Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

ကျမကြုံတွေ့ခဲ့ရသော 1988 ဇွန် 21


ကျမကြုံတွေ့ခဲ့ရသော 1988 ဇွန် 21 အပိုင်း(၁)

1988 March 13 RIT( Rangoon Institute of Technology) ကျောင်းသားတွေနဲ့ အရပ်သားတွေ ရဲ့ သာမန်ရန်ပွဲကနေ အစပြုခဲ့တဲ့ ကိစ္စကို ဦးနေ၀င်းအစိုးရ က ရက်ရက် စက်စက် နှိမ်နင်းလိုက်တယ် လို့ သတင်းစကားကြားခဲ့ရပီး ကျမရဲ့ နွေရာသီကျောင်း ပိတ် ရက်တွေ ကုန်ဆုံးခဲ့ပါတယ်။ ထိပ်လန့်ဖွယ် မတ်လ ရဲ့ ကျောင်းသား သွေးမြေ ကျမှု ဟာ အဌမတန်းကိုဖြေဆိုခဲ့တဲ့ ကျမအတွက် အတွက်တော့ အစိုးရဟာ ကျောင်းသား တွေ ကို သတ်တယ်၊ ရက်စက်လိုက်ကြတာ လို့ ဆိုတဲ့ ကောက်ချက်လေး တစ်ခုနဲ့ မတရားဘူးဆိုတဲ့ အတွေး တစ်ခု ကို ရရှိခဲ့ပါတယ်။ အဲဒီအတွေးတွေ ကို ငွေစက္ကူ တွေ မသုံးရ တော့ဘူး လို့ကြေငြာခဲ့တာနဲ့ ပတ်သက်ပြီး ကျမရဲ့ မိသားစုမှာ စီးပွားရေး အကြပ်အတည်း ဖြစ်နေခြင်းကပါလာရာက်ဆက်စပ်ခဲ့ပြန်ပါတယ်။ နိုင်ငံရေးကို ခပ်ကင်းကင်း နေတတ်တဲ့ သာမန်မိသားစုအတွင်းမှာတော့ ဆိုရှယ်လစ် အစိုးရနဲ့ ပတ်သက်ပီး တိုးတိုး တိတ်တိတ် ညီးတွားသံတွေကတော့ ရှိနေတာ အဲဒီခေတ်က ထုံးစံပါ။ ဘယ်သူမှ အစိုးရကို လူမြင်ကွင်း မှာ ပြစ်တင်တာကို မတွေ့ဘူးပါဘူး။ လုငယ်တွေ ၊ လူလတ်ပိုင်းတွေ စုရပ်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်လိုနေရာမျိုးတွေမှာလဲ အစိုးရ ကို ဝေဖန်သံတွေ မကြားရပါနိုင်ပါ။ ကျမရဲ့ မိဘတွေကတော့ အဖိုကြီးဘာတွေ လုပ်ဦးမှာလဲ ။ အဖိုးကြီးတော့ တခုခု လုပ်ဦးမှာဘဲ။ ကျောင်းသားတွေ တော့ထောင်ထဲကထွက် လာနိုင်ရင်တောင်မှ ဘ၀ဆုံးပြီ လို့ တီးတိုးပြောကြပါတယ်။ ဦးသန့်အရေးအခင်းတုန်းကလို့ ညီးက တစ်နှစ်သား ဘဲရှိသေးတာ လို့ ဆိုကြပါတယ်။
ဒီလိုအချိန် မှာဘဲ ကျမရဲ့ န၀မတန်း ကျောင်းသူဘ၀ ကို 1988 ဇွန်လမှာ ရရှိခဲ့ပါတယ်။ အထက်တန်းကျောင်းသူဘ၀ ကိုပိုင်ဆိုင်ခွင့်ရတဲ့ 1988 ရဲ့ဇွန်လ ရဲ့ အစပိုင်းမှာ ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကိုယ့်ကိုယ် ကိုယ် လူကြီးဖြစ်ပြီ ဆိုတဲ့ ခံစားမှုမျိုးကို ခံစားခွင့်ရတဲ့ ဆယ်ကျော်သက် ဘ၀ နဲ့ ကျောင်းသူမ ကျမ အတွက်ဇွန်လ ရဲ့ ပထမပတ်ဟာ သာယာခဲ့ပါတယ်။
ဇွန်လ ( 17 ) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်မှာကျောင်းတက်နေတဲ့ အဒေါ် ဆီ က စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းတစ်ခု ကြားရပါတယ်။ ကျောင်းသားတွေ ကျောင်းထဲမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေသတဲ့။ ဒီစကားလုံဒဟာ သူ့ဆီက ကြားရတဲ့ အတိအကျ သော ဖြစ်ရပ်ကိုညွှန်းဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အမေ ကထိပ်လန့်ပြီး တခွန်းထဲမှာပါတယ်။ ရုတ်ရုတ် ရုတ်ရုတ်နား