Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 1, 2017

နယ်လ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်

 
နယ်လ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်
==================================

နိဒါန်း

(ယခုစာစုကို ရေးသားခဲ့သူ ရစ်ချတ်စတင်းဂဲလ် (Richard Stengel)သည် တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားနှင့်အတူ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင် ခဲ့သူတစ်ဦးဖြစ်သည့်အပြင် မင်ဒဲလား၏ အထ္ထုပ္ပတ္တိဖြစ်သော လွတ်လပ် ရေးသို့ ခရီးရှည် (Long Walk to Freedom) စာအုပ်ကို ပြုစုရာတွင်လည်း အဓိကပံ့ပိုး ကူညီခဲ့သူဖြစ်သည်။  နှောင်းလူတို့ စံပြုလေ့လာအပ်သော မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ အင်္ဂဂါရပ်များကို ဖော်ထုတ်ရေးသားလိုက်ခြင်းဖြစ်ရာ နှိုင်းယှဉ်ဆက်စပ် လေ့လာနိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ခြင်းဖြစ် ပါ သည်။ .... ဝေမော်)

၁။ ရဲစွမ်းသတ္တိဆိုတာ အကြောက်တရားကင်းစင်ခြင်းမဟုတ်၊ အကြောက်တရားကို ကျော်လွန်လုပ်ဆောင်ဖို့ စေ့ဆော်အားမွေး ပေးခြင်းသာဖြစ်တယ်  

၁၉၉၄ ခုနှစ် တောင်အာဖရိက နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု ကာလအတွင်းက လေယာဉ် ဆင်းသက်နိုင်ရုံသာရှိသော နာတာ(Natal)လေယာဉ်ကွင်း အနီးရှိ သူ့ကိုထောက်ခံသူ ဇူးလူးလူမျိုးစု (Zulu)တွေကို မိန့်ခွန်း စကားပြောကြားရန် မင်ဒဲလားဟာ ပန်ကာနှစ်လုံးတပ် လေယာဉ်ကလေးပေါ် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ အဲဒီမှာ သူမိန့်ခွန်း ပြောပြီးတဲ့အခါ ဆက်လက်လုပ်ဆောင်စရာ ကိစ္စတွေရှိတာကြောင့် ကျနော် လေယဉ်ကွင်းကို ရောက်ရှိသွားပါတယ်။

လေယာဉ်ဆင်းသက်နေစဉ် မိနစ် (၂ဝ) အကြာမှာ အင်ဂျင်တစ်လုံးဟာ ရုတ်တရက် ထိုးရပ်သွား တာကြောင့် လေယာဉ်ပေါ် လိုက် ပါလာသူတွေ အထိတ်တလန့် ဖြစ်ကုန်ကြရပါတယ်။ အဲဒီ့အချိန်မှာ မင်ဒဲလားတစ်ယာက်ကတော့ နံက်ခင်းရထားစီးပြီး ပုံမှန် အလုပ်သွားနေသလိုမျိုး မလှုပ်မရှား ငြိမ်ချက်သားကောင်းလို့ သတင်းစာဖတ် မပျက်ပါ။ ဒီတော့မှ ကျန်လူတွေလည်း စိတ်လှုပ်ရှားမှု သက်သာရာရပြီး တည်ငြိမ်မှုရှိလာပါတယ်။ လေယဉ်ကွင်းက အရေးပေါ် ဆင်းသက်မှုအတွက်သာ ပြင်ဆင်ထားတာဖြစ်ပြီး၊ လေယဉ်မှူး ကျွမ်းကျင်လို့ ဘေးမသီရန်မခ ဆင်းသက်နိုင်ခဲ့တာပါ။

လေယာဉ်ပေါ်ကဆင်းပြီးနောက် လူထုစည်းဝေးပွဲရှိရာကို သွားဖို့အသင့်စောင့် ကြိုနေသော ကျည်ကာမှန်တပ် ကားရဲ့နောက်ခန်း ထိုင်ခုံပေါ်ထိုင်မိပြီးမှ ကျနော့်ဘက်ကို စောင့်ငဲ့ပြီး မင်ဒဲလားပြောလိုက်တာက “ကိုယ့်လူရေ စောစောတုံးက ကျနော်ဖြင့် ကြောက်လိုက်တာ တကိုယ်လုံးတုန်ဆင်းသွားတာပဲ” တဲ့။

မြေအောက်နိုင်ငံရေး လှုပ်ရှားမှုကာလ၊ ရီဗွန်နီးယားတရားရုံး (Rivonia)မှာ အမှုစစ်ဆေး ခံနေရစဉ်ကာလ နဲ့ရော်ဘင်ကျွန်းပေါ် မှာ (Robben) အကျဉ်းကျခံနေရစဉ်ကာလတွေအတွင်းမှာ လူသားတဦးဖြစ်တဲ့ မင်ဒဲလားတယောက် မကြာခဏ ကြောက်စိတ် တွေ ဝင်ခဲ့ဘူးကြောင်း နောက်ပိုင်းမှာ သူကိုယ်တိုင် ကျနော့်ကိုပြန်ပြောပြတတ်ပါတယ်။ လူမှန်ရင် ကြောက်တတ်တာ သဘာဝ ကျပါတယ်လို့ သူကအဆိုပြုပါတယ်။ “ငါဟာ ရဲရင့်သူဖြစ်တယ်။ ကမ္ဘာကြီးကို အောင်နိုင်သူဖြစ်တယ်လို့ ကျနော်ဟန်မဆောင် တတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တယောက် အနေနဲ့ ကိုယ်ကြောက်တတ်တာကို အခြားသူတွေ မသိစေနဲ့ပေါ့” “လူထုရှေ့ မှာ မားမားမတ်မတ် အစွမ်းပြနိုင်ရမယ်” စသည်ဖြင့် သူကပြောတတ်ပါတယ်။ အခြားသူတွေရှေ့မှာ ကိုယ်က မကြောက်တဲ့အသွင် ဆောင်ထားနိုင်ရင် သူတို့ကိုပါရဲရင့်စိတ် နိုးကြွှလာစေတယ်ဆိုတာကို နားလည်သဘောပေါက်ထားပုံရပါတယ်။

