Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 30, 2017

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဟု ဆိုသူကို PCMJ က အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်ခြင်း


ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဟု ဆိုသူကို PCMJ က အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်ခြင်း
=============================
ဇွန်လ ၃၀ ရက်နေ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အမှု ရုံးချိန်းတွင် သတင်းမီဒီယာများက သွားရောက်သတင်းယူကြစဉ် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင် (ကိုယ်ပိုင်အမှတ် ၈၅၂၂၉ ၄) က တရားရုံး ပြင်ပတွင် သတင်းရယူနေသော သတင်းသမားများ၊ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့၏ လှုပ်ရှားမှုမှန်သမျှကို သိသိသာသာရော မသိမသာပါ လိုက်လံ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ထိုသို့ လုပ်ဆောင်ရာတွင် ခွင့်ပြုချက်တောင်းခြင်းမရှိဘဲ မရိုးဖြောင်သော့ သဘောဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ရှုထောင့်မျိုးစုံမှ ရိုက်ကူးခဲ့သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ(PCMJ) မှ သတင်းသမားများက ၎င်းကို ခေါ်ယူ၍ ဘာကြောင့် သတင်းသမားများ၏ ဓာတ်ပုံနှင့် လှုပ်ရှားမှု များကို မှတ်တမ်းတင်ရသနည်းဟု မေးမြန်းရာ ရေရေရာရာ ဖြေကြားနိုင်ခြင်းမရှိဘဲ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှဖြစ်ကြောင်း ပြောဆိုသည်။ ၎င်းက သူ၏အထက်သို့ ဖုန်းဆက်မည်ဟု ပြောဆိုခဲ့သည်။ တပ်ကြပ်စိုးမြင့်အောင်နှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်များ၊ သက်သေများကိုလည်း မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ရရှိထားပြီးဖြစ်သည်။

၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအရ နိုင်ငံသားများဖြစ်သည့် သတင်းထောက်များ၏ လုံခြုံမှုနှင့် လွတ်လပ်မှုကို များစွာ ထိခိုက်ပါသောကြောင် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဗဟန်းမြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်သည်။

ယင်းသို့တိုင်ကြားမှုအပေါ် ဗဟန်းရဲစခန်းမှ ဒုတိယမြို့နယ်မှူးက တိုင်စာကို လက်ခံထားပြီး ဥပဒေအရ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သော ဥပဒေဆိုင်ရာ ကိစ္စ ရပ်များကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ
ရန်ကုန်မြို့





No comments:

Post a Comment