မသွားနဲ့။ အနီရောင် အ၀တ်အစားမ၀တ်နဲ့။ ကျောင်းတက်နေရင်း လူစုတာမြင်ရင် ချက်ချင်းအိမ်ကိုရောက်အောင်ပြန်တဲ့။ ကျမ အတွက် ကတော့ စိတ်ဝင်စားစရာကောင်းလွန်းနေပါတယ်။ လွန်ခဲ့တဲ့ ၃ လ ကို သေနတ်နဲ့ အပစ်ခံရ၊ အဖမ်းခံရဖြစ်ခဲ့တဲ့ကျောင်းသားတွေ အတွက် နောက်ထပ်ကျောင်းသားတွေက ဘာများလုပ်ပေးနိုင်ကြဦးမှာလဲ။ စပ်စု လိုစိတ်က ထိမ်းမရသိမ်းမရ ဖြစ်ခဲ့ပါတယ်။
ဇွန်လ(18) ကျူရှင်ကနေ လစ်ပြီးသူငယ်ချင်းတစ်ယောက်နဲ့ မိန်းထဲ ကိုရောက် သွားခဲ့ ပါတယ်။ ကျမ မိန်းထဲ ကိုတခါမှမရောက်ဘူးပါဘူး။ ဒါပေမယ့် အဲဒီ ကျောင်းသား တွေ ဟာတောင်ငူဆောင်မှာ ရှိကြတယ် ဆိုတာကို ကျမ အဒေါ်ဆီ ကကြားလာရပါတယ်။ အဲဒီတော့ တောင်ငူဆောင်ကိုရှာပြီးသွားကြည့်ကြမယ်ပေါ့။ဒီလိုနဲ့ ကျောင်းထဲ ရောက်ခဲ့ပါ တယ်။ အဓိပတိ လမ်းမကြီးအတိုင်းဝင်မိရင် မိန်းထဲရောက်တာပေါ့။ ဒီလိုနဲ့ ယောင် လည်လည် ကလေးမ နှစ်ယောက် ဟာ တိတ်ဆိတ်နေတဲ့ ကျောင်းလမ်းမ ပေါ်ကိုခြေချ မိခဲ့တယ်ပေါ့။ အမှန်က တိတ်ဆိပ်နေတာမဟုတ်ပါဘူး။ လှို့ဝှက်စွာငြိမ်သက်နေခဲ့တာပါ။ ဧရာမ ကုက္ကိုပင်ကြီးတွေ ရှိတဲ့ ခန်းမ နံရံ ပတ်လည်မှာ ကဗျာ တွေ ကာတွန်းတွေ ကပ်ထားတာကိုတွေ့ရတယ်။ အစိုးရ နဲ့ ဦးနေ၀င်း ကိုလှောင်ပြောင်ထားတဲ့ အကြောင်း အရာတွ ကို ပထမဆုံး တွေ့ဘူးတဲ့ ကျမအဖို့ အဲဒီအချိန် ကဖြစ်ခဲ့တဲ့ ခံစားမှု ဟာ စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲပါတယ်။ ပထမဆုံး တွေ ဘ၀ မှာ အများကြီး ရှိခဲ့ပေမယ့် အာဏာရှင် အစိုးရ၊လက်နက်ကိုင် အစိုးရ ကို တုံ့ပြန်တဲ့ အရာကို ပထမဆုံးမြင် တွေ့လိုက်ရတဲ့ ကျမရဲ့ ပထမဆုံးကို် ဘ၀ တခုလုံးစွာသယ်ဆောင်ခဲ့မိတဲ့အထိ အရေး ပါခဲ့ ပါတယ်။
ချက်ချင်းဆိုသလို အဲဒီ နံရံ ပေါ်မှာ ကပ်ဖို့ ကို်ယ်တိုင်ပါဝင်နိုင်ဖို့အတွေးကို ချက်ချင်း ရပါတယ်။ ကျမတို့ဆီမှာ ပါလာတဲ့ လွယ်အိတ်တဲ က ဗလာစာအုပ်တွေ ကို ဆုတ်ဖြဲပြီး စာစုတချို့ ကိုရေးချမိပါတယ်။ ၃ ခုလောက်ရေးခဲ့တယ် လို့မှတ်မိပေမယ်ဘာတွေ ရေးခဲ့တယ် ဆိုတာ တခုဘဲ မှတ်မိပါတော့တယ်။ ဦးနေ၀င်း၏ အသုံးစရိတ် နဲ့ သာမန်လူ စရိတ် (အတိအကျ မမှတ်မိပါ) အကြောင်းအရာကတော့ ဦးနေ၀င်းဆေးကု နိုင်ငံခြား လယ်သမားဆေးကု ဆေးရုံ အဲဒီလိုမျိုး သာမန်လူနဲ့ ဦးနေ၀င်း ဘ၀နေထိုင်မှု ကွာခြား တာကိုလှောင်ပြောင်ခဲ့တာမျိုးလို့မှတ်မိပါတယ်။ ရေးခဲ့တဲ့အကြောင်းအရာကို မမှတ်မိ နိုင်ပေမယ့် ကျမတို့ ရေးခဲ့တဲ့ စာရွက်တွေရဲ့ အောက်မှာ ကျမအတွက် ရဲ့ အမည်ဝှက် ဒေ၀ီ၊ သူငယ်ချင်းအတွက် မဟေသီ ၊နောက် အထက (၂) အင်းစိန် လို့ ရေးခဲ့ပါတယ်။ အဲဒီလိုရေးလို့ ပြီးတဲ့အချိန်မှာ မျက်နှာ မှာပုဝါ စီးထားတဲ့ ကျောင်းသားတစ်ဦးကိုတွေ့ လို့ နောက်က လိုက်ပီး အကို တောင်ငူဆောင် ကို ဘယ်လိုသွားရတာလဲမေးတော့ အဲဒီအကို က ဘာလုပ်မလို့လဲ လို့ပြန် မေးပါတယ်။ ကျမတို့သပိတ်မှောက် ကျောင်းသားတွေ နဲ့တွေ့ချင်တယ်လို့ပြောတော့ သူတို့ အဲဒီမှာ မရှိကြတော့ဘူး မသွားနဲ့ တဲ့။ ကျမတို့ လဲ ကျမတို့ရေးထားတဲ့စာရွက်တွေ ကို သူ့ဆီအပ်လိုက်ပြီး ကျမတို့လဲ ပါဝင်ချင်လို့ လို့ပြော လိုက်ပါတယ်။ နောက်တော့ ကျောင်းသားအကိုလဲ စာရွက်ကိုလက်ခံယူသွားပါတယ်။ ကျမတို့လဲ အိမ်ပြန်ခဲ့ကြ တယ်ပေါ့။ ကျမတို့သွေးတွေ နွေးနေခဲ့ပုံတွေ ကို ဒီနေ့ပြန်တွေးရင် ဒီနေ့ ဟာ လွန်ခဲ့တဲ့ 28 နှစ်ကအတိုင်းပါဘဲ။ မှတ်မိနေခဲ့တာ။
ဇွန်လ(20) ရက်နေ့ ဟာကျောင်းဖွင့်ရက်ဖြစ်ပါတယ်။ ကျမတို့ ပင်မတက္ကသိုလ် ကို ထပ်သွားခဲ့ကြတယ်။ ဘယ်တော့မှမမေ့နိုင်စရာ။။ အဓိပတိ လမ်းမ ကိုကျောင်းပင်မ ၀င်ပေါက်ကိုရောက်တာနဲ့ ညို့နေတဲ့လူအုပ်ကြီး။ ကျောင်းသူကျောင်းသားအကိုကြီး အမကြီးတွေ က အဓိပတိ လမ်းရဲ့ ဘေးမှာရပ်လို့ကြိုနေကြတယ်။ အဖြူအစိမ်းဝတ်ကျမတို့ လိုအငယ်လေးတွေကိုကော၊ တခြားရောင်စုံဝတ် ကျောင်းသားလူငယ်တွေကိုကော နောက် သက်လတ်ပိုင်း အရပ်သားတချို့ ကျောင်းဝင်းထဲဝင်လာတာကို လက်ခုတ် တီးလို့ တမျိုး၊ လက်ဆွဲ နှုတ်ဆက်လို့တဖုံ၊ ပန်းပေးလို့ တမျိုး လှိုက်လှိုက်လဲလဲကြိုကြတယ်။် ဒီလို အကြို ဆိုခံရတာက အထက်တန်း ကျောင်းသူကျမအတွက် တကယ့် ကို သွေးကြီးစေပါတယ်။ အရေးပါတဲ့ ဖြစ်ရပ် ကိုပါဝင်ခွင့် ရပြီလို့ ယူဆခွင့်ရခဲ့ပါတယ်။ ကျမဖတ်ဘူးတဲ့ စာအုပ် တွေထဲမှာ လူကောင်း သူကောင်း၊ သူရဲကောင်းဆိုတာ မကြောက်တတ်ဘူးလေ။ ကျမ ဖတ်ဘူး တဲ့စာအုပ်တွေထဲက သူရဲကောင်းကို ကျမ ကိုယ်တိုင်မြင်တွေ့ခွင့် ရခဲ့တာ ဇွန်လ 20ရက် နေ့ ရန်ကုန်တက္ကသိုလ်ထဲမှာဖြစ်ပါတယ်။
လူအုပ်ကြီးနဲ့ အတူ လမ်းလျှောက်ဝင်ခဲ့ပြီးနောက် RCလို့ခေါ်တဲ့ အပန်းဖြေခန်းမ ရှေ့မှာ တရားဟောစင်ကိုတွေ့ရပါတယ်။ အဲဒီမှာ လူအုပ်ကြီးစုမိနေကြပါပြီ။ RC ရှေ့နံရံမှာ ဆိုင်းဘုတ်ကြီးချိတ်ဆွဲထားပါတယ်။ ကျောင်းဝင်းနေရာအနှံ့မှာ လူ့ ပင်လယ်ကြီးဖြစ် နေခဲ့ ပါပြီ။ အစိုးရကိုဆန့်ကျင်ရဲတဲ့ သူတွေ နဲ့ အားပေးတဲ့သူတွေ စုရုံးနေကြတဲ့မြင်ကွင်း ဟာ အကြွင်းမဲ့တက်ကြွဖွယ်ဖြစ်ခဲ့ပြီး ကြောက်ရွံ့ခြင်းမှ ကင်းလွတ်နေစေခဲ့ပါတယ်။
တယောက်ပြီးတစ်ယောက်တရားဟောကြတယ်။ ကျမဘ၀တစ်လျှောက်လုံး ဘယ်တုံးကမှ ဘယ်နေရာမှာမှ မကြားခဲ့ဘူးတဲ့ စကားတွေ။ ဆိုရှယ်လစ်အာဏာရှင် အစိုးရ ရဲ့ မတရားမှုတွေကိုပြောပြတယ်။ အစိုးရကိုရဲ့ မတ်လ ၁၃ ရက် ကျောင်းသားတွေ အပေါ် ရက်ရက်စက်စက်ပြုမူခဲ့တာအတွက်ဝေဖန်တယ်။ ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူ တွေ အတွက်ပြန်လွတ်ဖို့တောင်းဆိုတယ်။ဟစ်ကြွေးတယ်။ နောက်တိုက်ပွဲခေါ်တယ်။ တကျောင်း လုံး သပိတ်သပိတ်မှောက်မှောက် သံတွေ ဟိန်းဟိန်းညံ နေခဲ့ပါပြီ။ ဒါပေမယ့် အတော် များများ ကမျက်နှာ ကိုပုဝါ စည်းထားပါတယ်။ တရားဟောတဲ့ သူတချို့ က ပုဝါ စည်းပြီး တစ်ချို့လဲမစည်းကြပါဘူး
