Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

ချေးငွေသတင်းအချက်အလက်ဌာန (Credit Bureau) ထူထောင်ခြင်း


ချေးငွေသတင်း အချက်အလက်ဌာန
ချေးငွေသတင်းအချက်အလက်ဌာန (Credit Bureau) ထူထောင်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုတော့မည်ဟု သိရှိရပါသည်။ ချေးငွေသတင်းအချက် အလက်ဌာနဟူသည် ချေးငွေရယူထားသော ပြည်သူတစ်ဦးချင်း၏ ချေးငွေ ပမာဏနှင့် ပေးဆပ်ရမည့်အတိုးတို့ကို ပုံမှန်ပေးအပ်ခြင်း ရှိ/မရှိ စသော ချေးငွေဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ပုံတို့ကို စုစည်းရယူ ထုတ်ပြန်ပေးသော အဖွဲ့အစည်းဖြစ်ပါသည်။ ချေးငွေရယူထားသူတစ်ဦး၏ ချေးငွေဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ပုံမှတ်တမ်းသည် အနာဂတ်ကာလ၌ အဆိုပါပုဂ္ဂိုလ်က ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဆောင်ရွက်မည်ကို ရည်òန်းဖော်ပြနိုင်သောကြောင့် အရေးပါသောကိစ္စရပ်ဖြစ်ပါသည်။
ဘဏ်များအနေဖြင့် ဤကဲ့သို့သော ချေးငွေဆိုင်ရာ အချက်အလက်များ ရရှိထားပါက မချေးသင့်၊ မချေးထိုက်သော ပုဂ္ဂိုလ်တို့အား ချေးငှားမိရာမှ ကြွေးဆုံးဖြစ်မည်ကို ကာကွယ်နိုင်မည်ဖြစ်သကဲ့သို့ အမှန်တကယ် ချေးသင့်၊ ချေးထိုက်သော ပုဂ္ဂိုလ်တို့ကိုလည်း ချေးငွေထုတ်ပေးနိုင်မည်ဖြစ်ပါသည်။ တိုင်းပြည်စက်မှုကုန်ထုတ်လုပ်ငန်းတို့၏ အဓိကကျောရိုးဖြစ်သော အသေး စားအလတ်စား စီးပွားရေးလုပ်ငန်းတို့၏ ပင်မလိုအပ်ချက်တစ်ရပ်သည် ချေးငွေလုံလုံလောက်လောက် ရရှိရေးဖြစ်ပါသည်။ သို့သော် လက်ရှိအခြေ အနေ၌ အိုးအိမ်မြေယာကဲ့သို့သော မရွှေ့ပြောင်းနိုင်သောပစ္စည်းတို့ ပိုင်ဆိုင်မှသာ အဆိုပါ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတို့ကို ချေးငွေထုတ်ပေးနိုင်သော အခြေအနေမျိုးဖြစ်နေပါသည်။ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသကဲ့သို့ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတို့၏ အလားအလာနှင့် စွမ်းဆောင်ရည်အပေါ်မူတည်၍ ချေးငွေ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရာ၌ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ချေးငွေသတင်း အချက်အလက်များ ရရှိနိုင်ရေးသည် အရေးကြီးသော အခြေခံလိုအပ်ချက် ဖြစ်ပါသည်။
နိုင်ငံတကာ၌ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ချေးငွေပြန်လည်ပေးဆပ်နိုင် စွမ်း (တစ်နည်းအားဖြင့်ဆိုသော်) ထုတ်ချေးထားသော ငွေကြေးဆုံးရှုံးနိုင်မှု အလားအလာ အနည်းအများအပေါ်မူတည်၍ ဘဏ်များက အတိုးနှုန်း အနည်းအများ ခွဲခြားသတ်မှတ် ချေးငှားကြပါသည်။ သို့ဖြစ်ပါ၍ ကောင်းမွန် သော ချေးငွေဆိုင်ရာ မှတ်တမ်းရှိပါက အတိုးနှုန်းသက်သာနိုင်မည်ဖြစ်သော ကြောင့် အတိုးငွေများ ဘဏ်သို့ ပုံမှန်ပေးအပ်နိုင်ရန် ကြိုးပမ်းလာကြမည် ဖြစ်ပါသည်။ ချေးငွေရယူထားသူအများစုက ဤသို့ ကြိုးပမ်းလာပါက ဘဏ်လုပ်ငန်းကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ဤအလားအလာကောင်း လက်တွေ့ဖြစ်မြောက်လာရေး ဆောင်ရွက်ရာ၌ ချေးငွေသတင်းအချက်အလက်များ ရရှိရေးသည် အခြေခံလိုအပ်ချက် တစ်ရပ် ဖြစ်ပါသည်။
ဤကဲ့သို့ အကျိုးများသော ချေးငွေသတင်းအချက်အလက်ဌာနတစ်ခု ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ချေးငွေသတင်း အချက်အလက်ဆိုင်ရာ စင်ကာပူကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလျက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ လျှောက်ထားကြောင်း သိရှိရပါသည်။ အဆိုပါ လျှောက်ထားမှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လပိုင်းအတွင်း စိစစ် ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ခွင့်ပြုချက်ထုတ်ပေးပါက သက်ဆိုင်ရာအဖွဲ့အစည်း သည် တစ်နှစ်အတွင်း လုပ်ငန်းလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ ချုပ်၍တင်ပြရပါက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျကျ လိုအပ်လျက်ရှိသော ချေးငွေသတင်းအချက်အလက်ဌာန ထူထောင်နိုင်စေမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဆောင်ရွက်ချက်အပေါ် ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment