Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 16, 2017

မြေဝိုင်းသဘင် (မက္ခရာ ရွှေရောင်တော်ဘုရားနံရံဆေးရေးကောက်နုတ်ချက်)


မြေဝိုင်းသဘင်

(မက္ခရာ ရွှေရောင်တော်ဘုရားနံရံဆေးရေးကောက်နုတ်ချက်)

မက္ခရာမြို့ဟောင်းကား မန္တလေးမြို့ရွှေကြိုးသတ်နယ်နိမိတ်တောင်ဘက်စွန်း
စဥ့်ကိုင်မြို့အနီးတည်ရှိသည်။မက္ခရာမြို့ဟောင်းတွင်
နံရံဆေးရေးပန်းချီရှိသော ဘုရားသုံးဆူအနက်
ရွှေရောင်တော်ဘုရားသည်ထင်ရှားကျော်ကြားသည်။
ဘုရားအတွင်း ပြောင်မြောက်လှပသော နံရံပန်းချီနှင့် ရွှေရေးပန်းချီများကိုရေးဆွဲထားသည်။နံရံပန်းချီမှာမူ
မူလ ၅% ခန့်သာကျန်ရှိတော့သည်။
ဘုရားလိုဏ်ပတ်လမ်းအတွင်း အနောက်ဘက်မုခ် ဝဲဘက်နံရံထက်တွင် ရေးဆွဲထားသည့် မြေဝိုင်းကဟန်ပန်းချီကွက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။မြေဝိုင်းကပုံကွက်ကွက်
လေးသာကျန်ရှိပြီး အောက်တွင်ရေးထိုးထားသည့် မှင်စာမှာမူ
ပျက်စီးသွားခဲ့လေပြီ။ဘေးပတ်လည်နံရံပန်းချီများမှာလဲ
ကွာကျပျက်စီးခဲ့လေပြီ။ယင်းမြေဝိုင်းကပုံ နံရံပန်းချီကွက်သည် ဖိုးကုလားဘုရားဆေးရေးလက်ရာနှင့်
အတော်ဆင်တူသည်။သို့သော် ဖိုးကုလားဘုရားနံရံဆေးရေးထက် လက်ရာမှာပို၍ ပြေပြစ်လှပသည်။တေမိဇာတ်တော်ကို ရေးဆွဲထားခြင်းဖြစ်သည်။ပန်းချီတွင် ပွဲကြည့်စင်တွင်ထိုင်နေသောတေမိမင်းသား၊ သဘင်သည်နှစ်ဦး၊ အပျိုတော်တစ်ဦး၊မြန်မာ့ဆိုင်ဝိုင်းတူရိယာအစုံအလင်ဖြင့် ၊
ဘေးပတ်လည်တွင်
ပွဲကြည့်နေသူများကိုထည့်သွင်းရေးဆွဲထားသည်။
တေမိမင်းသားသည် ပွဲကြည့်ဆောင်တွင်ထိုင်နေသော်ငြား
လောကီအာရုံကို မစွဲလန်းမတပ်မက်စေရန် မျက်နှာလွှဲထား
ပုံမှာ ပန်းချီဆရာ စိတ်ကူးစိတ်သန်းကောင်းမွန်ပုံကို
ပေါ်လွင်ဖော်ပြနေသည်။အလယ်မြေပြင်ကျယ်တွင်မူ
သဘင်သည်နှစ်ဦးအပြိုင်ကခုန်နေဟန်ရေးဆွဲထားသည်။
ယင်းသို့မင်းသမီးနှစ်ဦး အပြိုင်ကခုန်ခြင်းအလေ့အထသည်
ပုဂံခေတ်ကတည်းကပင်တည်ရှိခဲ့ကြောင်း မြင်းကပါဂူပြောက်ကြီးဘုရားနံရံဆေးရေးတွင်တွေ့ရသည်။
ယင်းဓလေ့သည်ရတနာပုံခေတ်ထိတိုင်အောင်ခြေဆန့်ခဲ့
သည်။ပန်းချီတွင် သဘင်သည်အမျိုးသမီးနှစ်ဦး
ဝတ်စားဆင်ယင်ပုံမှာ ရိုးစင်းသော်လည်း လှပသည်။
ဆံပင်ကိုနောက်တွဲထုံးထားသည်။ရင်ခံဝတ်ဆင်လျက် အပေါ်တွင် အဖြူရောင် သိုရင်းအင်္ကျီပါးကိုထပ်ထားသည်။
ပတ်ထဘီများဝတ်ဆင်ကာ ပုဝါရှည်များခြုံထားကြသည်။
လက်ဝတ်တန်ဆာအနေဖြင့် နားတောင်း၊လက်ကောက်၊
ခြေကျင်းများဆင်မြန်းထားကြောင်းတွေ့ရသည်။
ဝတ်စားဆင်ယင်ပုံကိုထောက်လျက် ကုန်းဘောင်ခေတ်နံရံပန်းချီဟု
ယူဆသည်။ညာဘက်စွန်းတွင်း မြန်မာ့ဆိုင်း၊ကြေးနောင်၊နှဲ
ပတ်မကြီး၊ဝါးလက်ခုပ် တူရိယာအဖွဲ့သားများကိုစုံစုံလင်လင်ထည့်သွင်းရေးဆွဲထားသည်။မြန်မာ့သဘင်၊ဂီတ၊ဝတ်စားဆင်ယင်ပုံ သမိုင်းအတွက်အရေးပါသောနံရံပန်းချီဟုဆိုနိုင်သည်။
ထိုမျှတန်ဖိုးကြီးမားသောနံရံပန်းချီကွက်ကြီးသည်
ယနေ့အခါသဘာဝဘေးဒဏ်များ၊မသမာသူများလက်ချက်များကြောင့် အတော်ပင်ပျက်စီးယိုယွင်းနေချေပြီ။
ချစ်ခင်တန်ဖိုးထားကာကွယ်စောင့်ရှောက်ကြရမည့်တာဝန်
မှာမြန်မာနိုင်ငံသားတိုင်းအပေါ်တွင်တည်ရှိပါတော့သည်။

SIMON HT
https://www.facebook.com/fadli.htoothant/posts/654159334794393?pnref=story



No comments:

Post a Comment