Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

မန္တလေးနန်းတွင်းထောင်( ၄-၁-၉၁ )အရေးအခင်း


မန္တလေးနန်းတွင်းထောင်( ၄-၁-၉၁ )အရေးအခင်း
.................
"ဟေ့ကောင်တွေ..မင်တို့ကို (၄)ယောက်အထိရိုက်သတ်ခွင့်ရှိတယ်ကွ"

"၅/ည(နိုင်ငံရေသမားတွေ)လူပါးဝတယ်သတ်ပြီးမြစ်ထဲမျောလိုက်"

ဒါကတော့မန္တလေး နန်းတွင်း သီးသန့်ထောင်မှာရှိတဲ့
နိုင်ငံရေးအကျဉ်းသားတွေကိုအကျဉ်းထောင် ဝန်ထမ်းနဲ့  အရာရှိတွေက
နံပါတ်တုတ်တွေနဲ့ ရိုက်နှက်နေကြရင်း
အော်ဟစ်ကြိမ်းမောင်းကြတဲ့ စကားတစ်ချို့ပါပဲ

"မျက်လုံးကို အဝတ်စည်းထားတော့ရိုက်တဲ့သူကို မမြင်ရဘူး
(၂)ယောက်တွဲကြိုးချည်ပြီးသီးသန့်ထောင်ကနေ ထောင်မကြီးဗူးအထိ
မန္တလေးအခေါ် (၂)ပြလောက်အကွာအဝေးကိုတစ်လမ်းလုံးတောက်လျှောက်ရိုက်တယ်
ကျွန်တော်ဆို လမ်းမှာ မေ့လဲသွားသေးတယ်
နားရွက်နောက်မှာ ပေါက်ပြဲသွားတယ်
ကျောကုန်းမှာ ဘုထွက်အောင်ရိုက်တာ"လို့ကိုစိုးမိုးနိုင်(ခေါ်)ကိုဒိန်းဒေါင်(၁ တိုက်နေသူ)က
ပြောပါတယ်

အဲ့ဒီတုန်းအခါ ထောင်ပိုင်က ဦးဝင်းမြင့်ဒုထောင်ပိုင်ဦးလူလှ ဖြစ်တယ်

"ထောင်မကြီးဗူးရောက်တော့ခြေကျဉ်းရိုက်တယ်၊(၁)ပေခွဲ ဒေါက် ပါခတ်ပြီး
အဲ့ဒီအတိုင်း(၂)တိုက်ထဲ မှာပြစ်ဒဏ်(၁)လ တိုက်ပိတ်ခံရတယ်
ထောင်ဝင်စာတော့ (၂)လပိတ်တယ်
"ကော်"ကျွေးတာကျ(၅)ရက်ဗျ
"ကော်"ဆိုတာဆန်မှုန့်ကိုခပ်ပျစ်ပျစ်ကျိုပြီးဆားခတ်ထားတာပါ
မိလ္လာ(ချီးအိုး)ကို ညနေ တစ်ခါပဲ ချပေးတယ်"လို့ကိုစိုးမိုးနိုင် ကပြောတယ်

(၁)တိုက်နဲ(၁)ဆောင်ကနေ ရိုက်နှက်ပြီးရွှေ့လာတာက စုစုပေါင်း(၁၂)ယောက်ပါ

အခန်း(၂)မှာ ကိုသိန်းဇော်(ခေါ်)ကိုကျား၊ကိုစိုးသီဟ(ဒေါ်ဝင်းမြမြတူ)
ကိုထွန်းထွန်း(ခေါ်)ဂျဗလွတ်၊ကိုစိုးမိုးနိုင်(ခေါ်)ကိုဒိန်းဒေါင်၊
ကိုတင်မောင်ဝင်း(သီပေါ)၊ကိုစိုးနိုင်(၆)ယောက် တစ်ခန်းတည်း ထားပါတယ်

အခန်း(၄)မှာတော့
ကိုကျော်သီဟ(ယခု လွှတ်တော်အမတ်)၊ကိုသန့်ဇင်(ဆေးကျောင်းသား)၊ကိုတင်မြင့်၊
ကိုညီညီအောင်(RIT) ၊ကိုတင်အေးကြူ (ခေါ်)ကိုမှိုင်း၊ကိုသန်းနိုင်ဦး(ခေါ်)ဘဲဥ ( ၆)ယောက်
အတူထားတယ်

(၁၉၉၁)ဇန်နဝါရီလ (၄)ရက်နေ့(၂)ဆောင်မယ် အမရပူရသား ပန်းချီဆရာကိုလယ်လယ်( ၅/ည နဲ့  ၃ နှစ်ကျသူ)ကိုတန်းစီး(အဆောင်အုပ်ချုပ်သူအကျဉ်းသားလူကြီး) နွားကြီးတင်ဝင်းက စတင်ထိုးကြိတ်တာကနေအခုဒီ ၄-၁-၉၁ အရေးအခင်းဖြစ်ရတာပါ

၎ရက်-၁လ- ၁၉၉၁ မှာ စဖြစ်တာမို့ (၄-၁-၉၁)လို့အားလုံးကခေါ်တယ်

အဲ့ဒီတုန်းက (၂ )ဆောင်ထောင်မှူးကမြင့်အောင်ပါ
(၂)ဆောင်တန်းစီး နွားကြီးတင်ဝင်းဆိုတာကနွားမှောင်ခိုလုပ်ပြီး ဗိုလ်ကြီးရာထူးပြုတ်လာသူပါပဲ

ထောင် တန်းပိတ် လူစစ်တိုင်း"ကျုပ် အရပ်က ၆ ပေ(၂)လက်မ
ကိုယ်အလေးချိန် ပေါင် (၂၀၀)ကျော်ကြိုက်သလို စမ်းလို့ရတယ်"ဆိုတဲ့စိန်ခေါ်စကား
နိုင်ငံရေး အကျဉ်းသားတွေကိုအမြဲပြောလေ့ရှိတယ်

ကိုလယ်လယ် အထိုးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးထောင်က သူ့လူဖြစ်တဲ့ တန်းစီးအပေါ်
ဘာမှ အရေးမယူဘဲတန်းစီးကို တုံ့ ပြန်ဖို့ကြိုးစားသူ
ကိုဇော်မိုးကျော်(ခေါ်)ကိုဇော်ကြီး(ဗကသ)အပါအဝင်
နိုင်ငံရေးသမားတွေကိုပဲ ပြစ်ဒဏ်ပေးပါတယ်

ထောင်ရဲ့ ဒီဆောင်ရွက်ချက်အပေါ်မကျေမနပ်ဖြစ်ကြတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလည်း
ထောင်အာဏာပိုင်က ဆက်လက်အကြမ်းဖက်နှိပ်ကွပ်ခဲ့တယ်

ထောင်မှူးကြီးဦးချစ်(ထောက်လှမ်းရေးကပြောင်းလာသူ)က
(၂)ဆောင်ထဲဝင်လာပြီးလူကြီးတစ်ချို့ကို အဆောင်ရွှေ့ဖို့ပြောတယ်
"(၂) ဆောင်ကိုပြစ်ဒဏ်ပေးမယ်ခင်ဗျားတို့ ပါ ပြစ်ဒဏ်မခံရအောင်
(၁)ဆောင်ပြောင်းပါ "ဆိုတော့ပုဂ္ဂိုလ်နှစ်ယောက်(နာမည်ချန်ထားပါရစေ)က
ဝမ်းသာအားရ ချက်ချင်း ထပြောင်းသွားတယ်

ကိုအေးဖေမြင့်(၅၀၅/ခ နဲ့  စစ်ခုံရုံး ကနေ(၁၀ )နှစ် အချခံရသူ)ကတော့
"ကျွန်တော်မပြောင်းပါဘူးကလေး တွေနဲ့ အတူနေပါ့မယ်"တဲ့
(၂ဆောင်မှာလူ(၆၀)လောက်ရှိပြီးအများစုက ကျောင်းသားလူငယ်လေးတွေပါ)

