Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 13, 2017

၉၉ နိုင်ငံ အွန်လိုင်းနှောက်ယှက်ခံရတာမှာ ကန်ထောက်လှမ်းရေးရဲ့ အခိုးခံရတဲ့ ဆော့ဖ်ဝဲကို သုံးထား


အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဟာ ဒီဆော့ဖ်ဝဲကို မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး ရေးဆွဲထားခဲ့
အခိုးခံခဲ့ရတဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ ရဲ့ ဟက်ကင်း ဆော့ဖ်ဝဲကို ဟက်ကာတွေက ပြန်လည် အသုံးပြုပြီး ကမ္ဘာအနှံ့ကကွန်ပြူတာတွေ နှောက်ယှက်ခံရတာဟာ မကြုံစဖူး အကြီးဆုံးပဲလို့ အီးယူရဲ့ ဥပဒေစိုးမိုးရေး အဖွဲ့ က ပြောဆိုလိုက်ပါတယ်။

အခုလို ခံရတဲ့ နိုင်ငံ အရေအတွက် တရာနီးပါး ရှိပြီး ဥရောပက နိုင်ငံကြီးတွေ အပါအဝင် ရုရှားနဲ့ တရုတ်တို့လည်း အခံရဆုံး နိုင်ငံတွေထဲမှာ ပါတယ်လို့ သိရပါတယ်။

အခုလို ကမ္ဘာတဝှမ်း နှောက်ယှက်မှုခံရတဲ့ ဖြစ်စဉ် ၇ သောင်း ခွဲရှိတယ်လို့ အာဗက်စ် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီက ပြောပါတယ်။

နောက်ဆုံးသိရသလောက်ကတော့ ပြင်သစ်နိုင်ငံက ရေးနိုး ကားကုမ္ပဏီဟာ ဒီလိုဖြစ်ရပ်ကြောင့် ပြည်တွင်း စက်ရုံတချို့နဲ့ ဆလိုဗေးနီးယားနိုင်ငံက ကားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။

ဟက်ကာတွေရဲ့ နှောက်ယှက်ပုံနည်းလမ်းကတော့ ကမ္ဘာတလွှားက ထောင်ချီတဲ့ နေရာတွေမှာ ရှိတဲ့ ကွန်ပြူတာ တလုံးစီကို သုံးမရ ဖြစ်သွားအောင် လုပ်ပြီး အသုံးပြုသူကို ဒေါ်လာ ၃၀ဝ နဲ့ ညီမျှတဲ့ အွန်လိုင်း ငွေကြေး ဘစ်ကွိုင် ပေးဆောင်ခိုင်းတာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဆီကနေ အခု တိုက်ခိုက်မှုမှာ အသုံးပြုထားတဲ့ အီတာနယ် ဘလူးဆိုတဲ့ ဆော့ဖ်ဝဲကို ရှဲဒိုးဘရုတ်ကာလို့ အမည်ပေးထားတဲ့ ဟက်ကာ အဖွဲ့က ပြီးခဲ့တဲ့ လမှာ ခိုးယူ ဖြန့်ချီထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဟာ ဒီဆော့ဖ်ဝဲကို မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးအခြေအနေမှာတော့ ဒီအားနည်းချက်ကို ကာကွယ်နိုင်မယ့် လုံခြုံရေး မွမ်းမံမှု တခုကို ဝင်းဒိုးစနစ်သုံးတဲ့ ကွန်ပြူတာတွေမှာ ထည့်သွင်းနိုင်ဖို့အတွက် မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ပေးထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment