Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 19, 2017

ကန်တော်ကြီး ပတ်လမ်းနားက သားအမိနှစ်ယောက်


” ကန်တော်ကြီး ပတ်လမ်းနားက သားအမိနှစ်ယောက် “
ရန်ကုန်မြို့မှာ ကန်တော်ကြီးပတ်လမ်းဆိုရင် နာမည်ကြီးပေါ့။
အရင် ကန်သာယာဆေးရုံ ဆိုရင် လူတိုင်းလိုလို သိကြမယ်ထင်ပါ တယ် ။ မှောင်ကလည်းမှောင်တော့ ညဘက်များ ဆေးရုံနားက ဖြတ် မိရင် အသည်းအေးတယ် ။ အသည်း အေးခါမှအေးရော ကျွန်မက
ညနေဆို စက်ဘီးတစ်စီးနဲ့ ကန်တော်ကြီးဘက်ကို အမြဲ လာနေကြ။
ကန်တော်ကြီးပတ်လမ်းထဲက ခြံတစ်ခြံမှာ ကျွန်မ ကျူရှင်လာ တက်တဲ့အချိန်ကပေါ့ ။ မှတ်မှတ်ရရ အဲ့ဒီအချိန်တုန်းက ကျွန်မ ကိုးတန်းကျောင်းသူလေးပဲရှိပါသေးတယ် ။ ကျူရှင်စတက်တဲ့ နေ့ ၊
အဲ့ဒီခြံထဲကို စရောက်တယ်ဆိုရင်ပဲ ၊ စိတ်ထဲဘယ်လို ဖြစ်မှန်းမ
သိဘူး . . . ။ ခြံကြီးက အတော့်ကိုကျယ်တယ် ခြံထဲမှာ ပိန္နဲပင်
အကြီးကြီး တစ်ပင်ရှိတယ် ။ အသီးတွေ သီးနေတာများ သဘော ကျချင်စရာ ။ ပိန္နဲသီးကြိုက်သူမို့ သူငယ်ချင်းကို စသလိုနဲ့ . .
” ပိန္နဲသီးကြီး ကြိုက်လိုက်တာ ငါ့ကိုပေးပါလားလို့ ”
ပြောမိတယ် ။ သူငယ်ချင်းက မျက်လုံးကြီးပြူးပြီး ……
” အဲ့ဒီပိန္နဲသီးတွေက စားလို့မရဘူး မှည့်တာနဲ့ ဘုန်းကြီးလှူရတာ”
လို့ပြောတာနဲ့ ဆက်မပြောဖြစ်တော့ဘူး ။ စာသင်တော့ ခြံထောင့်နားက အိမ်အမည်းလေးမှာသင်ရတယ် ။ အိမ်က ရှေးအိမ်လို့ပြော ရမလားဘဲ မည်းရတဲ့အထဲ မှောင်ကလည်းမှောင်သေးတယ် ။
ညနေမှ စာသင်ရတော့ အိမ်ပြန်ချိန်ဆို မှောင်စပြုနေပြီ ။
တခါတလေ . . ကျူရှင်ပြီးရင် မပြန်သေးပဲ သူငယ်ချင်းနဲ့
စကားပြောနေရင် မိုးချုပ်သွားတတ်တယ် ။ ခြံက လမ်းကြားလေး
ထဲမှာမို့ ခြံထဲကနေ လမ်းမထိပ်ကိုရောက်ဖို့ နည်းနည်းတော့
သွားရတယ် ။ တခါတလေ မိုးချုပ်တဲ့နေ့တွေဆိုရင် လမ်းထိပ်ရဲ့ သစ်ပင်နားမှာ ကား တားနေတဲ့ မိန်းမနှစ်ယောက်ကိုတွေ့မိတယ် ။ စက်ဘီးနဲ့ဆိုတော့ သေချာတော့မကြည့်မိဘူး။ ထူးဆန်းတာက