ကြောက်ရွံ့စရာတွေ တင်းကြမ်းပြည့်နေတဲ့ ရော်ဘင်ကျွန်းပေါ်မှာ သူဒီအတိုင်းကျင့် ကြံ နေထိုင် ပါတယ်။ အမှုစစ်ဆေးစဉ်ကာလမှာ တရားရုံးဝင်းအတွင်းခေါင်းမော့ ရင်ကော့ပြီး မော်မော်ကြွှားကြွှား လမ်းလျှောက်နေသော မင်ဒဲလားကို တွေ့မြင်လိုက်ရတဲ့ ဘဝတူအကျဉ်းသားတွေက သူတို့ရဲ့ အမြင်အာရုံမှာ အဲဒီ မြင်ကွင်းပုံရိပ်တွေကို ရက်ပေါင်းအတော်ကြာအောင် လွှမ်းမိုးငြိတွယ်နေတယ်လို့ ပြန်ပြောပြကြပါတယ်။ သူဟာအခြားသူတွေအတွက် စံနမူနာကောင်းဖြစ်ရမယ်လို့ မင်ဒဲလားက ခံယူထားပါတယ်။ အဲဒီ့စိတ်ဓါတ်နဲ့ သူကိုယ်တိုင် ကြောက်စိတ်တွေကို ကျော်လွှားအောင်မြင်ပြီး လူထုရဲ့ သူရဲကောင်းဖြစ် လာတာပါ။

၂။ ရှေ့တန်းမှဦးဆောင်ပါ ၊ ကိုယ့်အဖွဲ့သားတွေကိုလည်း နောက်မှာ ချန်မထားပါနဲ့

မင်ဒဲလားဟာ လျှို့ဝှက်ပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှာ ပရိုစတိတ်အကျိတ် ခွဲစိတ် ကုသ ခံခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ အကျဉ်းထောင်တွင်း ပြန်ရောက်တဲ့အခါ ထောင်သက် (၂၁)နှစ် အတွင်း သူ့ရဲဘော်များ၊ မိတ် ဆွေများနဲ့ ပထမဦးဆုံး အကြိမ် ခွဲခြားထားတာကို ခံလိုက်ရပါတယ်။ ထောင်အာဏာပိုင်များ ဒီလိုလုပ်တာကို သူ့ရဲဘော်တွေက ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ မင်ဒဲလားက သူတို့ကို “ခဏလေးသည်းခံပြီး စောင့်ပါ ရဲဘော်တို့၊ မကြာခင်မှာ အခြေအနေ ကောင်းတွေ ထွက်ပေါ်လာမှာပါ” လို့ ပြောဆိုနှစ်သိမ့်ကြောင်း သူ့မိတ်ဆွေရင်း အာမက်ကက်သ်ရာဒါ(Ahmed Kathrada) က အမှတ်တရ ပြန်ပြောပါတယ်။ မကြာမတင်ကာလမှာပဲ မင်ဒဲလားနဲ့ အသားအရောင်ခွဲခြားမှု စနစ်ကျင့်သုံးခဲ့တဲ့ ဒီကလပ်အစိုးရတို့ တွေ့ဆုံးဆွေးနွေးရေးတွေ စတင်ပါတော့တယ်။

တောင်အာဖရိက အမျိုးသားကွန်ကရက် (ANC) ကတော့ ယခုလိုဆွေးနွေးတာ ကို ဘဝင်မကျပါဘူး။ အကျဉ်းသားဘဝနဲ့ အစိုးရကိုတွေ့ဆုံဆွေးနွေးရေးမလုပ်နိုင်ဘူး၊ လူဖြူအစိုးရ ဒူးထောက်အရှုံးပေး သွား အောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရမယ်လို့ ဆယ်စုနှစ်များစွာလှုံ့ဆော်ခဲ့တဲ့ မင်ဒဲလားက ယခုအချိန်မှာ ဖိနှိပ်သူအစိုးရ နဲ့ စကားပြောချိန်တန်ပြီဆိုတာကို သိမြင်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ၁၉၈၅ ခုနှစ် ဆွေးနွေးမှုစတင်နေချိန်မှာပဲ မင်ဒဲလားတယောက် လမ်းကြောင်းပျောက်သွားပြီလား ဆိုပြီး တွေးတောနေသူတွေ မနည်းမနောရှိပါတယ်။ “သူက ကျနော်တို့ အပေါ်သစ္စာဖောက်သွားပြီလို့ ခံစားမိတယ်။ ကျနော်တို့ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ပြောပြဖို့သူ့ကို သွားတွေ့ခဲ့တယ်။ ခုလိုဆွေးနွေးမှုဟာ ယုံရခက်တဲ့ ပမာဏခြေလှမ်းပဲ။ သူသိပ်ပြီး စွန့်စားလွန်း တယ်။” လို့ အဲဒီအချိန်က သတ္ထုတွင်း အလုပ်သမားသမဂ္ဂရဲ့ ဒေါင်ဒေါင်မြည် ရဲရဲတောက်ခေါင်းဆောင် စီရီလ်ရာမာဖော်ဆာ (Cyril Ramaphosa) ကဆိုပါတယ်။

ဒါကြောင့် မင်ဒဲလားဟာ သူ့လုပ်ဆောင်ချက်တွေ မှန်ကန်ကြောင်း သူ့လုပ်ဖော်ကိုင်ဖက် များကို ရှင်းလင်းပြောဆို နားချပါတော့တယ်။ သူ့ဂုဏ်သတင်း ဟာလည်း ဆွေးနွေးပွဲ အောင်မြင်မှု ရှိ၊ မရှိပေါ်မှာ မူတည်နေ တာပါ။ အကျဉ်းထောင်အတွင်းမှာ ရှိနေတဲ့ ရဲဘော်တစ်ဦးချင်းဆီသွားပြီး မင်ဒဲလားက သူ့လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြနေတာ ကို ကက်သ်ရာဒါးက အမှတ်တရ ရှိနေပါတယ်။ ဖြည်းဖြည်းမှန်မှန် ဇွဲရှိရှိနဲ့ သူ့သဘောထားကို ရဲဘော်တွေ လက်ခံလာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ “မိမိရဲ့ဆောင်ရွက်ချက်တွေကို လုပ်ဖော်ကိုင်ဖက်တွေက ထောက်ခံလာအောင် လုပ်ဆောင်ပါ။ မိမိမှာ တိုက်ပွဲဝင်ဖို့ ခြေကုပ်စခန်း အခိုင်အမာရှိပြီဆိုရင်တော့ လူထုလှုပ်ရှားမှုကို ရှေ့တိုးလုပ်ဆောင်ပါ။ မင်ဒဲလားဟာပြောပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ လူစားမျိုးပါ။” လို့ (ANC) ရဲ့အတွင်းရေးမှူးချုပ်ဖြစ်ပြီး ယခုအခါ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်  ရာမာဖော်ဆာက ပြောပါတယ်။

မင်ဒဲလားအနေနဲ့လူဖြူအစိုးရကို ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တာဟာ နည်းပရိယာယ်အရ လုပ်ဆောင်ခဲ့ တာသာ ဖြစ်ပါတယ်။ “သူဟာသမိုင်းလိုအပ်ချက်အရ ပေါ်ထွက်လာတဲ့လက်တွေ့ အကျဆုံးသော အတွေးအမြင်သမားတစ်ဦး ဖြစ်ပြီး ရှေ့ဆက်ကျနော်တို့ လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို သူအမြဲတမ်း စဉ်းစားနေတတ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင် ချက်တွေ အပေါ် နောက်မျိုးဆက် တွေက ဘယ်လိုသဘောထားမလဲဆိုတဲ့ အနာဂတ်ကြိုတင်တွက်ဆချက် သူ့မှာ ရှိပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။

ရေရှည်အတွက်မျှော်တွေးစဉ်းစားနိုင်တဲ့ အရည်အချင်းကိုထောင်ထဲမှာ နေ့စဉ်လေ့ကျင့်လာတာပါ။ ရက်တွေ၊ လတွေသာမက ဆယ်စုနှစ်နဲ့ တိုင်အောင်တိုင်းပြည် အနာဂတ်ရေးကိုသူစဉ်းစား ခဲ့ပါတယ်။ သမိုင်းက သူ့ဖက်ဆီကို ဦးညွတ်လာပြီဆိုတာကို သူသိထားပြီးဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေလည်းထွက်ပေါ်လာမှာ ဖြစ်ပြီး အချိန်ဘယ်လောက်ကြာကြာမှာ ဘယ်လိုနည်းနဲ့ ထွက်ပေါ်လာမှာလဲဆိုတဲ့ အမေးပုစ္ဆာပဲရှိပါတော့တယ်။ “ရေရှည်ကာလမှာ အကောင်းဘက်ကိုဦးတည် ပြောင်းလဲလာမှာပါ” လို့ ပြောလေ့ရှိသလို သူ့လုပ်ဆောင်ချက်တွေကိုလည်း ရေရှည်သဘော ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။

၃။ နောက်တန်းမှဦးဆောင်မှုပေးရင်း  အခြားသူတွေကို ရှေကတန်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ပါစေ

မင်ဒဲလားကသူ့ရဲ့လုလင်ပျိုဘဝမှာ နွားကျောင်းခဲ့ရတဲ့ ပျင်းရိစရာနေ့လည်ခင်းတွေကို တမ်းတမ်းတတ ပြောပြတတ်ပါတယ်။ “သိတယ်မဟုတ်လား။ နွားအုပ်ကိုကိုယ်လိုရာရောက်အောင် နောက်ကနေ ထိန်းကျောင်းပေးရတယ်ဗျ။” အဲလိုပြောပြီး သူ့ စကားကို ကျနော်သဘောတူ၊ မတူ စူးစမ်းတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြီးကြည့်လိုက်သေးတယ်။ ငယ်ရွယ်စဉ်က သူ့ကိုမြေ တောင်မြှောက်ပေးတဲ့ လူမျိုးစုဘုရင် ဂျန်ဂျင်တဘာ (Jangintaba) ရဲ့အရိပ် လွှမ်းမိုးမှုက သူ့အပေါ်မှာ အတော်ကလေး ကြီး မားပါတယ်။ ဂျန်ဂျင်တဘာက သူ့ရုံးတော်မှာ အစည်းအဝေးကျင်းပတဲ့အခါ တက်ရောက်လာသူ တွေကို စက်ဝိုင်းပုံစုရုံး စေပါတယ်။ တက်ရောက်သူအားလုံးက တယောက်တလှည့်စီ ပြောဆို ဆွေးနွေးပြီးတဲ့ အခါမှ ဘုရင်ကြီးက စတင်ဆွေးနွေးပါတယ်။

အကြီးအကဲတွေရဲ့ အလုပ်က လူတွေကိုသြဇာပေးစေခိုင်းဖို့ထက် လူတွေရဲ့ သဘောဆန္ဒတွေကို စုစည်းစုဖွဲ့ပြီးလုပ်ငန်း အကောင် အထည်ဖော်တတ်ဖို့ ပိုအရေးကြီးပါတယ်လို့ မင်ဒဲလားကဆိုပါတယ်။ သူပြောလေ့ရှိတဲ့စကားက “ဆွေးနွေးငြင်းခုံပွဲတွေ မှာ ကိုယ်ကအစောကြီး ဝင်မဆွေးနွေးနဲ့” ကျနော် မင်ဒဲလားနဲ့ လက်တွဲလုပ်ကိုင်နေစဉ်အတွင်း ဂျိုဟန်နစ္စဘတ်မြို့ (Johannasbug) ရဲ့ သာယာလှပ သော ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်တဲ့ ဟူတန် (Houghton) ရပ်ကွက်မှာ တည်ဆောက်ထားတဲ့ သူ့အိမ်ကလေးမှာ မကြာခဏဆိုသလို ရာမာဖော်ဆာ၊ သာဘိုမစ်ကီ (Thabo Mbeki) (ယခုတောင်အာဖရိက သမ္မတ) နဲ့ အခြား သူများပါဝင်တဲ့ လူ (၆) ဦးဟာ ထမင်းစားပွဲပတ်လည် (သို့မဟုတ်) အိမ်အဝင်ကားလမ်းလေးပေါ်မှာ စက်ဝိုင်းပုံနေရာယူပြီး ဆွေးနွေးကြတာပါ။

သူ့ရဲဘော်အချို့က လုပ်ငန်းတွေကို သွက်သွက်မြန်မြန်လှုပ်ရှား လုပ်ဆောင်ဖို့၊ ယခုထက် ပိုပြီး တက်တက် ကြွှကြွှလုပ်ကိုင်ဖို့ ဒေါနဲ့မောနဲ့ အော်ဟစ်ပြောဆိုဆွေးနွေးနေချိန်မှာ မင်ဒဲလားက ရိုးရိုးကုပ်ကုပ်လေး နားထောင်နေတတ်ပါတယ်။ နောက်ဆုံးသူ့အလှည့်ကျတော့မှ တစ်ယောက် တစ်ပေါက်ပြန့်ကျဲနေတဲ့ အမြင်သဘောတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ အနှစ်ချုပ်လိုက် ပါတယ်။ နောက်တော့မှ သူ့ကိုယ်ပိုင်အတွေးအမြင်တွေကို ထုတ်ဖော်ဆွေးနွေးတင်ပြပြီး အများ သဘောနဲ့လည်း မဆန့်ကျင်၊ သူ့လိုလားချက်နဲ့လည်းမနီးယိုးစွဲရှိတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်သည်အထိ ဆွေးနွေးပွဲကို ပဲ့ကိုင် ဦးဆောင်သွားပါ တယ်။

