Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များ တရားဝင်ထုတ်ပြန်ပါ


အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များ တရားဝင်ထုတ်ပြန်ပါ

မြန်မာ့နိုင်ငံရေး ခရီးရှည်တွင် အစိုးရများသည် ပြည်သူကို မျက်နှာမူနိုင်လေလေ၊ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကို အလေးထားနိုင်လေလေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အားကောင်းမောင်းသန်လေလေဖြစ်သည်။ ပြည်သူလူထုသည် အစိုးရများကို စောင့်ကြည့်ထိန်းကျောင်း၊ တည့်မတ်နိုင်ရမည်ဖြစ်သည်။ အစိုးရများသည် ပြည်သူသာအမိ၊ ပြည်သူသာအဖ ထုံးနှလုံးမူလျက်၊ ပွင့်လင်းမြင်သာမှုရှိရှိ၊ အချိန်နှင့်တစ်ပြေးညီ ပြည်သူကိုအသိပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်မှသာ ဒီမိုကရေစီက အသက်ဝင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဒီမိုကရေစီ အသက်ငင်ရဖွယ်သာရှိသည်။

ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရားတွင် အစိုးရအဖွဲ့ အစည်းအဝေးများနှင့် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်များသည် အက္ခရာကျသည်။ ပြည်သူသည် အစိုးရအဖွဲ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရွေးကောက် တင်မြှောက်ထားသည့်အလျောက် အစိုးရနှင့်ပြည်သူသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းပင်ဖြစ်သည်။ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ချက်များကို အများပြည်သူသိရှိနိုင်အောင် ပွင့်လင်းမြင်သာ ထုတ်ပြန်နိုင်မှသာ၊ အစိုးရနှင့် ပြည်သူအကြား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်နိုင်ရေး၊ ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ရေး၊ ပွင့်ပွင့်လင်းလင်း၊ အပြန်အလှန် ယုံကြည်မှုရှိရှိ ဆက်ဆံနိုင်ရေးတို့သည် ကျွဲကူးရေပါအလုပ် ဖြစ်လာမည်ဟု ဆိုနိုင်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေတို့တွင် အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင်နှစ်ကြိမ် ကျင်းပရမည်ဖြစ်ပြီး လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူကျင်းပရမည်ဟု ပြဋ္ဌာန်းထားသည်။ လိုအပ်ပါကဆိုသည့် ဝေါဟာရနှင့် စပ်လျဉ်း၍ အတိမ်အနက်၊ အတိုင်းအတာကို သတ်သတ်မှတ်မှတ် ဖော်ပြထားသင့်သည်။ အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး ကျင်းပမည့်ရက်ကို ဥပမာအားဖြင့် အင်္ဂါနေ့တိုင်း သို့မဟုတ် ကြာသပတေးနေ့တိုင်းဟု ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းသတ်မှတ်နိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုးလျော်ညီမည် ဖြစ်သည်။ အစိုးရအဖွဲ့ အထူးအစည်းအဝေးများကို မည်သည့်အခြေအနေများတွင်၊ မည်သူက ခေါ်ယူကျင်းပနိုင်သည်ဆိုသည့် ပြဋ္ဌာန်းချက်များကိုလည်း ဥပဒေတွင် တစ်ပါတည်း၊ အတိအလင်း ပြဋ္ဌာန်းထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။

ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးသည် အစည်းအဝေး မှတ်တမ်းများကို မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး နောက်တစ်ကြိမ် အစည်းအဝေးတွင် အစည်းအဝေးမှတ်တမ်းများကို တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်သည်။ ထို့ပြင်ထုတ်ပြန်ကြေညာခြင်း မပြုသေးသော ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် အစည်းအဝေး မှတ်တမ်းများသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များပင်ဖြစ်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ နိုင်ငံတော်၏ လျှို့ဝှက်ချက်ဟု မသတ်မှတ်နိုင်သော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များကို အစိုးရအဖွဲ့ အစည်းအဝေးပြီးသည့်နေ့တွင် သတင်းမီဒီယာများနှင့် အင်တာနက်အွန်လိုင်း စာမျက်နှာများမှတစ်ဆင့် အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်နိုင်ရေး ရှေးရှုဆောင်ရွက်သင့်သည်။ အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များသည် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို ဆန်းစစ်အကဲဖြတ်ရာတွင် အရေးပါသည်။

အစိုးရအဖွဲ့ဆိုင်ရာ ဥပဒေများတွင် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် အစည်းအဝေး မှတ်တမ်းများကို အများပြည်သူသိရှိနိုင်အောင် မည်သို့မည်ပုံ ထုတ်ပြန်ရမည်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်၏ လျှို့ဝှက်ချက်များဟု သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေတွင် သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားနိုင်မည်ဆိုပါက ပိုမိုကြောင်းကျိုး လျော်ညီမည်ဖြစ်သည်။ အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက်ဟု မသတ်မှတ်နိုင်သော အစည်းအဝေး ဆုံးဖြတ်ချက်များကို အများပြည်သူသိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ဆိုင်ရာ ဥပဒေများတွင် ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်းထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် အစိုးရအဖွဲ့၏ သမိုင်းစာမျက်နှာများ ဟုဆိုနိုင်သည့် အစိုးရအဖွဲ့အစည်းအဝေး မှတ်တမ်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လာနိုင်မည်ဆိုပါက ပြည်သူနှင့်အတူ ပြည်သူကို မျက်နှာမူရပ်တည်သော အစိုးရပုံစံ ပိုဝင်လာမည်ဟုဆိုနိုင်သည်။