တရားဟောတဲ့သူတွေ က စကားပြောကောင်းလွန်းခဲ့တယ်။ လက်ခုတ်သံတွေ မစဲအောင် အားပေးကြတယ်။ တရားဟောတဲ့ သူတွေ ထဲမှာ ကျမ မှတ်မိ နေသေးတဲ့လူတချို့ကကိုမိုးသီးဇွန်၊ကိုမောင်မောင်ကျော်၊တို့ပါ။ တခြားကျောင်းသားတွေနဲ့ သံဃာ တွေလဲတက် ပြောကြတယ်။ ပြောရင်းပြောရင်းဇာတ်ရှိန်မြင့်လာတယ်ပေါ့။ စင်ရှေ့ တည့်တည့် မှာထိုင်နေတဲ့ ကျမကို ညီမပြောမလားလို့ ကျောင်းသား အကိုကြီး တစ်ယောက် ကမေး လာတာနဲ့ ကျမလဲပြောမယ်လို့ ချက်ချင်းဆုံးဖြတ်ပြီး စင်ပေါ်ကိုဟောဖို့ တက်ခဲ့မိတယ်။ တကယ်တော့ ကျမ ဟာ ကလေးမ သေးသေးညက်ညက်လေးတစ်ဦးပါ။ ကျမမျက်နှာကိုပုဝါစည်းပေးပြီး စင်ပေါ်ကို ပွေ့ချီတင်ပေးလိုက်တဲ့အခါ ကျမ ဘာများ ပြောနိုင်မှာလဲ။ ကျမ မိဘ က သာမန်မိသားစုကပါ။ အစိုးရ၀န်ထမ်းမဟုတ်တဲ့အတွက် အစိုးရပိုင်း၊ တပ်ပိုင်း၊ ဆိုရှယ်လစ်ပါတီ ပိုင်း ဘယ်လို မှမနီးစပ်ခဲ့ပါ။ ကျမ ဘာကိုများ ဟောပြောနိုင်မှာလဲ သံသယဖြစ်စရာပါ။ ကျမ အသက် ၁၄ နှစ် ကျော်ဘဲ ရှိပါသေးတယ်။ ကျမဟောပြောခဲ့တာက တကယ့် ကိုရိုးစင်းပါတယ်။ ကျမမိဘတွေ ရဲ့ တိတ်တဆိတ် ညီးတွားသံတွေ ကို ရှေ့ ကကျောင်းသားအကိုကြီးတွေ ဟောပြောတာ တွေကိုကြားရ တဲ့အချိန်မှာ ကျမ ဥာဏ်အလင်းချက်ချင်းရသလို လင်းပွင့်ခဲ့ပါတယ်။ ပြည်သူတွေ ရုန်းကန်နေရတဲ့အကြောင်း ကိုပြောတတ်သလို အာဘောင်အာရင်းသန်သန် ဟောပြောရင်း ကျမကိုယ်ကျမ မဆုံးနိုင်တဲ့ တော်လှန်ရေးသံသရာ ၀ဲဂရက် ထဲခုန်ချ လိုက်မိပါတော့တယ်။
အဲဒီနောက် ကိုမောင်မောင်ကျော်နဲ့ ကိုမိုးသီးဇွန် သဘောထားကွဲလွဲပါတယ်။ ကိုမောင်မောင်ကျော် က ဒါ ကျောင်းသားတွေ နဲ့ ပတ်သက်တာ ကိုတောင်းဆို သပိတ်မှောက်တာဖြစ်လို့ ကျောင်းသာတွေ ဘဲ သီးသန့်လုပ်မယ်။ အဖြူအစိမ်းဝတ် ကျောင်းသားငယ်တွေနဲ့ ပြည်သူတွေ မပါဝင်ဖို့ တင်ပြပါတယ်။ ကိုမိုးသီးဇွန်က မတရားမှု ကိုတွန်းလှန်တဲ့နေရာမှာ အားလုံးပါဝင်ရမှာဖြစ်ကြောင်းတင်ပြပါတယ်။ သူတို့ရဲ့ ငြင်းခုံမှု ကို စင်ပေါ်မှာ ဘဲတယောက်တလှည့်ဆီ ဟောပြောပါတယ်။ ပြည်သူတွေ မပါဝင်သင့်ဘူးလို့ ပြောဆိုတဲ့ အခါ စင်အောက်က လူတချို့က အပြင်းအထန်ကန့် ကွက်ကြပါတယ်။ တချို့ ဆိုတခုခု နဲ့ ပစ်ပေါက်ကြတဲ့အထိ ပြင်းထန်ကုန်ပါတယ်။ နောက်တော့ အခြေအနေ ကိုပြန်လည်တည်ငြိမ်အောင်ထိမ်းသိမ်းပြီး ဟောပြော တာတွေ ဆက်ပါတယ် ။ ပင်မ တက္ကသို်လ်ထဲ ကိုလာရောက်ပူးပေါင်းသူတွေ နဲ့ ပြည့်ကျပ်နေတော့တာကိုအသေအချာ မှတ်မိနေခဲ့ပါတယ်။ ဇွန်လ 20 ရက် တနလာင်္နေ့ပါ။ အဲဒီနေ့ က အားလုံး ရဲ့ အသဲနှလုံးကို မိုးသီးဇွန် က သိမ်းပိုက်လိုက်ပါတယ်။ ကျမတို့ လဲ ကိုမိုးသီးဇွန်ကို ကျောင်းသား တစ်ယောက်ဆိုတာထက်ပိုမသိပါဘူး။ အဲဒီနေ့က အားလုံးဟာ တက်ကြွမှုနဲ့ အတူ လှို့ဝှက်ကြပါတယ်။ ညနေချိန်ရောက်တော့ လုစုခွဲချိန်မှာ နောင်နေ့ မှာလဲ ဒီလိုဘဲ စုဝေး ပြီး ဖမ်းဆီးခံကျောင်းသားတွေအတွက်တောင်းဆိုဖို့တခဲနက်ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျောင်းသား ပြည်သူ အားလုံး စုစည်း မိကြပါပြီ။ ဇွန်လ 20ရက်နေ့ ညနေ မှာ အားလုံးဟာ နောက်တနေ့ အတွက် တိုက်ပွဲ ကို ရည်မျှော်ပြီး အိမ်ကိုပြန်ခဲ့ကြပါတယ်။ နောက်တနေ့ ရဲ့ ကံကြမ္မာ ကို ကြိုတင် ပြီးမသိနိုင် ခဲ့ကြပါဘူး။

ဆက်ပါဦးမည်။
ရှင်ဒေ၀ီ
https://www.facebook.com/shin.daewe/posts/10208783485721056


ကျမကြုံတွေ့ခဲ့ရသော 1988 ဇွန် 21 အပိုင်း(2)

နောက်တနေ့ ဇွန် ၂၁ မှာ ကျမ မိန်းရှေ့ အဓိပတိ လမ်းမ ကိုရောက်တော့ အခြေအနေ တွေက ပြောင်းလဲသွားပါပီ။ ကျောင်းဝင်းတံခါးကိုပိတ်လိုက်ပါပီ။ ကျောင်းပိတ် လိုက်ကြောင်း ကိုလဲ စာကပ်ထားပါတယ်။ ကျောင်းရှေ့ရောက် နေတဲ့ကျောင်းသား စုစုဝေးဝေးတွေ ဟာ မနေ့ ကခေါင်းဆောင်တွေ ကို ဘယ်လဆက်သွယ်ရမှန်း မသိအောင်ဖြစ်သွားကြပါတယ်။ အဲဒီထဲကကျောင်းသားတစ်ဦး က ပင်မ ပိတ်လိုက်ပေမယ့် ဆေး ၁ ကတော့ဖွင့်နေသေးတဲ့ အတွက် အဲဒီမှာလူစုလို့ရနိုင်ကြောင်းအကြံပေးတာနဲ့ မိန်းရှေ့ က လူစု ဟာ ဆေး ၁ ရှိရာ ကို သွားကြပါတယ်။ဆေး ၁ ကိုရောက်တော့ လူအတော်အသင့် စုရုံးမိကြပါတယ်။ ဒါပေမယ့် ကျောင်းစိမ်းဝတ်တွေနဲ့ တက္ကသိုလ် ကျောင်းသား ၅၀ လောက်သာ ရှိပါတယ်။ အဖြူအစိမ်းဝတ်မျက်နှာ စည်းထားတဲ့ ကျောင်းသားတစ်ဦး ကတရားဟောဖို့ စပြင်ဆင် လိုက် ပါတယ်။ စကားစလို့ မကြာမီမှာ ကျောင်းရှေ့ ကိုလုံထိန်း ကားတွေ ရောက်လာ ပါတယ်။ အားလုံးက ထိတ်လန့် သွားပြီးရုတ်ရုတ်သဲသဲဖြစ်သွားကြပါတယ်။ နောက်တော့ လူစုကို ထိမ်းမရ ဖြစ်ပြီး ကျောင်းနောက်ပေါက်ကိုပြေကြဆိုပြီး ပြေးကြပါတော့ တယ်။ ကျမတို့လဲ တခြားသူ တွေလိုဘဲ ဆေး၁ ကျောင်းနောက်ပေါက်ကိုပြေးကြပါတယ်။ ပြေးနေရင်း လူ တယောက်က ကျောင်း ကမှန်ပြတင်း ကိုခွဲပစ်လိုက်ပါတယ်။ အဲဒါ ကိုမြင်တော့ မဖျက်ဆီးပါနဲ့ ၊ကျောင်းပစ္စည်းတွေ ကိုမဖျက်ဆီးပါနဲ့ လို့ ပြေးနေရင်း က အော်ဟစ် သတိပေးကြပါတယ်။ ဆေး ၁ နောက်ပေါက်က တံခါးကပိတ်ထားပါတယ်။ ယောက်ကျား လေးတွေက ကျော်ခွ ပြီးအလွယ်တကူပြေးနိုင်ပေမယ့် ကျမတို့က ကျန်ခဲ့ ပါတယ်။ မိန်းကလေးတွေ ကျန်ခဲ့ပြီ။ ကျန်ခဲ့ပြီ လို့အော်သံကြားပြီး တဘက်ကို ရောက်သွား တဲ့ သူတွေ ကဆက်မပြေးဘဲ ကျမတို့ ခြံစည်းရိုးကျော်ထွက်နိုင်အောင် အကူအညီ ပေးကြပါတယ်။ ခြံစည်းရိုးပြင် ရောက်တဲ့ အခါ လူစုဟာ ပြန်ထည်ငြိမ်သွားပါတယ်။ ဆေး ၁ ဟာဖွင့်လှစ်ထားဆဲ ကျောင်းဖြစ်လို့ ကျောင်းသားတွေ စုဝေးခွင့်ရှိတယ်။ မကြောက်ကြနဲ့။ ကျောင်းထဲ ကိုပြန်ဝင်ကြမယ်လို့ ဆုံးဖြတ်ကြပြီး ဆေး ၁ နောက်ဘက်ခြံစည်းရိုးကို က တဆင့် ကျောင်းထဲပြန်ဝင်ပါတယ်။ ခြံစည်းရိုးကို ပြန်ကျော်ရသလား၊ ခြံတခါးကို ဖျက်ပြီး ၀င်ခဲ့ကြ တာလားဆိုတာကိုတော့ မမှတ်မိတော့ပါ။ ဒီလိုနဲ့ ဆေး ၁ ကျောင်းဝင်း ထဲမှာပြန်ပြီး တည်တည်ငြိမ်ငြိမ်စုဝေးမိကြပါတော့တယ်။ ကျမတို့ တွေထဲမှာ ဇွန် ၂၀ က တွေ့ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကိုမတွေ့ရတော့တဲ့အတွက် သူတို့အတွက် အန္တရာယ် ကျရောက်ခဲ့ပြီလို့တွက်ဆမိကြပါတယ်။ ဒါပေမယ့် လူစုက တဖြေးဖြေး များလာပေမယ့် ဇွန် ၂၀ ရက် က ပင်မ ထဲမှာရှိတဲ့ အင်အားနဲ့တော့ မနှိုင်းယှဉ် နိုင်ပါဘူး။ နောက်တော့ စုဝေး နေရာက ပြည်သူတွေ ဆီ လမ်းလျှောက်ချီတက် ကြဖို့ ဆုံးဖြတ်ချက် ရပါတယ်။ ခွတ်ဒေါင်းအလံတွေ လဲရောက်လာပါတယ်။ ကျမကတော့ ဘယ်သူတွေ ကခေါင်းဆောင် တယ်။ ဘယ်သူတွေက ဆုံးဖြတ်တယ်ဆိုတာထက် မတရားလိုက်တာ လို့ ခံပြင်းစိတ်တွေ နဲ့ ဘာဖြစ်ဖြစ် လိုက်ပါဖို့ဘဲ စိတ်တွေ ပြင်းပြနေခဲ့ပါတယ်။ ဆရာမ လို့ထင်ရတဲ့ သူတွေ ပါဝင်တာ တော့ အမှတ်ရမိပါတယ်။ နဲနဲ အသက်အရွယ် ပိုကြီးတဲ့ သူတွေ ပါဝင်လာပြီး အလံကိုင်ဖို့ ကို အဖြူအစိမ်းဝတ်ကျောင်းသူ နှစ်ဦး ကိုရွေးချယ် လိုက်ပါတယ်။ အတည် မပြုနိုင် တဲ့သတင်း အရတော့ အလံကိုင် ကျောင်းသူနှစ်ဦး ဟာ အထက ၂ စမ်းချောင်း ကလို့ သိရပါတယ်။ ဒီလိုနဲ့ ဆေး ၁ ထဲ ကလူအုပ်ဟာ ပြည်လမ်းမ ပေါ်ကိုထွက်ပြီး ဆူးလေဘက် ကို ဦးတည်ချီတက်ကြပါတယ်။ ကျမတို့ ကြွေးကြော် သံတွေ ကို အော်ဟစ်ရင်း ချီတက်ခဲ့ကြပါတယ်။ သပိတ်သပိတ်မှောက်မှောက်။ ဖမ်းဆီး ကျောင်းသား ပြန်လွှတ်ရေး တို့အရေး တို့အရေး ဆိုတာ ကိုဘဲမှတ်မိပါတော့တယ်။ တခြား ကြွေးကြော် သ့ကိုတော့ မမှတ်မိတော့ပါဘူး။ တဖြေးဖြေး နဲ့ ပြည်သူတွေ ပူးပေါင်းလို့ လူအုပ်ကြီး ကပိုများလာပါတယ်။ ကျမတို့ ဟာ အန္တရာယ် ကို အရိပ်အငွေ့ ကို မသိနိုင်ဘဲ တက်ကြွ နေခဲ့ ပါတယ်။ မကြာခင်မှာ ဘဲ ကျမ မိဘတွေကြောက်လွန်းတဲ့ ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ အသတ်ခံရလိမ့်မယ် ဆိုတဲ့ တားမြစ်စကားသံရဲ့ အဓိပ္ဗါယ် ကို ကျမ သိခွင့်ရပါတော့တယ်။
မြေနီကုန်ကိုရောက်ခါနီး မဟာမြိုင် အကျော် မှာ မြေနီကုန်း မီးပွိုင့်နားမှာ တန်းစီ ပိတ်ဆို့ထားတဲ့ ယူနီဖောင်းဝတ် လုံထိမ်းတွေ ကို မြင်တွေ့လို့ ရတဲ့ အခါ လူအုပ်ကြီး ဟာ ရုတ်တရက် ထိပ်လန့်သွားပါတယ်။ လူအုပ်ထဲမှာ လူထု၊ ကျောင်းသား မျိုးစုံရောထွေးနေပြီး တိကျတဲ့ခေါင်းဆောင်လဲမရှိတာကြောင့် ကျမတို့ ဟာ ဘယ်သူရဲ့ဆုံးဖြတ်ချက် ကို နားထောင်ပြီး ဘာလုပ်ရမယ် မသိပါဘူး။ လူအုပ်ကြီးဟာရပ်တန့်နေတဲ့သူ၊ ရှေ့ကိုဆက်တိုး မယ့်သူ၊ တွေနဲ့ရှုပ်ထွေးနေပါတယ်။ ကျမ လဲ ဒီလိုအခြေအနေ မှာဘာလုပ်ရမှန်းမသိ တော့ပါဘူး။ ကျမမှတ်မိတာက လုံထိန်းတွေပြေးထွက်လာတာမြင်ရပြီး ရိုက်ကုန်ပြီ ရိုက်ကုန်ပြီ။ ခွေးမသားတွေ ပြန်ရိုက် စတာတွေ ကိုကမ္ဘာပျက်အောင်ကြားရပြီး အားလုံး ရှုပ်ထွေးကုန်ပါတယ်။ လမ်းရဲ့ဘေးတဘက်တချက် အိမ်တွေ က သစ်သားခြံစည်းရိုး တို်င်တွေ ကို ဆွဲနှုတ်ကြပြီး ပြန်ခုခံပါတယ်။ ကျမမှတ်မိတာ လမ်းမရဲ့ ဘယ်ဘက် က ခြံတခြံရဲ့ ခြံစည်းရိုး သစ်သားချောင်းတွေ ဟာ မိနစ်ပိုင်းအတွင်း ကုန်သွားပါတယ်။ သစ်သားချောင်းတွေ ကိုကိုင်ပြီး လုံထိမ်းတွေ ဆီ ကိုပြေးသွားကြပါတယ်။ သေနတ်သံလည်းကြားရပါတယ်။ ဒါပေမယ့် လူအုပ်နဲ့လုံထိန်းတွေက ရောနှောကုန်ကြ ပါတယ်။ ရှုတ်ထွေးနေတဲ့ အခြေနေကြားမှာ ဘဲ ကျမတို့ အုပ်စုနား ကလူတွေ လဲကျကုန်ပါတယ်။ ကျမ က လူအုပ်ထဲလဲကျပါတယ်။ အရိုက်တော့မခံရပါဘူး။ လူနင်း မိမလိုဖြစ်တုံး လူတယောက်က ဆွဲထူပြီ ပြေးလေ ဘာကြောင်နေတာလဲ ပြေး ရပ်ကွက်ထဲ ပြေး ဆိုပြီး အော် လို့ ကျမလဲ သတိဝင်လာပြီး လူအုပ်နဲ အတူပြေးပါတယ်။ ပြေးရင်းနဲ့ ဦးဝိစာရလမ်း ဘက် ကို ရောက်သွားပါတယ်။ ကျမတို့ အဲဒီတုံးက ဘယ်ကိုရောက်နေမှန်း မသိကြပါဘူး။ ခြေဦးတည့်ရာပြေးခဲ့ကြရတာပါ။ ကျမတို့ ကို ဗိုက်ပူ ကားတစ်စင်း ကရပ်ပေးပြီး ကားပေါ်မှာ ၀ပ်နေလို့ ပြောပါတယ်။ အဲဒီကား က ဟံသာဝတီ ကြံတော သုသန်က အသုဘ ပို့ ပြန်လာတဲ့ ကားပါ။ သူတို့ လဲ အခြေ အနေကိုရိပ်စားမိပြီး ကျမ တို့ကျောင်းစိမ်းဝတ်တွေ ကို ခေါ်တင်ခဲ့တာပါ။ တော်လှန်ရေး ပန်းခြံထောင့် မီးပွိုင့်မှာ လဲ လုံခြုံရေးတွေ ချထားပြီး ကားတွေ ကိုတားစစ်ပါသေးတယ်။ ကျမတို့ တွေ ကားအလည် မှာ ပုနေပြီး တစင်းလုံးက နာရေးပြန်လာတာပါ။ လို့အော်ပြောလိုက်တဲ့ အတွက် ကားပေါ်တက်မစစ်တော့ဘဲ ကျမတို့ လွတ်မြောက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၈ နှစ်ကထဲ ကြောက်ရွံ့နေကြရတဲ့ ဖိနှပ်ခံပြည်သူထဲကတချို့တွေ ဟာတော်လှန်ရဲသူတွေ ကို ကူညီခဲ့ကြ ပါတယ်။
ပြေးလွှားလွတ်မြောက်ပြီးတော့ အိမ်ကိုပြန်ပါတယ်။ အိမ်ကိုရောက်တော့ ကျောင်း ပြေးပြီး သွားတာမှန်းသိတဲ့ အတွက် ပြသနာ က မီးတောက်နေပါပီ။ ကျောင်း ပြေးပြီးဒီလိုကိစ္စ မှာ သွားပါမှန်းသိတော့ အိမ်က ပွက်လောရိုက်နေပါတယ်။ ဒါပေမယ့် မြေနီကုန် ကိစ္စ ကို ကျမ ဖုံးဖိဖို့ ကြိုးစားခဲ့ပါတယ်။ ကျမတို့ အိမ်က ကြို့ ကုန်း ရန်ကုန် အင်းစိန်လမ်းမပေါ်မှာ ရှိတာပါ။ အဲဒီအချိန်မှာ သပိတ်မှောက်တဲ့ လူစု ဟာ အိမ်ရှေ့ ကိုရောက်လာပါတော့တယ်။ ဟိုင်းလက်ကား အမိုးပေါ်မှာ အူပွင့်နေတဲ့ ကျောင်းစိမ်းပုဆိုး ၀တ် အလောင်း ကိုတင် လာပြီး အစိုးရရဲ့ ရက်စက်ကြမ်းကြုပ်မှု ကိုပြည်သူတွေ ကိုလိုက်ပြသတာပါ လို့ ရင်နာစွာကြေငြာအော်ဟစ် လူစု ကို ကျမတွေ့လို့်ရတဲ့အခါ ဒါ ဟာ မြေနီကုန်းမှာ အသတ်ခံရတာဘဲ လို့ ချက်ချင်းသိလိုက်ပါတော့တယ်။ ဘက်နက်နဲ့ ထိုးခံရလို့သေတာလို့ ယူဆ ရပါတယ်။ ကျမ သိသလို ကျမ မိဘတွေ လဲ အခြအနေ ဘယ်လောက်ဆိုးဆိုး က ကျမလွတ်မြောက်လာတယ် ဆိုတာကိုရိပ်မိသွားတဲ့ အခါ ကျမ ကို ရင်ထုမနာ စိတ်ဆိုးပြီး ရိုက်ပါတော့တယ်။ သေချင်လို့လား။ နင်က ဘယ်လောက်သတ္တိကောင်းလို့ ဒီလို သပိတ်မှောက် ထဲပါရတာလား။ အစိုးရက နင့်ကိုပစ်မသတ်ခင် ငါတို့လက်နဲ့ ဘဲ နင့်ကိုသတ်မယ်တဲ့။ ဒါတွေဟာ သေတွင်းထဲ ကလက်တလော လွတ်မြောက်လာတဲ့ ကျမ ကို ရိုက်ရင် ငိုရင်း မေ ပြောခဲ့တာပါ။ ကျမ ကိုယ်မှာ အရှိုးရာတွေထပ်နေပါတယ်။ ဒါပေမယ့် အသားနာတာထက် အသဲ ကပိုနာခဲ့တယ် လို့ ဆိုရမှာပါ။ အမေက ငိုရင်းရိုက်နေတာ ကိုအံကြိတ်ခံရင်း ကျမ မြင်ယောင်နေတာ က အူပွင့်ပြီးသေနေတဲ့ကျောင်းသား မျက်နှာ ကိုပါ။ ကျဆုံး တယောက်မကလောက်ဘူး ။ တယောက် ဘဲအလောင်းပြန်ရတာပေါ့။ စတဲ့ အတွေးတွေ က မိခင်ရဲ့ သောက၊ ဒေါသတွေ ကို ကိုယ်ချင်းစာမခံစားနိုင်လောက် အောင်ဖြစ်ခဲ့ရ ပါတယ်။ ၁၉ ၈၈ ဇွန်လ ၂၁ ရက်နေ့ ရဲ့ ညနေခင်းဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ သေတွင်းထဲ ကလွတ်ခဲ့ရတဲ့အဖြစ် ကိုပြန်မြင်ယောင်ရင်း ဦးနေ၀င်း အစိုးရ ရဲ့ ရက်စက်မကြောင့် ကျမတို့ မိဘ လို သာမန်ပြည်သူတွေ ဟာ ဘယ်လောက်ကြီးမားတဲ့ ကြောက်ရွံ့မှု နဲ့ နေထိုင်နေရတယ်ဆိုတာ ကိုသဘောပေါက်ခဲ့ရပါတယ်။ အမေ့ကို စိတ်မချမ်းမြေ့မှု ကကင်းလွတ်အောင်နောက်မလုပ်တော့ ပါဘူးလို့ ဂတိပေးလိုက် ပေမယ် စိတ်ထဲ ကတော့ ဒီဂတိဟာ ဘယ်တော့မှ မလိုက်နာမယ့် ဂတိဂ၀တ်ဖြစ်ကြောင်း အသံတိတ် အတည်ပြုလိုက်ပါတယ်။
အဲဒီနောက် အဲဒီအလောင်း ကို လုံထိန်းတပ်ကဘဲ အတင်းအဓမ္မ ပြန်ပြီး သိမ်းယူသွားတယ် လို့ သိရပါတယ်။ နောက်တေန့ သတင်းစာ မှာ လုံထိမ်း( ၆) ယောက် နဲ့ အရပ်သားတစ်ဦးသေဆုံးတယ်လို့သာရေးသားခဲ့ပါတယ်။ ( လုံထိန်းဦးရေမသေချာ)အဲဒီနေ့ က စပြီး ကျမ ကို အိမ်ထဲက အိမ်ပြင်လုံးဝ မထွက်ရတော့တဲ့အတွက် အားလုံး အဆက်ပြတ်သွားခဲ့ပါတော့တယ်။ နောက်တော့ အိမ်က လိုက်ပို့ လိုက်ကြို ပြီး ကျောင်း ပြန်တက်ခွင့်ရပါတော့ တယ်။ ကျောင်းမှာ ဒီ အဖြစ်အပျက်ဟာ မေးမြန်းကြဖို့ထက် တီးတိုးပြောဆို ကြောက်ရွံ့နေဖို့ သာဖြစ်ခဲ့ပါတယ်။ ကျမ ကိုသူငယ်ချင်းတချို့သာတီးတိုးမေးကြပြီး ကျမပြန်ပြောပြတဲ့ အတွေ့အကြုံတွေ ကို သိပ်ယုံလှပုံမရတာကိုခံစားမိရပါတယ်။
ဒီအကြောင်းအရာာ ကျမ ဖြတ်သန်းခဲ့တဲ့ ဇွန်လ ၁၉ ၈၈ ရဲ့ နေ့စွဲတချို့ ကိုကျမ မှတ်မိသလောက် ပြန်ရေးတာဖြစ်ပါတယ်။ ၁၉ ၈၈ လူထု အုံကြွမှု မဖြစ်ခင် ဇွန်လ ၂၁ ရက် နေ့ မြေနီကုန်း အဖြစ်အပျက် ဟာ အခုအချိန်ထိ ကျောင်းသား၊အရပ်သား ဘယ်နှစ်ဦး ကျဆုံးတယ်ဆိုတာကိုပဟေဌိ အဖြစ်သာ ရှိနေပါသေးတယ်။

ရှင်ဒေ၀ီ

စာကြွင်း စာမချောခြင်းနှင့် ၀ါကျသဒ္ဒါအမှား များကို သီးခံပေးကြပါရန်

No comments:

Post a Comment