ကိုယ်ကိုတိုင်ခေါင်းဆောင်မှုကို ခံယူခြင်းဟာလိမ္မာပါးနပ်တဲ့ ခေါင်းဆောင်မှုဖြစ်ပါတယ်။ မင်ဒဲလားပြောတာက “ကိုယ်ဖြစ် စေချင်တဲ့ ဆန္ဒအတိုင်း လူတွေလိုက်ပါ ဆောင်ရွက်လာအောင် ဆွဲဆောင်စည်းရုံးတဲ့နေရာမှာ ကိုယ့်အတွေးအမြင်ကို သူတို့ အ တွေးအမြင်ဖြစ်သွားအောင် ပြောင်းလဲပြစ်နိုင်ခြင်းဟာ ထက်မြက်တဲ့ခေါင်းဆောင်မှုအင်္ဂါရပ်ဖြစ်တယ်” ဆိုတာပါပဲ။  

၎။ ပြိုင်ဘက်ရန်သူအကြောင်းကိုသိအောင်လုပ်ပါ၊ သူနှစ်သက်တဲ့ အားကစားအကြောင်းလေ့လာ သင်ယူပါ

၁၉၆ဝ ခုနှစ်များလောက်မှာ အသားအရောင်ခွဲခြားဆက်ဆံသူ အာဖရိကန်လူဖြူတွေရဲ့ ဘာသာစကားကို စတင်လေ့လာပါတယ်။ (ANC) အဖွဲ့ထဲမှာရှိတဲ့ ရဲဘော်တွေက အဲဒီ့အတွက် သူ့ကိုလှောင်ပြောင် ကျီစယ်ကြပေမယ့် သူကတော့ လူဖြူတွေရဲ့ ကမ္ဘာ့အမြင် ကို သိချင်လို့ လေ့လာတာပါ။ တနေ့ကျရင် သူဟာ လူဖြူအစိုးရကို တနည်းနည်းနဲ့ ပတ်သတ်ဆက်ဆံရမှာ ဖြစ်တယ်ဆိုတာ သိထားပါတယ်။ လူဖြူတွေနဲ့ စကားပြောဆိုရင်းနဲ့ သူတို့ ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိမြင်လာမယ်။ အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ ချမှတ် လုပ်ဆောင်နိုင်မယ် စတဲ့ အကျိုးရလဒ် နှစ်ခုကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။ သို့ပေမယ့် လူဖြူအသိုင်းအဝိုင်း အတွင်းမှာ ဝင်ဆံ့အောင်တော့ အလိုက်သင့် အလျားသင့် နေတတ်ရပါမယ်။

သာမန်ထောင်ဝန်ထမ်း တွေကစလို့ သမ္မတ ပက်ထရစ်ဘိုသာ (P.W.Botha)အထိ အာဖရိကန်လူဖြူတွေက မင်ဒဲလား၏ လူဖြူ ဘာသာစကား ကျွမ်းကျင်ပုံနဲ့ လူဖြူတွေရဲ့ သမိုင်းနှံ့စပ်ပုံတွေကို အထင်ကြီးလေးစားကြရပါတယ်။ မင်ဒဲလားဟာ လူဖြူတွေရဲ့ အသဲစွဲ အားကစားဖြစ်တဲ့ ရတ်ဘီ ဘောလုံးကစားနည်းကို တစ်သင်းချင်းအလိုက်၊ အားကစားသမားတစ်ဦး ချင်းအလိုက်နှိုင်းယှဉ် သုံးသပ် နိုင်တဲ့ အထိ အားဖြည့် လေ့လာထားပါတယ်။ အာဖရိကန်လူဖြူတွေနဲ့ လူမည်းအာဖရိက လူမျိုးတွေကြားမှာ ဘုံတူညီမှုအခြေခံတွေ ချမှတ်တာကို မင်ဒဲလားနားလည် သဘောပေါက်ပါတယ်။ အာဖရိကန်လူဖြူတွေက သူတို့ဟာလည်း လူမည်းတွေလိုပဲ အာဖရိက တိုက်သားတွေ ဖြစ်တယ်ဆိုတာကို နက်နက် ရှိုင်းရှိုင်းယုံကြည်ထားပါတယ်။ ပြီးတော့ သူတို့ ကိုယ်တိုင်လည်း ရက်စက်ကြမ်းကြုတ်မှုရဲ့ သားကောင်တွေ ဖြစ်နေပါတယ်။ ဗြိတိသျှအစိုးရနဲ့ တောင်အာဖရိကမှာ အခြေချနေထိုင်တဲ့ အင်္ဂလိပ် လူဖြူတွေက သူတို့ကို အထင်သေးနှိမ့်ချ ဆက်ဆံတာ ခံကြ ရပါတယ်။

တောင်အာဖရိက လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်စွဲမြဲနေတဲ့ ရှုပ်ထွေးနိမ့်ကျသိမ်ငယ်စရာ ယဉ်ကျေးမှုရဲ့ဒဏ်ရာ ဒဏ် ချက်တွေကို လူမည်းများနည်းတူ လူဖြူတွေလည်း ခံစားကြရပါတယ်။ ရှေ့နေတဦး ဖြစ်တဲ့ မင်ဒဲလားဟာ ပြဿနာ ကြုံ တွေ့ နေရသော ထောင်ဝါဒါ (လူဖြူဝန်ထမ်း)များကို ဥပဒေဆိုင်ရာ အကူအညီပေးပါတယ်။ ထောင်ဝန်ထမ်းတွေက မင်ဒဲလားနဲ့ စာရင် များစွားပညာရည် နိမ့်ပါးသူတွေဖြစ်ပြီး လူမည်းတစ်ဦးကသူတို့အပေါ် အကူအညီပေးနိုင် ခြင်းဟာ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်တော့ဘဲ အံ့ဘွယ်ဘနန်းထူးဆန်းမှုကြီး ဖြစ်နေပါတော့တယ်။ “ဒါတွေဟာ အကြင်နာတရားမဲ့ပြီး ရက်စက်တဲ့ အသား အရောင်ခွဲခြားမှု စနစ်ဆိုးရဲ့ သရုပ်သကန်တွေဖြစ်ပြီး အဲဒီ့လို အဆိုးဆုံး ယုတ်မာ ရက်စက်ဆုံးသော အာဏာရှင်အစိုးရမျိုးနဲ့ တောင် မင်ဒဲလားက စေ့စပ်ဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ တောင်အာဖရိက သမိုင်းဆရာအကျော်အမော် အလစ်စတာ စပါ့ခ် (Alister Sparks) ကဆိုပါတယ်။

၅။ မိတ်ဆွေရဲဘော်များနဲ့ လက်ပွန်းတတီးရှိပါစေ၊ မိမိပြိုင်ဘက်များကိုပင် ရင်းနှီးမှု ရအောင်ယူပါ

