CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 25, 2017
တော်လှန်ရေး မဆုံးမီ ကွယ်လွန်ရရှာသည့်  — အယ်ဒီတာချုပ် — ရဲဘော်ဘဟိန်း
တော်လှန်ရေး မဆုံးမီ ကွယ်လွန်ရရှာသည့်  — အယ်ဒီတာချုပ် — ရဲဘော်ဘဟိန်း
ငါတို့ ပြည်သူ့ အာဏာဂျာနယ် အယ်ဒီတာချုပ်ဖြစ်သော ရဲဘော်ဘဟိန်းသည် ၂ဝ-၁၁-၄၆ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် မန္တလေးမြို့  ဆေးရုံကြီး၌ ကွယ်လွန် အနိစ္စရောက်ခဲ့လေပြီ။ ရဲဘော်ဘဟိန်းသည် ငါတို့ ဆရာဖြစ်သည်။ ရဲဘော်ဘဟိန်းသည် ငါတို့ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် ယူကြုံးမရ တသဝမ်းနည်းခြင်း ဖြစ်ကြရသည်။ ရဲဘော်ဘဟိန်း ကွယ်လွန်ခြင်းသည် ငါတို့အဘို့ ကြီးစွာသော ဆုးံးရှုံးခြင်းပင် ဖြစ်သည်။ ငါတို့အဘို့သာလျှင် မဟုတ်သေး ဗမာပြည် အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား နင်းပြား လူထုကြီး အဘို့ရာတွင်လည်း ကြီးမားသောဆုံး ရှုံးခြင်းဖြစ်ပေသည်။ ရဲဘော်ဘဟိန်း ရှိစဉ်အခါက အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား နင်ပြား လူထုကြီး၏ အကျိုးကို ကျောင်းသားဘဝ ကတည်းကပင် ရဲရဲကြီး ရှေ့ ဆောင်ခဲ့သည်။ ၁၃ဝဝ - ပြည့် နှစ် အထွေထွေသပိတ်ကြီးပေါ်ခဲ့ရာ ရဲဘော်ဘဟိန်းသည် ရေနံမြေသို့သွားရောက်ခါ ရေနံမြေ အလုပ်သမားတို့၏ သပိတ်ကြီးကိုခေါင်းဆေင်လုပ်ခဲ့၍ ပထမဦးစွာ နယ်ချဲ့ သမား၏ အကျဉ်းထောင်အတွင်း၌ ကျရောက်သက်ဆင်းခဲ့ရသည်။ ထောင်တွင်းမှာပင် ဓနရှင်လောကဟူသော စာအုပ်ကိုရေးသားခြင်းဖြင့် ပစ္စည်းမဲ့လူတန်းစားတို့၏ မှန်သောဘဝကိုဖော်ပြလျှက် အလင်းရောင်ပေးခဲ့လေသည်။ ကျောင်းမှ ထွက်ပြီးသည့်နောက်တွင်လည်း သခင်ဘဝဖြင့် တိုင်းပြည်ကိုခေါင်းဆောင်ခဲ့ ပြန်သည်။ သခင်ဘဝနှင့်  အလုပ်သမား၊ လယ်သမားတို၏ တပ်ဦးအစစ်ဖြစ်သော ကွန်မြူနစ်ပါတီကိုထူထောင်ရန် ကြိုးစားရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ထိုအခါက ရဲဘော်ဘဟိန်းသည် အရေးတော်ပုံစာတမ်း။ မီးပွား စသော စာစောင်များကိုလျှို့ ဝှက်စွာ ထုတ်ဝေခဲ့သည်။ သခင်ဘဝဖြင့် ဒုတိယအကြိမ်မြောက် နယ်ချဲ့ သမားတို့၏ ထောင်သွင်း အကျဉ်းချထားခြင်းကို ခံရပြန်သည်။ အင်္ဂလိပ်အစိုးရ ထွက်ပြေးမှ လွတ်တော့သည်။ ဂျပန်ခေတ်အတွင်းသို့ရောက်သည့် အခါတွင်လည်း ရဲဘော်ဘဟိန်းသည် ဂျပန်ကိုတော်လှန်ရေးအတွက် မနေမနားကြိုးစားခဲ့သည်။ နောက်ဆုံး၌ တောင်ငူနယ်တွင် ပြောက်ကျားတပ်များကိုစည်းရုံးကာ ကြီးမားသောအင်အားဖြင့်  ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည်။ ဂျပန်များအား မောင်းထုတ်ပြီးသည့် နောက် ရဲဘော်ဘဟိန်းသည် ဗမာပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဥက္ကဌအဖြစ်နှင့်၎င်း၊ ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရိုလူကြီးအဖြစ်နှင့်၎င်း၊ ပစ္စည်းမဲ့အရေးကိုရှေ့ ဆောင်ခဲ့လေသည်။ ရဲဘော်ဘဟိန်းသည် ကြီးလေးသော တာဝန်များကိုဆက်တိုက်ထမ်းဆောင်ခဲ့ ရာတွင် ခရီးမဆုံးမှီ ကွယ်လွန်အနိစ္စ ရောက်ခဲ့ ရပြီတကား။ ရဲဘော်ဘဟိန်း ရည်မှန်းသော ခရီးမဆုံးမှီ ကွယ်လွန်ခဲ့ရ၍ ငါတို့တွင် ကြီးစွာ ပူပင်သောက ဖြစ်ရသော်လည်း ငါတို့သည် ရဲဘော်ဘဟိန်း၏ တော်လှန်ရေး ဝိဥာဉ်ကိုဆက်ခံကာ အပြီးသတ် အောင်ပွဲဆင်သည်အထိ ခရီးလမ်းဆုံးအောင် တိုက်ပွဲများကို ဆက်လက်ဆင်နွှဲသွားမည်ဟု အဓိဌာန်ပြုလိုက်ပါ၏။
စက်တင်္ဘာ ၂၇ ရက်နေ့တွင် ( ရဲဘော်ဘဟိန်းချီးကြူးပွဲ )
ဗမာတပြည်လုံးကျင်းပကြလော့။ ——
ရဲဘော်ဘဟိန်းအား အလေးနီပြုပါ၏။
www.cp-burma.org
မှ ကူးယူဖော်ပြသည်။
ပြည်သူ့ အာဏာ အတွဲ ၂။ အမှတ် ၂၈။
(၂၃-၁၁-၄၆) ၁၃ဝ၈ ခု။ တန်ဆောင်မုန်းလဆုတ် ၁၅ ရက် စနေနေ့ထုတ် မှ
(မူရင်းသတ်ပုံအတိုင်း)
တော်လှန်ရေး မဆုံးမီ ကွယ်လွန်ရရှာသည့်  — အယ်ဒီတာချုပ် — ရဲဘော်ဘဟိန်း
Reviewed by MP4 YoU
on
June 25, 2017
Rating: 5
Reviewed by MP4 YoU
on
June 25, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment