Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ကိုယ့်​တာဝန်​ကိုယ်​ယူပါ (မောင်သာချို)


(တစ်)

ဟင်္သာတမြို့မှာ နေဖြစ်ခဲ့စဉ်တုန်းက တစ်ရက် ဈေးဝယ်ထွက်တဲ့အခါ ကြက်ဥ၊ ဘဲဥချည်းပဲသက်​သက်​ ရောင်းတဲ့ ဆိုင်ကနေ ဘဲဥ ၅ လုံး ၀ယ်ဖြစ်ပါတယ်။ အိမ်ပြန်ရောက်လို့ ချက်မယ်ပြုတ်မယ် လုပ်တော့ ၂ လုံးက အပုပ်။ ဒါနဲ့ နောက်တစ်ရက် ဈေးထဲကို ရောက်ပြန်တော့ အဲသည့် ကြက်ဥ၊ ဘဲဥ ဆိုင်ကလေးရှေ့မှာရပ်ကာ အပြစ်တင်တဲ့ သဘောတို့၊ အစား ပြန်ရလိုချင်တဲ့ သဘောတို့ ဘာတစ်ခုမှ မပါဘဲနဲ့ ရင်းကလည်း ရင်နှီးနေတဲ့သူ ဖြစ်တာကြောင့် ဆိုင်ရှင်အပျိုကြီးကို ပြောမိပါတယ်။ ဘဲဥ ၂ လုံး ပုပ်နေပါတယ်ပေါ့။ သူကလည်း ရယ်ရယ်မောမောနဲ့ကိုပဲ တုံ့ပြန်ပါတယ်။

ကျွန်မဥတာ မဟုတ်ဘူး ဆရာ...တဲ့။

ရုတ်တရက်တော့ ၀ါးခနဲ ရယ်ချလိုက်ဖို့ ကောင်းတဲ့အဖြေပဲပေါ့။ သူဖြေပုံက ရယ်လည်း ရယ်စရာကြီးပါ။ ဒါပေမယ့်​ သေသေချာချာ စဉ်းစားလိုက်တော့ ဒါဟာ တာဝန်ယူမှု၊ တာဝန်သိမှုမရှိတဲ့ စကားပါ။ ရက်စပွန်ဇဘလတီ (Responsibility) မရှိတာလို့ ဆိုရမှာပေါ့။

သည်လို စိတ်သဘောထားမျိုးကို ကျွန်တော်တို့ နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ကြီးကိုပဲ တွေ့နိုင်ပါတယ်။

တစ်ခါက ဘတ်စ်ကားစီးသွားတဲ့အခါ ဖင်ထိုင်ခုံမှာ မသေမသပ် ရိုက်ထားတဲ့ သံငုတ်က အမျိုးသမီးတစ်ယောက်ရဲ့ ထဘီကို ပြဲသွားစေပါတယ်။ ယာဉ်နောက်လိုက်က စပ်ဖြဲဖြဲမျက်နှာနဲ့ ပြန်ပြောလိုက်ပုံက ထဘီအသစ် ရတာပေါ့ အစ်မရယ်တဲ့။ ဘယ်လိုမှ ရယ်စရာမကောင်းပါဘူး။

သင်္ဘောနစ်တော့လည်း တာဝန်ယူမယ့်သူ မရှိ။ ကားမှောက်တော့လည်း တာဝန်ယူမယ့်သူ မရှိ။ ဓာတ်ကြိုးပြတ်ကျတော့လည်း တာဝန်ယူမယ့်သူ မရှိ။

ရေမြောင်းတွေပိတ်တော့လည်း တာဝန်ယူမယ့်သူ မရှိ။ အများပိုင် မြေတွေပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျ ပိတ်ဆို့ကြတာတွေကိုလည်း တာဝန်ယူမယ့်သူ မရှိ။

ဟောသည့် ဘဲဥက ကျွန်မဥတာ မဟုတ်ဘူးဆိုတာနဲ့ ပြီးသွားရောလား။

(နှစ်)

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ပြောကြဆိုကြတဲ့အခါ တချို့က အခြေခံမူ ၅ ချက် ရှိတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။

၁။ တာဝန်ယူမှု

၂။ ပွင့်လင်းမှု

၃။ ပါဝင်လှုပ်ရှားမှု

၎။ ထိရောက်မှု

၅။ ပူးပေါင်းဆောင်ရွက်မှု...တဲ့။

တချို့ကလည်း နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ရာ အခြေခံလိုအပ်ချက် ၈ ချက်လို့ ဆိုကြပြန်ပါတယ်။