မင်ဒဲလားက ကူနူ (Qunu) မှာ ရှိတဲ့ သူ့အိမ်ကို ဖိတ်ကြားတွေ့ဆုံသော ဧည့်သည်အများစု အပေါ်သူ့အနေနဲ့ အပြည့်အဝ ယုံကြည်မှုမရှိကြောင်း ကျနော်သိအောင် ပြောပြထားဖူးပါတယ်။ သူတို့ကို မင်ဒဲလားက ညစာတည်ခင်းဧည့်ခံတယ်။ သူတို့နဲ့ တိုင် ပင်ဆွေးနွေးတယ်။ သူတို့အကြိုက်လေချိုသွေးပြီး လက်ဆောင်တွေလည်း ပေးလိုက်သေးတယ်။ မင်ဒဲလားဟာ တပါးသူ အပေါ် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသူဖြစ်ပြီး အဲဒီ့စွမ်းအားကို သူ့ပြိုင်ဘက်တွေနဲ့ ဆက်ဆံရာမှာ ပိုပြီး အသုံးပြုလေ့ရှိတယ်။

ရော်ဘင်ကျွန်းပေါ်မှာ အကျဉ်းကျခံနေရစဉ်အတွင်း မင်ဒဲလားက သူမနှစ်သက် မယုံကြည်တဲ့ လူတွေကိုပင် သူ့ရဲ့နိုင်ငံရေးဆွေး နွေးဖော် ဆွေးနွေးဖက်စာရင်း မှာ ထည့်သွင်း ပါဝင်စေပါတယ်။ မင်ဒဲလားကို နီးနီးကပ်ကပ် ဆက်ဆံခဲ့သူတဦးကတော့ (ANC) ရဲ့ ရဲရဲ တောက်စစ်ခေါင်းဆောင် ခရစ်ဟာနီ (Chris Hani) ဖြစ်ပြီး သူဟာမင်ဒဲလားကိုဆန့်ကျင်ဖို့ လျှို့ဝှက်ကြံစည်နေသူအဖြစ် သတင်းကြီးပါတယ်။ ဒါပေမယ့် မင်ဒဲလားက သူ့ကို နွေးနွေးထွေး ထွေး ဆက်ဆံပါတယ်။ “ဟာနီမှ မဟုတ်ဘူး စက်မှုလုပ်ငန်းရှင်ကြီးတွေ၊ သတ္ထုတွင်းပိုင်ရှင်ကြီးတွေ၊ သူနဲ့ အတိုက်အခံဖြစ် သူ တွေကိုလည်း မင်ဒဲလားက ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။

မင်ဒဲလားက အဲဒီ့လူတွေရဲ့ မွေးနေ့ တွေမှာ ဖုန်းဆက်ပြီး ဆုတောင်းပေးလေ့ရှိသလို သူတို့ မိသားစု နာရေးကိစ္စတွေကိုလည်း သွားရောက်တတ်ပါတယ်။ ဒါတွေဟာ သူ့ရည်မှန်းချက်အတွက်အခွင့်အရေး တခုအနေနဲ့သူကမြင်ပါတယ်။ “သူအကျဉ်းထောင်ကလွတ်မြောက်လာပြီး လူထုခေါင်းဆောင် အဖြစ် ရောက်ရှိသွားချိန်မှာ သူ့မိတ်ဆွေ အကျဉ်းထောင်ဝန်ထမ်းတွေကို သူနဲ့အတူလက်တွဲလုပ်ကိုင်စေပြီး သူ့ကိုအ ကျဉ်းချခဲ့သူ အာဏာပိုင်တွေကိုပင် သူရဲ့ ပထမဆုံးသော ဝန်ကြီးအဖွဲ့မှာ ထည့်သွင်း ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအထဲက အချို့သူ တွေကို မင်ဒဲလားက ပုဂ္ဂိုလ်ရေးအရ အထင်သေး ရွံ့မုန်းတာကျနော်သိပါတယ်။

မင်ဒဲလားရဲ့နေ့ရက်တွေမှာ လူထုနဲ့ တထပ်တည်းမကျတဲ့ ကာလတွေ ရှိပါတယ်။ အဲဒီလိုအခါမျိုးမျာ ဆွဲဆောင်မှု စွမ်းအားကြီး မားသူတို့ရဲ့ထုံးစံအတိုင်း သူဟာလူထုအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေပါတယ်ဆိုတဲ့ အသိနဲ့ လူထုအာရုံကို ညှို့ယူ ဖမ်းစားနိုင်သူဖြစ်ပါတယ်။ သမ္မတ ဒီဂလပ်က သူ့ကို လူသိရှင်ကြားထိုးနှက်ဝေဖန် တိုက်ခိုက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တဦးက သစ္စာဖောက်တာခံလိုက်ရသလို ယူကျုံးမရဖြစ်မိကြောင်း သူကဦးစွားသတင်း ထုတ်ပြန်ပါတယ်။

မိမိရဲ့ပြိုင်ဘက်တွေအပေါ်မှာ နွေးနွေးထွေးထွေး ဆက်ဆံခြင်းဖြင့် သူတို့ အနေနဲ့ ကိုယ့်အသိုင်းအဝိုင်း ကို ယုံကြည်စိတ်ချ အာရုံညွှတ်လာအောင် လွှမ်းမိုးထိန်း ချုပ်ထားနိုင်တဲ့ အချက်ကို မင်ဒဲလားသိမြင် ယုံကြည်ထားပါတယ်။သူကသစ္စာရှိမှုကို ယုယမြတ်နိုးပေမယ့် တရားသေအစွဲအလမ်း တရပ်အနေနဲ့ ခံယူမထားပါဘူး။ နောက်ပိုင်းမှာ သူပြောလေ့ရှိတာက “လူတွေဟာ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ် ဆောင်တတ်ကြတယ်။ ဒါဟာတကယ့်လူ့သဘာဝဖြစ်ပြီး လူတွေရဲ့ပျော့ကွက် ဟာကွက် အားနည်းချက် မဟုတ်ပါဘူး” လို့ ဆို ပါတယ်။ အကောင်းမြင်သမားတဦးဖြစ်တဲ့ မင်ဒဲလားက လူတွေကို သိပ်ပြီး ယုံကြည်နေတာကလည်း သဘာဝယုတ္တိတန် ပါ တယ်။ ဒီလိုနည်းနဲ့ ကိုယ် မယုံကြည်ရတဲ့ လူတွေရဲ့ အမုန်းတရားကို အာနိသင်ပြယ်စေကြောင်း သူကသိမြင်ထားပါတယ်။

၆။ ခေါင်းဆောင်မှုအင်္ဂါရပ်မှာ ပြုမူလှုပ်ရှားမှုအသွင်သဏ္ဍာန်က အရေးကြီးပါတယ်၊ အမြဲပြုံးနေ တတ်ပါစေ