သူတို့နှစ်ယောက်ကို မြင်မိတာနဲ့ ကြက်သီးထတာ သတိထားမိတယ် ။ စိတ်ထဲ မတင်မကျဖြစ်လို့ နောက်ပြန်လှည့်ကြည့်ရင် မတွေ့တော့
ဘုး ။ ကားပေါ်ပါသွားတယ်လို့ပဲ ထင်မိတာပါ. . . ။
* * *
သူငယ်ချင်းအိမ်မှာ အလှူရှိတယ်ဆိုလို့ မနက်စောစောထဲက
ရောက်နေတာ ။ အာရုံဆွမ်းကပ်တာမို့ တရားနာတော့မမှီပါဘူး ။
စားဖို့သက်သက်ပဲ ရောက်လာတာပါ ။ ကျွန်မနဲ့ သူငယ်ချင်း စကား
ထိုင်ပြောနေရင်း ၊ သူငယ်ချင်းရဲ့ အဒေါ်တစ်ယောက်က ကောက်ခါ
ငင်ခါ ထငိုပါလေရော ။ မျက်လုံးကြီးပိတ်ပြီး တဟီး ဟီး ဟီး နဲ့ကို
ထငိုတာများ ဘာဖြစ်မှန်းမသိ ။ ပြီးတော့ပြောသေးတယ် အသံကြီးက
တုန်တုန်ရီရီနဲ့ … … … …
” ငါ လာလို့မရဘူး မရဘူးဟဲ့ . . ငါ့ကို ဒါးနဲ့ထိုးတာထိုးတာ
နာလိုက်တာ မောင်စိန်ရယ် နာလိုက်တာ ဟီးးးး ဟီးးးး ဟီိးးး
ငါ့ကို အမျှဝေပါ အမျှဝေပေးပါ ဟီးး ဟီးးး ဟီးးးး ”
လို့ ပြောပြီး မူးလဲသွားတယ် ။ လူတွေအားလုံး ဘာလုပ်လို့ လုပ်ရ
မှန်းမသိ ပြေးထူတဲ့သူကထူ ၊ ရေတိုက်တဲ့သူကတိုက်နဲ့ ဖြစ်ကုန်
တော့တာပါဘဲ . . . ။ သူငယ်ချင်းက ကျွန်မကို အားနာလို့နဲ့တူပါ
တယ် ။ ဘာမှသေချာမပြောပြပေမယ့် ကျွန်မကတော့ ဒီလို အဖြစ်တွေ မြင်ဖူးနေကျမို့ သိပါတယ် အမျှမရလို့ သရဲဝင်ပူးတယ် ဆိုတာ . . ။
* * *
အရင်တုန်းက အဲ့ဒီအိမ်မှာ အရမ်းချမ်းသာတဲ့ သားအမိ
နှစ်ယောက်နေခဲ့ဖူးတယ် ။ သမီးက အသက်လေးဆယ် ၊
အမေက အသက်ခြောက်ဆယ်အရွယ်ပေါ့ ။ ဘာသာရေးလည်း
လုပ်သလို အလှူအတန်းလည်းရက်ရောတတ်သူတွေပါ ။
တစ်ပတ်တစ်ခါ ကားလမ်းမမှာ တန်းဆွမ်း ထွက်လောင်းတတ်
သလို ၊ ခြံထဲမှာစိုက်ထားတဲ့ ပိန္နဲပင်က ပိန္နဲသီးတွေကိုလည်း မှည့်တာ
နဲ့ ဘုန်းကြီး ကျောင်းကိုလှူတတ်တယ် ။ ညဘက်ဆို ရွှေတိဂုံဘုရား သွားတတ်တာကလွဲလို့ ဘယ်ကိုမှအလည် သွားတတ်တဲ့သူတွေလည်း မဟုတ်ပါဘူး ။အနေအေးတဲ့ သားအမိနှစ်ယောက်ပါ ။