၁။ တာဝန်ယူမှုနဲ့ စာရင်းရှင်းနိုင်မှု

၂။ ပါဝင်လှုပ်ရှားမှု

၃။ တရားဥပဒေစိုးမိုးမှု

၎။ ပွင့်လင်းမှု

၅။ တုံ့ပြန်မှု

၆။ နားလည်သဘောတူညီမှု

၇။ ထိရောက်စွာ စွမ်းဆောင်နိုင်မှု

၈။ အားလုံးကို သိမ်းသွင်းမှု...တဲ့။

အဲဒါတွေဟာ Good Governance လို့ဆိုတဲ့ စီမံအုပ်ချုပ်ပုံ ကောင်းတဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အကြားမှာ သန္ဓေတည်နေတဲ့ အချက်တွေလို့ ပညာရှင်တွေက ပြောလေ့ဆိုလေ့ ရှိကြပါတယ်။ ၈ ချက်ပဲ ပြောပြော၊ ၅ ချက်ပဲ ပြောပြော၊ ကိုယ့်ဘာသာကိုယ် လိုတိုးပိုလျှော့ နံပတ်စဉ်တပ်ကာ ကြိုက်သလို ပြော၊ တာဝန်ယူမှု (Responsibility) ဆိုတဲ့ အချက်ကတော့ ပါနေမှာပါပဲ။

လူဟာ ကိုယ့်ကိစ္စကိုယ် တာဝန်ယူရပေမှာပေါ့။ ကိုယ်ကျူးလွန်ထားတဲ့အတွက် ကိုယ်ခံ။ ကိုယ့်ပေါ့လျော့မှုအတွက် ကိုယ်တောင်းပန်။ ကိုယ်ယူထားတဲ့ အကြွေးကို ကိုယ်ဆပ်။ သည်အခြေခံသဘောထားတစ်ခုတည်းနဲ့ကိုပဲ တော်တော်များများ ကိစ္စတွေက ပြီးပြတ်သွားစမြဲ ဖြစ်ပါတယ်။

(သုံး)

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မြို့ပတ်ရထားစီးတုန်းက အတွေ့အကြုံတစ်ခုကို အမှတ်ရနေမိပါတယ်။ တိုကျိုကိုပတ်တဲ့ မြို့ပတ်ရထားတွေက ၅၉ မိနစ်တိတိကို တစ်ပတ်ပတ်နေတဲ့ ရထားတွေပါ။ အချိန် အလွန်တိကျပါတယ်။ တစ်ခါမှာတော့ တွဲတစ်တွဲပေါ်မှာ Wheel Chair နဲ့ မသန်စွမ်းသူ ခရီးသည်တစ်ဦး ပါလာပါတယ်။ သူ့ကို အဆင်းအတက်လုပ်ချိန်ကလေး စောင့်ပေးရတဲ့အတွက် အချိန်ကလေး နည်းနည်းပိုကြာသွားပါတယ်။ အဲဒါကို ဂျပန်ရထားက နေရာအနှံ့မှာ တပ်ဆင်ထားတဲ့ ဆောင်းဘောက်ခ်ကတစ်ဆင့် ကြေညာပေးပါတယ်။

‘‘ကျွန်မတို့ရဲ့ ရထားဟာ ၅၉ မိနစ်တိတိမှာ တိုကျိုမြို့တော်ကို တစ်ပတ်ပတ်ရမှာ ဖြစ်ပေမယ့်...ယခု ခရီးစဉ်မှာ မသန်စွမ်းခရီးသည်တစ်ဦးကို တင်ဆောင်လာတဲ့အတွက် မိနစ် ၆၀ ကြာညောင်းမှာဖြစ်ပါတယ်...ခရီးသွားတို့ရဲ့ အချိန်ကို ၁ မိနစ် ပိုသုံးမိတဲ့အတွက် ခွင့်လွှတ်ဖို့ရာ တောင်းပန်အပ်ပါတယ်ရှင်’’

အချိန် ၁ မိနစ်တိတိ ပိုကြာသွားတဲ့အတွက် ကိုယ့်တာဝန် ကိုယ်ယူကာ တောင်းပန်နေတဲ့ ဂျပန်မီးရထားဝန်ဆောင်မှုအပေါ် ကျွန်တော် ကြည်နူးမိတာအမှန်ပါ။

ဂျပန်ကလာတဲ့ သတင်းတွေမှာ အဲ့သည်​လို တာဝန်ခံမှု (Responsibility)နဲ့ ဆက်နွှယ်တဲ့ သတင်းတွေက မကြာခဏပါပဲ။

၂၀၀၉-၂၀၁၀ တုန်းက ဘရိတ်စနစ် ချွတ်ယွင်းတယ်လို့ဆိုပြီး တိုယိုတာ ကုမ္ပဏီက ကားအစီးရေ ၁၂ သန်း ပြန်သိမ်းပါတယ်။

