Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 5, 2017

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရမှုမှ ဖမ်းဆီးထားသူ သုံးဦးကို ရုံးထုတ်

ရန်ကုန်၊ မေ ၎

ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်ရုံးခန်းတွင် ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း ဓားဖြင့်ဆင့်ထိုး အသတ်ခံရမှုမှ ဖမ်းဆီးထားသည့် သုံးဦးကို မေလ ၄ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်ပြီး ချုပ်ရမန်ယူခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒီနေ့ရုံးထုတ် ချုပ်ရမန်ယူတယ်၊ လာမယ့် ၁၈ ရက်နေ့ကျ အရှေ့ပိုင်းခရိုင် တရားရုံးမှာ တရားစစွဲဆိုမယ်၊ တရားစွဲဆိုတင်ဖို့အတွက် ဥပဒေဘက်က အကြံပြုချက် စောင့်နေတယ်” ဟု ရဲအရာရှိက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် အောင်ကိုကိုနှင့် ၎င်း၏ ဇနီး၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ဟုဆိုသော တာမွေမြို့နယ်တွင် နေထိုင်သူ ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ) ဖြိုးသော်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။

“အမျိုးသမီးက လူသတ်မှုဖြစ်စဉ်မှာ မပါခဲ့ပေမယ့် သုံးယောက်လုံးကို ပုဒ်မ ၃၀၂/၁၁၄ နဲ့ လက်ရှိ အမှုဖွင့်ထားတယ်။ တရားစွဲတင်မယ့်နေ့ကျမှ ဥပဒေ အကြံပြုချက်အရ သူ့ကို ပြန်လွှတ်မလွှတ်ဆိုတာ သိရမယ်” ဟု ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။

ဖမ်းဆီးထားသည့် အောင်ကိုကိုနှင့် ၎င်း၏ သူငယ်ချင်း ပြည့်သူနိုင်(ခ)ဘုရားပွဲ (ခ)ဖြိုးသော်တို့မှာ ဧပြီလ ၁၄ ရက် (သင်္ကြန် အကျနေ့) က ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက် ရုံးခန်းတွင် ဂျာနယ်ထုတ်ဝေသူ အသက် ၂၇ နှစ်အရွယ် ကိုဝေယံဟိန်းကို ဓားဖြင့်အချက်ပေါင်း များစွာ ဆင့်ထိုးသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့က သိရသည်။

လူသတ်မှု စွပ်စွဲခံရသည့် အသက် ၃၁ နှစ်အရွယ် နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ ၎င်း၏ဇနီးနှင့် လူမှုရေး ဖောက်ပြန်နေသည်ဟု ဆိုသော ကိုဝေယံဟိန်းကို သတ်ပြီးနောက် ဇနီးနှင့် လေးနှစ်အရွယ် သားဖြစ်သူကို ခေါ်ဆောင်ပြီး ပြင်ဦးလွင်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ဧပြီလ ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် အခင်းဖြစ်စဉ် ဂျာနယ်တိုက် ရုံးခန်းရှိ စားပွဲပေါ်မှ ဓားဖြင့် သေဆုံးသူမှာ ထိုးသွင်းအသတ်ခံရကြောင်းနှင့် ထိုးသွင်းဒဏ်ရာ ဖော်ပြမှုတို့မှာ လွဲမှားမှုများ ရှိနေကြောင်း ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက သေဆုံးသူ ကိုဝေယံဟိန်း၏ မိသားစုဝင်များက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လစဉ် လူသတ်မှု ၁၀ မှုနီးပါး ဖြစ်ပွားခဲ့ရာမှ မဟာသင်္ကြန်ကာလ ဧပြီလတွင် သံမဏိနှင်းဆီဂျာနယ်တိုက် ထုတ်ဝေသူ အသတ်ခံရမှု အပါအဝင် လူသတ်မှုပေါင်း ၂၀ မှု စံချိန်တင် ဖြစ်ပွားခဲ့သည်။          

S-03
The Voice
http://thevoicemyanmar.com/news/8245-tmt

No comments:

Post a Comment