"လိုက်​သွားလိုက်​ပါသူတို့ကို တန်းပိတ်ပြစ်ဒါဏ် ချမှာ
ခင်ဗျားပါ ကြားကခံနေရမယ်"ဆိုပြီးဦးချစ်က ထပ်ပြောတော့
"ရပါတယ် ခင်ဗျ"ဆိုပြီးနေခဲ့တာ

"နောက်နေ့( ၁၉၉၁ ဇန်နဝါရီ ၅ ရက်)မနက်ကျသူ့ကို အရင်ဆုံးခေါ်ထုတ်ပြီးရိုက်တော့တာပဲ
ကလေးတွေကိုမြှောက်ပေးတာသူဆိုပြီးတော့လေ"လို့ကိုအောင်ဆန်းဝင်း
(၅၀၅/ခ အမရပူရ တရားရုံး ကနေ၂ နှစ် အချခံရသူ)ကပြောတယ်

"သီးသန့် (၂)ဆောင်ကနေ ထောင်မကြီး(၂)တိုက်အထိအချက်ပေါင်း ရာနဲ့ချီ အရိုက်ခံရတယ်
တိုက်ပိတ်တာ(၃)လထောင်ဝင်စာပိတ်တာ(၁)လပေါ့
တစ်ပတ်တိတိ "ကော်"စားရတယ်တစ်ပတ်လုံးလုံး မိလ္လာ(ချေအိုး)ချမပေးဘူး"လို့
ကိုဇော်ဇော်နောင်း(၅ည နဲ့ ၅နှစ်ကျသူ)ကဆိုပါတယ်

ကိုအောင်ဆန်းဝင်း(အမရပူရ)ကလည်းခုလိုပြောတယ်
"အထူးစပါယ်ရှယ် အနေနဲ့ နောက်ဆုံးတစ်ယောက်ရွေးမယ်ဆိုပြီး
ကျွန်တော့်ကို ခေါ်ထုတ်လို့ အသားကုန် တွယ်တာပဲ
ကိုလယ်လယ်(တန်းစီးရဲ့ အထိုးခံရသူ)နဲ့ တစ်မြို့ထဲသားဖြစ်တာရယ်
တန်းစီး နွားကြီးတင်ဝင်းကို ခဲနဲ့လိုက်ထုတော့
တပ်ကြပ်ဘိုကြည်ကမြင်သွားတာ ရယ်ကြောင့်ပါ"တဲ့

(၂)ဆောင်ကနေဆွဲထုတ်ခံရသူကအယောက် (၂၀)နီးပါးရှိမယ်
အားလုံးကို တိုက်ရှေ့မှာပုံစံကြီး ထိုင်ခိုင်းပြီးရိုက်တယ်
(ထောင်အခေါ် အီကြာကွေး ကျွေးတယ်ပေါ့)
အဲ့ဒီကနေ သီးသန့်(၂)တိုက်ပို့တယ်

(၂)ဆောင်ကနေ ရိုက်နှက်ပြောင်းရွှေ့ ခံရသူတွေထဲမှာ
ကိုလယ်လယ် ၊ကိုဇော်မိုးကျော်၊ကိုထွန်းလင်း(၁၄ အထက)၊
ကိုအောင်ဆန်းဦး(ဒီချုပ်အရှေ့ မြောက်လူငယ်)၊ကိုအောင်ဆန်းဝင်း(အမရပူရ)၊
ကိုအေးဖေမြင့်(GTI)၊ကိုဇော်ဇော်နှောင်းတို့ ပါပါတယ်
(အခြားအမည်များကျန်နေပါသေးတယ်)

"အဆောင်ကို ပြစ်ဒဏ်တိုက်အဖြစ်ထောင်ဝင်စာ တစ်လပိတ်တယ်
တစ်ဆောင်လုံးရဲ့ မိလ္လာအိုး(ချေးအိုး)သွန်ဖို့ကိုပေါ်တာ(သန်ရှင်းရေးအလုပ်သမား)
တစ်ယောက်မှ ချမပေးတော့ဘဲနိုင်ငံရေးသမားတွေ
ကိုယ့်ချေးအိုးကိုယ်သွန်ရတဲ့အထိ ဖြစ်သွားတာ
ရေချိုးလည်းမချဘူး
မျက်နှာပဲသစ်ခွင့် ပေးတယ်"လို့ကိုရာကျော်(မန္တလေး ၅၀၅ /ခ နဲ့ ၂ နှစ်ကျသူ)ကပြောတယ်

