Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 13, 2017

ပဲခူးမြို့နယ် တစ်ဝိုက်တွင် ဆန်ချောနှင့် ဆန်ကြမ်းဈေး ဆက်လက်မြင့်တက်နေ



ပဲခူးမြို့နယ်တစ်ဝိုက်ရှိ စားသုံးဆန်ဈေးကွက်တွင် ၂၀၁၇ သင်္ကြန်ကာလအပြီးနောက်ပိုင်းမှ မေလဒုတိယအပါတ် ထိ ဆန်ချောနှင့် ဆန်ကြမ်း ဈေးနှုန်းမကျသေးဘဲ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ပဲခူးမြို့ရှိ ဆန်ပွဲရုံများ ထံမှ သိရှိရသည်။

ပဲခူးမြို့နယ် ဆန်ဈေးကွက်၌ မေလဆန်းတွင်ဆန်ချောဖြစ်သည့်ရွှေဘိုဆန်(၂၄)ပြည်တစ်အိတ်လျှင်(၄၄၀၀၀) ကျပ်၊ ဖျာပုံဆန်တစ်အိတ်လျှင်(၃၈၀၀၀)ကျပ်၊ ဘိုကလေးဆန်တစ်အိတ်လျှင်(၃၅၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးတစ် အိတ်လျှင်(၃၆၀၀၀)ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင်(၂၆၀၀၀)ကျပ်ဈေးနှုန်းရှိပြီး ဆန်ကြမ်းဖြစ်သည့် မနောသုခဆန် တစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ ရွှေဝါထွန်းဆန်တစ်အိတ်လျှင်(၂၀၀၀၀)၊ရွှေသွယ်တစ်အိတ်လျှင်(၁၉၀၀၀)ကျပ် ဈေးရှိကြောင်း သိရသည်။
“သင်္ကြန်မတိုင်မီ မတ်လနဲ့နှိုင်းယှဉ်ရင် အခုမေလဆန်းမှာ ဆန်အချောတစ်အိတ်ကို (၂၀၀၀)ကျပ်ကနေ (၁၅၀၀) ကျပ်အထိမြင့်တက်လာပြီးဆန်ကြမ်းတွေကတစ်အိတ်ကို(၅၀၀)ကျပ်ကနေ (၁၀၀၀)ကျပ်အထိ ဈေးမြင့်တက် လာပါတယ်။ ဈေးတက်လာရတဲ့အကြောင်းအရင်းက ဆန်ကြမ်းတွေကိုစားသုံးသူတွေ ပိုများပြားတာကြောင့်တရုတ်ပြည်မူဆယ်လမ်းကြောင်းပြန်ပွင့်သွားတာကြောင့်လို့သိရတယ်။ လယ်သမားတွေက စပါးဈေးကျတော့ မရောင်းဘဲ ဈေးအတက်ကိုစောင့်နေတာလည်းပါမယ်”ဟု ပဲခူးမြို့ရှိအမ်းမကြီးဆန်ပွဲရုံပိုင်ရှင် ကိုဇော်မင်းက ပြောသည်။

မူဆယ်ဘက်မှ ဆန်ကြမ်းအဝယ်များလာသဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး လက်ရှိ ဆန်ဈေးကွက်အတွင်း ရောင်းအားတက်နေကာ ဆန်ချောမှာ စားသုံးသူနည်းသဖြင့် ပုံမှန်သာ အရောင်းအဝယ် ဖြစ်နေကြောင်း ပဲခူးမြို့တွင် ဆန်အရောင်းအဝယ်လုပ်နေသူ ဦးမိုးအောင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် လက်ရှိအချိန်ကာလသည် နွေစပါးပေါ်ချိန်ဖြစ်ပြီး၊ ယခင်နှစ်များတွင် နွေစပါးတင်း (၁၀၀)လျှင် ကျပ်(၆)သိန်းနှုန်းအထိ ဈေးရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်နွေစပါးပေါ်ချိန်တွင် စပါးဈေးမှာ ကျပ်(၄) သိန်းဝန်းကျင်သာရှိသဖြင့် စပါးဈေးနှုန်းကျနေသော်လည်း ဆန်ဈေးမြင့်တက်လျှက်ရှိနေကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

No comments:

Post a Comment