Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 18, 2017

ဦးကိုနီ အတွက် ဘာတန် လစ်တနာ ပြောပြီ


ဦးကိုနီ အတွက် ဘာတန် လစ်တနာ ပြောပြီ

ရန်ကုန် လေဆိပ် လူစည်ကားရာ နိုင်ငံတကာ လေဆိပ်ကြီးတွင် နေ့လည်ကြောင်တောင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်မှာ လေးလ ပင် ရှိခဲ့ပြီ ဖြစ်သော်လည်း အာဏာပိုင် များ အနေဖြင့်ကား အကြောင်းရင်းမှန်ကို ဖေါ်ထုတ် နိုင်ဖို့ အခုချိန်ထိ မနီးစပ်နိုင် ဖြစ်နေရပါတယ်။ လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း ဆိုသူအားလည်း အနီးရှိ တက္ကစီ ယာဉ်မောင်းများက ၀ိုင်းဝန်းဖမ်းဆီးပေး၍သာ လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။

အဆိုပါ ကြည်လင်းဆိုသူမှာလည်း လုပ်ကြံရန် စေခိုင်ခြင်း ခံရသူ သက်သက်သာ ဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူ ဟု ယူဆခံရသူ တပ်မတော်အရာရှိဟောင်း အောင်ဝင်းခိုင် ဆိုသူမှာလည်း ကြီးမား ကျယ်ဝန်းလှသော နေပြည်တော်ရှိ အဆောက်အအုံ များကြားမှာ အစအန လေးပင် မရအောင် ပျောက်ဆုံးသွားပါတယ်။

စုံစမ်းစစ်ဆေးမှုများ တလွဲတချော် ဖြစ်လာနေရခြင်းကိုလည်း အနောက်တိုင်း သတင်းမီဒီယာ များက ပို၍ပင် လမ်းလွဲအောင် ပြုလုပ်ခဲ့ပြန်ပါတယ်။ အနောက်တိုင်း သတင်းစာများ ဖြစ်သော the Financial Times, the Economist, the New York Times, နဲ့ the Washington Post သတင်းစာတွေအားလုံးက တညီတညွတ်တည်း ဦးကိုနီသည် မူဆလင် ဖြစ်၍ အသတ်ခံရသည်ဟု ရေးသားခဲ့ကြတာ တွေ့ရပါတယ်။

ဥင်္ီးကိုနီရဲ့ မိတ်ဆွေဟောင်း၊ လုပ်ဖေါ်ကိုင်ဖက်လည်း ဖြစ်ခဲ့တဲ့ ကျွန်တော်အဖို့ ဒါတွေကို ဖတ်ပြီး အတော်ကို စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်။

ဦးကိုနီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးရာ နှင့် လူ့အခွင့်အရေး ဆိုင်ရာတို့တွင ကျွမ်းကျင်လှသော် မြန်မာပြည်ရဲ့ ထိတ်တန်း ရှေ့နေကြီး တဦး ဖြစ်ပြီး ဘာသာရေးအရသာ မူဆလင်တဦး ဖြစ်ခဲ့ရသူပင်။

သို့အတွက် ဦးကိုနီအား "မူဆလင်အရေး တက်ကြွလှုပ်ရှားသူ" တဦးဟု ၀ိုင်းဝန်းပုံဖေါ်ခဲ့ခြင်းဖြင့် သူ့အား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှုသည် မြန်မာ-မူဆလင် အဓိကရုဏ်းများ နဲ့ ဆက်နွယ်နေသည်ဟု အထင်ရောက်သွားစေခဲ့ပါတယ်။

ကျွန်တော် မြန်မာပြည်မှာ သတင်းစုံစမ်းဖေါ်ထုတ်ရေး ပရိုဂရမ်တခု လာရောင် ဖွင့်လှစ် သင်ကြားခဲ့တဲ့ နှစ် နှစ်ခွဲ အတွင်း ဦးကိုနီ နဲ့ စကားတွေ အတော်များများ ပြောဖြစ်ခဲ့ပါတယ်။ နိုင်ငံရဲ့ သိမ်မွေ့လှတဲ့ နိုင်ငံရေး အနေအထား နဲ့ စစ်တပ်က နောက်ကွယ်မှ အဆင်သင့် ရှိနေတဲ့ အကြောင်း စုံတကာစိအောင် ပါခဲ့ပေမယ့် ဘာသာရေး နဲ့ ပါတ်သက်လို့ ဒီမိုကရေစီ နိုင်ငံ မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသင့်တယ်ဆိုတဲ့ အကြောင်းကလွဲလို့ အခြားဘာမှ ထွေထွေထူးထူး ပြောသွားခဲ့တာ မရှိပါဖူး။