(၂ )ဆောင် ကစတင်တဲ့ခုကိစ္စအကြောင်းပြုလို့(၅)ဆောင်ကလည်း ဇန်နဝါရီ(၄)ရက်နေ့
ည(၈)နာရီလောက်ထိတန်းမဝင်ဘူး(အခန်းအပိတ်မခံဘူး)ဖြစ်ခဲ့တာကြောင့်
နောက်နေ့ (၅)ရက်မနက်ကျတော့(၅)ဆောင်က လူ (၇)ယောက် လည်း
မျက်နှာ အဝတ်စည်း ရိုက်ဆုတ်ပြီးထောင်မကြီးတိုက်ကိုအပို့ခံရပါတယ်

"ဇရှိတဲ့ ကောင်တွေ ထွက်ခဲ့တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ဆိုတဲ့ကောင်တွေ
ထွက်ခဲ့လေကွာ"ဆိုပြီးဝန်ထမ်းတွေကစိန်ခေါ်ရိုက်နှက်တာဖြစ်တယ်

အရိုက်ခံရသူတွေကတော့
ဦးဇော်ဝင်း(မနတ)၊ကိုရဲမြင့်(ဗန်းမော်)၊ကိုအေးကျော်(စစ်ကိုင်း)၊ကိုမြင့်သိန်း(မုံရွာ) ၊ကိုသန်းအေး(မုံရွာ)နဲ့ 
အခြား(၂)ယောက်(အမည်မမှတ်မိ)တို့ပါပဲ
(အဲ့ဒီတုန်းအခါ (၅)ဆောင်ထောင်မှူးကဦးအောင်တင်သိန်းပါ)

"အဲ့ဒါဖြစ်ပြီးနောက်ပိုင်းထောင်ကကျွေးတဲ့အစားအသောက်တွေလည်း
ပိုပိုဆိုးလာတယ်
ထမင်းထဲမယ် ခဲတွေ၊သဲတွေ ချည်းပဲရေနဲ့ကျင်ပြီးမှပဲ စားလို့ရတာ"လို့
ကိုစောဝင်းနိုင်(ဗလသ /၅ နှစ်ကျသူ)ကပြောပါတယ်

"ပေးနေကျ ငပိတောင်မပေးတော့ဘူး
ပဲဟင်းကလည်း ဘာပဲဖတ်မှ မပါဘဲရွှံ့ ရည်သာသာ ပဲရှိတော့တယ်
ထမင်းချည်းစားနေရသလိုဖြစ်နေတာ
ဇန်နဝါရီ (၁၂)ရက်နေ့ကျတော့ပဲဟင်းမယူနိုင်ကြောင်းနဲ့  လဲပေးဖို့ ကျွန်တော်ပြောတော့
ပဲဟင်းအကျဲ မဟုတ်တော့ဘဲပဲအနှစ်နဲ့ ပျစ်ခဲနေတာ ပိုကောင်းတာ လဲပေးတယ်
ဒါပေသိ နေ့လည်(၁၂)နာရီကျတော့မှခေါ်ထုတ်ပြီးတွယ်တော့တာပဲ"လို့
ပခုက္ကူဦးခင်မောင်အေး(ယူဂျီ -၅/ညနဲ့  ၇ နှစ်ကျသူ)ကပြောပါတယ်

ဦးခင်မောင်အေးကိုမျက်နှာအဝတ်စည်း လက်လိမ်ချိုးပြီး
ထောင်ဝန်ထမ်းတွေက ဝိုင်းရိုက်တယ်
ရင်ဘတ်ကိုဝါးဆစ်ပိတ် တုတ်နဲ့ ဆောင့်ထိုးတယ်
တရွတ်တိုက်ဆွဲခေါ်သွားတယ်
လက်ကိုလည်း ခြေထောက်နဲ့ တက်နင်းတယ်
"ထောင်ရုံးခန်းမှာထောင်မှူးစိုးသန်းကပစ်သာ သတ်လိုက်ပါကွာ
လူပါးဝတဲ့အကောင်တွေ"လို့ပြောတယ်

