Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

အစိုးရဌာနတွေဟာ သတင်းရယူဖို့ အခက်ခဲဆုံးနေရာတွေ ဖြစ်နေဆဲပါ

 
အစိုးရဌာနတွေဟာ သတင်းရယူဖို့ အခက်ခဲဆုံးနေရာတွေ ဖြစ်နေဆဲပါ

''ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ဟာ အများပြည်သူကို သတင်းအချက် အလက်မပေးနိုင်ဘူး။ ပေးဖို့နည်းလမ်းလည်း မရှိဘူးဆိုရင် အဲ့ဒီအစိုးရဟာ ဟာသ၊ ဒါမှမဟုတ် အလွမ်း ဇာတ်လမ်းတပုဒ်ရဲ့နိဒါန်း ဖြစ်တယ်။ ဒါမှမဟုတ် နှစ်မျိုးစလုံးလည်း ဖြစ်နိုင်ပါတယ်''လို့ အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက်သမ္မတ ဂျိန်းစ်မဒီဆန်က မိန့်ခွန်းတရပ်မှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

အခု မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရတက်လာခဲ့တာ တနှစ်ကျော် နှစ်နှစ်အတွင်းကို ချဉ်းနင်းဝင် ရောက်လာပါပြီ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ ပြည်သူလူထုတရပ်လုံး နားလည်သဘောပေါက်နေတာက အစိုးရယန္တရားကြီးတခုလုံးမှာ အပေါ်ပိုင်းပဲ ပြောင်းလဲခဲ့ပြီး အောက်ပိုင်းဌာနဆိုင်ရာတွေက ဒုံရင်းကဒုံရင်းဆိုတဲ့ အချက်ပါပဲ။ ကျွန်မတို့လို အစိုးရဌာနဆိုင်ရာ တွေဆီက သတင်းအချက်အလက်တွေရယူဖို့ အမြဲလုံးပန်းနေရတဲ့ မီဒီယာသမားတွေအတွက်တော့ ဒီအချက်ဟာသိသာထင် ရှားလွန်းပါတယ်။

အစိုးရသစ်ရဲ့ ပြောင်းလဲလိုက်တဲ့ ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ၊ အတွင်းဝန်တွေကို သတင်း အချက်အလက်အတွက် မေးမြန်းလိုက်ရင် ဒိုးခနဲဒေါက်ခနဲ ဖြေပေးသလောက် သူတို့လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာတွေဆီက သတင်းအချက်အလက်တွေလိုချင်လာတဲ့အခါမှာတော့ သတင်းသမားတွေ ချွေးပြန်ရပါတော့တယ်။ ချွေးပြန်သော်ငြားလည်း ချွေးကိုသုတ်ပြီး သူတို့ဆီက အချက်အလက်ရအောင် အောက်ကျခံ တောင်းရတာ မြန်မာသတင်းသမားတွေအတွက်တော့ အတော်လေးကို ကျင့်သားရနေပါပြီ။

တံခါးပွင့်လာတဲ့ခေတ်နောက်ကို တံခါးသော့တွေ သံချေးတက်နေပြီဖြစ်တဲ့ ဌာနဆိုင်ရာတွေလိုက်ပါဖို့ တွန့်ဆုတ်နေတယ်။ ဒါမှမဟုတ် အရှိန်ယူနေတယ်လို့ နားလည်ပေးနိုင်ပါတယ်။ ကြိုးနီစနစ်တွေနဲ့ အသား ကျလာတဲ့ ဌာနဆိုင်ရာတွေ ချက်ချင်းကြီး '၀ုန်းဒိုင်း'ဆိုသလို မပြောင်းလဲနိုင်ကြတာကိုလည်း ပြည်သူက နားလည်သင့်သလောက် နားလည်ပေးကြပါတယ်။ ပြည်သူက နားလည်ပေးနိုင်သလို ဌာနဆိုင်ရာတွေကလည်း ပြောင်းလဲသင့်သလောက် ပြောင်းလဲပေးရပါမယ်။

မိမိဌာနရဲ့ လုပ်ဆောင်ချက်တွေ၊ စွမ်းဆောင်ရည်တွေ၊ အခက်အခဲတွေကို သတင်းအချက်အလက်အနေနဲ့ ပြည်သူဆီကို ချပြနိုင်မှ ဌာနအပေါ် ပြည်သူရဲ့ယုံကြည်မှု၊ အားကိုးမှုတွေ ရရှိလာပါလိမ့်မယ်။ သတင်းအချက်အလက်တွေလည်း မချပြ၊ အမြဲတံခါး ပိတ်ထားတဲ့ ဌာနတခုကို ပြည်သူက အမြင်မကြည်တာ မဆန်းပါဘူး။ သတင်းအချက်အလက်တွေကို ပြည်သူတွေဆီကို ပေးပို့ဖို့ဌာနဆိုင်ရာတွေအနေနဲ့ ကျွန်မတို့ သတင်းသမားတွေကို အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အခါမှာတော့ ''ကျွန်မက ဘယ်မီဒီယာက သတင်းထောက်ပါ''လို့ ပြောလိုက်တာနဲ့ မအားသေးဘူးဆိုပြီး တံခါးဆွဲပိတ်လိုက်တာ ဌာနဆိုင်ရာတွေမှာ မကြာခဏဆိုသလို ကြုံရပါတယ်။

