အရေးကို ခွက်များ မြှောက်ပြီး အော်နေသရွေ့ အာလေးလျှာလေး အသံသာထွက်လိမ့်မည် ထင်သည်။

• ကုလသမဂ္ဂလား၊ အကျိုးစီးပွားလား

သံအမတ်ကြီးဟောင်း တစ်ဦး ပြောတာ ဖတ်ဖူးသည်။
ကုလသမဂ္ဂ ကြားဝင်ဖြေရှင်းမှုအကြောင်းဖြစ်သည်။ ကုလသမဂ္ဂ၏ ဖြေရှင်းမှုက ဤသို့ ။

“နိုင်ငံငယ်လေး နှစ်နိုင်ငံအကြား ပြဿနာဖြစ်၍ ကုလသမဂ္ဂက ဖြေရှင်းပေးလျှင် ပြဿနာ ပျောက် ကောင်းပျောက်နိုင်သည်။
နိုင်ငံကြီးနှင့် နိုင်ငံငယ်လေးအကြား ပြဿနာဖြစ်လျှင်တော့၊ ပြဿနာတော့ ပျောက်မသွား၊ နိုင်ငံငယ် လေး ပျောက်သွားနိုင်စရာ ရှိသည်။
နိုင်ငံကြီး နှစ်နိုင်ငံ ပြဿနာဖြစ်လျှင်တော့၊ ပြဿနာပျောက်မသွားသည့် အပြင်၊ ကုလသမဂ္ဂပါ ပျောက် သွားနိုင်စရာ ရှိသည်” ဟူ၍။

တိကျသော စကားလုံးများတော့ မဟုတ်။ ကျနော် မှတ်မိသလောက် သဘောလိုရင်းကို ရေးပြရခြင်းဖြစ်သည်။ ကျနော်တို့ ဆန်းစစ်ကြရမည်မှာ၊ ကမ္ဘာနိုင်ငံရေးသည် အကျိုးစီးပွားများဖြင့် မောင်းနှင်နေဆဲ ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။

• နိုင်ငံရေးသည် အလှူပေးခြင်း မဟုတ်။
• နိုင်ငံရေး၌ ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ မရှိ။
• ထာဝရ အကျိုးစီးပွားသာရှိသည်။
• နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ အလကားပေးရိုး ထုံးစံ မရှိ။
• နိုင်ငံရေးကို မောင်းနှင်နေသည်မှာ၊ အကျိုးစီးပွားသာ ဖြစ်သည်။

လီကွမ်ယုက ပြောဖူးသည်။ ပိုက်ဆံလိုချင်ရင်၊ နိုင်ငံရေး မလုပ်နှင့်… ဟူ၍။ တမလွန်က၊ လီကွမ်ယုများ သိပါလေစ။
“ #နိုင်ငံတကာနိုင်ငံရေးကို_ဒေါ်လာကမောင်းတယ်…” ဆိုတာ….

မင်းသေ့
ညနေ ၆း ၂၅
၉ ၊ ဇူလိုင် ၊ ၂၀၁၇

photo credit

No comments:

Post a Comment