အမွှေးတုံးနေသော ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားသော ဂျိုဟန်နစ္စဘတ်မြို့က နုံချာချာ ဥပဒေ ကျောင်းသာလေးဘဝမှာ မင်ဒဲ လားကို အဲဒီ့အချိန်က အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်လည်းဖြစ် (ANC) ရဲ့ လူငယ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဝေါလ်တာ စီစူလူ(Walter Sisulu) က ခေါ်ယူတွေ့ဆုံ ပါတယ်။ စီစူလူဟာ တောင်အာဖရိက လူဂုဏ်တန် အသိုင်းအဝိုင်းမှာ နောကျေဝင် ဆံ့ပြီး အောင်မြင်မှု ရနေသူတယောက်ဖြစ်တာကြောင့် အတုယူစရာ လူမည်း တဦး အဖြစ် မင်ဒဲလားက အမှတ်ပေး ထားပါတယ်။ ဒါ့အပြင် စီစူလူက အနာဂတ်ကို မြင်တတ်သူတဦးပါ။

၁၉၅ဝ ခုနှစ် ဝန်းကျင်လောက်က သူ့ရဲ့ မဟာကြိုးပမ်း လုပ်ဆောင်မှုက (ANC) ကို လူထုလှုပ်ရှားမှု ဆီသို့ ဦးလှည့်ပေးရေးဖြစ်တယ်လို့ တခါက သူပြောဖူးပါတယ်။ ဒီလိုနဲ့ တနေ့တော့ “လူထုခေါင်း ဆောင် (မင်ဒဲလား) တယောက် သူ့ရုံးခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာ ပါတော့တယ်။” လို့ပြုံးပြီးအမှတ်တရ ပြောပါတယ်။

မင်ဒဲလားဟာ အရပ်မြင့်မြင့် လူရည်ချောချော လူငယ်တဦးဖြစ်ပြီး မင်းမျိုးမင်းနွယ် တွေလို မဟာဆန်ဆန် ဟန်ပန်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး သွက်လက်ဖျတ်လတ်မှုရှိတဲ့ အပျော်တမ်း လက်ဝှေ့သမား တဦးလည်း ဖြစ်ပါတယ်။

သူဟာ ရောက်လေရာရာမှာ အရပ်အရှည်ဆုံးနဲ့ ခွန်အားအကြီးမားဆုံး လူဖြစ်နေတတ်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ခွန်အားကြံ့ခိုင် သန်စွမ်းမှုဟာ ခေါင်းဆောင်မှု စံထက်စာလျှင် (ANC) နဲ့ ပိုပြီးသက်ဆိုင်မှုရှိတယ်လို့ ဆိုကြပေမယ့် မင်ဒဲလားကတော့ သူ့ရည် မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းရာဝယ် ဖြတ်သန်းကျင်လည်ရသော ဘဝဇာတ်လမ်း၊ ဇာတ်ကွက် အထွေထွေကို နောက်ခံ တေးသွားနှင့်အညီ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတဦးပါ။

(ANC) ပါတီရဲ့ မြေအောက်လှုပ်ရှားမှု စစ်ရေးခေါင်းဆောင်ဘဝမှာ မုတ်ဆိတ်မွှေးထူလပြစ်နှင့် စစ်ဝတ်စုံကို အခန့်သားဝတ်ဆင်တတ်ပေမယ့် ရှေ့နေကြီးမင်ဒဲလားဘဝမှာတော့ ပညာတတ်အလွှာ ရဲ့ လူနေမှုစတိုင်နဲ့ လျော်ညီအောင် ခန့်ခန့်ညားညားဝတ်ဆင်လေ့ရှိပါတယ်။ “ ကျနော်ဖြင့် တွေ့မြင်ဖူး သမျှ လူမည်းတွေထဲမှာ မင်ဒဲလားဟာ ဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ဝတ်ဆင်တတ်ဆုံး သူပါပဲ ” လို့ တခါက အိန္ဒိယ အပ်ချုပ်ဆိုင်တခုမှ သူနဲ့ တွေ့ဆုံခဲ့ဖူးသူ ရှေ့နေ ဂျော့ဘီဇိုစ် (George Bizos) ကပြောပါတယ်။

ခုနေအခါမှာတော့ မင်ဒဲလားရုပ်ပုံရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီတွေ တသီကြီးပေါ်ထွက်လာပြီး သူ့ကို ခေတ်သစ်တောင်အာဖရိကရဲ့ ဂုဏ်ယူဖွယ် ကြည်နူးရွှင်မြူးဖွယ် ဖိုးဖိုးကြီး တဦးအဖြစ် မော်ကွန်းထိုး လိုက်ပါပြီ။

၁၉၉၄ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်စည်းရုံးမဲဆွယ်ရာမှာ သင်္ကေတအမှတ်တံဆိပ်သည်လည်း အရေးကြီးကြောင်း မင်ဒဲ လားကသဘောပေါက်ထားပါတယ်။ သူဟာ ပရိသတ်ရှေ့မှာ အဟောအပြော ကောင်းသူ မဟုတ်ပါဘူး။ သူစကားပြောလို့ မိနစ်အနည်းငယ်ကြာသွားတဲ့အခါ သူပြောနေတာတွေကို ပရိသတ်က နားလည်တချက် မလည်တချက်ဖြစ်နေတတ်ပါတယ်။ ထိုအချက်သည်ပင် ပရိသတ်ကြား မှာ အများနှင့် မတူသော သူ့ရဲ့ မူပိုင်သင်္ကေတ ဖြစ်သွားပါတယ်။

တရားဟောစင်မြင့်ပေါ်ရောက်တဲ့အခါ မင်ဒဲလားက သူတို့ မြို့ရဲ့ လှုပ်ရှားမှု သင်္ကေတဖြစ်တဲ့ TOYIXTOYI ကကွက်ကို စည်းချက် နှင့်အညီ လှပစွာ လှုပ်ရှားသရုပ်ဖော်တတ်ပါတယ်။ ဒီ့ထက်ပိုပြီး ဆွဲဆောင်မှုကတော့ လူတကာကို ဆွဲဆောင်နိုင်တဲ့ ပီတိရွှန်း သော သူ့ရဲ့အပြုံးပါဘဲ။ လူဖြူ အာဖရိကန်တွေအတွက်တော့ သူ့အပြုံးက လူဖြူတွေအပေါ်ခါသီးနာကျင်မှု ကင်းစင်သူ လူဖြူ တွေကို စာနာတရားထားနိုင်သူအဖြစ် သရုပ်ပေါ်လွင်စေပါတယ်။ မဲဆန္ဒရှင် လူမည်းတွေကိုတော့ “ကျနော်ဟာ ခင်ဗျားတို့ ယုံကြည်ထိုက်တဲ့ ခေါင်းဆောင်ပါ၊ ကျနော်တို့ အတူတကွလက်တွဲ ပြီး အောင်ပန်းဆွတ်ဖို့ ကြိုးပမ်းကြမယ်။” လို့ ဖော်ပြနေပါတယ်။

နေရာတိုင်းမှာ တွေ့နေရတဲ့ (ANC) ရွေးကောက်ပွဲအောင်နိုင်ရေးပိုစတာကတော့ မင်ဒဲလားရဲ့ ပြုံးနေတဲ့ မျက်နှာထားဖြစ်ပါ တယ်။ “သူ့အပြုံးက လူထုကို သတင်းစကားလက်ဆောင်ပါးနေတယ်” လို့ ရာမာဖော်ဆာကဆိုပါတယ်။ သူ ထောင်ထဲက ထွက်လာပြီးနောက် ဖိနှိပ်သူတွေအပေါ် နာကျည်းမှု အရိပ်လက္ခဏာ မတွေ့ ရတာဟာ အတော့်ကိုအံ့သြစရာကောင်းနေတယ် လို့ လူတွေက တဖွဖွ ပြောဆိုနေကြပါတယ်။     သူ့နှလုံးသားထဲမှာ နာကျည်းစရာ  လူဖြူတွေနဲ့ ပတ်သက်ပြီး အတိတ်ဇာတ်ကြောင်းတွေ ကျန်နေဆဲဆိုတာကို ကျနော်ခံစားနားလည်းနိုင်ပါတယ်။

၇။ အသားအရောင်  ပဓာနမထား

ကျနော်တို့ မေးမြန်းခန်းစတဲ့ အခါ “ခင်ဗျားလက်နက်ကိုင် တိုက်ပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာဟာ ခင်ဗျားတို့မှာ လူဖြူအစိုးရကို ဖြုတ်ချဖို့ အင်အားအလုံအလောက်မရှိဘူး ဆိုတာကို သဘောပေါက် ထားလို့လား၊ (သို့) အကြမ်းမဖက်တဲ့နည်းကို ရွေးချယ် လိုက် ခြင်းဖြင့် နိုင်ငံတကာရဲ့အားပေး ထောက်ခံမှုတွေ ခင်ဗျားတို့ဘက်ကို တိမ်းညွှတ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင် တွေ မြင်နေရ လို့လား။” ဆိုတဲ့ မေးခွန်းမျိုးကို မင်ဒဲလားကို ကျနော် မကြာခဏ မေးတတ်ပါတယ်။ ထိုအခါ သူက စူးစမ်းတဲ့ သဘောနဲ့ ဖျတ်ခနဲတချက်ကြည့်လိုက်ပြီး “နှစ်ခုစလုံးဘဲ” လို့ ဖြေတတ်ပါတယ်။

ကျနော်မေးတဲ့မေးခွန်းတွေက ခပ်ဆန်းဆန်းဖြစ်နေပေမယ့် ဆိုလိုရင်းကတော့ ရှင်းပါတယ်။ လူ့ဘဝဆိုတာ ရွေးချယ်လို့ ရကောင်းတာမဟုတ်၊ ဖြစ်ရပ်တွေမှာ ဘက်ပြိုင်ပြုနေတဲ့ အကြောင်း ခံတရားတွေ ရှိနေတဲ့အခါ ဆုံးဖြတ်ချက်တွေဟာ ရှုပ်ထွေးလှပါတယ်။ ဘက်တိုက်တတ်တာ လူ့သဘာဝလို့ ဆိုလိုတာဟာ ယေ ဘူယျဆန်လွန်းပြီး လက်တွေ့ ဖြစ်ရပ် အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိတတ်ပါဘူး။ အမြဲတမ်းစင်းလုံးချောဖြစ်တဲ့ အရာဆိုတာ မရှိပါဘူး။ စသည် ... စသည်ဖြင့် မင်ဒဲလားဟာ ကွဲလွဲမှု ကမ္ဘာထဲမှာ အသားကျနေသူပါ။

လက်တွေ့ ကျတဲ့နိုင်ငံရေးသမားတဦးအနေနဲ့ သူဟာကမ္ဘာကြီးကိုကြည့်မြင်ရာမှာ မရေမတွက် နိုင်လောက်အောင် အရောင်အ သွေး၊ အယူဝါဒတွေ ရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးအဖြစ် နားလည် ထားပါတယ်။ ဒီအမြင်တွေဟာ အသားအရောင် ခွဲခြားမှု စနစ် အောက်မှာ အလုပ်တစ်ခုရဖို့ အတွက်နဲ့ အလုပ်ရပြီးရင်လည်း မညှာမတာ အခိုင်းမခံရအောင်လူဖြူအလုပ်ရှင်ကို ခယဝပ်တွား ဆက်ဆံရတာ၊ ဒီလိုမှမဟုတ်ရင် အမိမြေကထွက်သွားဖို့သာရှိတဲ့ ရွေးချယ်စရာဘောင်ကျဉ်းပြီး မွန်းကျပ်လွန်းသော နေ့စဉ် ဘဝမှာ ရှင်သန်ရုန်းကန်ခဲ့ရသော လူမည်းတဦးထံမှ ပွင့်အံထွက်လာသော အတွေးတွေလို့ ကျနော်ယူဆပါတယ်။

မင်ဒဲလားက လစ်ဗျားခေါင်းဆောင် ကဒါဖီ နှင့် ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုတို့ ကို အထူးတလည် သစ္စာစောင့်သိပါတယ်။ အမေရိကန်အစိုးရက မင်ဒဲလားကို အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ထားချိန်မှာ ကပ်စထရိုနဲ့ ကဒါဖီက သူ့ကို ကူညီပေး ခဲ့ပါတယ်။ ကဒါဖီနဲ့ ကပ်စထရို အပေါ်မှာ ဘယ်လိုသဘောရလဲလို့ ကျနော်မေးကြည့်တဲ့အခါမှာ အမေရိကန်အစိုးရက တောင် အာဖရိကကို စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောဆိုပြီး အလိုက်မသိ အူကြောင်ကြောင် နိုင်လှတဲ့ ကျနော့်ကို ပြစ်တင်ဝေ ဖန်ပါတော့တယ်။ ပြဿနာတိုင်းမှာ အကြောင်းခံတွေ များစွာရှိပါတယ်။ သူပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အသားအရောင် ခွဲခြားမှုစနစ်မှာ သမိုင်းအရ လူမှုရေးအခြေခံအရ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အကြောင်းခံတရားတွေ များစွာအမြစ်တွယ် နေပါ တယ်။ ဒီအခြေအနေ တွေအောက်မှာ မင်ဒဲလားကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လက်တွေ့အကျဆုံး နည်းလမ်းကို အမြဲတမ်းစဉ်းစားနေတတ်ပါတယ်။