တစ်ခါ ၂၀၁၅ တုန်းက လေအိတ်စနစ် ချို့ယွင်းလို့ဆိုပြီး တိုယိုတာကပဲ ကားအစီးရေ ၁၀ သန်း ပြန်သိမ်းပြန်ပါတယ်။ အဲ့သည် ၂၀၁၅ ထဲမှာပဲ တံခါးစနစ် ချို့ယွင်းတယ်လို့ဆိုပြီး တိုယိုတာက ကားအစီးရေ ၆ ဒသမ ၅ သန်း ပြန်သိမ်းပြန်ပါတယ်။

၂၀၁၆ ထဲမှာလည်း သည်အတိုင်းပါပဲ။ လေအိတ်စနစ် ချို့ယွင်းတယ်လို့ဆိုကာ ပြန်သိမ်းတဲ့ ကားတွေက အစီးရေ ၃ ဒသမ ၄ သန်းပါတဲ့။ တိုယိုတာက ၁ ဒသမ ၇၃ သန်း၊ ဟွန်ဒါက ၁ ဒသမ ၁၃ သန်း၊ နစ်ဆန်းက ၅ သိန်းနီးပါး၊ မာဇဒါက ၄ သောင်းခွဲ။ တာကာကာက ထုတ်တဲ့ လေအိတ်စနစ် ချို့ယွင်းတာကြောင့် အကုန်ပြန်သိမ်းတာလို့ ဆိုပါတယ်။

ဒါတွေအားလုံးဟာ ကိုယ့်တာဝန် ကိုယ်ယူတဲ့ကိစ္စ၊ ကိုယ့်ပြဿ နာ ကိုယ်တာဝန်ခံတဲ့ကိစ္စ လို့ပဲ ထင်ပါတယ်။

ဂျပန်စားသောက်ဆိုင်ကလေး တစ်ဆိုင်ထဲမှာ စားသုံးသူတစ်ယောက် ၀င်လာပြီးတဲ့အခါ စားစရာ သောက်စရာ မှာပြီးတဲ့နောက် စားပွဲပေါ်ကို လက်ထောက်ပါတယ်။

တစ်နေရာမှာ စားပွဲပေါ်က အချဉ်ရည်လို အရာမျိုး ပေသွားတာကြောင့် သူ့အင်္ကျီရဲ့ တံတောင်ဆစ်နေရာက စွန်းပေသွားတဲ့ အကွက်ကို ကြည့်ပါတယ်။ သူက ဆိုင်ကို ဘာမှ တုံ့ပြန်တာမဟုတ်ပါဘူး။ ဒါပေမယ့်​ ဆိုင်က ဒါကို သတိပြုမိသွားတဲ့အခါ စားပွဲထိုးသမီးငယ်တစ်ယောက်ရယ်၊ ဆိုင်ရဲ့ တာဝန်ရှိသူဖြစ်ပုံရတဲ့ တစ်ယောက်ရယ်တို့ အနားကိုရောက်လာကြကာ ပျာပျာသလဲကိုပဲ တောင်းပန်ကြပါတယ်။ တောင်းဆိုတာကို ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ မျက်နှာထားတွေနဲ့။

ကြည်နူးဖို့ သိပ်ကောင်းပါတယ်။

(လေး)

နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲတဲ့အခါ လိုအပ်ချက်တွေ အများအပြားရှိနေမှာ မှန်ပေမယ့် ဈေးသည်အစ အစိုးရအဆုံး အားလုံးက ကိုယ့်တာဝန်ကိုယ်ယူလိုတဲ့ စိတ်တွေ ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။

ဘဲဥပုပ်နေတာကို ကျွန်မဥ တာမဟုတ်ဘူးလို့ ပြောရုံနဲ့ ကိစ္စ မပြီးပြတ်ပါဘူး။ အကောင်းနဲ့ လဲပေးလိုတဲ့စိတ် မွေးရဲရမှာပေါ့။ အဲဒါ ကျွန်မဆိုင်က ၀ယ်တဲ့ဘဲဥလား။

ဒါဆို အဲဒါ ကျွန်မတာဝန်။ ကျွန်မ ရှင်းမယ်၊ သည်လိုစိတ်မျိုး တည်ဆောက်ရမှာပါ။

ဘဲဥပုပ်တာက ပြဿဿဿ နာ မဟုတ်ပါဘူး။ အဲသည့်အပေါ်မှာ ဘယ်လို သဘောထားသလဲ ဆိုတာကသာ ပြဿ နာပါ။ ။

မောင်​သာချို

No comments:

Post a Comment