(၁)တိုက်ရောက်တော့နံရံကပ်ခိုင်းပြီး(၃)ပင်လိမ် ကြိမ်နဲ့ ကျောကိုဆော်တယ်
တစ်ပေခွဲဒေါက်နဲ့ သံခြေကျဉ်းခတ်တာက(၁)လတိုက်ထဲနေရတာက(၈)လပေါ့"လို့
ဦးခင်မောင်အေးကပဲပြောပါတယ်

တစ်ကယ်တော့ခုအဖြစ်အပျက်က ကြာခဲ့ပါပြီ
တစ်ချို့ လည်းဆုံးပါးသွားကြရှာပြီပေါ့
အာဏာရှင်ဆိုတာအစွယ်ကားကားနဲ့အမွေးရှည်ရုံတင်မကဘဲ
သူ့ခြေသည်းလက်သည်းတွေကပါချွန်ထက် ရက်စက်လွန်းခဲ့တာ
ဒီ အတိတ်ခါးခါးများကသက်သေပြနေလေရဲ့ 

ပြောရရင်"ကျား"ကလည်းကြမ်း
"ကျားချေး"ကလည်းစွမ်းခဲ့တဲ့စစ်အာဏာ အမှောင်တိုက်အောက်က
ခါးသက်တဲ့ နှစ်ကာလများပါပဲ

မိုးကောင်းတုန်းရွာခဲ့ကြတယ်
တစ်ချို့ဘဝတွေ ရေမြုပ်တစ်ချို့ အိပ်မက်တွေရေမျော
တစ်ချို့  အနာဂတ်တွေ ပြန်ဆယ်မရ ဖြစ်ခဲ့တယ်

ခုလို အတိတ်အကြောင်းတူးဆွရတယ်ဆိုတာကလည်း
အမှန်တရားကို ဖော်ထုတ် မှတ်တမ်းတင်ဖို့နဲ့ ရယူလိုစိတ်မထား ပေးဆပ်ခဲ့သူများအပေါ်
အသိအမှတ်ပြုချင်တာကြောင့်ပါပဲ

ဘယ်လိုပဲဖြစ်ဖြစ်
"အမုန်းတရားတွေ "အဆုံးသတ်စေချင်ပါတယ်
"ရန်စ"ကိုမရှည် ၊တိုစေချင်တာလည်းအမှန်ပဲ
"လက်စားချေတယ်"ဆိုတာအရိုင်းအစိုင်းခေတ်မှာ ကျန်ခဲ့ပါပြီ
တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင်မလိမ်ကြေး မညာကြေးပေါ့ဗျာ..

နောင်မျိုးဆက် ကလေးတွေကိုအမှန်အတိုင်း ပြောခဲ့ ဖို့လိုတယ်

(အခု စာစုအတွက် အဖြစ်အပျက်များကိုမှတ်မိသမျှပြောပြပေးကြတဲ့ ဦးခင်မောင်အေး(ပခုက္ကူ )၊
ကိုစိုးမိုးနိုင်၊ကိုရာကျော်၊ကိုအောင်ဆန်းဝင်း၊ကိုမောင်မောင်လွင်၊ ကိုဇော်ဇော်နှောင်း ၊ကိုစောဝင်းနိုင် ၊ကိုခင်ဇော်လင်းကိုဝင်းကြိုင်တို့ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်
အချက်အလက် အမှားအယွင်းတစ်စုံတစ်ရာပါသွားပါက၊ကျန်ခဲ့ပါက တောင်းပန်ပါတယ်)

ရေးသားတင်ပြသူ - မောင်နန်းဝေဗန်းမော်

ပုံအညွှန်း - "ပုံစံကြီး" ခေါ် ထောင်က ညှင်းပမ်းပုံတမျိုး
Crd ကျော်နိုင်
Khinmaung Htay
https://www.facebook.com/khinmaung.htay.7359/posts/195675467627358






No comments:

Post a Comment