၈။ လက်တွေ့အလုပ်မဖြစ်နိုင်တဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်နိုင်ခြင်း

၉၃ ခုနှစ်မှာ မင်ဒဲလားက ကျနော့်ကို ကမ္ဘာပေါ်မှာ (၁၈) နှစ်အောက် မဲပေးပိုင်ခွင့် ရှိတဲ့နိုင်ငံရှိလား လို့မေးပါတယ်။ ကျနော် သုသေသနပြုလေ့လာမိသမျှထဲက “ အင်ဒိုနီးရှား၊ ကျူးဘား၊ မြောက်ကိုရီးယားနဲ့ အီရန်” တို့ကိုတင်ပြလိုက်တဲ့အခါ သူက နှစ်ထောင်းအားရ ခေါင်းညိမ့်ပြီး “ကောင်းတယ်၊ကောင်းတယ်” လို့ ချီးမွမ်းပါတယ်။ နောက်ရက်သတ္တနှစ်ပတ်ကြာတော့ တောင် အာဖရိက ရုပ်မြင်သံကြားအစီအစဉ်မှာ မင်ဒဲလားရဲ့ မဲပေးနိုင်တဲ့ အသက်ကန့်သက်ချက်ကို (၁၄) နှစ် အထိလျှော့ချရေး အဆိုပြု တင်ပြချက်ထွက်ပေါ်လာပါတယ်။ “သူတယောက်တည်းသာ လိုလား ထောက်ခံတဲ့ အဆိုပြုချက်ကိုထောက်ခံပေးကြဖို့ သူက ကျနော့်ကို တိုက်တွန်းနားချပါတယ်။ ဒါပေမယ့် သူ့အဆိုပြုချက်ကို အများကထောက်ခံမှု မရှိတဲ့အတွက် မအောင်မြင်မဲ့အခြေအနေနဲ့ ရင်ဆိုင်ရပေမယ့် သူကလိုလို လားလားပဲ လက်ခံ အသိအမှတ်ပြုပါတယ်။

ဒါဟာလည်းစံထားအပ်တဲ့ ခေါင်းဆောင်မှုစံနမူနာပါပဲ” လို့ ရာမာဖော်ဆာက ပြော ပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ အလုပ်မဖြစ် မအောင်မြင်တော့ တဲ့ အတွေးအမြင်၊ လုပ်ဆောင်ချက်၊ ဆက်ဆံရေးတွေကို အဆက်ဖြတ်စွန့်လွှတ်ရေး အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်လုပ်ဆောင်ရပါတယ်။ သူ့ကို လူထုရွေးကောက်ခံသမ္မတဖြစ်နေစဉ်မှာ သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက်၊ ထောင်ထဲမှာ ဆယ်စုနှစ် သုံးခုစာနီးပါးဖြတ်သန်းခဲ့ရတာတွေသည် တသက်တာ သမ္မတရာထူးအတွက် နေရာယူဖို့ အခွင့်အရေးများစွာ ပေးနေပေမယ့်လည်း မင်ဒဲလားကကျောခိုင်းခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့အသားအရောင် ခွဲခြားမှုစနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး လူမျိုးရေးလွှမ်းမိုးမှု ကင်းတဲ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံထူထောင်ခဲ့သူပါ။ ဖိနှိပ်ခံပြည်သူတွေဘက်မှာ သူအမြဲရှိပါတယ်။ ယနေ့တိုင် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဝေဖန်ရှုတ်ချ နေဆဲပါ။ သူထားခဲ့တဲ့ ခေါင်းဆောင်မှု အစဉ်အလာကောင်းတွေဟာ တောင်အာဖရိ က အတွက် သာမက အာဖရိကတိုက်တလွှားမှာ ရှိတဲ့ နောက်မျိုးဆက်တွေအတွက် အတုယူစရာစံနမူနာ ကောင်းတွေပါ။

ရာမာဖော်ဆာက “ မင်ဒဲလားဟာ သင်္ဘောမောင်းနှင် သူတယောက်မဟုတ်ဘဲ ရေကြောင်း လမ်းညွှန်သူတယောက်ဖြစ်တယ်” လို့ပြောပါတယ်။ ခေါင်းဆောင်ဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကို ချိန်ညှိပြီး ဦးဆောင်မှုပေးရတယ်ဆိုတာကို မင်ဒဲလားကအလေး အနက် သိမြင်ထားပါတယ်။ ဒီအချက်ကို သူ့ရဲ့ထောင်တွင်းကာလ (၂၇) နှစ်က မှတ်ကျောက်ပြုပေးလိုက်တာပါ။ ၁၉၆၄ ခုနှစ်မှာ အကျဉ်းသားဘဝနဲ့ ရော် ဘင်ကျွန်းပေါ်မှာ စတင်ခြေချချိန်က သူဟာ ထိခိုက်ခံစားလွယ် စူးရှပေါက်ကွဲလွယ်တဲ့ လူရွယ်တဦးပါ။ အကျဉ်းထောင်မှ ပြန် လည်လွန်မြောက်လာချိန်မှာ တော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်တဦး ဖြစ်နေပါပြီ ဒါ့အပြင် သူဟာခံစားမှုကို အရောင်တင်တတ် သူ တဦးမဟုတ်ပါ။

ထောင်ထဲဝင်သွားတုန်းက လူရွယ်တဦးဘဝနဲ့ ထောင်ကပြန်လွတ်လာချိန် အခြေအနေ ဘယ်လို ကွာခြားလဲလို့ ကျနော်မေးတတ်တာကို သူဘဝင်ကျပုံမပေါ်ပါဘူး။ ဒီလိုနဲ့ မတတ်သာတဲ့ နောက်ဆုံးတနေ့မှာ တော့ သူ စိတ် ပေါက်ပေါက်နဲ့ အဖြေပေးလိုက်ပုံက “ရင့်ကျက်လာတယ်” တဲ့။ အမှန်ပါဘဲ၊ အတွေ့အကြုံရော အတွေးအခေါ်ပါ တည်ငြိမ်ရင့်ကျက်သူတဦးအနေနဲ့ လောကမှာ ရှာမတွေ့နိုင်လောက်အောင် ရှားပါးတဲ့အရာ၊ မစွန့်လွှတ်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့အရာရယ်လို့ မရှိနိုင်တော့ပါဘူးဗျာ။ ။  
credit
ဝေမော်

No comments:

Post a Comment