ဌာနဆိုင်ရာတွေဘက်ကလည်း မီဒီယာတွေအပေါ် အယုံအကြည်ကင်းမဲ့ရတဲ့ အကြောင်းတချို့ ရှိနေပါတယ်။ ကျွန်မ တခါက ဌာနဆိုင်ရာလူကြီး တယောက်နဲ့ အင်တာဗျူးလုပ်တော့ သူက ပြောပြပါတယ်။ ''ငါတို့က တော်ရုံဆို မီဒီယာတွေနဲ့ မတွေ့ချင်ဘူး။ ဘာလို့လဲဆိုတော့ မင်းတို့မီဒီယာသမားတွေက ကိုယ်လိုရာပဲ ဆွဲရေးကြတယ်။ အမှန်ကို အမှန်အတိုင်း မချပြဘူး''တဲ့။ ဒါကိုလည်း ကျွန်မတို့ မငြင်းနိုင်ပါဘူး။ ''ငါသတင်းသမား၊ ဒီတယောက်ကိုတော့ဖြင့် နှိပ်လိုက်မယ်၊ တွယ်လိုက်မယ်''ဆိုပြီး သတင်းရေးနေတဲ့ စုန်းပြူးတွေရှိနေမှတော့ ဒီလိုအပြောခံရတာ မလွန်ပါဘူး။ သတင်းသမားတွေမှာ လိုက်နာရတဲ့ ကျင့်ဝတ်တွေရှိပါ တယ်။ ကျင့်ဝတ်ဆိုတာ ဥပဒေလို ဒီလိုမလုပ်ရင် ဘာအပြစ်ပေးမယ်ဆိုတာမျိုးမဟုတ်တော့ တဦးတယောက် ချင်း ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်အလုပ်အပေါ် ချစ်မြတ်နိုးမှုနဲ့ပဲ သက်ဆိုင်နေပါတယ်။ ကိုယ့်တယောက်ရဲ့ လုပ်ရပ်အမှားကြောင့် မီဒီယာထုတရပ်လုံးကိုတော့ မထိခိုက်စေသင့်ပါဘူး။

သတင်းရင်းမြစ်နဲ့ သတင်းသမားကြား အပြန်အလှန်ယုံကြည်မှု ကင်းမဲ့မှုတွေကြောင့် အစိုးရနဲ့ ပြည်သူအကြားက ဆက်ဆံရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက် အမှန်တွေကို သတင်းသမားက မရရှိ၊ မရရှိတော့ မချပြနိုင်၊ မချပြနိုင်တော့ ပြည်သူက အစိုးရအပေါ် အယုံအကြည် ကင်းမဲ့လာနိုင်ပြီး အစိုးရနဲ့ ပြည်သူအကြား အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြား၊ ပြည်သူနဲ့ပြည်သူအကြားကို ပေါင်းကူးပေးဖို့ တာဝန်ယူထားတဲ့ သတင်းသမားတွေက အကျင့်သီလ အပြည့်စုံဆုံး လူသားတွေဖြစ်နေဖို့ လိုအပ်ပါတယ်။ ''သတင်းသမားဆိုတာ ပရဟိတအလုပ်တမျိုးပဲ''လို့ သတင်းစာဆရာကြီးတွေဆီက မှတ်သားဖူးပါတယ်။

မဖြေလိုတဲ့ ဌာနဆိုင်ရာတွေနဲ့ သတင်းလောဘကြီးတဲ့ အယ်ဒီတာတွေကြားမှာ မျက်ကလူးဆန်ပျာ ဖြစ်နေရတာက သတင်းသမားတွေပါပဲ။ ဒီသတင်း တိုက်ကိုမပါလာရင် အယ်ဒီတာရဲ့ အထောင်းခံရမှာ ဖြစ်တဲ့အတွက် သတင်းသမားတွေခမျာ မဖြေလိုတဲ့ ဌာနဆိုင်ရာတွေဆီမှာ သတင်းအချက်အလက်တွေကို မရ၊ရတဲ့နည်းနဲ့ တောင်းကြရပါတယ်။