တစ်ရက်ကျတော့ သမီးဖြစ်သူက ပုံတူပန်းချီကားဆွဲချင်တယ်လို့ ပူဆာတာနဲ့ ပန်းချီဆရာတစ်ယောက်ကို အိမ်ခေါ်ပြီး ပုံတူဆွဲခိုင်း
တယ် ။ သမီးဖြစ်သူက လှချင်တာနဲ့ ရှိသမျှ စိန်ထည် လက်ဝတ် ရတနာတွေကို ထုတ်ဝတ်မိတယ် ။ ပန်းချီိဆွဲပြီး မကြာခင်မှာပဲ သားအမိနှစ်ယောက်စလုံး အသတ်ခံရတယ် ။ ရက်ရက်စက်စက်ကို သတ်သွားတာပါ ။ ဒါး နဲ့အချက်ပေါင်းများစွာ အထိုးခံရပြီး သေသွား ခဲ့တာပါ ။
သားအမိနှစ်ယောက်စလုံး သူတို့သေသွားတာကို သူတို့ကိုယ်
တိုင်ရော သိကြရဲ့လားဆိုတာ မသေချာပါဘူး ။ ညဘက်တွေဆိုရင်
အဲ့ဒီသားအမိနှစ်ယောက်က သူတို့လမ်းထိပ်လေးရဲ့ သစ်ပင်
အောက်မှာ ရွှေတိဂုံဘုရား သွားချင်လို့ဆိုပြီး ကားငှားတတ်တယ် ။
လမ်းတစ်ဝက်လောက်ရောက်ရင် ကားပေါ်မှာ ဘယ်သူမှ ရှိမနေဘူး။ အဲ့ဒီလို အဖြစ်အပျက်မျိုးတွေ ကားဆရာ တော်တော်များများ ကြုံရတယ်။
ကန်တော်ကြီးပတ်လမ်းမှာ လမ်းမီးတွေကို အဖွင့်အပိတ်လုပ်ရ
တဲ့ ကောင်လေးတစ်ယောက်ဆိုရင် မြူနှင်းတွေကျနေတဲ့ အလင်းရောင်မရှိသေးတဲ့ မနက်ခင်းလေးမှာ မီးပိတ်ဖို့လာရင်း ဘေးကနေ ဖြတ်သွားတဲ့ သားအမိနှစ်ယောက်ကို အမှတ်မထင်
တွေ့မိတယ် ။ လမ်းလျှောက်သွားတာ မြန်လိုက်တာဆိုပြီး အနောက် ကိုလှည့်အကြည့် သူတို့အောက်ပိုင်းမှာ ခြေထောက်တွေ ရှိမနေဘူး ။
ဝန်ထမ်းကောင်လေး ကြောက်တာများ အလုပ်ပါထွက်သွားတယ်လေ။
ကန်တော်ကြီးပတ်လမ်းမှာ ကားထွက်ငှားတတ်တဲ့ သားအမိ နှစ်ယောက်ရဲ့ အဖြစ်အပျက်တွေဟာ တကယ့်ကို နာမည်ကြီးပါဘဲ ။ ကြုံဖူးတဲ့သူတွေလည်း ရှိခဲ့သလို ၊ ကြားဖူးခဲ့တဲ့ သူတွေလည်း ခုချိန်ထိ ရှိနေဦ်းမှာပါ ။ ကျွန်မကိုယ်တိုင် တွေဖူးခဲ့တဲ့ သားအမိ နှစ်ယောက်ရဲ့ ဝမ်းနည်းစရာ ၊ သနားစရာကောင်းလွန်းတဲ့ အဖြစ် ဆိုးကြီးကို သိခဲ့ရတဲ့အချိန်မှာ ကြောက်စိတ်ထက် သနားမိတဲ့
စိတ်က ပိုလွန်းပါတယ် ။
နောက်ဘဝများ လူဖြစ်ခဲ့ရင် ဒီလို အဖြစ်ဆိုးကြီးနဲ့ မကြုံပါစေနဲ့
လို့ ဆုတောင်းပေးလိုက်ပါတယ် . . . !!!
နေခြည် – တားရော့

No comments:

Post a Comment