ဒါဆိုရင် ဘာကြောင့် ဦးကိုနီ လုပ်ကြံခံခဲ့ရသလဲ။

သူနဲ့ နီးစပ်တဲ့ သူမှန်သမျှ က ဦးကိုနီသည် လက်ရှိ ဖွဲ့စည်းပုံကို အစားထိုးမယ့် ဒီမိုကရေစီ ကျင့်စင်နဲ့ လျှော်ညီတဲ့ ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲနေမှန်း သိထားကြပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ ဦးကိုနီ အဓိက စိုးရိမ်နေတဲ့ အကြောင်းကတော့ ပြည်ထဲရေး လက်အောက်မှာ ရှိနေတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပဲ ဖြစ်ပါတယ်။ ၎င်းဌာနက နိုင်ငံတော်အဆင့်မှာသည် ရပ်ကွက်ကျေးရွာ အထိ ထိမ်းချုပ်ထားဆဲ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ၀န်ကြီးဌာနတွေကို ဦးဆောင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်ထားတဲ့ ၀န်ကြီးများက ဦးဆောင်နေသည် ဆိုသော်လည်း ၀န်ကြီးဌာနများ လက်အောက်မှာ ရှိတဲ့ ဗျုရိုကရေစီ ယန္တယားကြီးးမှာ ယခင် အာဏာရှင်အစိုးရ အလိုကျ ကပြ အသုံးတော်ခံနေတဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ အရာရှိတွေ နဲ့ ပြည့်နေဆဲ ဖြစ်ပါတယ်။ ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ ကာလလေးတွင်ပင် ၀န်ကြီးဌာနများကို စီမံခန့်ခွဲရန် အမြဲတမ်း အတွင်းဝန် ဆိုသူများကို ခန့်အပ်လာခဲ့ကြပြန်ပါတယ်။ ယင်းသည်က လည်း အကယ်၍ ဒီမိုကရေစီ အရ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရ တက်လာရင် အုပ်ချုပ်ရေး ပိုင်းမှာ ကြားခံ တခု ရှိလာအောင် စီမံလာခဲ့ခြင်း ဖြစ်ပါတယ်။

ဦးကိုနီ က ဒီမိုကရေစီ အုပ်ချုပ်ရေး အခိုင်အမာ ဖြစ်ပေါ်လာဖို့ ဒါတွေအားလုံးကို ပြောင်းလဲမှ ရမည်ဆိုသည်ကို သိထားခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ နိုင်ငံရေး တည်ဆောက်ထားပုံအရ ဘယ်လိုမှ မဖြစ်နိုင်ဆိုသည်ကိုလည်း သိနားလည်ခဲ့သူ ဖြစ်ပါတယ်။

သို့သော် ဦးကိုနီ ဆိုသူသည် လက်ရှိ စနစ်အတွင်းမှာပဲ ကယ်ပေါက်ကို ရှာနိုင်တဲ့ နေရာမှာ ကျွမ်းကျင်သူ ဖြစ်နေတယ်ဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာခဲ့ရခြင်းက သက်သေခံနေခဲ့ပြီး ဖြစ်ပါတယ်။ ထိုကျွမ်းကျင်မှုကြောင့်ပဲ ဦးကိုနီ အဖို့ သူ့အသက်ကို ပေးလိုက်ရတာ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ဆွေးနွေးခဲ့စဉ်အတွင်း စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အပိုဒ်တွေမှာ ဖွဲ့စည်းပုံကို ပါလီမာန်ရှိ လူများစု မဲ နဲ့ ဖျက်သိမ်းပြစ်ဖို့ တခုမှ မပါတာကြောင့် အသစ်ရေးဆွဲဖို့ လမ်းပွင့်သွားစေတယ်လို့ ပြောခဲ့ဖူးပါတယ်။

သူ အသတ်ခံရတဲ့ အချိန်မှာ ဦးကိုနီ မှ ဖွဲ့စည်းပုံ အသစ် ရေးဆွဲ နေဆဲ ဖြစ်နေတယ်ဆိုတာ လူတော်တော်များများ က သိခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတွင်းရှိ သတင်းထောက်တဦးက ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲနေတာနဲ့ ဦးကိုနီ လုပ်ကြံခံရမှု ဆက်စပ်နေပါသလားလို့ ရဲရဲဝန့်ဝန့် ထ မေးခဲ့ပါတယ်။

သို့သော်လည်း ရဲချုပ် ဇော်ဝင်းမှ သတ်ဖြတ်မှုရဲ့ နောက်ခံ အကြောင်းရင်း အမျိုးမျိုး ကို လေ့လာ စုံစမ်းနေပါတယ်လို့ သာ ဝေ့လည်ကြောင်ပါတ်သာ ဖြေဆိုသွားခဲ့ပါတယ်။

နောက်ကွယ်က ကြိုးကိုင်နေတဲ့ တပ်မတော်အရာရှိ ဟောင်းတဦးကို ရဲအဖွဲ့မှ ဆက်လက်ရှာဖွေနေရဆဲ ဆိုတဲ့ အချက်ကို ၌ က ဦးကိုနီ သွေးအေးအေး နဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းသည် မူဆလင်တဦး ဖြစ်နေ၍မဟုတ်ပဲ ဒီမိုကရေစီ ဘက်တော်သား တဦး ဖြစ်ခဲ့သောကြောင့် ပင် ဆိုတာ ထင်ရှားလာစေပါတယ်။

(၂၀၁၇ ၊ ဂျွန်လ ၁၇ ရက်နေ့ထုတ် Asia Times တွင် ပါရှိသော ဘာတန် လစ်တနာ ရေးသားသည့် "No justice for slain Myanmar Lawyer U Ko Ni" ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြပါသည်)
Credit to Hla Soewai.

No comments:

Post a Comment