ဌာနဆိုင်ရာအများစုကတော့ မေးခွန်းတွေကို ပူးတွဲပြီး တောင်းခံလွှာတင်ခိုင်းကြတာ များပါတယ်။ ''တွေ့ဆုံမေးမြန်းခွင့် တောင်းခံအပ်ပါသည်''ဆိုတဲ့ စာသားနဲ့ပူးတွဲပေးပို့ကြရပါတယ်။ ပေးပို့တဲ့အခါမှာလည်း ညွှန်ချုပ် ဒါမှမဟုတ် ညွှန်မှူးရဲ့ ကိုယ်ရေးအရာရှိကသာ လက်ခံပါတယ်။ အဖြေတွေကို စုဆောင်းပြီးမှသာ ပြန်ဆက်သွယ်လိုက်ပါမယ်လို့ ဆိုပါတယ်။ ဒီလို ပြန်လည်ဆက်သွယ်ပါမယ်ဆိုတာကလည်း အနည်းဆုံး တပတ်ခန့်ကြာမြင့်ပါတယ်။ တခါတလေမှာလည်း နှစ်ပတ် ဒါမှမဟုတ် တလခန့် ကြာတတ်ပါတယ်။ လုံးဝကို ပြန်မဆက်သွယ်တော့တဲ့ အခါလည်း ကြုံတွေ့ရပါတယ်။ သတင်းသမားဘက်က ဖုန်းဆက်ပြီး မေးမြန်းတဲ့အခါမှာလည်း ဖြေကြားမယ့်သူမအားသေးလို့ အဆင်သင့်ဖြစ်ရင် ပြန်ဆက်ပေးမယ်လို့သာ ဖြေကြားပါတယ်။ ပုပ်သိုးသွားနိုင်တဲ့ သတင်း၊ အချိန်ကာလတခုအတွင်း သိရမှဖြစ်မယ့် သတင်းတွေဆိုရင်တော့ ဒါဟာ ဧရာမ အဟန့်အတားကြီးတခုပါပဲ။

အရင်ခေတ်မှာ လက်ညှိုးထောင် ခေါင်းညိတ်၊ အထက်က ညွှန်ကြားချက်တွေနဲ့သာ လည်ပတ်လာခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ပြည်သူနဲ့ရော ထွေးနေဖို့၊ ပြည်သူနဲ့ တသားတည်းဝင်ရောက်နေဖို့ဆိုတာ သူတို့အတွက် အခက်အခဲတခု ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အစိုးရထိပ်ပိုင်းက တံခါးတွေကို ဆွဲဖွင့် လိုက်ပေမဲ့ သူတို့ကတော့ ကိုယ်ပိုင်တံခါးတွေကို ခြေကန်ဆွဲထားနေကြဆဲပါ။

ရှေးယခင်အဆက်ဆက်က ပုဂ္ဂလိကမီဒီယာတွေကို အမြဲတစေဖိနှိပ်ခဲ့ပြီး နိုင်ငံပိုင်မီဒီယာတွေ အားကောင်းကြီးစိုးခဲ့တဲ့ ခေတ်ကတည်းက အထိုင်စွဲမြဲခဲ့ကြတဲ့ ဌာနဆိုင်ရာလူကြီးတွေဟာ အခုအချိန်မှာ မေးခွန်းတွေကို ကွေ့ပတ်မေးတတ်တဲ့၊ စကားကြွယ်လှတဲ့၊ ထိပ်တိုက်မေးခွန်းတွေ မေးတတ်တဲ့၊ အကြောက် အလန့်မဲ့ကြတဲ့ သတင်းသမားတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောကြဖို့ အတော်လေးကို လန့်ကြတယ်လို့ သိရပါတယ်။

မဖြစ်သာလို့ ထိပ်တိုက်တွေ့ကြပြီဆိုရင်လည်း ချွေးပြန်ရတဲ့သူတွေဟာ သူတို့တွေသာဖြစ်သွားတတ်တာကို လုပ်ခဲ့ပြီးတဲ့ သတင်းစာရှင်းလင်းပွဲအချို့က သက်သေခံနေပါတယ်။ ဒီလိုသတင်းစာရှင်းလင်းပွဲတွေမှာ အမြဲတစေကြုံတွေ့ရတတ်တာက မေးခွန်းတွေအတွက် အဖြေတွေက သူတို့ဆီမှာ အဆင်သင့် ရှိမနေတတ်တာပါပဲ။