လတ်တလော အခြေအနေတွင် ပြည်aထာင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတို့သည် အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ခြင်းမရှိသေးပေ။ ပြည်သူနှင့်အတူ ဒီမိုကရေစီ အပြောင်းအလဲကို ဖော်ဆောင်နေသည့် အစိုးရများအနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက်မဟုတ်သော အစည်းအဝေး ဆုံးဖြတ်ချက်များကို ဆောလျင်စွာ ထုတ်ပြန်နိုင်မှသာ ဒီမိုကရေစီစပ်ကူးမပ်ကူးတွင် ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ပါဝင်ထိန်းကျောင်းနိုင်ရန် လမ်းဖွင့်ပေးရာရောက်မည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်လေလေ ကောင်းမွန်၊ သန့်ရှင်းသော အစိုးရများဖော်ဆောင်နိုင်ရေးသည် နီးကပ်လေလေဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဒေသတွင်း နိုင်ငံများအပါအ၀င် နိုင်ငံအများစုတွင် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များအနက် နိုင်ငံတော်၏ လျှို့ဝှက်ချက်ဟု မသတ်မှတ်နိုင်သော ဆုံးဖြတ်ချက်များကို အစိုးရအဖွဲ့၏ အစည်းအဝေး ကျင်းပသည့်နေ့တွင် တရားဝင်ထုတ်ပြန်လေ့ရှိသည်။ အဆိုပါအစိုးရအဖွဲ့ ဆုံးဖြတ်ချက်များကို လေ့လာသုံးသပ်၍ ပြည်သူလူထုအနေဖြင့် အစိုးရများကို ပိုမိုနီးနီးကပ်ကပ် စောင့်ကြည့်လာနိုင်သဖြင့် အုပ်ချုပ်ရေးယန္တရားတွင် ပြည်သူလူထုပါဝင်မှုကို ချဲ့ထွင်ပေးရာရောက်သည့်အပြင် အစိုးရများသည် ပြည်သူကိုမျက်နှာမူရာ၊ ပြည်သူနှင့် တစ်သားတည်း ရပ်တည်ရာလည်း ရောက်သည်ဟုဆိုနိုင်သည်။ အစိုးရအဖွဲ့များ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုကိုလည်း မြှင့်တင်ပေးရာ ရောက်မည်ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ဖိတ်ကြားခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးကိုသာ တက်ရောက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားချက်ကို ပြန်လည်သုံးသပ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးစုများ၏ အရေးကို ရှေ့တန်းတင်မည်ဆိုပါက ဦးစီးအဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများအနေဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတိုင်းတွင် တက်ရောက်နိုင်မှသာ ပိုမိုထိရောက် အကျိုးရှိနိုင်မည်ဟု သုံးသပ်မိသည်။

ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ကောင်းမွန်၊ သန့်ရှင်းသော အစိုးရများအဖြစ် ဗျူဟာမြောက် ပြောင်းလဲနိုင်ရေး ချဉ်းကပ်စဉ်းစားရာတွင် ပြည်ထောင်စု လွှတ်တော်သည်လည်း အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေး ယန္တရားဖော်ဆောင်နိုင်ရေး လမ်းဖွင့်ပေးမည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေး၊ ရေးဆွဲ၊ အတည်ပြု၊ ချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများသည် ခေတ်စနစ်၊ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်မှသာ ဒီမိုကရေစီ အပြောင်းအလဲသည် အားကောင်းမောင်းသန်မည်ဖြစ်သည်။

သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော် အနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ်အောက်တိုဘာလ ၂၁ ရက်နေ့တွင် အတည်ပြု၊ ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥပဒေနှင့် နေပြည်တော်ကောင်စီဥပဒေတို့ကို မဖြစ်မနေ ပြန်လည်သုံးသပ်ပြီး၊ လိုအပ်ပါက အသစ်ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သင့်သည်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအလွန် ပြည်ထောင်စုလွှတ်တော် သက်တမ်းခြောက်နှစ်ကျော် ကာလတိုင် ခေတ်ဟောင်းစနစ်ဟောင်းက ရေးဆွဲခဲ့သည့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေလေးရပ်ကို မတို့မထိ၊ မပြုမပြင် ဆက်သုံးနေသည်မှာ ကောင်းမွန်၊ သန့်ရှင်းသော၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော အုပ်ချုပ်ရေးယန္တရားသစ်ကို တည်ဆောက်နိုင်ရေးကို အတားအဆီး ဖြစ်နိုင်လိမ့်မည်ဟု သုံးသပ်နိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ကောင်းမွန်သန့်ရှင်းသော ဒီမိုကရေစီအစိုးရ ယန္တရားကို ပြည်သူနှင့်အတူ တည်ဆောက်မည်ဆိုပါက၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံတော်လျှို့ဝှက်ချက်ဟု မသတ်မှတ်နိုင်သည့် အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို အများပြည်သူ သိရှိနိုင်အောင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သင့်ပါကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ခေတ်ဟောင်း စနစ်ဟောင်းကတည်းက ရေးဆွဲခဲ့သော အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေလေးရပ်ကို အသစ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့အသံနှင့် ဆန္ဒကိုမျက်နှာမူလျက် လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Writer:
ဒေါက်တာရန်မျိုးသိမ်း
Eleven Media Group

No comments:

Post a Comment