ဒါကြောင့် NLD အစိုးရကို အကြံပြုချင်တာက သံချေးတက်နေတဲ့ဌာနဆိုင်ရာ လူကြီးတွေကို မီဒီယာနဲ့ဆက်ဆံနည်း၊ စကားပြောနည်းတွေကို သင်တန်းပေးသင့်တယ်ဆိုတာပါပဲ။ အစိုးရ ဌာနဆိုင်ရာတွေထဲမှာ စကားပြောကျင်လည်တဲ့၊ မီဒီယာရဲ့ မေးသမျှကို အလိမ္မာနဲ့ဖြေကြားတတ်တဲ့ ပုဂ္ဂိုလ် တွေဆိုတာ လက်ချိုးရေတွက်လို့ရတဲ့ ကိန်းဂဏန်းလောက်သာပဲ ရှိပါတယ်။

မီဒီယာတွေအတွက် မျက်နှာမူပြီး ဖွဲ့စည်းထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ တင်ပဲ ဒီအချက်ကို တွေ့ရှိရပါတယ်။ ၀န်ကြီး ဦးဖေမြင့်ဟာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာ အစိုးရသက် တမ်းတနှစ်ကျော်အတွင်းမှာ နှစ်ခါသာရှိပါသေးတယ်။ ၂၀၁၆ အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး သတင်းစာရှင်းလင်းပွဲနဲ့ အစိုးရ သက်တမ်းတနှစ်ပြည့် တနှစ်တာ ဆောင်ရွက် ခဲ့မှုတွေကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်း ပွဲနှစ်ခုသာ ရှိပါတယ်။ မီဒီယာလောက, က တက်လာခဲ့တဲ့ ၀န်ကြီးတယောက်အနေနဲ့ သတင်းသမားတွေနဲ့ အဆက်အဆံနည်း နေရတာ အစိုးရထိပ်ပိုင်းက ညွှန်ကြားထား လို့လား၊ ဒါမှမဟုတ် ကိုယ်တိုင်က၀န်လေးနေတာလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

အမြဲတစေ မီဒီယာတွေနဲ့ဆက်ဆံနေ ရတဲ့ဌာနတွေ၊ သတင်းတွေ စဉ်ဆက်မပြတ်ထုတ်ပြန် ပေးနေရတဲ့ အဖွဲ့အစည်းတွေ (ဥမမာ - YRTA လို အဖွဲ့အစည်းတွေ)အနေနဲ့ သတင်းထုတ်ပြန်ပေးဖို့ ၀န်လေးနေတာ၊ မီဒီယာတွေကို ရှောင်ကွင်းနေတာတွေက အစိုးရအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ပြည်သူတွေက အဆိုပါအဖွဲ့အစည်းတွေ အပေါ်၊ အစိုးရအပေါ် အထင်အမြင်လွဲမှားလာနိုင်ပြီး ယုံကြည်မှုတွေ ကျဆင်းလာနိုင်ပါတယ်။ အစိုးရရဲ့ ရုတ်ခြည်းပြောင်းလဲမှုတွေအပေါ် သည်းခံစိတ်ကြီးမားတဲ့ ပြည်သူတွေကို တာဝန်ယူတာဝန်ခံစိတ်ရှိရှိနဲ့သာ ဆက်ဆံသင့်ပါတယ်။ မိမိကိုယ်တိုင် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့အပေါ် ပြည်သူတွေဟာ သည်းခံနားလည်ပေးနိုင်စွမ်းရှိခဲ့၊ ရှိနေဆဲပါ။ ဒီလိုပြည်သူတွေအပေါ် အစိုးရ အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ဘာတွေလုပ်ဆောင်နေတယ်၊ မိမိတို့မှာ ဘာတွေ အခက်အခဲရှိနေတယ်၊ မိမိတို့ မှာ ပြည်သူတွေအတွက် တိုင်းပြည်အတွက် ဘာအစီအစဉ်တွေ ပြောင်းလဲဖို့ရှိတယ်ဆိုတာကို မီဒီယာတွေကနေတဆင့် တင်ပြသင့်ပါတယ်။

ဆောင်းပါးရဲ့ နိဒါန်းမှာ အစပျိုးခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဂျိန်းစ်မဒီဆန်ရဲ့ မိန့်ခွန်းလို အစိုးရ ဌာနတွေအနေနဲ့ သတင်းအချက်အလက်တွေ မပေးနိုင်ဘူး။ မပေးချင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေတဲ့ အစိုးရသစ်ရဲ့ ခြေလှမ်းတွေကို အဟန့်အတားဖြစ်စေနိုင်တဲ့အတွက်၊ အစိုးရသစ်ရဲ့ အလွမ်း ဇာတ်ကို ပြည်သူတွေ မြင်တွေ့နိုင်ရခြေရှိတဲ့အတွက် သတင်းအချက်အလက်တွေကို ပြည်သူကြားသို့ အမြဲတစေချပြကြပါလို့ ပန်ကြားလိုက်ရပါတယ်။

ဆွေလဲ့မွန်
News Watch

မေ ၂၁

No comments:

Post a Comment